မြောက်မျက်နှာတွင်ကား မြို့ကို အမှီပြုနေသော ဆုံကုန်းတပ်ကြီးတစ်တပ် ကျန်နေပေသေးသည်။ မြို့နှင့် ဆက်နေသဖြင့် ကပ်ရခက်နေကြသည် ဆို၏ ။ ထို့ကြောင့် အစီအစဥ် ပြောင်းကြရသည်။
"ဆုံကုန်းတပ်မှာ တပ်ကြီးပင် ဖြစ်သော်လည်း ဟံသာဝတီအရေးသာ တကယ့်အရေးဖြစ်သည်။ မင်းထင်နော်ရထာလည်း ရှေ့သို့ လုပ်ရေးကြံရာ များသေးသည်ဖြစ်၍ ဆုံကုန်းတပ် ဖျက်ရမည့်အမှုကို ငါ့သေနတ်ဗိုလ် တိမ်ကြားနတ်၊ လူကောင်း မနုဇေယျကျော်တို့ကို စေလွှတ်တော်မူမည်။ ငစံငယ် ပြင်ဆင်ပေးရမည်"
ဟု ညဦးညီလာခံဝယ် မင်းတရားကြီး အမိန့်တော်မှတ်လိုက်သည့်အခါ လက်ျာဘီလူးနှင့် ဗိုလ်မှူးအချို့ စိတ်ပျက်သွားကြသည်။ လက်ျာဘီလူး စိတ်ပျက်သည်မှာ သူကိုယ်တိုင် ဦးဆောင်တိုက်ခိုက်ခြင်း မပြုရသည့်အတွက် ဖြစ်ပြီး အချို့ ဗိုလ်များ မျက်နှာပျက်သွားကြသည်မှာ သူတို့ မျှော်လင့်ထားသော အခွင့်အရေးကြီးတစ်ခု ဆုံးရှုံးသွား၍ ဖြစ်၏ ။
ဆုံကုန်းတပ်ကြီး ခိုင်လုံလှသောကြောင့် ဖျက်မရလျင် ညဥ့်ကို လက်ျာဘီလူး ဦးဆောင်၍ တက်ရမည်မှန်း အကြိမ်ကြိမ် မြင်တွေ့ရပြီး ဖြစ်ပါလျက် ယခု သူတို့ စီမံစိုင်းပြင်းနေသည့် အခင်းကျမှ လက်ျာဘီလူးက မပါတော့။ အမှန်က သူတို့သည် လက်ျာဘီလူးကို နောက်က လုပ်ကြံမည့် သူရဲကြီးတစ်ဦးကိုပင် ရွေးချယ်ထားပြီးကြပြီ။
နတ်တော်လပြည့်ညတွင် ကောင်းကင်တွင် တိမ်များထူထပ်နေချိန် မနုဇေယျကျော်နှင့် တိမ်ကြားနတ် ဦးဆောင်သော သူရဲ ၈၀၀ ကျော်တို့ ဆုံကုန်းတပ်သို့ အလစ်အငိုက် ဝင်တိုက်ကြလေသည်။ မိုးတိမ်ရိပ်နှင့် မှောင်နေ၍ မြို့တွင်းမှ ထွက်မကူဝံ့ဘဲ သန်းခေါင်ကျော်အချိန် ဆုံကုန်းတပ်ကြီး ပျက်ချေ၏ ။
လပြည့်ကျော်တစ်ရက်နေ့၊ စလင်္ဂသူဗိုလ်၏ တပ်အနီးသို့ မွန်သူရဲကောင်း အာမခံလူကောင်း ၅၀၀၀ ကျော် တပ်ကြီးတည်လာကြပြန်သည်။ တိမ်ကြားနတ်အား သေနတ် ၁၀၀ နှင့်၊ ကျော်တင်ဗိုလ်အား ဆင် ၅၀ စစ်သည် ၁၀၀၀ နှင့် တစ်ညလုံး တိုက်စေပြန်ရာ မိုးသောက်မှ မွန်တို့ မြို့တွင်းသို့ ပြေးဝင်ကြတော့သည်။
တိမ်ကြားနတ်က ဗိုလ်မှူးဖြစ်သော လက်ျာဘီလူးထံ ဝင်၍ စစ်ရေးအစီရင်ခံရာ လက်ျာဘီလူးက အားရကျေနပ်စွာ..
