ပဲခူးပြင်မြို့ကြီးကို တက်ရန်အတွက် အထူးလုံ့လပြုနေမိသောကြောင့် သူ၏ တပ်များဆီသို့ လက်ျာဘီလူး ရက်အတန်ကြာသည်အထိ မရောက်မိ။ သူရောက်သွားသောအခါ ပင်ပန်းနွမ်းနယ်နေကြသော တပ်သားများနှင့် စားဖိုဆောင်တွင် ငေးငေးငိုင်ငိုင် ရှိနေသည့် မိစောမွန်တို့ကို တွေ့ရသည်။
"ငါ့လူတွေ နွမ်းလျနေဟန် ရှိပါလား၊ ဘာလုပ်ရလို့လဲ"
"ကျွန်တော်တို့မှာ ဟိုဗိုလ်က လာခေါ်ပြီး ခိုင်းလိုက်၊ သည်တပ်က အခေါ်လွှတ်ပြီး ခိုင်းလိုက်နဲ့ နားရတယ်ကို မရှိပါဘူး တပ်မှူးရာ။ ဖတ်ဖတ်ကို မောနေတာပဲ"
"ဟေ"
သူ့လူများကို မကြာခဏ ခေါ်ခိုင်းသည့် တပ်များကို လက်ျာဘီလူး မေးမြန်းမှတ်သားထားလိုက်သည်။ ထို့နောက် ကြက်သွန်သင်ရင်း ငေးမှိုင်နေသူ မိစောမွန်အနီး ရောက်သွား၏ ။
"ဘာတွေ ငေးနေတာလဲ အစော၊ မျက်နှာလည်း မကောင်းပါလား"
"သြော်.. ဘာမှ မဟုတ်ပါဘူး မောင်ကြီးရယ်။ ဒီလိုပါပဲ၊ မောင်ကြီး ပြန်မလာတာ ကြာပြီနော်.. အလုပ်များနေတယ်ဆို"
"ဟုတ်တယ်၊ ဟံသာဝတီစစ်ပွဲအတွက် အရေးအကြီးဆုံး အချိန်တွေမို့ မောင်ကြီးလည်း နေ့ည စီစဥ်နေရတယ်။ အစောက ပဲခူးမြို့ကြီးကို တိုက်ကြတော့မှာမို့ စိတ်မကောင်းဖြစ်နေတာ မဟုတ်လား"
"အင်း.. အဲဒါလည်း ပါတယ်။ ရွာက အမျိုးတွေကို စိုးရိမ်နေမိတာလည်း ပါပါတယ်"
"သြော်"
"ဖြစ်နိုင်ရင် အစော ရွာကို ခဏဖြစ်ဖြစ် ပြန်ချင်တယ် မောင်ကြီး၊ ပြောရမှာလည်း မဖြစ်နိုင်ဘူး ထင်လို့ မပြောခဲ့တာ။ သူတို့ စစ်ဘေးမှ လွတ်ပါ့မလားမသိ"
"ပြန်လို့ ဘယ်ဖြစ်မလဲ။ ရွှေခွန်ဝန်ကြီးက အစောကို တွေ့ရာမှာ ဖမ်းဖို့ အမိန့်ထုတ်ထားတယ်ဆို"
"ဟုတ်တော့ ဟုတ်ပါတယ်"
ဆို၍ မိစောမွန် ခေါင်းငုံ့သွားသည်။ သူ့မျက်နှာကို လက်ျာဘီလူး မမြင်သာအောင် တစ်ဘက်သို့ မသိမသာ လှည့်ထား၏ ။ လက်ျာဘီလူးလည်း ညှိုးလှသော ရုပ်သွင်ကို မြင်ပြီးဖြစ်ရာ သနားလှသည့်အတွက်
"ဒါပေမယ့် အစောတို့ရွာက ပဲခူးနဲ့ မဝေးလှဘူးဆိုတော့ နေ့ချင်းပြန် ရောက်နိုင်ပါတယ်လေ။ မောင်ကြီး တစ်ရက် လိုက်ပို့ပါ့မယ်"
