"ဟိုမြင်းသည်ကို ကြည့်စမ်းပါဦး၊ တကတည်း.. ဝံ့ကြွားနေလိုက်တာ"
အိမ်ထဲမှနေ၍ အပျိုကြီး မမင်းစိန် မဲ့ကာရွဲ့ကာ ပြောလိုက်ရာသို့ စုဝေးနေကြသော ကာလသားသမီးများ ဝိုင်းကြည့်လိုက်ကြသည်။ မြင်းစီးလုလင်တစ်ဦးက မြန်မာစစ်သည်များကို ညွှန်ကြား အမိန့်ပေး စေခိုင်းနေကြောင်း တွေ့ကြရသည်။
"အဲဒါ မြန်မာတပ်တွေရဲ့ သူရဲ ဖြစ်လိမ့်မယ်တော့်"
"ဟုတ်တယ်၊ တိုက်တုန်းကလည်း သူ ဦးဆောင်လာတာ။ ဗိုလ်ဗညားကျင်ကို သူပဲ ထိုးလိုက်တာတဲ့"
"ဘာနဲ့ ထိုးလိုက်တာလဲ၊ လှံနဲ့လား"
"မဟုတ်ဘူး၊ တုတ်တစ်ချောင်းနဲ့လို့ ပြောကြတယ်"
"ဟ.. ဟုတ်ပါ့မလား မင့်ဟာက"
"ဟုတ်တယ်ဗျ၊ သူကိုင်ထားတုန်း ကျွန်တော် မြင်လိုက်တာတော့ နွားရိုက်တဲ့ ကြိမ်မျိုး ချွန်ထားတယ်၊ အရှည်ကြီးပဲ"
"ဘာရယ်၊ နတံနဲ့ ထိုးလို့ သေတယ်လား"
"ဟိုမှာ ဟိုမှာ တွေ့လား၊ လူတစ်ယောက် ကိုင်လာတာ"
အမှန်ပင် အခေါင်းမပါသော ဝါးကျစ်ကျစ်ကို ဖြောင့်တန်းနေအောင် ပြုလုပ်ထားသည့် တုတ်ရှည်တစ်ချောင်း ထမ်းလျက် စစ်သည်တစ်ဦး လျှောက်လာနေသည်။
"သူတို့ကိုင်တာ လှံတွေမဟုတ်ဘူး။ အဲလိုဟာတွေ"
"ဘာလို့ တုတ်ကြီးတွေ ကိုင်ကြတာလဲမသိဘူး"
"မြန်မာတွေ ဆင်းရဲလို့ နေမှာပေါ့ဟာ"
တစ်ခြမ်း မီးလောင်သွားသော အိမ်များကို လိုက်လံပြင်ဆင်နေကြသည့် တပ်သားများကို ကြည့်ရင်း သူတို့ နားမလည်နိုင်၊ ထွက်လည်း မကူဝံ့ကြ။ အချို့ လူကြီးများကတော့ စူးစမ်းသည့်သဘောနှင့် ခြံဝရပ်ကာ ကြည့်ရင်း တစ်ခွန်းစ နှစ်ခွန်းစ မေးနေကြသည်။
ဗိုလ်မှူး၏ အမိန့်အရ ရွာကို ပြုပြင်ပြီး ပတ်လည်စည်းရိုးအပြည့် ကာရမည်ဖြစ်ကြောင်း စစ်သည်တို့က ဖြေကြား၏ ။ ထိုအခါ အချို့ အကြောက်အလန့်နည်းသူတို့ ထွက်လာပြီး မိမိတို့နှင့် နီးစပ်ရာ အိမ်တို့ကို ကူကြသည်။ တစ်အိမ်လုံး ပြာကျသွားသည့် မိသားတစ်စုတို့ကတော့ ရဲမက်များ အိမ်သစ်ကြီးတစ်လုံး ပြန်ဆောက်ပေးနေကြသည်ကိုသာ ငုတ်တုတ်ထိုင် ငေးမောနေကြလေသည်။
မကြာမီ ရွာတွင်းသို့ ဗိုလ်မှူး မင်းလှသီရိ ဆိုသူ ဝင်လာသည်။ အခွန်ရွာတိုက်ပွဲကို ဦးဆောင်တိုက်ခိုက်ပြီး အခွန်ရွာကို စောင့်ရမည့်ဗိုလ်ဟု သိရ၏ ။ ထို မင်းလှသီရိအား မြင်းနီနှင့် သူရဲက တွေ့ဆုံလျက်