"သည်အရေး ပြီးပြေချောမောမယ်လို့ ကျွန်တော်ယုံကြည်ပြီး ဖြစ်ပါတယ်။ အစ်ကိုပဲ အဲသည်မွန်တပ်ကို သေနတ်သား ၁၀၀၀ နဲ့ တပ်စွဲနေပါ။ အကောင်းဆုံး သေနတ်သမားတွေချည်း ခေါ်သွားပါ။ ကျွန်တော့်ကို ချီးမြှင့်ထားတဲ့ ချပ်ဝတ်လည်း အစ်ကိုပဲ ဝတ်လိုက်ပါ"
ဆို၍ အနီရောင် သံချပ်ဝတ်တန်ဆာကို ထုတ်ပေး၏ ။ တိမ်ကြားနတ်က မယူလို။
"ငါ့ညီကို ပေးသောအရာ ငါမယူထိုက်၊ စစ်သူကြီးတို့ အဆောင်အယောင်သာ ဖြစ်သည်"
"သည်တပ်တွင် အစ်ကို စစ်သူကြီးမှတ်ပါ"
တိမ်ကြားနတ်လည်း မြို့နှင့် နီးလှသဖြင့် ချပ်ဝတ်ကို ယူခဲ့ရသည်။ တပ်သို့ ပြန်ရောက်သောအခါ သူ့လူများက ချပ်ဝတ်တန်ဆာနှင့် ခန့်ညားနေသော တိမ်ကြားနတ်အား ဝိုင်းဝန်းချီးပင့် ပြောဆိုကြလေသည်။
"ဒီလိုဆိုတော့ တို့အရှင်က တကယ့်စစ်သူကြီးပဲ"
"ဟိတ်၊ အရှေ့ဝင်းမှူး ဗိုလ်မှူးက ငါ့ကို စစ်သူကြီးအရာ ပေးပြီး သူ့ချပ်ဝတ်ပါ အပ်လိုက်တာကွ"
"အွား.. ဒါဆို တကယ် စစ်ကြီးသူ ဖြစ်ပြီပေါ့"
"အဲ.. တရားဝင်တော့ မဖြစ်သေးဘူးဟ"
"ဝါးဟားဟား"
"ကိုင်း ကိုင်း.. ရယ်မနေကြနဲ့။ ငါတို့ကို ယုံလို့ အပ်လိုက်တာ တို့ကလည်း အရေးတော်ရအောင် စွမ်းဆောင်ပြကြမှ ဖြစ်မယ်။ ဗလကျော် မြို့နားကပ်ပြီး သတင်းစုံစမ်းချေစမ်း။ ကိုယ့်လူတို့က တပ်အရှေ့မှာ ကတုတ်တွင်းတွေ တူးထားကြရအောင်"
မကြာမီ မြို့တွင်းမှ မွန် ၅၀၀၀ ကျော် ထပ်ထွက်လာပြန်ကာ တပ်ကို တဟုန်တည်း ပြေးကပ်လာကြသည်။ သို့ရာတွင် တပ်ရှေ့၌ ခံကတုတ်တွင်းများ တူးထားပြီးဖြစ်သော သေနတ်လက်ကောင်း ၇၀၀ ကျော်က ဆီး၍ ပစ်ခတ်လိုက်ကြသဖြင့် ၁၀၀၀ ခန့် သေရာတွင်မှ မွန်တို့ ဆုတ်သွားကြသည်။
အနောက်မှ ပို့လိုက်သော ရိက္ခာထောက်လှေများကို မနှောင့်ယှက်နိုင်စေရန်နှင့် မွန်တို့၏ ရေလမ်းပေါက်ပိတ်ရန်အတွက် ရေနန်းစကြာ သင်္ဘောကြီးကိုလည်း အမြောက် သေနတ် သူရဲအပြည့်နှင့် စည်တီးအရပ်သို့ ဆန်တက် စောင့်နေစေ၏ ။