"ဟင်"
ဆို၍ စိုစွတ်သော မျက်လုံးများဖြင့် မိစောမွန် လှည့်ကြည့်သည်။
"မောင်ကြီးပါ ဘေးသင့်နေပါ့မယ်"
"မသင့်အောင် ကြံရမှာပေါ့။ ရုပ်ဖျက်ပြီး ရှောင်တခင်ထွက်။ ရွာကိုတိတ်တိတ်ဝင် စုံစမ်း၊ တွေ့ချင်တဲ့ သူတွေနဲ့ တွေ့ရဖို့ လိုရင်းမဟုတ်လား"
"အင်း.. သူတို့ကို အစောပစ္စည်းလေးတွေ ပေးချင်သေးတယ်။ အိမ်ကလူတွေ သိပ်ဆင်းရဲရှာတာ"
"ဟုတ်ပါပြီ၊ ဒီအကြောင်းကို ဘယ်သူ့မှ မပြောထားနဲ့နော်။ နှစ်ယောက်တည်း လစ်ထွက်ကြမယ်"
"ဟေး"
မိစောမွန် ကလေးတစ်ယောက်လို ပျော်ရွှင်သွားသည်ကို ကြည့်၍ လက်ျာဘီလူးလည်း ကျေနပ်ချမ်းမြေ့သွားရ၏ ။ အနောက်မှ ကျော်ရှိန်ကတော့ သူတို့ကို စိုးရိမ်မကင်းဟန်နှင့် ကြည့်နေလေသည်။
ချိန်းဆိုထားသောနေ့တွင် ဇေတုဝတီ တပ်မြို့ကြီး၏ အနောက်ဘက်တံခါးမှ ပေါင်းမိုးတပ် လှည်းတစ်စီးသည် မြင်းနှစ်ကောင်အား တွဲလျက် ထွက်လာ၏ ။ လှည်းမောင်းသည်က လက်ရိုးတိုက်ပုံစုတ်စုတ် ဝတ်ဆင်ထားသည့် တောသားကြီးတစ်ဦး၊ ကောက်ရိုးအနည်းငယ် ခင်းထားသော လှည်းအိမ်ထဲ၌ နာမကျန်းဖြစ်နေသော မိန်းမတစ်ဦးက ထမင်းအိုး ရေအိုး တောင်းများအနီး လှဲအိပ်လိုက်ပါလာသည်။
မြင်းနှစ်ကောင်မှာလည်း ကုန်းနှီး မြင်းကတောင်ပင် မပါ၊ ဇက်ကြိုးတပ်လျက် လှည်းနောက်မှ ဆွဲလာခြင်းသာ ဖြစ်သည်။ မြန်မာတပ်အတွင်းမှ အခက်အခဲမရှိ ထွက်လာပြီးသည့်နောက် လမ်းခရီးတစ်လျှောက် အစစ်အဆေးများကိုလည်း ကောင်းမွန်ချေငံစွာ ပြောဆို ဖြတ်ကျော်လာနိုင်ခဲ့သည်။
နေရာအများစုကို မြန်မာတို့ သိမ်းထားပြီး ဖြစ်သော်လည်း အချို့ရပ်ရွာများတွင်မူ မွန်စစ်သည်များက ရွာသားအဖြစ် ဟန်ဆောင်ဝင်ရောက်နေခြင်း၊ ပြောက်ကြားနည်းနှင့် အားနည်းသည့် တပ်များကို ချက်တဖြုတ် တိုက်ခိုက်တတ်ခြင်းတို့ ရှိနေဆဲ။ မွန်သစ္စာခံ ရွာများစွာလည်း ကျန်နေဆဲ။
မွန်ရွာရောက်လျင် မိစောမွန် လှည်းမောင်းသည်၊ စူးစမ်းကြသည်တို့ကို ဖြေသည်။ လက်ျာဘီလူး ပြင်းစွာ နာမကျန်းနေဟန်ဖြင့် လှဲအိပ်နေ၏ ။ ကပ်ရောဂါတစ်မျိုး ဖြစ်နေသည်ဟု ပြောသဖြင့် မေးသူများ ကပ်မကြည့်ရဲကြ။
