Translate

ဟံသာဝတီသို့ (၁)

သက္ကရာဇ် ၁၇၅၆ ခုနစ်၊ တန်ဆောင်မုန်းလ။
ဟံသာဝတီအနီးရှိ အခွန်ရွာဟူသော မွန်ရွာကလေးတစ်ရွာ၌ မွန်စစ်သည်ရဲမက်များစွာ တပ်ချနေခဲ့ကြ၏ ။ အခွန်ရွာ၏ အနောက်ဘက်တွင်လည်း သစ်ဝါးများဖြင့် ခိုင်ခန့်စွာ တည်ဆောက်ထားသော ခံတပ်ကြီးတစ်ခု တည်ထားသည်။
ရွာသူရွာသားများအဖို့မူ တစ်စတစ်စနှင့် နီးကပ်လာသော စစ်သတင်းကြောင့် တထိတ်ထိတ် ဖြစ်နေကြရသည်။ မြန်မာတပ်များ ဒဂုံကို သိမ်းလိုက်ပြီ၊ သန်လျင်မြို့လည်း ကျသွားပြီ၊ ကမာပိ ကျိုက်ပတိုင် ညောင်ပင် စသည့် တပ်ကြီးတပ်ခိုင်များပင် ကြာရှည်မခံနိုင်ဘဲ တစ်တပ်ပြီးတစ်တပ် မြန်မာတို့လက်အောက် ရောက်သွားကြရပြီ ဟူသည့် သတင်းများကို အဆက်မပြတ် ကြားနေရချိန်။
သည်နှစ်တော့ တန်ဆောင်တိုင် မီးထွန်းပွဲလေးတောင် လုပ်နိုင်တော့မယ် မထင်ဘူး ဟု ညည်းသူက ညည်း၏ ။ တို့ စိုက်ထားတာလေးတွေတော့ ကုန်ပါပြီဟု တွေးပူနေကြသူလည်း အများအပြား။ အမှန်တကယ်လည်း သူတို့ရွာသို့ စစ်ကြီး ဦးတည်လာနေပြီ ဖြစ်သည်။ မွန်စစ်သည်တို့ကမူ မပူကြရန်နှင့် သူတို့ ခံနိုင်အောင် ခံမည့်အကြောင်း ပြောဆိုနှစ်သိမ့်နေကြ၏ ။
မြန်မာတို့ အင်အားအလွန်ကြီးလျင်သော်မှ မိမိတို့ ရွာတွင်းနှင့် ရွာရှေ့တပ်ကြီးတို့က ရွပ်ရွပ်ချွံချွံ ခုခံထားမည်ဖြစ်ပြီး ဟံသာဝတီ နေပြည်တော်မှ တပ်ကူအများ အချိန်မီရောက်လာနိုင်သည်ဖြစ်၍ စိုးရိမ်ပူပန်နေရန် အကြောင်းမရှိဟု ဗိုလ်မင်းများကလည်း ဆိုကြသဖြင့် အလွန်အမင်း လန့်ထိတ်နေခြင်းတော့ မရှိ။
သို့စင်တွင် ဟံသာဝတီ နေပြည်တော်မှ ရဟန်းသံဃာသုံးပါးတို့ ထွက်လာ အရေးဆိုသည်ဟု ကြားကြရပြန်သည်။ အရေးဆို၍ ပြီးပြေလျင် မည်မျှ ကောင်းလေမည်နည်း။ စစ်ကြီး ပြီးလျက် သစ္စာပြုကြ၊ စစ်ရုတ် ပြန်ကြလိမ့်မည်ဟု မျှော်လင့်မိကြပြန်သည်။ သို့ရာတွင် မြန်မာမင်းက အရေးမပေး တဲ့။