ဟံသာဝတီ တောင်မျက်နှာ အုန်းဘောင်တံခါးမှ ဆီတည့်ကျုံးနားသို့တိုင် ဥဒိန်ကျော်ထင်၊ နန္တပစ္စည်း၊ မင်းကျော်ရဲထွဋ်၊ ရွှေတောင်ဗလကျော်၊ မင်းလှသီရိ တပ်ငါးတပ် ခံနိုင်အောင် ခံရမည်ဟု တပ်ဖြန့်ထားစေ၏ ။
တစ်တပ်လျင် အမြောက်ကြီး နှစ်လုံး၊ ရထားတင်အမြောက် သုံးလုံးစီနှင့် နေ့နေ့ညည မြို့တွင်းသို့ အဆက်မပြတ် ပစ်ခတ်စေသည့်အပြင် သန်လျင်တိုက်ပွဲမှ ရသော ယိုးဒယားကြံဆစ်အမြောက်၊ ဗုံးအမြောက်များနှင့်ပါ ပစ်ရသည်။ ကျည်စေ့အိတ်များလည်း သွတ်၍ ပစ်ကြသဖြင့် အမြောက်ထိရာများတွင် လူ ၁၀၀၊ ၂၀၀ ဗုံးကျည်စေ့များ ထိ၍ သေကြလေသည်။
အလောင်းမင်းတရားကြီးက လိုအပ်သည့် လူသူလက်နက် အပြည့်အစုံ ဖြည့်ဆည်းပေးနေသကဲ့သို့ လက်ျာဘီလူးကလည်း တစ်ကြိမ်ဆို တစ်ကြိမ်၊ ယခုတစ်ကြိမ်တည်းနှင့်ပင် ဟံသာဝတီမြို့ကြီးနှင့်တကွ ရာမညတိုင်းအလုံးကို ရအောင် ယူမည့်အလား စစ်စစ်ပေါက်ပေါက် အသေးစိတ်မှအစ စီမံကွပ်ကဲနေ၏ ။
အင်းဝ ဟံသာဝတီ အနှစ်လေးဆယ်နီးပါး တိုက်ကြသည်ကို သင်ခန်းစာယူ၍ 'မရလျင်လည်း ပြန်မည်၊ မိုးစဲလေသာမှ အင်အားဖြည့်တင်း၍ တိုက်လျင် သံမြို့နှင့် ခံသော်လည်း ခံနိုင်မည်မဟုတ်' ဟု သူ မကြွေးကြော်၊ သဘောမထား။ တိုက်သမျှ တစ်ပွဲမှ အရေးမနိမ့်စေရ။ ရပြီးသမျှ တစ်တပ်မှ မကျစေရ ဟုသာ နှလုံးပိုက်လျက် ပြင်းပြင်းထန်ထန် ကွပ်ကဲစီမံနေ၏ ။ မအိပ်မနေ ကြံစည်ကြိုးစားနေ၏ ။
ဗိုလ်တွန်ကပင်
"နင် ဗိုလ်မှူးဖြစ်လာတော့ ဝမ်းသာရမလား မှတ်တယ်။ ယခု မြင်ရတော့ သနားလာပြီ။ နားချိန်ယူ အားမွေးပြီးမှသာ အရေးတော်ကို စိုင်းပြင်းစေချင်တာပ ငစံငယ်။ ငါတို့လည်း ကူပေးနေတာပဲ"
ဟု ပြောယူရသည်။ သို့သော် လက်ျာဘီလူးကား ပြုံးယောင်ခေါင်းညိတ် ပြသည်မှအပ စကားမပြန်နိုင်။ ယခုအချိန် တစ်နေရာ ရှုံးနိမ့် ဆုတ်ခွာရသည် ဆိုလျင်ပင် အမြင့်ဆုံး ရောက်နေသည့် စိတ်ဓာတ်များ ပြိုကွဲသွားနိုင်သည် မဟုတ်ပါလား။ မြှုံးထဲ ပိတ်မိနေသကဲ့သို့ ကြပ်တည်းလှသော မြို့တွင်းသားတို့လည်း စိတ်ဓာတ်တက်ကြွကာ အင်သစ်အားသစ် ဖြစ်ပေါ်လာနိုင်သည် မဟုတ်လော။