တင်းကြပ်သော အစစ်အဆေးများလည်း မရှိ၊ လမ်းတစ်လျှောက်သည် သာသာယာယာ။လတ်တလော ဖြစ်ပွားနေသော စစ်ကြီးနှင့် မဆိုင်သကဲ့သို့ အေးချမ်းလှစွာ၏ ။ ပင်လယ်ကို ဒလဘက် တစ်ခွင် လှည့်လည်စဥ်ကမှ မြင်ဖူးခဲ့သော လက်ျာဘီလူးအဖို့လည်း မြင်ကွင်းတဆုံး ကျယ်ပြောလှသော စပါးခင်းပင်လယ် စိမ်းစိမ်းကြီးကို ငေးမောနေမိလေသည်။
သည်လိုနှင့် မိစောမွန်၏ ရွာကလေးသို့ ချဥ်းမိကြပြီ။ ရွာတွင်းသို့ ဝင်သောအခါတွင်မူ ရွာထိပ်အိမ်တစ်အိမ်မှ လူများသည် သေရည်သောက်နေကြရာ တစ်ဦးက လှည်းနောက်မှ မြင်းနီကြီးကို မှတ်မိသွားသည်။
"ဟိတ်ကောင်တွေ၊ ဟိုမြင်းကို မှတ်မိလား"
အခြားသူများ လှည့်ကြည့်လိုက်ကြပြီး
"မြင်းဖြူလေးလား"
"မဟုတ်ဘူး၊ ဟိုဘက်က မြင်းနီကြီး"
"မသိဘူးကွ၊ ဘယ်မှာတွေ့ဖူးလို့လဲ"
"အဲဒါ တို့တပ်ထဲ ဝင်လာတဲ့ မြန်မာတပ်မှူး မြင်း မဟုတ်ဘူးလား"
"အေ.. ဟုတ်လား"
"ဟုတ်သမှ သိပ်ဟုတ်။ နှာရောင်ဖြူ အမွေးဖြူ ခြေလက်ဖြူနဲ့ မြင်းနီမျိုးက ပုံစံတူမရှိသလောက်ပဲ။ ငါတို့တော့ ယုန်ထောင်ရင်း ကြောင်ပါ မိတော့မယ် ထင်တယ်ဟေ့"
"ဟေ့.. ဟေ့၊ အရမ်းမလုပ်နဲ့နော်။ ဟိုကလေးမပဲ ဆိုရင် အကြောင်းမဟုတ်ပေမယ့် တကယ်ပဲ အဲသည်ကောင် ပါလာတယ် ဆိုရင်တော့ အကြောင်းသိပ်ကြီးသွားပြီ။ ငါတို့ နိုင်မှာမဟုတ်ဘူး၊ မြင်းလျင်လွှတ်ရလိမ့်မယ်"
"မပူနဲ့၊ ငါ လှည်းကို သေချာကြည့်လိုက်တယ်။ တခြားသူ မပါဘူး နှစ်ယောက်တည်း လာတာ။ လှည်းမောင်းလာတဲ့ကောင်က ဥပရာဇာအိမ်တော်မှာ မွှေသွားတဲ့ကောင် ဖြစ်ဖို့များတယ်။ လှည်းပေါ်မှာ အိပ်နေတာကလည်း တို့သခင်ရဲ့ မွေးစားသမီးပဲ ဖြစ်မယ်"
"အဲဒီနှစ်ယောက်ကို မင်း နိုင်မှာလား"
"ကြည့်ရတာ ကောင်မလေးက ရွာပြန်လာတာ ထင်တယ်။ ဒီတော့ အခြေအနေကြည့်ပြီး တစ်ယောက်တကွဲစီဖြစ်နေတုန်း ငါတို့ ဝင်စီးကြမယ်။ ငအိုင်က ဟိုဘက်ရွာသွားပြီး ငါတို့လူတွေ ချက်ချင်းခေါ်ခဲ့ချေ။ တို့က လူသူလက်နက် ပြင်ဆင်စီမံထားမယ်။ ငမင်း... လှည်းနောက် မသိမသာ လိုက်ကြည့်စမ်းကွာ"
