Translate

ဟံသာဝတီသို့ (၉)

             သန်လျင်တိုက်ပွဲ ပြီးနောက်တွင်ကား တစ်ပွဲပြီး တစ်ပွဲ လက်ျာဘီလူး လက်စွမ်းပြလာခဲ့သလို သုရှင်၏ ယုံကြည်အားထားမှုသည်လည်း ပိုလာခဲ့သည်။
သန်လျင်တောင်ဘက် ကမာပိ၌ မွန်မင်းသမက်တော် စောဗြနှင့် တပ်ပေါင်း ၃၀ ဆိုက်ရောက်လာကြပြီး အခိုင်အမာ တပ်ကြီးတည်လျက် နေပြန်သည်ကိုလည်း တိုက်ရမည့်အကြောင်း လျှောက်ထားစေရာ လူသူအများပေးအပ်၍ ခွင့်ပြုတော်မူ၏ ။
လက်ျာဘီလူးက ကမာပိရွာတွင် စောဗြနေရန် အိမ်ကိုးဆောင်ဆောက်နေသည် ကြားသဖြင့် ပြီးစီးမှသာ အားလုံးသိမ်းယူမည်ဟု ဆိုသည်။ မွန်တို့သည်လည်း စောဗြတပ် ပိုမိုလုံခြုံစေရန် ပိုင်ကြုံဝ တွင် ကြည်းတပ် ၁၂ တပ် ထပ်မံခန့်ထားပြီး တိုက်လှေကြီး ၃၀၀ နှင့် စပါး ၁၀၀၀ - ၂၀၀၀ ပါ စပ်တင်လှေကြီးများကို ကတုတ်ရင်တားစိုက်ကာ ခံတပ်သဖွယ် အုတ် ကျောက် အမြောက်ကြီးများ တင်လျက် ဖြန့်ခင်းထား၏ ။
ထို ကမာပိနှင့် ပိုင်ကြုံ တပ်ကြီးနှစ်တပ် အခိုင်အမာ တည်ပြီးမှ လက်ျာဘီလူး ထွက်လာသည်။ ဘယဂါမဏိ၊ လက်ဝဲကြံသိုင်း၊ မင်းလှသီရိ၊ သိဒ္ဓိသူရိန်၊ ကျော်ထင်ရာဇာ၊ ယောစော်ဘွား၊ ထီးလင်းစော်ဘွား၊ နန္ဒသူ၏ အကြီး ပင်းဗိုလ်မှူးတို့ကို တစ်တပ်စီ အုပ်ချုပ်စေ၍ တပ်ကြီးရှစ်တပ်၌ မြင်း ၁၀၀၀ စစ်သည် ၁၅၀၀၀ ခန့်နှင့် ချီသွား၏ ။
ရေကြောင်းမှလည်း ဗညားဒလဘွဲ့ရ ဒေါစွယ်ယစက်ကို စစ်သည် ၃၀၀၀ နှင့် အလယ်ကြောင်း၊ ရွှေတောင်ရာဇာနှင့် ဒေဝဒိပ္ပတို့ကို လှေ ၅၀ စီနှင့် တစ်ဘက်တစ်ချက်မှ လိုက်စေ၍ ပိုင်ကြုံဝမှ ခံသော ဘယ်ကျော်တပ်အား တိုက်စေသည်။
ဗိုလ်မှူး မင်းထင်နော်ရထာ၏ တပ်မကြီးနောက်တွင် လက်ျာပျံချီ၊ မင်းကျော်ရဲထွဋ်၊ ကျော်ထင်ရွှေတောင်၊ သီရိကျော်ထင်၊ ဗလသီရိ၊ ဗလကျော်သူတို့ ၆ တပ် သေနတ် ၅၀၀ မြင်း ၅၀၀ ရဲမက် ၂၀၀၀ နှင့် အရေးမလှလျင် နောက်မှ ခံနေရန် လိုက်ကြရသည်။
သို့ရာတွင် လက်ျာဘီလူးက မည်သူ့ကိုမျှ ဆုတ်ရန် အမိန့်မပေးရဟု တစ်ချက်လွှတ်အမိန့် ထုတ်ပြန်ပြီးလျင် မွန်တပ်ကြီးနှစ်တပ်ကို တဟုန်တိုး ဝင်ရောက် တိုက်ခိုက်ကြစေ၏ ။ ဒေါစွယ်ယစက်တို့ ရေကြောင်းက ဦးစွာရောက်ရှိကြကာ ဘယ်ကျော်တပ်နှင့် အပြင်းအထန် တိုက်ပွဲဖြစ်ပွားကြသည်။ ထိုရေတပ်တိုက်ပွဲကား ငါးနာရီခန့်အထိ ကြာလေ၏ ။
