အလွန် အလုပ်များလှပါသည် ဆိုကာ မည်သည့်အခါမှ အတွေ့မခံသော ဗိုလ်မှူးကြီး မင်းလှသီရိမှာ ယခုအခါ မြင်းသည်သူရဲ၏ ရှေ့တွင် တစ်စုံတစ်ခုကို ဖြေရှင်းနေရသကဲ့သို့ ရိုကျိုးစွာ ရှိနေကြောင်း သူတို့ ဦးစွာ မြင်ကြရသည်။ လုလင်၏ ခန့်ညားမောက်မာလှသော ဟန်ပန်ကဗိုလ်မှူးကြီးကိုပင် လူမထင်ဘဲ လက်အောက်ငယ်သားကဲ့သို့ ပြောဆိုနေသည်ဖြစ်၍ ရွာသားတို့ မင်သက်နေမိ၏ ။
"ဘယ်မလဲ အဲဒီကောင်"
"ခေါ်ပေးပါ့မယ်.. ကျုပ်အရင် မေးစမ်းပါရစေဦး"
"သည်ကောင် သည်လိုလုပ်တတ်တာ ဗိုလ်မင်း သိတယ် မဟုတ်လား"
"ကျုပ်ကို ဗိုလ်မင်း မခေါ်ပါနဲ့ ငစံရယ်၊ ကိုရင်ငပိုက်ပဲ ခေါ်စမ်းပါဗျာ။ အလျင်စလို မလုပ်စေချင်ဘူး။ ကျုပ်လူကို ကျုပ် သေချာမေးမြန်းပြီး..."
"ကိုပိုက် ခေါ်သာ ခေါ်လိုက်ပါဗျာ"
မြန်မာတပ်ချင်း အချင်းများတော့မည်ဟန် ပေါ်နေသည်မို့ တစ်ရွာလုံး စိတ်ဝင်တစား ဝိုင်းအုံလာကြ၏ ။ သူတို့အလယ်တွင် တပ်မှူးနှစ်ဦးနှင့် နှစ်ဘက်စစ်သည်များက အသင့်အနေအထား ရှိနေသည်။ ပြင်တပ်မှ ထပ်ဝင်လာနေသော မြင်းများ၊လူများလည်း တဖွဲဖွဲ ရောက်လာနေကြသည်။
"အားလုံး ဒူးတုပ်ကြစမ်း"
ပြင်းထန် အားပါလှသော အမိန့်။ လူရွယ်က ဓားကို ဆွဲချွတ်ကာ အော်ပြောလိုက်ခြင်း ဖြစ်၍ စစ်သည်ရဲမက်အားလုံး ချက်ချင်း လက်နက်များ ဘေးသို့ချကာ မြေပေါ် ဒူးတုပ်နေလိုက်ကြရသည်။ နန္ဒသူကို သွားခေါ်ရန် ပြောကြားနေသည့် မင်းလှသီရိလည်း မျက်စိမျက်နှာပျက်လျက်။
ရွာသူရွာသားများပင် သူတို့ကို အမိန့်ပေးခြင်း မဟုတ်ဘဲ ရောယောင် ထိုင်မိကြတော့မလို ကုန်းရတော့မလို ဖြစ်နေသည်။ အခြေအနေက အလွန်တင်းမာနေမှန်း သိသာ၏ ။ ယခုမှ ရန်သူနှင့် တိုက်ခိုက်ပြီး၍ စစ်ပွဲမှ ပြန်လာသော သူရဲကောင်းလုလင်သည် အားလုံးကို ဒေါသတကြီး အမိန့်ပေးနေလေပြီ။
"ငါ့အမိန့်မရရင် ခေါင်းတောင်မော်မကြည့်နဲ့"
အားလုံး ခေါင်းငုံ့ထားလိုက်ကြသည်။
"ဒီအဖြစ်ကို သိသူတွေ ရှိသလား၊ ငါ့ကို ပြောဝံ့သူ ရှိလား"
သူက ရွာတွင်း တာဝန်ကျ စစ်သည်များကို မေးနေပြီး မည်သူမျှ တုပ်တုပ်မလှုပ်။