အရက်သမားတစ်သိုက်သည် လူစုခွဲလိုက်ကြပြီးလျင် ရွာတွင် ကျန်ရှိနေသော လူငယ်များကိုပါ လိုက်ခေါ်ကြသည်။ လက်ျာဘီလူးတို့ လှည်းကတော့ မိစောမွန်၏ နေအိမ်ပန်းပဲဖိုသို့ ချောမောစွာ ရောက်ရှိသွားကာ မိစောမွန် ဆင်းသွားသည်။ လက်ျာဘီလူးကမူ နွားများကို ဖြုတ်လျက် စားကျက်တစ်ခု၌ လှန်ထားလိုက်၏ ။
အိမ်တွင် မိခင်ဖြစ်သူ မရှိ၊ လယ်ထဲသို့ အငှားလိုက် သွားနေသည်ဟု ထမင်းဟင်းချက်ရန် ကျန်ခဲ့သော ညီမငယ်က ဆိုသည်။ ညီအစ်မနှစ်ယောက် အလွမ်းသယ်ကြပြီးလျင် မိစောမွန် စုဆောင်းမိသော ရတနာပစ္စည်းအချို့ကို ညီမဖြစ်သူအား အပ်ကာ လုံခြုံသည့်နေရာသို့ သိမ်းဆည်းခိုင်းလိုက်သည်။
မိခင်နှင့် ပါသွားသည့် မောင်ငယ်ကိုလည်း မတွေ့ရတော့။ မိစောမွန်သည် ရုပ်ဖျက်ထားလျက်နှင့်ပင် ဘကြီးတစ်ဦး၏ အိမ်သို့ တက်သွားပြန်သည်။ အိမ်ပေါ်မှ စီခနဲအသံတစ်ချက် ကြားလိုက်ရသောအခါ အပြင်တွင် မယောင်မလည် လုပ်နေသော လက်ျာဘီလူး ပြုံးလိုက်မိ၏ ။
အကယ်စင်စစ် ထိုဘကြီးမှာ မိစောမွန် မြန်မာဘက် ပါသွားသည်ကို မည်သို့မျှ လက်မခံနိုင်ဘဲ ခါးခါးသီးသီး ဖြစ်နေသူတစ်ဦးမို့ အသက်အန္တရာယ်ကြောင့်ဖြစ်ကြောင်း မိစောမွန်က ရှင်းပြနေရသည်။ သို့ရာတွင် အိမ်ပေါ်၌ အချင်းများနေကြပြီး အသံများမှာလည်း တဖြည်းဖြည်း ကျယ်လာ၏ ။
ဘေးအိမ်များမှ ထွက်ကြည့်ကြရာ လက်ျာဘီလူး မျက်နှာပျက်လာသည်။ အိမ်နီးနားချင်း မိန်းမကြီးတစ်ဦးဆိုလျင် ထမီရင်လျားကို ပြင်ဝတ်ကာ သူတို့ရှိရာဘက်သို့ ကူးလာပြီး
"ဦးရီး ဘာဖြစ်လို့လဲ"
ဟု မေးစမ်းသည်အထိ။ အိမ်ပေါ်မှ အသံများ ခေတ္တ တိတ်သွားပြီး တိုးတိတ်စွာ ပြောဆိုနေကြရာမှ ဘကြီးဖြစ်သူက
"ဒီမှာ မိစောမွန် ပြန်လာလို့ဟေ့"
ဟူ၍ လှမ်းအော်လိုက်သည်။ မိစောမွန်လည်း ကပျာကသီ ဆင်းလာလေပြီ။ လက်ျာဘီလူးကို ကြည့်ရာ ရွာလမ်းမအား မျှော်ကြည့်နေသည်ကို တွေ့ရ၏ ။
"မောင်ကြီး.."