လက်ျာဘီလူးတို့လည်း ကမာပိသို့ဆိုက်ရောက်သည်နှင့် မတုံ့မဆိုင်း စောဗြတပ်ကို ဝင်စီးကြသည်။ စောဗြမှာ ရေတပ်အရေးမလှသည်နှင့် စနောင့်စနင်း ရှိနေရာ လူသောင်းကျော်နှင့် တပ်ကြီး ၈ တပ်တိုးအားကို ကြာရှည်မခံနိုင်ဘဲ ကြည်းရောရေပါ ပျက်လေတော့သည်။
လက်ျာဘီလူးက ကမာပိတပ်ကို အထိအခိုက် မရှိစေရ၊ သိမ်းပိုက်မိပြီဖြစ်ကြောင်း လူလွှတ် သံတော်ဦးတင်လိုက်၏ ။ မကြာမီ အလောင်းမင်းတရား ကြွချီလာကာ ဗိုလ်မှူးတပ်မှူးများအား ဆုလာဘ်မြောက်မြားစွာ ပေးတော်မူ၏ ။ ကုန်းဘောင်တပ်များကို လက်ျာဘီလူး ဦးစီးနေသောကြောင့် မင်းလှမင်းခေါင်ပင် သုရှင်အနားတွင်သာ နေရလေသည်။
စောဗြနေသည့် အိမ်ကိုးဆောင်သို့ မင်းတရားကြီး ရောက်ရှိတော်မူသောအခါ
"မွန်တို့ တိုက်လေသမျှ အရေးရသည်ဟူ၍ မရှိ၊ သန်လျင်ကိုလည်း ရပြီ၊ မွန်မင်းသမက်တော်၏ ပမာပိတပ်လည်း ရဲမက်တော်တို့ ဆက်သဖြင့် ငါ့လက်သို့ ရောက်လေပြီးသည်။ မွန်မင်း ကြောက်လန့်၍ သမီးကညာ ဆင်ကြီးမြင်းကောင်း ဆက်လျက် အရေးတော်တောင်းရပေတော့မည်"
ဟူ၍ ကမာပိကို ဆက်လာပန်တောင်း ဟု အမည်ပေးလေသည်။ မင်းတရားကြီး ကမာပိ၌ တပ်ချ၍မှ မကြာသေး၊ ပဲခူးသားတို့ ကြည်းတပ်ရေတပ် များစွာခန့်လျက် ချီလာကြပြန်၏ ။ မင်းထင်နော်ရထာပင် တပ်ငါးတပ်နှင့် သွားလေ အမိန့်တော်ရှိသောကြောင့် လက်ျာဘီလူး ချီသွားရပြန်သည်။
မွန်တို့ကို စောင့်၍ တိုက်၏ ။ ရ၏ ။ ကြည်းရောရေပါ ပျက်ကာ ပဲခူးအရောက် ပြန်ဆုတ်ရပြန်သည်။ ဤနည်းအတိုင်း ခက်ခဲလှသော ကျိုက်ပတိုင်တပ်၊ ညောင်ပင်တပ် စသည်တို့ကို အစဥ်အတိုင်း တိုက်ခိုက်သိမ်းပိုက်လာကာ ဟံသာဝတီမြို့တော်အနီးသို့တိုင် ရောက်ရှိလာကြသည်။
တောင်ငူကြောင်းသို့ ချီသော မင်းတရားကြီးညီတော် သတိုးသိင်္ခသူလည်း ပဲခူးမြောက်မျက်နှာ၌ တပ်ချရံတပ်တည်၏ ။ ပဲခူးပတ်လည်ကို ရဲမက်များ ပိတ်ဆို့ကာ သုံ့လူ ဖမ်းယူကြသောကြောင့် မြို့တွင်းသားတို့ ကြပ်တည်းလာကြပြီ။ ကျုံးရေကို မြစ်ထဲသို့ ရောက်အောင် မြောင်းကြီးဖောက်လိုက်ကြရာ ပဲခူးမြစ်တစ်ခုလုံးလည်း ရဲရဲနီနေလေသည်။
ထိုအခါ ဟံသာဝတီဘုရင် ဗြညားဓိရာဇ က ရဟန်းတော်သုံးပါးကို စေလွှတ် အရေးတောင်းလာသည်။ အလောင်းမင်းတရားက အဘယ်ကြောင့် ကြွလာတော်မူကြပါသနည်း မေးလျင် ရဟန်းတော်တို့က