"ကိုပိုက် ရောက်လာပြီဆိုတော့ ကျွန်တော် အရှေ့တပ်ကို သွားတော့မယ်။ ရွာက ပိုအရေးကြီးပေမယ့် ရှေ့တပ်ကြီးကလည်း တိုက်ပွဲဗဟို အချက်အချာပဲ။ သူတို့ ကျွန်တော့်ကို မကျော်ဘဲ ရွာကို ဝင်တိုက်ဝံ့မှာ မဟုတ်ဘူး။ ဒါ့ကြောင့် တပ်လုံအောင် ပြင်ဆင်ထားရလိမ့်မယ်"
ဟု ဆိုရာ ဗိုလ်မှူးက ထိုလူငယ်ကို ဦးညွှတ်လျက်
"သွားပါ သွားပါ၊ ကျန်တာ ကျုပ်တာဝန်ထားပါ။ ဘာမှ စနောင့်စနင်း မရှိဘဲ လုပ်စရာရှိတာ လုပ်ပါ မောင်စံ"
သူရဲလူငယ်တစ်ဦးကို ပြန်လည်ဦးညွှတ်နေသည့် မြင်ကွင်းအား မြင်လိုက်ကြသူတို့က မြန်မာတွေ သူရဲကောင်းဆို အလေးအမြတ် ထားကြတာပဲ ဟု ပြောဆိုနေကြသည်။ ဆောင်ဓားလွယ်ထားသည့် လူရွယ်ကတော့ ရွာထဲမှ ထွက်သွားရင်း မြင်သမျှ လူတို့ကို လက်ညှိုးထိုး ခိုင်းစေသွားသေး၏ ။
ဤအချင်းအရာကိုလည်း ဗိုလ်မှူး မင်းလှသီရိက ကြည့်၍သာ နေသည်။ သူ့လူများကို အခြားတပ်မှ ဗိုလ်တစ်ဦးက စိတ်တိုင်းကျ ခိုင်းစေနေခြင်းအား မကျေနပ်ဟန်မပြ။ ငြူစူခြင်း အလျင်းမရှိသဖြင့် ရွာသားတို့ ချီးကျူးကြလေ၏ ။
'ဟိုကောင်ကတော့ တကယ်ကြမ်းတမ်း ရက်စက်တဲ့ကောင်ပဲ' ဟု တစ်ယောက်က ဆိုရာ အခြားတစ်ဦးက 'အသေစောမယ့်ကောင်ပါ၊ ကံကောင်းလို့ သက်ဆိုးရှည်နေတာ။ ဒီလိုလုပ်ပုံမျိုးနဲ့ မကြာခင် ငရဲရောက်မှာပဲ။ မယုံရင် ကြိုက်ကြေးထပ်လိုက်' ဟု ပြောလိုက်သည်။
ထိုအခိုက် မြန်မာစစ်သည်တစ်စု အိမ်အတွင်း ဝင်လာကြသည်။ ရှေ့ဆုံးမှ ဗိုလ်မှန်း သိသာသော ချပ်ဝတ်တန်ဆာနှင့် လူက အိမ်ပေါ် တက်လာပြီး စုဝေးနေသူများကို ဝေ့ကြည့်ကာ
"အတော်ပဲ၊ ငါ့တပ်မှာ ထမင်းချက် အဝတ်လျှော် အမျိုးသမီးတွေ လိုနေတယ်။ ငယ်ရွယ်ဖြတ်လတ်သူတွေ အမှုတော် ထမ်းရလိမ့်မယ်။ ဟိုတစ်ယောက်ရယ်၊ ဟိုနောက်က တစ်ယောက်၊ အမယ် အမယ်.. ကွယ်မနေစမ်းပါနဲ့။ နောက် ဟောထောင့်က သူငယ်မ... ညည်းတို့ သုံးယောက် လိုက်ခဲ့ရမယ်"
အိမ်ပေါ်တွင် ဆူညံသွားကြသည်။ ယောက်ျားသားများထဲမှ မဝံ့မရဲ ကန့်ကွက်သူများအား အိမ်ပေါ်မှ မောင်းချသည်။ တောင်းပန်နေသည့် သက်ကြီးရွယ်အိုများလည်း မသနား၊ ဒါ အမိန့်ပဲ ဟု ဆို၏ ။
"အမလေး.. လုပ်ပါဦး၊ ကူပါဦး အမေရဲ့"