ထို့ကြောင့် သူ ကြိုးစားနေရ၏ ။ သူရဲတော်များ နှစ်ကြိမ် မပင်ပန်းရစေရန် ယခုတစ်ကြိမ်နှင့် အရယူမည်ဟု ထောင့်စေ့အောင် ကြည့်ရှုအုပ်ချုပ်နေလေသည်။ သို့ကြောင့်လည်း တပ်တိုင်းသည် ကြံ့ကြံ့ခံ ရပ်နေကြကာ ဟံသာဝတီမြို့ကြီးကို ဝိုင်းပတ် ရံနေနိုင်ခြင်းဖြစ်သည်။
"သြော်.. အရေးကြီးတာတစ်ခု ပြောရဦးမယ်၊ လူတချို့က မင်းကို မကျေနပ်ကြဘူးတဲ့။ တစ်နည်းနည်း ကြံလိမ့်မယ်လို့ သတင်းထွက်နေတယ်"
"ကျွန်တော်လည်း နည်းနည်း ကြားမိပါတယ်။ သတိထားပါ့မယ် ဦးတွန်"
ဗိုလ်တွန်က သူ့ကို သတင်းပေးကာ ပြန်သွားသည်။ သူ စဥ်းစားစရာအချို့ ရှိလာပြီး ကြိုတင်ပြင်မှုများ လုပ်ထားသင့်သည်ဟု တွေးမိ၏ ။ ယခုတော့ စစ်ရေးမမှားရန်သာ လုံ့လစိုက်နေရဆဲ။
နောက်တစ်နေ့တွင် တိမ်ကြားနတ် တပ်စွဲထားရာသို့ လောကီအစီအရင် လိုက်စားသော ရဟန်းလူထွက် ၇၀ ဦးဆောင်၍ အာမခံလူ ၇၀၀ နှင့် ထွက်လာကြပြန်သည်။ တိမ်ကြားနတ်လည်း ရယ်မောကာ
"ငါတို့ကို စစ်ရေးစစ်ရာ ကျင်လည်ကုန်သော သူရဲ ၅၀၀၀ ပင် မရနိုင်သေးတုံ၊ စစ်မှန်းမသိ ဦးပြည်းလူထွက်စ ၇၀၀ ကျော်ခန့်ကို တပ်တွင်းမှ ဘဇာခံတွက်ရှိမည်နည်း"
ဟု ကြုံးဝါးလျက် သေနတ် ၁၀၀၀ နှင့် ထွက်လိုက်ကြသောအခါ အင်းရေးယပ်များကို ပစ်ချ၍ မြို့တွင်းပြေးဝင်ကုန်သည် ဆို၏ ။ ထိုသတင်းကို ကြားသည့် ပဲခူးပတ်လည် ရံတပ်တိုင်းလည်း ရယ်မောပျော်ရွှင်ကြသည်။
"ပဲခူးမင်း ပျက်ပါများ၍ ကြံမိကြံရာ ကြံလေပြီ"
ဟူသော စကား အများပြောဆိုကုန်ကြလေသည်။ ထိုသို့ အပေါ့အလျော့နေခိုက် စည်တီးအရပ်၌ တည်နေသော ဇေတုဝတီ တပ်မြို့ကြီးကို မွန်စစ်သူကြီး တလပန်း တိုက်ခိုက်လာလေသည်။ မြို့တည်ဆဲ၊ စေတီတည်ဆဲ ဖြစ်၍ မွန်တို့ တောင်မျက်နှာက ဝင်လာလျင် ယောက်ျားမိန်းမ အများအပြား ထိခိုက်သေဆုံးကြရသည်။