"ရှေးက အင်းဝဘုရင်မင်းခေါင်နှင့် သုရှင်ရာဇာဓိရာဇ်တို့ စစ်ဖြစ်ကြရာ စကြိုသူမြတ် မေတ္တာရပ်သဖြင့် စစ်ပြေငြိမ်း၍ ပြန်လည်ခဲ့သည့် ထုံးဟောင်း ရှိပါသည်။ ယခုလည်း စစ်ကြောင့် ပြည်သူပြည်သားများ နှလုံးစိတ်ဝမ်း ညှိုးနွမ်းပင်ပန်းကြရသည်ဖြစ်၍ အရေးပေးပါရန် ငါတို့ကြွလာရသည်"
ဆိုကြ၏ ။ အလောင်းဘုရားက
"ဘုရင်မင်းခေါင်နှင့် ရာဇာဓိရာဇ်လည်း ထိုစဥ်က စစ်ရေး တူမျှကြသည်။ ဘုရင်ရွှေထီး ရခိုင်သို့ ချီရာမှာလည်း ရခိုင်မင်းက လက်ဆောင်ပဏ္ဏာ ဆက်လာသောကြောင့် အရေးပေးခြင်း ဖြစ်သည်။ ကျွန်ုပ်တို့နှင့် ရင်ဆိုင်တွေ့သမျှ ပဲခူးမင်း အရေးရဖူးသည်မရှိ၊ ကျွန်ုပ် ရန်ကုန်သို့ ရောက်သည် နှစ်နှစ်ခန့်အတွင်း တစ်ကြိမ်တစ်ခါမှလည်း လာရောက်ဖူးသည်မရှိ။
ယခု အရေးမလှတော့မှ အရှင်များ ကြွလာတော်မူခြင်းသည် အရေးမတူမျှသည်ကို တန်းတူသတ်မှတ်၍ တောင်းနေသည်နှင့်အတူ၊ အရေးမပေးသာပါ။ ဟံသာဝတီကို မရသမျှ ကျွန်ုပ် မပြန်ပြီ"
အလောင်းမင်းကြီးစကားကြောင့် မွန်ရဟန်းတော်များလည်း ပြန်သွားရ၏ ။ ထိုစကားကို ကြားသောအခါ တလပန်းသည် ညီလာခံတွင် ထ၍
"မြန်မာတို့သာ ယောက်ျားလော၊ ကျွန်ုပ်တို့လည်း သူယောက်ျားမဟုတ်တုံလော။ ဘုန်းကြီးသည့်အရှင်တို့ ကြည့်၍သာနေ။ မြန်မာတို့ကို ကျွန်ုပ်နှင့် အဖက်တန်စေ၊ ဓားချင်းယှက်၍ ကျွန််ုပ်အသက်နှင့် အရှင့်ကျေးဇူးဆပ်လမည်။ ဆင်ကောင်းမြင်းကောင်း လက်နက်လူသူသာ ဖြည့်တော်မူပါ"
ဟု မွန်မင်းထံ လျှောက်လေသည်။
တလပန်း ပြောသည့်စကားကိုလည်း အလောင်းဘုရား ပြန်ကြားရသဖြင့် 'သည်စကားမှာ သူရဲကောင်းတို့စကား ဖြစ်သည်။ တလပန်းကို လက်ရဖမ်း၊ စစ်ပွဲ၌ မသေစေနှင့်' ဟု ဗိုလ်မှူးများကို မိန့်၏ ။
ထို့ကြောင့် အခွန်ရွာကို မင်းလှသီရိ စောင့်၍ ရွာရှေ့ပြင်တပ်ကြီးကို မင်းထင်နော်ရထာ စောင့်ရသောအခါ တလပန်း ကြိမ်ကြိမ် လုပ်ကြံလာသည်ကို လက်ရဖမ်းရန်သာ ကြိုးစားခဲ့ကြရသည်။ တလပန်းကလည်း မြင်းသည်တို့ အပြင်းလိုက်လျင် ဆင်မစီး၍တစ်မျိုး၊ ဆင်ကဆင်း၍ မြင်းပြောင်းစီးလျက် တစ်သွယ် အလွတ်ခွာလေသည်။
သို့ဖြင့် တန်ဆောင်မုန်းလ တိုင်ခဲ့ပြီ။ ပဲခူးမြို့ကြီးနှင့် နီးကပ်စွာ ရံနေသော မင်းထင်နော်ရထာကိုလည်း သုရှင်က ခေါ်တော်မူသဖြင့် တပ်မကြီး ချရပ်နေရာ ရန်ကင်းစည်ထွန်းသို့ ပြန်ခဲ့ချေသည်။ ရှေ့တော်မှောက် ရောက်သောအခါ အလောင်းမင်းတရားက