အငယ်ဆုံး မိန်းကလေးက အော်ဟစ်ငိုယိုနေသော်လည်း စစ်သည်များက အတင်းထခိုင်းနေ၏ ။ ထို့နောက် မိန်းမပျိုသုံးယောက်တို့အား ခေါ်ဆောင်သွားကြသည်။ အိမ်ပေါ်မှ သူတို့လည်း ပါသွားကြသူများ၏ မိဘများထံ ပြေးကာ အကြောင်းကြားကြရ၏ ။
ထမင်းချက်ရန် စည်းကြပ်ခေါ်ဆောင်သွားသူမှာ ပင်းဗိုလ် နန္ဒသူ ဟု သိရသည်။ ရွာကို ပြင်ဆင်စောင့်ကြပ်ရန် တာဝန်ကျနေသော ဗိုလ်မှူး မင်းလှသီရိ လက်အောက်မှ တပ်မှူးတစ်ယောက် ဖြစ်သည်။ မိဘဆွေမျိုးတစ်စုလည်း ဗိုလ်မှူး မင်းလှသီရိအား တောင်းပန်ရန် တွေ့ဆုံလိုကြောင်း လျှောက်တင်ရာ တွေ့ခွင့်မရ၊ အလုပ်ရှုပ်နေသည်ဟု ဆိုသည်။
ထိုညက မိန်းမငယ်သုံးဦးမှာ နောက်ကျမှ အိမ်ပြန်ရောက်လာကြ၏ ။ မျက်နှာလည်း မကောင်းကြ၊ ပင်းဗိုလ် ဆိုသူကြီးက မကြာခဏ လာရောက်ကြည့်ရှု စစ်ဆေးနေသည် ဆို၏ ။ အထူးသဖြင့် ချောမောသည့် မိန်းကလေးတစ်ဦးအား မျက်စိကျနေပုံ ရကြောင်း သိရလေသည်။
မိန်းမချောလေး၏ မိဘများမှာ နောက်တစ်နေ့ မလွှတ်လို၊ မလွှတ်ပြန်လျင်လည်း ရာဇဝတ် သင့်ချေမည်။ မိမိတို့မှာ သူတို့လက်ထဲ ကျရောက်နေရသည်မို့ ဘာမှ မတတ်နိုင်။ ထွက်လည်း မပြေးဝံ့၊ နောက်ကလိုက်၍ ဖမ်းဆီးကွပ်မျက်နေမှဖြင့် ကိုယ်ကျိုးနည်းချေတော့မည်။
နောက်တစ်နေ့နံနက် နေထွက်သည်နှင့် လာရောက်ရမည်ဟု မှာကြားလိုက်သဖြင့် ကြောက်ကြောက်လန့်လန့်နှင့်ပင် ပင်းဗိုလ်၏ တပ်သို့ မိန်းမငယ်သုံးဦးတို့ သွားကြရသည်။ အခြားတပ်များက လူငယ်လူရွယ်များ၊ လုပ်ကိုင်နိုင်သူများကို စည်းရိုးကာရန်နှင့် လိုအပ်သည်တို့ လုပ်ကိုင်ရန် ခေါ်ဆောင်ကြသည် မှန်သော်လည်း ငယ်ရွယ်သည့် မိန်းကလေးများကို ထမင်းချက်ခေါ်သည်မှာ ပင်းဗိုလ်၏ တပ်သာ ရှိကြောင်း ကြားကြရ၏ ။
တစ်နေ့လုံး ရွာသူရွာသားများ၊ စစ်သည်ရဲမက်များ မအားလပ်ကြသော်လည်း မိန်းမပျိုတို့၏ မိဘများမှာမူ သမီးအရေးကြောင့် အလုပ်မလုပ်နိုင်ဘဲ စိုးရိမ်စွာ စောင့်မျှော်နေရသည်။ ထင်သည့်အတိုင်း ညရောက်သောအခါ အလှပဆုံးဖြစ်သည့် မိန်းကလေး ပြန်ပါမလာတော့။