နောက်မှ စစ်သည်များကို စုရုံး၍ ပြန်တိုက်သောကြောင့် တလပန်း ခွာသွားသည်။ ရွှေဘိုသားတို့လည်း ဆင်ရောမြင်းပါ လိုက်ထပ်ကြ၏ ။ သို့ရာတွင် စစ်မှု၌ ကျွမ်းကျင်လှသော တလပန်းသည် သေနတ် ၅၀၀၀ နှင့် ရှေ့တက်လိုက် နောက်ဆုတ်လိုက် အဆင့်ဆင့် ထောက်လျက် ခရုပတ် ဆုတ်သွားသောကြောင့် တပ်မပျက်ဘဲ ပဲခူးမြို့တွင်းသို့ ဝင်သွားနိုင်ခဲ့သည်။
တလပန်း မွှေ၍ မြို့တည်နေသည့် လူသူအများ ဆုံးရှုံးရကြောင်း တပ်များကို လိုက်လံစစ်ဆေးနေသည့် လက်ျာဘီလူး ကြားသိသောအခါ
"တလပန်း ထွက်လာဝံ့သတဲ့လား၊ ကောင်းပြီ။ ငါတို့ကလည်း မြို့ကို ဖျက်နိုင်ကြောင်း ပြကြရသေးတာပေါ့လေ"
ဟု ဆိုကာ အလောင်းဘုရားကို ဝင်တွေ့သည်။ နောက်တစ်နေ့တွင် ဗိုလ်မှူးတပ်မှူး အကြီးအကဲများ တက်ရောက်ကြရသော မျက်နှာစုံညီ စစ်ရေးညီလာခံ၌ မင်းတရားကြီးက
"ပဲခူးမြို့သည် ငတ်မွတ်ကျဥ်းမြောင်းလျက် ရှိပြီ။ ဟံသာဝတီနေပြည်တော်လည်း ပြင်တပ်ကြီးသာ အသက် ဖြစ်သည်။ ပဲခူးပြင်တပ်ကြီးကို ရလျင် မြို့တွင်းသားတို့ ခံနိုင်တော့မည်မဟုတ်"
ဟု မိန့်ကြားလာသည်။ ဗိုလ်မင်းအများက တိုက်ရပါမည့်အကြောင်း သူ့ထက်ငါ သံတော်ဦးတင်ကြ၏ ။
"ယခုအရေးသည် ဗိုလ်ခန့်၍ ယူရမည့် အရေးမဟုတ်၊ မြို့ခိုင်ခန့်လှသည်ဖြစ်၍ အထိအရှ များလိမ့်မည်။ မြို့သို့ တက်သသူ တစ်ရာလျင်တစ်ယောက် တပ်တိုင်းစေ့ ရွေးကောက်စေလျက် ဆုတော်လာဘ်တွေနှင့် ကျွေးမွေးချီးမြှင့်ကာ ရဲစေရမည် ဗိုလ်မင်းတို့"
ဗိုလ်များလည်း မိမိတို့တပ်မှ အရဲရင့်ဆုံး လူများကို ရွေးထုတ်ကြရာ ရဲရင့်သူ ၆၅၀ စိစစ်ရွေးချယ်၍ ရသည်။ ထိုသူများကို စုဝေးစေလျက် လက်ျာဘီလူးက မြို့တက်ရမည့်ပုံစံ၊ အတွင်း၌ အစီစဥ်တကျ ပြုလုပ်ကြရမည့် တာဝန်များနှင့် လေ့ကျင့်ရန် ရှိသည်တို့ကို တစ်ဖွဲ့ချင်းအလိုက် အပြင်းအထန် လေ့လာစေ၏ ။
ပုဆိုး ဝတ်လုံ ရွှေငွေလည်း များစွာပေးထားသဖြင့် ပြင်တပ်ကြီး တက်မည့်သူများမှာ စိတ်အားတက်ကြွလျက် အဆုံးစွန်ထိ ရဲဝံ့နေကြချေပြီ။