"ကောင်းပြီ၊ ပင်းဗိုလ်ကို စောင့်ကြတာပေါ့"
ပြောနေခိုက်ပင် နန္ဒသူ နောက်လိုက်နောက်ပါအများနှင့် ရောက်လာပြီး လုလင်ကို ရောရန် ကြိုးစား၏ ။
"ကိုရင်ငစံပါလား၊ လက်ျာဘီလူးကြီး ဘယ်လိုဖြစ်ပြီး ရွာထဲရောက်လာတာလဲ။ မွန်တွေကို နိုင်လိုက်တယ်ဆို"
"နန္ဒသူ၊ မင်း ဘာလုပ်ခဲ့သလဲ"
"ကျုပ်လား၊ ဘဝရှင် အလောင်းမင်းတရားကြီးဘုရားရဲ့ အမှုတော်ကို ကျေပွန်အောင် နေ့နေ့ညည တာဝန်ထမ်းဆောင်နေတာပ.. ကိုရင်ရယ်"
"မင်း တာဝန်ထမ်းတဲ့အထဲမှာ ကောင်မလေးတွေကို မတရားလုပ်တာရော ပါသလား"
"ဘယ်က ကောင်မလေးတွေလဲ၊ ဘာမှ မလုပ်ရပါလားဗျာ"
"ဟုတ်လား၊ ဟောဟိုက အမေကြီး ပြောတော့ သူ့သမီးတွေကို မင်း စော်ကား ဖျက်ဆီးလိုက်တယ်ဆို"
နန္ဒသူက ခါးထောက်ကာ ခက်ထန်စွာ ကြည့်နေသည့် အဖွားအိုကို မမြင်ဟန်နှင့် ကျော်ကြည့်ပတ်ရှာနေပြီးမှ...
"သြော်ဟော်ဟော်.. ကိုရင်ငစံက ကျုပ်အမျိုးသမီးကို ပြောနေတာ ဖြစ်ပုံရတယ်။ ဟုတ်ပါတယ်၊ ကောင်မလေးကို ကျုပ် ချစ်ခင်မြတ်နိုးလွန်းလို့ သူများမဦးခင် သိမ်းလိုက်မိတာပါ။ ဒါတွေက စစ်ထဲမှာတော့ ဒီလိုပဲ ဖြစ်နေကျမဟုတ်လား ဗိုလ်မင်းရဲ့.. ဟဲဟဲဟဲ"
နန္ဒသူ စကားက ပြီတီတီ၊ လက်ျာဘီလူး မျက်ခုံးများ ထောင်လာနေသည်ကို မြင်၍ မင်းလှသီရိက အလျင်အမြန် ကြားဝင်ကာ
"အဲဒါ မင်းမှားတာပေါ့ကွဲ့ မောင်နန္ဒရဲ့။ လိုချင်ရင် တို့များ ဗိုလ်မင်း တပ်မင်းတွေနဲ့ မင်းကြီး မင်းထင်နော်ရထာတို့လို ဗိုလ်မှူးတွေကို အလျင်ပြောမှပေါ့။ ခုတော့ ဗိုလ်မှူးကြီးတွေက ရှေ့တန်းမှာ တိုက်ခိုက်နေရတယ်၊ မင်းက မပြောမဆိုနဲ့ သားမယား ယူလိုက်တော့ ငစံ စိတ်ထွက်မယ်ဆိုလည်း ထွက်စရာပဲ"
"ကိုပိုက်"
"ဗျ"
"ကျွန်တော် သည်အမှုကို စီရင်မယ်"
"ဟာ.. မောင်စံ.. မလုပ်.."
လုလင်သည် ဗိုလ်မှူး မင်းလှသီရိ မျက်နှာရှေ့ လက်ဝါးကာထားလိုက်သဖြင့် ဗိုလ်မှူးကြီးပင် အသံတိတ်သွားရပြီ။ သူ ရှေ့တစ်လှမ်းတိုးရာ ပင်းဗိုလ်မှာ နောက်ဆုတ်သွားပြီး
"ကျုပ် မှားသွားတယ် ဆိုလည်း တောင်းပန်ပါတယ်။ သူတို့ ကျေနပ်တဲ့ထိ..."