အလွန်ကြမ်းတမ်း မောက်မာသော မြန်မာဘုရင်ဟု ဝေဖန်ကြကုန်၏ ။ သံဃာတော်များကိုပင် ရိုင်းပျဝံ့ပါပေသည်ဟု ကဲ့ရဲ့ကြလေသည်။ မြန်မာတို့အပေါ် တိုး၍ အပြစ်တင်ကြ၏ ။ သာ၍ မုန်းတီးခြင်း ဖြစ်၏ ။ မြန်မာမင်း ဆက်လက်ချီတက်လာသဖြင့် ကျိုက်ပကစ်အထိ ရောက်ရှိလာသည်ဟု ကြားရပြန်သည်။
ထိုအခါ စစ်အတွက် အရေးတကြီး ပြင်ဆင်ကြကုန်၏ ။ အချို့ မြို့တော်သို့ ပြေးသူ ပြေးကြသည်။ အချို့က စစ်မရောက်နိုင်ဟု ထင်ရသော အမျိုးအဆွေတို့ရှိရာ ခေါင်ဖျားကျေးရွာများသို့ ပြောင်းရွှေ့သွားရှာသည်။ မြန်မာတပ်များကတော့ လျင်လျင်မြန်မြန်ပင် သူတို့ရွာအနီး ရောက်ရှိလာနေပြီ။
တန်ဆောင်တိုင်ပွဲတော် နီးကပ်လာသော တစ်ရက် နံနက်စောစောတွင် မြင်းဟီသံများ ကြားကြရလျက် ပြေးသံ လွှားသံ အော်ဟစ်သံများဖြင့် အခွန်ရွာတစ်ရွာလုံး ပွက်လောရိုက်သွားလေ၏ ။ မြန်မာမြင်းတပ်နှင့် ခြေလျင်စစ်သည်များ တရှိန်ထိုး ဝင်လာကြခြင်းပင်။
စစ်အချက်ပေးခရာသံ မောင်းသံများ ဆူညံစွာ ထွက်ပေါ်လာသည်နှင့် မရှေးမနှောင်း ရောက်ရှိလာကြခြင်း ဖြစ်သဖြင့် ပြင်ဆင်ချိန် များစွာမရ။ ရွာသူရွာသားများမှာ ကြောက်လန့်၍ အိမ်ထဲမှမထွက် ပုန်းနေသူ များသည်။ အချို့ နီးရာအိမ်တက်ပြေးကြရသည်။ မြန်မာမြင်းသည်များကတော့ ဖုန်တထောင်းထောင်းနှင့် တကယ်ရောက်လာကြလေပြီ။
"ဟေး.. ဗိုလ် ဘယ်သူလဲ"
ကျယ်လောင်သော အော်သံတစ်ခုကို ရွာသူရွာသားတို့ ပီပီသသ ကြားကြရသည်။ အချို့ နားမလည်၍ နားလည်သူများက ပြန်ပြောပြရ၏ ။
"သည်မှာ တပ်ဗိုလ်ရှိသလား၊ ဘယ်မှာလဲ"
လှည့်ပတ်မေးနေသော အသံရှင်ကို ချောင်းကြည့်ကြရာ နှစ်ဘက်စစ်သည်များ တိုက်နေသည့်ကြားတွင် လက်တစ်ဖက်က ဒိုင်းဝိုင်းငယ် စွဲလျက်၊ တစ်ဖက်က ဝါးတုတ်ရှည်တစ်ချောင်း ကိုင်ထားသော လူတစ်ယောက်ကို မြင်းပေါ်တွင် မြင်ကြရသည်။
"ဝေး"
တစ်ဖက်မှ မွန်ဗိုလ်တစ်ယောက်က ပြန်အော်လိုက်၏ ။ ထိုအခါ မတိုက်ခိုက်ဘဲ ဒိုင်းနှင့်တုတ်ကို အသုံးပြု၍ သူ့ကိုယ်သူ ကာကွယ်နေသော မြန်မာမြင်းသည်က ထိုအသံကြားရာဘက် မြင်းကို ဒုန်းစိုင်းပြေးသွားသည်။ မွန်ဗိုလ် ဗညားကျင် ဆိုသူက မိုးနဲရွှေလှံတစ်ချောင်းကိုင်လျက် စောင့်နေပြီး သူ့အနောက်တွင် မွန်မြင်းသည်အများ။