ဗိုလ်မှူး နန္ဒသူက သိမ်းပိုက်လိုက်ပြီ ဟူသော သတင်းသာ ကြားသိရသည်။ မချိတင်ကဲဖြင့် နန္ဒသူကိုရော မင်းလှသီရိကိုပါ တွေ့ခွင့်တောင်းရာတွင်လည်း တွေ့ခွင့်မရဘဲ ပြန်လည်ခဲ့ရ၏ ။ နံနက်မှ ညှိုးငယ်စွာ ပြန်လာသည့် သမီးငယ်ကို ဖက်၍ ငိုကြရသည်။ ရွာသားများကား ခံပြင်းစိတ်ကြောင့် ပူလောင်ဒေါသ ထွက်နေကြ၏ ။
နေ့လယ်တွင် ဟံသာဝတီမှ လာသော တပ်များနှင့် အခွန်ရွာရှေ့ ခံတပ်တို့ တိုက်ပွဲဖြစ်ပွားကြရာ ရွာခံအချို့က အနောက်မှ ထွက်ကူလိုကြသည်။ အချို့သည် ရွာတွင်းမှ တော်လှန်လိုပြီး အချို့ကမူ မွန်စစ်သည်များ ရှေ့တည်တပ်ကို ကျော်၍ ရွာသို့ ဆိုက်ရောက်မှ ပူးပေါင်းတိုက်ရမည် ဆိုကြ၏ ။
နောက်ဆုံးအရေးမှာ အသင့်တော်ဆုံးဖြစ်၍ မွန်တပ်များ ဝင်ရောက်လာမည့်အချိန်ကို အသင့်စောင့်စားနေကြလေသည်။သို့ရာတွင် တိုက်ပွဲသံများမှာ တစ်စ တစ်စ ဝေးကွာသွားပြီး မွန်တပ်တို့ ဆုတ်ခွာသွားကြပြီ ဟူသည့် သတင်းဆိုးသာ သူတို့ထံ ရောက်ရှိလာခဲ့သည်။
"တောက်.. ရွာစောင့်တပ်တွေတောင် သွားကူတာ မတွေ့ရဘဲ ရှေ့တပ်က လူလောက်မျှကို မြို့တော်က လာတဲ့ အင်အားက မနိုင်ဘူးတဲ့လားကွာ"
"စိတ်ဓာတ်မှ မရှိကြဘဲကွ၊ တိုက် ဆိုလို့သာ တိုက်နေကြတာ ဖရိုဖရဲနဲ့။ ဟိုက တပ်ထဲက ခံတော့လည်း မကပ်နိုင်ဘူး၊ ထွက်လိုက်တော့လည်း ခဏပဲ ခံနိုင်ပြီး ပြန်ပြေးကြရောကွ။ အင်အားချင်း ဒီလောက် ကွာနေတာကိုကွာ၊ သူတို့မြင်းတပ်တွေ ထွက်လာတာနဲ့ ပဲခူးသားတွေ အလိုလို နောက်လှည့်နေတာကိုး"
တိုက်ပွဲအနီး သွားရောက်စောင့်ကြည့်ရသူတစ်ဦးက အားမလိုအားမရ စကားတင်းဆို၏ ။ သူနှင့် အတူလိုက်ပါသူကလည်း
"ဟိုသူရဲ အသံကြားရင်ကို ပြေးချင်နေကြပုံပဲဟ၊ အဲဒီကောင်က ရှေ့ဆုံးကနေ တုတ်ချွန်တွေနဲ့ ပစ်ပြီး အတင်းဝင်တိုးတာ။ သူ့နောက်ကလည်း မြင်းတွေ တစ်အုပ်ကြီး တုတ်ရှည်တွေ ခင်းဖြန့်လိုက်ကြတော့ အဲဒီမြင်းအုပ်ကို မခံနိုင် ဖြစ်နေကြတာပဲ"
သူတို့ လျှို့ဝှက်စုဝေး ဆွေးနွေးနေကြရာသို့ ရွာသားတစ်ဦး ပျာယီးပျာယာ ရောက်ရှိလာကာ
"ကိုယ့်လူတို့၊ ရွာတောင်ပိုင်းက ကောင်မလေးအိမ် အခု ပင်းဗိုလ်ဆိုတဲ့သူ တက်ပြီး နေမကောင်းလို့ မလာတာပါ လို့ တောင်းပန်နေတဲ့ကြားက ညီမကို ထပ်ဆွဲသွားပြန်ပြီဟ"
"ဘာကွ၊ မိုက်ရိုင်းလိုက်လေခြင်း.. တောက်"