"အနောက်က ကောင်တွေ ချုပ်ထားစမ်း"
အသံက ပြတ်သည်။ နန္ဒသူနောက်မှ နောက်လိုက်များမှာ သူတို့ဗိုလ်ကို ကိုင်ဆွဲရနိုး၊ နောက်ဆုတ်ရနိုး ဖြစ်နေကြပြီး မရဲတရဲနှင့် ထိရုံမျှ ကိုင်သူ ကိုင်ကြ၏ ။ အချို့က ယောင်နန ဖြစ်နေကြသည်။
"နန္ဒသူ ဒူးထောက်စမ်း၊ ငကံ အနောက်က ကောင်တွေကို ဝင်ရိုက်စမ်း"
အနောက်မှ မြင်းသည်ကို လှည့်ပြောရာ ထိုသူက တုတ်ရှည်တစ်ချောင်း သွက်လက်စွာ ဆွဲယူပြီး မြင်းပေါ်မှ ဆင်းလာသည်။ နန္ဒသူက
"ဗိုလ်မင်း.. ကျုပ်၊ ကျုပ်.."
ဟု ပြောရင်း ရောအရိုက်ခံရမည်စိုးသဖြင့် ဝပ်ချလိုက်ရသည်။ သူ့အနောက်မှ တပ်သားများမှာ ကုန်းကုန်းကွကွနှင့် ယိမ်းရှောင် လက်ကာကြရင်း တဖြောင်းဖြောင်း အရိုက်ခံနေရပေပြီ။
"ငါပြောရင် ချက်ချင်းလုပ်မှ ကြိုက်တယ်၊ ဆွံ့သလိုလို ရွံ့သလိုလို လုပ်နေရင် သေဖို့ ပြင်ထားကြ။ ငကံ တော်တော့"
ထိုအခါ ဝင်ရိုက်နေသူ ရပ်သွားသည်။ ပြင်တပ်စောင့်သူရဲများကလည်း ရွာစောင့်စစ်သည်များကို တုတ်ရှည်များနှင့် ပတ်ဝိုင်းထားလိုက်ကြသောကြောင့် ရွာသားတို့အဖို့ အထူးဆန်းဆုံး မြင်ကွင်းများကို မြင်နေရသည်သို့ ရှိနေ၏ ။ မင်းလှသီရိမှာ ကျေနပ်ဟန်မတူသော်လည်း အားမတန်ဟန်နှင့် မျက်နှာလွှဲနေလေသည်။
"နန္ဒသူ၊ ဟိုကောင်မလေး ဘယ်မလဲ"
"ရှိပါတယ်ဘုရား၊ ထမင်းချက်ခိုင်းထားပါတယ်"
"ဟိုကောင်တွေ သွားခေါ်ချေစမ်း"
နောက်လိုက်အချို့ ရိုက်ခံရသည့် နေရာတို့ကို ပွတ်သပ်လျက် အီးအီးအားအား မြည်ကာ ထွက်သွားကြခြင်းအား စစ်သည်များ ရယ်ချင်သော်လည်း မရယ်ဝံ့။
"မင်း သူ့ကိုရော ဘယ်လိုလုပ်လိုက်လဲ"
"ဘာမှ မလုပ်ရသေးပါဘူးဘုရား"
"သြော်.. အေး အေး၊ ဟုတ်ပြီ"
မကြာမီ ဆယ့်လေးနှစ်အရွယ်ခန့် မိန်းကလေးတစ်ဉီး ကြောက်ရွံ့တုန်လှုပ်လျက် ပါလာသည်။ လူအုပ်ကြီးကိုလည်း လန့်နေဟန်ရှိ၏ ။
"သူငယ်မ၊ မင်း သူ့ကို ဘာလုပ်ချင်သလဲ"
မိန်းကလေး နှုတ်ခမ်းများက တလှုပ်လှုပ်၊ မျက်ရည်တစ်ပေါက် လိမ့်ကျလာပြီး ခေါင်းကိုသာ ခါယမ်းပြလိုက်သည်။
"ကျွန်မ လုပ်ချင်တယ်"