လိုက်ကြည့်နေမိကြသော ရွာသားတို့မှာ သူတို့အိမ်ခြံဝင်းများအတွင်းသို့ မီးတုတ်များ ကျလာသောကြောင့် ဆက်လက် မကြည့်နိုင်ဘဲ အိမ်များပေါ်မှ ဆင်းပြေးကြရတော့၏ ။ သူတို့ ပြေးကြသည်မှာ ဟံသာဝတီမြို့ဘက်၊ ခံတပ်ကြီး ရှိရာအရပ်သို့ ဖြစ်သည်။
မွန်စစ်သည်အချို့လည်း အရှိန်အဟုန်နှင့် ဝင်လာကြသော မြန်မာတပ်များကို ရေရှည် ဆီးဆို့ဟန့်တားမထားနိုင်ဘဲ ခံတပ်ကြီးရှိရာ ပြေးပေါင်းနေကြသည်ကို တွေ့ရ၏ ။ ဗိုလ်အချို့က အစီအစဉ်မပျက် တပ်ဆုတ်နိုင်ရန် မြင်းနှင့် လိုက်ကွပ်နေပြီး စစ်သည်များကလည်း အဆင့်ဆင့် ရပ်ပစ်လိုက်၊ ဆုတ်သွားလိုက်ဖြင့် ထိန်းသိမ်းနေကြသည်။
သို့တိုင် ဘီလူးသဘက်စီးလာသကဲ့သို့ ရဲတင်းလွန်းလှသော ကုန်းဘောင်တပ်များ၏ ထိုးစစ်မှာ ပြင်းထန်လွန်းသဖြင့် ဒရောသောပါး ဆုတ်နေရသည်။ အချို့ သေနတ်ကျည်မျှ မထိုးနိုင်၊ ပစ်ပြီးသည်နှင့် နောက်လှည့်ပြေးတော့၏ ။ ဗိုလ်များက ထိုသူများကို ဓားမိုးကာ လိုက်ကြိမ်းနေလေသည်။
ရွာသားများ တပ်ကြီးနံဘေး ရောက်သောအခါ ပြေးလာနေကြသော စစ်သည်များထဲမှ ဗိုလ်တစ်ဦးက
"အားလုံး အထဲကနေ စည်းကြပ်ခံမယ်၊ ဗိုလ် ဗညားကျင် ကျသွားပြီ။ အခု ငါ ဗိုလ်မင်းပဲ"
ဟု ဆိုကာ တပ်သားများကို စီမံနေ၏ ။
"မြန်မာတွေက မြန်လိုက်တာ၊ နေပြည်တော် စစ်ကူတွေ အချိန်မီမှ ရောက်ပါ့မလား"
ဟု ကာလသားခေါင်းကြီးတစ်ဦးက ဆိုလိုက်သည်။
"ဒါ ငါတို့အလုပ် မဟုတ်ပါဘူးကွ။ တို့လုပ်ရမှာ အခြေအနေကြည့်ပြီး နေသင့်ရင်နေ၊ မဟန်ရင် ရှောင်ကြရမှာပဲ"
ရပ်ခေါင်းမင်းတစ်ဦး၏ ထိုစကားကို သူ၏ မယားက
"ဒါဖြင့်ရင် တော်တို့ ဘာစောင့်နေတာလဲ။ လာ.. ပြေးကြစို့လားတော့်"
ဟူ၍ လောဆော်လိုက်လေသည်။ သူ့စကားကို အများက သဘောတူချင်သော်လည်း လူကြီးအချို့က စောင့်ကြည့်ချင်နေသေး၏ ။
"နေကြပါဦးဟ၊ ရွာထဲက အရပ်သားတွေ ရှိနေလို့ တိုက်မရတာပါ။ ခံတပ်ကိုတော့ သူတို့ ကျော်မရပါဘူး။ မြန်မာတွေ တံခါးဝတောင် မရောက်နိုင်..."