လူအုပ်ကြီးမှာ ပြေးဆင်းသွားကြသည်။ ပင်းဗိုလ်ထံသို့တော့ မဟုတ်။ ကောင်မလေး၏ နေအိမ်သို့သာ ဖြစ်၏ ။ အိမ်ပေါ်မှ စိတ်မချမ်းမြေ့ဖွယ် ငိုသံများ ထွက်ပေါ်နေသည်။ အမေကြီးနှင့် သမီးဖြစ်သူတို့မှာ ဖက်ငိုနေကြလေသည်။
"ငါတို့သမီးလေးတွေ ကိုယ်ကျိုးနည်းပါပေါ့လား။ သည်အကောင်တွေ ဝင်လာမှ ရွာလည်း ပြာကျ၊ အမျိုးကောင်းသမီးတွေလည်း ခြေတော်တင် ခံနေကြရပါပေါ့။ နတ်ကောင်းနတ်မြတ်များ ကြည့်မနေကြပါနဲ့.. သည်လူရမ်းကားတွေကို ဆုံးမပေးတော်မူကြပါ.. အင့်.. ဟီး...ဟီး"
"မငိုနဲ့ အမေရဲ့၊ သမီးတို့ဘဝက ဒီလိုဖြစ်ဖို့ ဖန်လာပြီပဲ။ အရှက်ရတာထက် သေလိုက်တာကမှ မြတ်ဦးမယ်တော့်။ ညီမလေး ပြန်လာရင် တစ်မိသားစုလုံး သတ်သေကြတာပေါ့ အမေရဲ့"
ဖခင်အိုကြီးမှာမူ မျက်ရည်လည်ရွဲနှင့် အိမ်တိုင်ကို မှီကာ ထိုင်နေလေသည်။ သူတို့ကို ဝိုင်းအုံ အားပေးနေကြသူများလည်း မနည်း။ လူတစ်ဦးကလိုက်သွားကြမည်ဟု ဆိုရာ မည်သူမျှ မထောက်ခံဘဲ ငြိမ်နေကြ၏ ။ အဖိုးကြီးက
"မယ်မင်းတို့ မငိုကြပါနဲ့၊ ငါ ဗိုလ်မင်းကြီးဆီ သွားလျှောက်ကြည့်ပါဦးမကွဲ့"
ဟု ဆိုကာ အားလျော့စွာ ထွက်သွားသည့် နောက်သို့ လူအချို့ လိုက်ပါသွားကြကုန်၏ ။ ခေတ္တအကြာ အဖွားအိုက
"ဒင်းတို့မိစ္ဆာကောင်တွေကို တောင်းပန်လို့ ရမတဲ့လား။ ဟို လူ့ဘီလူး ဆိုလား သရဲသဘက်ဆိုလား အဲဒီဗမာကို မနိုင်လို့ ငတို့မွန်တွေ သေနေကြရဲ့ဆို။ ငါလည်း မနေတော့ဘူး။ သင်းဆီသွားရင် သည်ဘဝ ဝဋ်မြန်မြန်ကျွတ်မှာပဲတော့်"
ဟု အော်ကာ ပြေးဆင်းသွားသည်။ နောက်မှ တဟဲ့ဟဲ့ လိုက်ဆွဲကြသော်လည်း မနိုင်ဘဲ အခွန်ရွာရှေ့တပ်ကြီးအနားသို့ လူတစ်စု ဖုန်တထောင်းထောင်းထလျက် ငိုယိုအော်ဟစ်ရင်း ရောက်ရှိလာကြလေ၏ ။
ဖြစ်ချင်တော့ မွန်တို့နောက်သို့ လိုက်သော မြင်းသည်များက တစ်ဘက်မှ ပြန်လာနေကြချိန်၊ လူစုစု အုပ်အုပ်ကို တွေ့သဖြင့် ဗိုလ်လုပ်သူမှာ တပ်တွင်းမဝင်သေးဘဲ မြင်းလှည့်ကာ သူတို့ဘက်သို့ လာနေချေပြီ။ ရှေ့ဆုံးမှ ဝင်လေ့ရှိသော မြင်းနီရှင်ပင်တည်း။ သူ့ဆံနွယ်များသည် လေထဲတွင် လှိုင်းစီးနေသည်သို့ ရှိ၏ ။
"ဘာဖြစ်ကြသလဲ"