လူအုပ်ထဲမှ အသံ၊ ဆယ့်ရှစ်နှစ်အရွယ် မိန်းကလေးတစ်ယောက် တိုးထွက်လာသည်။
"သင်းကို ကျွန်မလက်နဲ့ သတ်ချင်တယ်။ ကျွန်တော်မျိုးမကို အခွင့်ပေးပါ"
လုလင်က လက်ထဲ တန်းလန်းချထားသည့် အနက်ရောင်ဓားကို တည့်မတ်စွာ ဉီးစိုက်လိုက်ပြီး မိန်းမပျိုရှိရာဘက်သို့ ကမ်းထားလိုက်သည်။ သို့သော် မီးဝင်းဝင်းတောက်နေသည့် မျက်လုံးများနှင့် အမျိုးသမီးက ခါးကြားတွင် ဝှက်ယူလာသော ဓားမြှောင်ကို ထမီနောက်မှ ဆွဲထုတ်လိုက်ကာ နန္ဒသူထံ တိုးသွား၏ ။
"သြော.. သွေးသောက်၊ အဖိုးမတန်တဲ့ မွန်မတစ်ယောက်အတွက်နဲ့ ကျုပ်လို ဗိုလ်တစ်ဦးကို စီရင်မတဲ့လား"
ဒူးထောက်နေရာမှ နန္ဒသူ ကုန်းထလိုက်ကာ လက်နောက်ပစ်လျက် အေးအေးဆေးဆေး အမူအရာဖြင့် လက်ျာဘီလူးကို ကြည့်၍ ပြောလာသည်။ လက်ျာဘီလူး မျက်လုံးများတွင် အရိပ်တစ်ခု ဖြတ်ပြေးသွား၏ ။ မိန်းမငယ်က မာန်သွင်းလိုက်ပြီး နန္ဒသူကို ဓားဖြင့် ပြေးထိုးသည်။
"ဟိတ်"
"စွပ်"
ထိုးစိုက်သည့် အရှိန်ကြောင့် အနည်းငယ် ကိုင်းလိုက်ရသော်လည်း နန္ဒသူမှာ အပြုံးမပျက်။ မထီတရီအသွင်ကို ဆောင်ထားပြီး အမျိုးသမီးကိုသာ စိုက်ကြည့်နေသည်။ ဒေါသအရှိန်ကြောင့် လူတစ်ယောက်ကို ဓားနှင့်ထိုးလိုက်ရသော်လည်း ယခုအခါ မွန်အမျိုးသမီးသည် တုန်လှုပ်လျက် နောက်သို့ ဆုတ်သွား၏ ။
လက်ျာဘီလူးသည် မိန်းမငယ်၏ ဓားမြှောင်အသွားကို ကြည့်ပြီး နန္ဒသူကို ပခုံးကိုင်ကာ ဆောင့်တွန်းလိုက်သည်။
"ဟိုကောင်တွေ မင်းတို့ဗိုလ်ကို ချုပ်ဝံ့ပြီလား"
နောက်လိုက်များက ယခုမှ အလောတကြီး ပြေးကာ ချုပ်ကိုင်လိုက်ကြသည်။
"ကိုရင် ဘာလုပ်မလို့လဲ"
ဟု မင်းလှသီရိ စိုးရိမ်တကြီး ဆိုသည်။ လက်ျာဘီလူး လှည့်မကြည့်၊ ပင်းဗိုလ်၏ မဲ့ပြုံးကိုသာ စိုက်ကြည့်နေ၏ ။
"မင်းတရားကြီးက သူရဲတော်တစ်ဉီးကို အလဟဿ ဆုံးရှုံးခံချင်မှာ မဟုတ်ဘူးနော်"
"ရဲခေါင်စံကျော်လို လူကိုလား"