"ငစံငယ် ငါ့ကိုယ်စား ဟံသာဝတီကိုရရန် စီမံချေ"
ဟု အရေးကုန် လွှဲအပ်လိုက်လေတော့သည်။ အနီးရှိ အိမ်ရှေ့မင်း၊ မြေဒူးမင်း၊ မင်းလှမင်းခေါင် စသော ဗိုလ်မှူး စစ်သူကြီး မင်းသားများကို ကျော်၍ ဗိုလ်မှူးခန့်လိုက်ခြင်းပင်။
ထိုသို့ နေရာရလာခြင်းကြောင့် တစ်ဘက်တွင် လူမုန်းများခြင်း ဝန်တိုခြင်းတို့ ခံရလေ့ရှိသည့်အတိုင်း ရှေ့တန်းစစ်မျက်နှာတစ်ခု၏ စကားဝိုင်းတွင်မူ...
"ငါတို့လူတော့ တပ်တွေကို အုပ်ချုပ်ပြီးရင်း အုပ်ချုပ်လာရပါလား"
"ထွီ.. ခွေးရူးကောင်းစား တစ်မွန်းတည့်ပါကွာ၊ မင်း ကြည့်နေ.. ဒင်းလုပ်ပုံကြောင့်ပဲ ဒင်းလည်ကို ဓားရောက်မှာ မလွဲဘူးမောင်"
"ကျုပ်တော့ နန္ဒသူအတွက် လက်တုံ့ချင်လှပြီ ကိုယ်တို့။ သူ လွန်ကျူးတာတွေ သိပ်များနေပြီ၊ သည်းမခံချင်တော့ဘူး"
ထိုသို့ ပြောလိုက်သူမှာ ပင်းဗိုလ်မှူး ငစိန်သွင် ဖြစ်သည်။ ငစိန်သွင့်စကားကို အခြားတစ်ဦးက
"နင် လုပ်ကြံချင်တော့ရော အနားကပ်နိုင်လို့လား။ စစ်ပွဲမှာလည်း ကိုယ့်တပ်ကို ထိန်းနေရတာနဲ့ ရှေ့ဆုံးက ကောင်ကို တစ်ခါမှ မမီဘူးဆို"
"ထင်းခွေမကြုံ ရေခပ်တော့ ကြုံလိမ့်မပေါ့"
"ကြုံရင် ရှေ့က ရင်ဆိုင်ဖြေရှင်းကြမှာလား။ ဒါဆို မင်းပြစ်ဒဏ်နဲ့ အိမ်သားတွေပါ ကုန်သွားမယ်ဗျ။ သင်းကလည်း အနောက်က လုပ်ကြံလို့ မရဘူး ဆိုပဲ"
"အဲဒါ ပုံပြင်တွေပါ။ မသိခင် ကျောကို လှံနဲ့စိုက်တော့ ဘာခံနိုင်မလဲ။ ကျွမ်းဝင်ဟန်ပြုပြီး ဓားနဲ့ကပ်ထိုးရင် မပေါက်ဘူးလားဗျာ"
"အေး.. နင် ထိုးရဲတော့ ထိုးပေါ့။ တို့ကတော့ ဘေးကပဲ ကူမယ်မောင်။ လူမိုက်နဲ့ ပြိုင်မဖြစ်ချင်ဘူး"
"ကိုယ်တို့ အဲလိုသွေးနည်းနေကြလို့ အခု မလောက်လေးမလောက်စား လူမိုက်ကောင်လေးရဲ့ အုပ်ချုပ်တာကို ခံနေရတာပ။ သတ္တိရှိကြစမ်းပါ"
"ဟုတ်ပါပြီ၊ ငါတို့လည်း မခံချင်လို့ပဲ ဒီနေရာကို ဆွေးနွေးရအောင် လာတာပေါ့ မောင်ရင်။ ကိုရင်စိန်သွင် ဘယ်လိုများ ကြံထားတယ် ပြောပါဦး"
"အဲ.. ကျုပ် အကြံတွေကတော့ အများကြီးပေါ့ဗျာ။ ဘယ်တစ်ခု သင့်သလဲ ဦးမင်းတို့ ကိုယ်တို့ပဲ ဆုံးဖြတ်ကြပေါ့။ တစ်ခုရှိတာက သည်စကား သည်မှာပဲ ကြားပစေနော်။ အပြင်ထွက်ရင် အသက်မကြွင်းဘူး မှတ်ကြပါ"
"ကျုပ်တို့ နားလည်ပါတယ်။ မောင့်အကြံသာ ဆိုပါတော့"
"ပထမတစ်ချက်အနေနဲ့..."