ထိုသူက မြင်းပေါ်မှ တုတ်ရှည်ကိုင်လျက်သား မေးလာသည်။ ရွာသားများက မကျေနပ်ကြည့် ကြည့်နေကြပြီး အဖွားအိုက အော်ပြောသည်။
"နင်တို့အကောင်တွေ ရွာကိုလည်း ဖျက်တယ်၊ ငါ့သမီးတွေကိုလည်း စော်ကားတယ်။ ဒီလောက် ယုတ်မာ ရိုင်းစိုင်းနေရင် တစ်ရွာလုံးကို တစ်ခါတည်း ဘာလို့ မသတ်သွားသလဲ။ ဟေ့.. နင် သတ္တိကောင်းဆို ငါ့ကို အခု သတ်လိုက်၊ အဲဒီအချွန်ကြီးနဲ့ ထိုးလိုက်စမ်း.. သူရဲကောင်း ဘီလူးသရဲကြီးရဲ့"
မြင်းပေါ်မှ လူရွယ်က အဖွားအိုကို မျက်မှောင်ကျုံ့လျက် ကြည့်နေရာမှ သူ့တုတ်ရှည်ကို အနောက်ရှိ မြင်းသည်ထံ ကမ်းပေးလိုက်ကာ မြင်းပေါ်မှ ဆင်းလာ၏ ။
"ဘယ်လိုဖြစ်ရတာလဲ အဖွား၊ ကျွန်တော့်ကို သေချာ ပြောပါဦး။ ဘယ်သူက အနိုင်ကျင့်တာလဲ"
"နင်တို့ မြန်မာတွေပေါ့။ ငါ့သမီးတွေကို တစ်ယောက်ပြီးတစ်ယောက် ဆွဲသွားတယ်လေ"
လူရွယ် နောက်လှည့်ကြည့်ကာ
"ပင်းဗိုလ် နန္ဒသူများလား"
ဟု ဆိုရာ နောက်မှ မြင်းသည်ကလည်း
"ဟုတ်လောက်တယ် တပ်မှူး၊ အဲသည်ဗိုလ် မယားလေးယောက်ရှိတယ် လို့ ပြောကြတယ်။ တစ်ရွာတစ်ကျီသမားလို့လည်း လူပြောများတယ်"
ရွာသားတစ်ယောက်က ဝင်၍
"ဟုတ်ပါတယ်ခင်ဗျ၊ ပင်းဗိုလ်မှူးလို့ ခေါ်တဲ့သူက ထမင်းချက်ရမယ်ပြောပြီး မနေ့က လုံမလေးကို ပြန်မလွှတ်တော့တာပါ။ ဒီနေ့ကျ သူမလိုက်နိုင်လို့ သူ့ညီမကို ထပ်ခေါ်သွားပါတယ်"
စကားမဆုံးမီ လူရွယ်က မြင်းပေါ် လွှားကနဲ ရောက်သွားပြီ။ မြင်းကြီးကလည်း သူ့သခင် မရောက်မီကပင် စတင်ပြေးရန် အားယူပြီးဖြစ်၍ ချက်ချင်း သူတို့အနားမှ ပြေးထွက်သွား၏ ။ နောက်မှ မြင်းသည်က တပ်အတွင်းသို့ လှမ်းအော်သည်။
"ဟိတ်.. ငသူရိန်တို့၊ ငတိုက်မောင်းတို့ သေနတ်စွဲ တင်ကျည်းယူပြီး ထွက်ကြစမ်း။ တပ်မှူး ရွာထဲ ဝင်သွားပြီ.. လိုက် လိုက်"
ပြောပြောဆိုဆို တင်ကျည်းနှစ်ချောင်းကို မြင်းအနောက်တွင် ထိုးစိုက်ကာ သူလည်း ပြေးလိုက်သွားသည်။ အဖွားအိုနှင့် ရွာသားများမှာ ထင်ထားသည့်အတိုင်း မဟုတ်သဖြင့် ကြောင်စီစီ ရပ်ကျန်ခဲ့ကြပြီးမှ မြင်းသည်များနှင့်အတူ အပြေးတစ်ပိုင်း ရွာတွင်းပြန်ဝင်ခဲ့ရလေသည်။
(ဆက်ရန်..) ဟံသာဝတီသို့ (၃)
Written by သင်္ခရာဇာ
End date: June 5, 2022
No comments:
Post a Comment