စကား မဆုံးလိုက်။ တရိပ်ရိပ် ပြေးလာသော မြင်းနီတစ်စီးက ပိတ်လက်စ တပ်တံခါးကို ပြေးဝင်ပေါက်လိုက်သံ အုန်းခနဲ ထွက်ပေါ်လာပြီး တံခါးတစ်ချပ် ပြုတ်ထွက်သွားသည် ထင်လိုက်ရ၏ ။ ပြေးတိုက်သည့် လူနှင့် မြင်းကတော့ အရှိန်လွန်ကာ အလဲလဲအပြိုပြိုနှင့် တပ်တွင်းသို့ တလိမ့်ကောက်ကွေး ရောက်သွားသည်။
"ဟာ"
"ကြမ်းလှချည့် လား"
"ဟိုမြင်းသည်ပဲ မဟုတ်လား.. အဲဒါ"
"ဟုတ်တယ်.. ဟုတ်တယ်၊ တပ်ဗိုလ် ဘယ်သူလဲ အော်မေးနေတဲ့ တစ်ယောက်ပဲ"
ကြည့်နေကြစဉ်ပင် နောက်မှ မြင်းများ တဝေါဝေါ လိုက်ဝင်သွားနေကြပြီး အော်ဟစ်ကြေညာသံ၊ သေနတ်ပစ်ဖောက်သံများစွာ ထွက်ပေါ်လာသည်။
"ဆော်ကုန်ပြီဟ၊ တို့ ပြေးကြဖို့သင့်ပြီ"
"ရွာထဲ ပြန်ပြေးကြမလား"
"ဟာ.. အရေးထဲ၊ ခုလောက်ရှိ နင့်အိမ် ပြာကျရောပေါ့။ လာ.. လာ၊ တောဘက်ပြေးရမယ်"
ရွာသားတို့မှာ ပြင်းထန်လှသော တိုက်ပွဲအနီး မနေရဲကြဘဲ ဝေးရာသို့ ချက်ချင်း ထပြေးကြကုန်၏ ။ သူတို့နောက်မှ အသံတစ်သံကို တိုက်ခိုက်သံများကြားမှ ကြားလိုက်ကြရသေးသည်။
"ဟေး.. သည်တပ်ကဗိုလ် ဘယ်မှာလဲ၊ ထွက်ခဲ့"
တပ်တိုင်များ ကွယ်နေ၍ မမြင်ရမှန်း သိလျက်နှင့် အချို့က ယောင်ယမ်းကာ နောက်လှည့်ကြည့်မိကြလေ၏ ။
*
"ဟူး.. အတော်ဆိုးတဲ့ လူတွေပါကွာ"
"အမလေး.. ဟုတ်ပါရဲ့၊ ဒါမျိုး သရဲသဘက်တွေ မြင် မမြင်ဖူးဘူး။ ရမ်းကားလိုက်တာတော်"
"ကြောက်စရာကြီးဗျ နော်"
"ငါဖြင့် ခုထိ နှလုံးတွေ ဆတ်ဆတ်ခုန်နေတုန်းပါ့ မောင်ရာ။ လူလူချင်း သတ်လိုက် ဖြတ်လိုက်ကြတာ"
"သေနတ်တွေကလည်း အူခနဲ ပစ်လိုက်တိုင်း လူတွေမှာ ခွေခနဲပဲနော့။ တကယ်စွမ်းတာပါပဲလား"
တောထဲရှိ ညောင်မုတ်ဆိတ်ပင်ကြီးတစ်ပင်အောက် ရောက်ရှိလာကြသူများ၏ စကားသံ။ တုန်လှုပ်နေကြဆဲ နှီးနှောဟန်။ အကြောက်မပြေသေး၍ ငုတ်တုတ်ကလေးများ၊ မောမောပန်းပန်း ခြေပစ်လက်ပစ် ထိုင်နေသူများ၊ ထိုအထဲမှ ရွာလူကြီးက သက်မကြီး ချပြီး
"ငါတို့ရွာတော့ ကုန်ပြီထင်ပါတယ်ကွာ"