* * *
ဤကာလကား လက်ျာဘီလူး ဘုန်းကံအမြင့်မားဆုံး ရောက်နေချိန်ဟု ဆိုရပေလိမ့်မည်။ သူ့အား မလိုသူတို့ ရှိနေသော်လည်း ကံကောင်းနေပြန်သည်။ မွန်တို့၏ အဓိကတပ်ကြီးတစ်ခုဖြစ်သော ညောင်ပင်တပ် ပျက်လျင် ယင်းအနီးနားသို့ မွန်တို့က မကြာခဏ တပ်တည်လာရာ မင်းတရားကြီးက ဥဒိန်ကျော်ထင်ကိုသာ လူ ၁၀၀၀ ခန့်၍ မွန်တို့တပ်မတည်နိုင်ရန် နှောင့်ယှက်ခိုင်းသည်။
ငစံငယ် အရာမဟုတ်ဟု မိန့်တော်မူသောကြောင့် လက်ယာနံပါးကသာ ခစားလျက် နေရချိန်။ သားတော် မြေဒူးမင်းကိုပင် မြင်း ၅၀၀၊ သေနတ် ၅၀၀၊ လှံကိုင် ၅၀၀ နှင့် ဟံသာဝတီမြို့ အရှေ့နှင့် တောင်မျက်နှာတို့တွင် လှည့်လည်သုံ့ပန်းဖမ်းစေသော်လည်း လက်ျာဘီလူးကိုကား အနီးအပါးတွင်သာ ထားလျက် လုပ်ကြီးကြံမ စီစဥ်ရမည် ဆို၏ ။
လက်ျာဘီလူးက ဗိုလ်မှူး စစ်ကဲများနှင့် အခါမလပ် တိုင်ပင်ကြလျက် ဟံသာဝတီနေပြည်တော် ပတ်ပတ်လည်ရှိ မွန်တို့တပ်ပေါင်း ၃၀ ကျော်ကို တစ်တပ်ချင်းဖျက်၍ အခိုင်နေကြစေ၏ ။ ပြင်ပတပ်များ မရှိလျင် မင်းတရား၏ တပ်မကြီးကို ပန်းဆေးအရပ်တွင် ချရပ်ကာ ရှေ့သို့ တာငါးရာစီတိုင်းတွင် တစ်တပ်ချင်း တန်းထိုး တည်သွားရသည်။
ထို့ကြောင့် တစ်ကွက်ချင်း တစ်ကွက်ချင်း ရှေ့သို့အဆင့်ဆင့် တည်လာကြသော ကုန်းဘောင်တပ်များကို ပဲခူးမြို့တွင်းသားတို့ ထွက်ဖျက်ကြသော်လည်း နောက်တပ်ကူများ အဆက်မပြတ်သဖြင့် မကျမပေါက်ဘဲ ဟံသာဝတီမြို့နားသို့တိုင် ရောက်လာကြသည်။ တည်မိသမျှ တစ်တပ်မှ မပျက်ချေ။

 (ဆက်ရန်..) ဟံသာဝတီသို့ (၁၀)

 Written by သင်္ခရာဇာ

End date: June 10, 2022

No comments:

Post a Comment

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...