"အစော.. မြန်မြန်လာ၊ မြင်းခွာသံတွေ ကြားတယ်"
သူတို့ လှည်းကို ပြန်မကောက်တော့ဘဲ ကောက်ရိုးများအောက် အလွယ်တကူ ထိုးထားသော ဓားနှစ်လက်အား လှည်းနောက်မှ ဆွဲယူလိုက်ကာ လက်ျာဘီလူးကမူ တင်ကျည်းတုတ်တိုနှစ်ချောင်းကိုပါ ကျောဘက် ခါးစည်းကြိုးထဲ ထိုးလိုက်သေးသည်။
မြင်းခွာသံများ ကြားရာနှင့် ဆန့်ကျင်ဘက်သို့ မြင်းနှစ်စီးကို ဦးတည်လိုက်ပြီး အလျင်ဆုံး တွေ့ရသည့် လမ်းချိုးထဲ ကွေ့ဝင်သွားလိုက်ကြသည်။ အခြားတစ်ဘက်မှ မြင်းများ ရောက်လာကြချိန်တွင် အနီးရှိ အိမ်တစ်အိမ်ဝယ် ချောင်းနေသော ငမင်းဆိုသူ ပြေးလာပြီး
"အခုပဲ ဟိုဘက် ချိုးသွားကြတယ်၊ မြန်မြန်လိုက်"
နောက်မှ မြင်း ၂၀ ခန့်လည်း လက်ျာဘီလူးတို့ ချိုးသွားသည့် လမ်းထဲ လိုက်ဝင်သွားကြ၏ ။ ခေတ္တကြာလျင် ထိုမြင်းများ လာခဲ့ရာဘက်မှ မြင်းဖြူ မြင်းနီနှစ်စီး ပြေးလာပြန်ပြီး သူတို့လာခဲ့သည့် ဟံသာဝတီဘက်သို့ ဒုန်းစိုင်းသွားကြသည်။
မြင်း ၂၀ သားတို့မှာ လူစုကွဲလာပြီး လမ်းများထဲမှ တစ်ဖွဲ့ချင်း ထွက်လာကြသည်။ အိမ်ပြင်ထွက်ကြည့်နေသူများနှင့် လမ်းလယ်မှ ရပ်ကြည့်နေသော ငမင်းက မြင်းနှစ်စီး ပြေးရာဘက်သို့ ညွှန်ကြသော်လည်း တန်းမလိုက်ကြဘဲ လူစုံအောင် စောင့်နေကြသေး၏ ။
"ခင်ဗျားတို့ လုပ်နေ၊ ဟိုမှာ လွတ်သွားတော့မယ်"
ငမင်းက အားမလိုအားမရ အော်နေသောကြောင့် လူတစ်ယောက်သည် မြင်းပေါ်မှ ဆင်းလိုက်ပြီး
"ဒါဆို မင်းလိုက်လေ၊ ရော့.. မြင်း"
ထိုအခါမှ ငမင်းလည်း စကားရောဖောရောနှင့် လျှောသွားတော့သည်။ လူစုံလျင် ပြေးသည့်နောက် လိုက်ကြပြန်၏ ။ ကွင်းပြင်ကျယ်ကြီးဖြစ်၍ ဟိုးအရှေ့မှ မြင်းနှစ်စီးကို ဖုန်တထောင်းထောင်းနှင့် မြင်နေရလေသည်။ သူတို့ကလည်း အားသွန်ခွန်စိုက် လိုက်ကြသဖြင့် တဖြည်းဖြည်း နီးလာသလို ထင်ရသည်။
သို့ရာတွင် အရှေ့၌ တပ်တည်ချရပ်နေသည့် မြန်မာတပ်တစ်တပ် ရှိနေ၏ ။ လက်ျာဘီလူးတို့က တမင် ထိုတပ်ဆီ ခေါ်သွားခြင်းပင်။ အနောက်မှ အရိန္ဒမ လူများကလည်း ဇွဲနဘဲသန်သန် လိုက်လာဆဲ။ တပ်ရှေ့ရောက်လျင် မျှော်ကြည့်နေသော ရဲမက်တို့အား လက်ျာဘီလူးက အော်လိုက်သည်။
"ဟေ့.. တံခါးဖွင့်စမ်း၊ ငါ မင်းထင်နော်ရထာပဲ"