"ငါ့လူတို့၊ သည်တိုက်ပွဲဟာ အခါတိုင်း ငါတို့တိုက်နေကျ ပွဲတွေနဲ့ တူမှာမဟုတ်ဘူး။ ရှေးက အသက်ကို အသက်မမှတ်၊ ဖက်ရွက်လို သဘောထားခဲ့ကြတယ် ဆိုပေမယ့် ယခုအရေးမှာတော့ နှစ်မျိုးဖြစ်တယ်။ မြို့ကို တက်နေစဥ် မင်းတို့မှာ အသက်ပါတာကို မေ့ထားရမယ်။ မိတ်ဆွေ ရောင်းရင်း ရဲဘော်ရဲဘက်တွေ မေ့ပြီး မြို့ထိပ်ရောက်ဖို့တစ်ခုသာ အာရုံစိုက်ထားရမယ်"
လက်ျာဘီလူး၏ မိန့်ခွန်းပြောသံကို ၆၅ ကျိပ်သော သူရဲတော်များက အသက်ရှူသံမျှ မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်စွာ နားစွင့်နေကြသည်။
"မြို့ရိုးပေါ်ရောက်လို့ ပြင်တပ်ကြီးထဲ ဝင်မိသွားရင်တော့ မင်းတို့အသက်ဟာ အရေးအကြီးဆုံးပဲလို့ စွဲမှတ်ပြီး ရဲဘော်သွေးသောက်တွေကိုလည်း တတ်နိုင်သမျှ ကာကွယ်ပါ။ မင်းတို့ အသက်ရှင်နေမှ လုပ်ရမယ့် တာဝန်ကြီးတွေ ပြီးမြောက်အောင်မြင်နိုင်မယ် ဆိုတာ မှတ်ထားကြ။
တံခါးဖွင့်သူတွေကို ကာပေးမယ့် လူတွေက ရသလောက်အထိ တိုးဝင်သွားချိန်မှာ ခြောက်ထုတ်မီးတိုက် လှန့်ကြရမယ့်သူတွေကလည်း သရဲမရဲ စီးနေသလို ဖြစ်နေကြရမယ်။ ဒါမှသာ လူတွေ ကြောက်ပြီး လွတ်ရာပြေးကြမှာ။ ငါတို့ ဝင်မလာမီ ပြင်မြို့ကြီးက မွန်စစ်သည်တွေ အချိန်မီ မစည်းကြပ်နိုင်ဖို့က သူတို့ပြည်သူတွေရဲ့ အကြောက်တရားနဲ့ မြို့ပေါက်ပြီ ကျတော့မယ် ဆိုတဲ့ ယုံကြည်ချက် ခိုင်မာသွားကြဖို့ လိုတယ်။
ဒါ့ကြောင့် တက်ညီလက်ညီ မြို့တက်ကြပါ။
တစ်စိတ်တစ်ဝမ်းတည်း အမှုတော်ထမ်းပါ။
တညီတညာ ဝိုင်းတိုက် စုခံ စည်းလုံးကြပါ။
ပြင်မြို့ကြီးရရင် နောက်ထပ်ပင်ပန်းစရာ မရှိတော့ဘူး အမှတ်နဲ့ ကျေးဇူးတော်ကို အစွမ်းကုန် ဆပ်ကြပါ ငါ့လူတို့"
"ဟေး" "ဟေး"
စိတ်ဓာတ်အမြင့်ဆုံး ရောက်နေသည့်အားလျော်စွာ လူအုပ်ကြီး ဟစ်ကြွေးလိုက်သံက မိုးလုံးပြည့်မျှ သောသောညံလျက်။
(ဆက်ရန်..) ဟံသာဝတီသို့ (၁၁)
Written by သင်္ခရာဇာ
End date: June 16, 2022
No comments:
Post a Comment