မင်းလှသီရိ ဆက်ပြောမည့်စကားစ ပြတ်သွားရသည်။ ရန်သူကို သေချာမစုံစမ်းဘဲ လှည့်ပြန်လာခဲ့သော ရဲခေါင်စံကျော်ကို လောလောလတ်လတ် ကွပ်မျက်ထားသည်မှာ မကြာလှသေး။ အလုပ်အကြံ ညံ့ဖျင်းသည့် ရာဇာဓိရာဇ်ခေါ် မဟာဆွေတော်ကြီးလည်း ချက်ချင်း သေဒဏ်စီရင်ခြင်း ခံရသည်ကို အမှတ်ရလိုက်သည်။
ဆက်လက် အထွန့်တက်ရမည့် စကားတို့က နှုတ်ဖျား၌ နှောင့်နှေးတစ်ဆို့နေကြသည်။ မည်သူကမျှ ပိတ်ပင်ခြင်းမဟုတ်၊ မင်းတရားကြီးလူ ဟူသော အကြောင်းရင်းကို သတိရမိ၍ ဖြစ်သည်။ အလောင်းမင်းကြီးက သင်းအား သူနှင့်ထပ်တူ အတွေးအမြင်ရှိသည်ဟု မကြာခဏမိန့်ကြားခဲ့ဖူးသည်ကိုလည်း အမှတ်ရလာ၏ ။
"စစ်နဲ့ မဆိုင်တဲ့ ပြည်သူတွေကို ထိပါးနှောင့်ယှက်တာ ငါမကြိုက်ဘူး။ စစ်ကို အခွင့်ကောင်းယူပြီး အမျိုးသမီးတွေကို ဖျက်ဆီးတာမျိုးလည်း ခွင့်လွှတ်စရာ မရှိဘူး။ မင်းဟာ မသင့်သည်တို့ကို မကြာခဏ ကျူးလွန်နေကြောင်း ငါ ရိပ်မိနေတာ ကြာပြီ။ မင့်စိတ်ထား မင့်အကျင့်အကြံကို မိန်းမသူတွေ မသိကြသေးလို့သာ မင်းကို လူကောင်းထင်ပြီး လက်ခံနေကြတယ်လို့ ယူဆခဲ့တာ"
"ကျုပ် သူတို့ကို တစ်ယောက်မှ ဖျက်ဆီးပြီး မထားခဲ့ဘူးဗျ"
"မင်းနဲ့ အလိုတူအလိုပါ ဖြစ်ခဲ့တာချည်းလား"
'မဟုတ်ဘူး' ဟု မွန်မိန်းကလေးက အော်သည်။
"သူ ကျွန်မကို ယူမယ်ဆိုပြီး ပြန်မလွှတ်တော့တာ။ ကျွန်မကတော့ သူ့ကို ရွံလွန်းလို့"
လက်ညှိုးငေါက်ငေါက်ထိုးလျက် ပြောဆိုနေသည်ကို နန္ဒသူက 'ဟင့်.. ဟင့်' ဟု မခိုးမခန့် ပြက်ရယ်ပြုကာ
"ကျုပ် သဘောကျလို့ ရအောင်ယူတာ အပြစ်ရှိသတဲ့လား.. ဟားဟား။ ဒီမှာ ငညိုသူ၊ အချစ်နဲ့ စစ်မှာ မတရားတာ မရှိဘူးလို့ ဆိုကြသမို့လား"
လက်ျာဘီလူးက နှစ်လှမ်းနှင့် သူ့အနီး ရောက်သွားကာ ရင်ကို ဓားဦးဖိထောက်လိုက်ပြီး
"အဲဒါ ငါပြောတာ မဟုတ်ဘူး"
ဓားသွားသည် ဘယ်ရင်အုံကို ဟက်တက် ခွဲချလိုက်၏ ။ နန္ဒသူ မျက်လုံးပြူးသွားခိုက်
"အရူးတွေ ပြောတဲ့စကားကို သွေးရူးသွေးတန်း ကိုးကားလို့ မရဘူး နန္ဒသူ၊ မတရားမှုဟာ နေရာတိုင်း လူတိုင်းမှာ ရှိတယ်။ ဒါကို တရားနဲ့ ထိန်းရတယ်။ တစ်စုံတစ်ယောက်အပေါ် မတရားမှု ကျူးလွန်ပြီးမှ ဘာကြောင့် လုပ်တာပါဆိုတဲ့ ဆင်ခြေဆင်လက်နဲ့ အကြောင်းပြလို့ အမှန်မဖြစ်၊ အပြစ်မလွတ်ဘူး။ နားလည်လား"