ရဲမက်များ ချက်ချင်း ပျောက်သွားကြသည်။ မကြာလိုက်၊ တပ်ပေါ်မှ ဗိုလ်တစ်ယောက် ပေါ်လာပြီး
"မဖွင့်နိုင်ဘူး၊ မင်းထင်နော်ရထာက ဒီအချိန် ဒီအနားမှာ ရှိနေရမှာ မဟုတ်ဘူး"
ဟု ဆိုလေသည်။ အနောက်မှ မွန်များလည်း နီးလာသောကြောင့် လက်ျာဘီလူးက မြင်းလှည့်ကာ တုတ်တိုတစ်ချောင်းနှင့် ပစ်လိုက်သည်။ ပေါ့နေ၍ မရောက်၊ မြင်းများအရှေ့၌ စိုက်နေ၏ ။ မွန်တို့လည်း တပ်နားအထိ မတိုးဘဲ ရပ်ကာ အကဲခတ်နေသည်။
"ဒါ ဘယ်သူ့တပ်လဲ"
လက်ျာဘီလူး မေးရာ
"မပြောနိုင်ဘူး၊ မင်း မွန်သူလျှို မဟုတ်လား"
လက်ျာဘီလူးက မိစောမွန်ကို မျက်ရိပ်မျက်ကဲ ပြပြီး တစ်ပြိုင်နက်တည်း အနောက်မှ တုတ်တိုကို လှစ်ခနဲ ဆွဲယူလိုက်ကာ ယင်းဗိုလ်ထံ ပစ်လွှတ်လိုက်တော့သည်။
"ဒုတ်"
"အား"
ပါလည်ကွေး ပခုံးငေါ ဝတ်ဆင်ထားခြင်း မရှိသည့် ဗိုလ်၏ ပခုံးတွင် တုတ်ချွန် စိုက်ဝင်သွားခိုက် မိစောမွန်၏ မြင်းဖြူကြီးက လှစ်ခနဲ ထွက်သွားပြီး လက်ျာဘီလူးလည်း တပ်ရှေ့ ရပ်နေရာမှ မိစောမွန်နောက် ပြေးလိုက်သွားလေသည်။
"ဟေ့.. ပစ်၊ ပစ်။ ဝိုင်းပစ်ကြ"
တပ်ပေါ်မှ အော်သည်နှင့် သေနတ်သားများ ရောက်ရှိလာသည်။ မြင်းနှစ်စီးကတော့ အနည်းငယ် ဝေးသွားပြီဖြစ်၏ ။
"ဟို မွန်တွေကိုရော ပစ်ရမလား"
သေနတ်သမားတစ်ဦးက လှည့်မေးရာ တုတ်ကို ဆွဲနှုတ်လိုက်သော ဗိုလ်က ဒေါသတကြီးဖြင့်
"ပစ်ကွ၊ အကုန်ပစ်။ အပြင်ကလူ တစ်ယောက်မှ မလွတ်အောင် ပစ်ကြစမ်း"
ဝိုင်းပစ်နေကြ၍ မွန်တို့လည်း နောက်သို့ အတန်ဆုတ်ရင်း၊ အချို့ ပြန်ပစ်ကြရင်း လက်ျာဘီလူးတို့နောက် ဆက်လိုက်သွားကြ၏ ။ သူတို့အနောက်တွင် တပ်တွင်းမှ ထွက်လိုက်လာသော ရွှေဘိုမြင်းတပ်တစ်တပ် ပါလာသည်။
"မောင်ကြီး ပြန်တိုက်မလား"
"မတိုက်နဲ့ အစော၊ သူတို့မှာ သေနတ် ၅ လက်လောက် ပါတယ်။ မတော် ထိခိုက်နေမယ်"
"မောင်ကြီးလူတွေက ဘယ်က ကြိုစောင့်နေကြမှာလဲ"
"ရှေ့တစ်တိုင်ကျော်လောက်ဆို တွေ့ရမယ် ထင်တာပဲ။ ထွက်လာကြလောက်ပါပြီ"
"ဘယ်သူလဲ.. ငသူရိန်လား"
"မဟုတ်ဘူး၊ တိုက်မောင်းနဲ့ သေနတ်စွဲမြင်း ၅၀"
"သြော..."
(ဆက်ရန်..) ဟံသာဝတီသို့ (၁၂)
Written by သင်္ခရာဇာ
End date: June 17, 2022
No comments:
Post a Comment