ဟု စိတ်ပျက်လက်ပျက် ဆိုသည်။ ခေါင်းတုံးဖြူဖြူကို ပတ်ထားသည့် တဘက်ကြမ်းကိုလည်း မြေပေါ် ပစ်ချလိုက်၏ ။ ရွာသား ကိုဘကျော်က
"ကျုပ်တို့ ဒီနားမှာပဲ အခြေအနေ သိရတဲ့အထိ နေကြတာ ကောင်းမယ် သူကြီးမင်း၊ ခုဟာက ဘယ်ဘက် နိုင်မလဲ မသိဘူး။ မြန်မာတွေဘက်ကတော့ အရေးသာနေသလို ရှိတယ်ဗျ နော်"
"ငါ့လခွေး အရေးသာနေသလို တဲ့လား။ ဒီလောက် ကျွဲလိုက်နွားလိုက် လိုက်နေတာ ဟိုမယ် တပြေးတည်းပြေး၊ တဆုတ်တည်း ဆုတ်နေရတာကြီး မြင်ရဲ့သားနဲ့ တို့လူတွေ ပြန်နိုင်ဦးမယ် ထင်နေသေးလားဟ"
"ဟာဗျာ၊ တပ်ထဲရောက်လို့ ဝိုင်းညှပ်ပစ်ရင်တော့ စွတ်ဝင်တဲ့အကောင်တွေ အကုန်သေကြမှာပဲ။ တပ်တည်ထားတာ ဘာလုပ်ဖို့လဲ။ ဒီလို မျှားခေါ်ပြီး ဇီဝိန်ခြွေပစ်ဖို့ မဟုတ်လား။ ကျုပ်တို့ နိုင်နိုင်ပါတယ်ဗျ"
"အေး.. အေး၊ ဒါဆို မင်း သွားကြည့်စမ်း။ ငါတို့ဘက်က နိုင်ရင် လာခေါ်လှည့်"
ကိုဘကျော် မျက်လုံးပြူးလျက် ငြိမ်သွားသည်။ တကယ်တမ်း သူလည်း မသွားရဲ။ မြန်မာများက အနိုင်ရလျက် စိတ်မထင်လျင် မထင်သလို လုပ်လိုက်မှာ ကြောက်နေသည်။ သူတို့ရွာဘက်ဆီမှ မီးခိုးလုံးကြီးများ မမြင်ရသဖြင့်လည်း မျှော်လင့်ချက်အနည်းငယ်တော့ ရှိနေသေးပေသည်။
"ရွာတော့ မီးတိုက်မခံရသေးဘူး။ ငါတို့စစ်သည်တွေ နိုင်သွားတယ် ထင်တယ်"
"ဟုတ်လောက်တယ်၊ ကျုပ်လည်း ကြည့်နေတာ"
တကယ်တမ်း မွန်းလွဲချိန် တောထဲ ဝင်လာသည်က မြန်မာ ၅ ယောက် ဖြစ်သည်။ မောင်းထုလျက် တစ်စုံတစ်ခု အော်ဟစ်လာသည်။
"စစ်ပြေးနေတဲ့ ရွာသူရွာသားတွေ ရှိရင် ရွာပြန်လာကြလို့ ရပါပြီ။ တိုက်ပွဲပြီးသွားပြီ ဖြစ်လို့ ဘေးမသီရန်မခရင် အိမ်ပြန်ကြပါခင်ဗျား"
သူတို့ ရှိနေရာကို မသိဘဲ အဝေးမှ ဖြတ်သွားရင်း ကြေညာသွားကြခြင်းတည်း။ ထိုစကားကြောင့် မြန်မာများ နိုင်သွားပြီဟု သိလျက် အခွန်ရွာသားများ တစ်ယောက်နှင့်တစ်ယောက် ကြည့်ကာ ဘယ်လိုလုပ်ကြမလဲဟု အသံတိတ် မေးမြန်းနေကြလေ၏ ။
*

 Written by သင်္ခရာဇာ

End date: June 4, 2022

No comments:

Post a Comment

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...