"ဒါဆို ခင်ဗျားလည်း မတရားတာပဲ"
"မှန်တယ်၊ ငါတို့အားလုံး တရားလက်လွတ်ချည်းပဲ။ ဒါပေမယ့် မင်းကိုယ်မင်း တွေးကြည့်စမ်း၊ ရဲဘော်ရဲဘက်တွေ ရှေ့တန်းမှာ အသက်စွန့် တိုက်ခိုက်နေကြချိန် မင်းက စစ်ကို အကြောင်းပြပြီး မရှက်မကြောက် တဏှာနောက် လိုက်နေတယ်။ ငါတို့ကြောင့် လူတွေ ထိခိုက်ရတဲ့အပြင် မင်းကြောင့် အပိုထပ်ဆောင်း နာကျင် ငိုကြွေးကြရတယ် ဆိုတာ ဖြစ်သင့်သလား။ မင်းက မတရား ခံနေရတဲ့ သူတွေအပေါ် ထပ်ယုတ်မာတဲ့ကောင်ပဲ နန္ဒသူ"
ဆို၍ လက်လေးလုံးခန့် ကွဲနေသည့် ဓားဒဏ်ရာပေါ်သို့ နောက်တစ်ချက် ဖိလျက် ကြက်ခြေခတ် လှီးလိုက်ပြန်သည်။ နန္ဒသူ အံကြိတ်ကာ ခံနေရသည်။ မလှုပ်ဝံ့။ လက်ျာဘီလူးက ဓားကို မြေပေါ် ပစ်စိုက်လိုက်၏ ။
"ငါ နန္ဒသူကို ပြစ်ဒဏ်ပေးတာ မတရားဘူး ထင်တဲ့သူ အဲဒီဓားကို ကောက်ပြီး ငါ့ကို ပြန်ခုတ်ကြ"
ပင်းဗိုလ်အနောက်မှ တပ်သားများ ခေါင်းငုံ့သူငုံ့၊ မျက်နှာလွှဲသူလွှဲ၊ အချို့လည်း ဆွဲခုတ်ရနိုးနိုး ဇဝေဇဝါ ဖြစ်နေဟန်။ ယင်းသည့်အခိုက် နန္ဒသူက ချုပ်ကိုင်ထားသော လက်များကို ဆတ်ခနဲ ရုန်းထွက်လိုက်ကာ ဓားလက်ကိုင်ကို ဆွဲယူလိုက်သည်။
"ဟိတ်.. မလုပ်နဲ့"
ဗိုလ်မင်းကြီးအသံနှင့်အတူ လက်ျာဘီလူး ဖြတ်ရိုက်လိုက်သည့် လက်ဝါးစောင်းက နန္ဒသူ၏ လည်မြိုကို ဂစ်ခနဲ အသံထွက်သွားစေ၏ ။ ပင်းဗိုလ်မှာ ဓားကို မဆုပ်ကိုင်လိုက်နိုင်ဘဲ လဲကျသွားချေပြီ။
"သင်းကို သုဿန်မှာ ကားစင်တင်လိုက်တော့။ သူ့နောက်လိုက်တွေကို တုံးဖိထား။ ပုန်ကန်လိုတဲ့ ရွာသားတွေ ရှိရင်လည်း ပင်းဗိုလ်နဲ့အတူ ထား"
ဟု ရွာသူရွာသားများဘက်သို့ပါ ဝေ့ကြည့်ပြီး ပြောသွားသည်။ ဝိုင်းနေသည့် လူအုပ်ကြီးမှာ လေတိုးသံမျှ မကြားရအောင် ငြိမ်သက်လျက်။
(ဆက်ရန်..) ဟံသာဝတီသို့ (၄)
Written by သင်္ခရာဇာ
End date: June 6, 2022
No comments:
Post a Comment