"ရှင်ညိုသူ ကျုပ်ကို ဟိုအစွန်ဘက် လိုက်ပြစမ်း"
ဟု ဆိုလာသည်။ လက်ျာဘီလူးကလည်း တစ်စုံတစ်ခု အကြောင်းရှိသည်ဖြစ်မည် ဟု မမေးမမြန်းဘဲ ဦးကောင်း ညွှန်ပြရာသို့ ဦးဆောင် ထွက်လာခဲ့၏ ။ တကယ်တမ်း ဦးကောင်းသည် ထိုအရပ်ဝန်းကျင်နှင့် သူ့တပ်များကို အာရုံမရှိ၊ လိုက်ပြခိုင်းသည့် နေရာကို ကြည့်ပင် မကြည့်ဘဲ သူ့ကိုသာ ကြည့်လျက်
"ငါ့လူတစ်စု ကျသွားသယ် ဆိုသာ မင်း ကြားပြီးမဟုတ်လား"
"တောထဲ ရိက္ခာရှာထွက်ရင်း မွန်ကင်းတပ်နဲ့ တွေ့လို့ လူ ၂၀ ကျော် ထိပါးသွားတယ် ဆိုတာလား"
"ဟုတ်သယ်၊ သို့ပေမယ့် မမှန်ဘူး"
လက်ျာဘီလူး မျက်ခုံးပင့်လိုက်မိသည်။ သူတို့အားလုံး သတင်းကြားသိထားရသည်မှာ ထိုသို့ပင် ဖြစ်သည်။ ရန်သူ့ကင်းသတင်း လိုက်လံစုံစမ်းရန် စေလွှတ်သည့် လူ ငါးဦးပါ ပျောက်နေသည်ဟု ကြားသိထားရသည်။ ရန်သူကင်းတပ်သည်လည်း အစွမ်းထက်သူများ ပါဝင်နေလိမ့်မည်ဟု သူ ယူဆထားခဲ့မိသည်။
ယခုတော့ ဦးကောင်းက ယင်းသတင်း မမှန်ဟု ဆိုနေသည်။ သူ့တပ်မှ ရေတပ်တော်သားများမို့ သူက ပို၍ သိပေလိမ့်မည်။ လက်ျာဘီလူးမှာ နားထောင်သမားသက်သက်၊ သို့ရာတွင် ဤအရေးအတွက် သူ့အပေါ် တာဝန်ကျလာနိုင်သည်ကို ရိပ်မိနေပေပြီ။ အစွမ်းထက် ရန်သူကင်းထောက်တပ်များကို တန်ပြန် ရင်ဆိုင်ရလိမ့်မည်ဟု သဘောပေါက်ထားလိုက်မိ၏ ။
ဦးကောင်းက နောက်သို့ တစ်ချက် လှည့်ကြည့်သည်။ အစောင့်အနေ ဝေးတော့မှ အသံတိုးတိုးဖြင့်
"ငါ့လူတွေ ရန်သူနဲ့ တွေ့သွားသာ မဟုတ်ဘူး"
"ဗျာ"
"ရေတပ် ချရပ်နေတုန်း လှေက ဆင်းပြီး ဟင်းစားရှာသွားရင်း အားလုံး ကိစ္စတုံးသွားကြသာပ ငညိုသူ"
"ဘယ်လိုဖြစ်ရတာလဲ၊ ဒေသခံ မုဆိုးဓားပြတွေ လက်ချက်လား။ တောကောင်များ ဆွဲသလား"
နောက်ဆုံးစကားကို ထူပူစွာ ပြောမိပြီးမှ မှားမှန်းသိလိုက်သည်။ သည်လောက် လူစုကို မည်သည့်သားရဲမှ တိုက်ခိုက်နိုင်မည်မဟုတ်။ ယုတ်စွအဆုံး တောခွေးအုပ်ပင် ရှောင်သွားကြရမည့် အင်အားမဟုတ်ပါလား။
"မွန်တွေနဲ့ တိုက်ရင်း သေကြေပျက်စီးရတယ် ဆိုသာကမှ ကြားကောင်းလိမ့်ဦးမယ်။ ခုတော့ ဘယ်သူ့လက်ချက်မှန်းမသိ ဖြစ်သွားရတာကွဲ့"
"ဒါ့ကြောင့် မွန်တပ်နဲ့ တွေ့တယ်လို့ သတင်းလွှင့်ထားတာကိုး၊ ဦးတွန်တို့ ဦးစည်းစိမ်တို့ရော သိပြီးကြပြီလား"
"သူတို့သိသယ်၊ ငါတို့သခင်တော့ မွန်လက်ချက်လို့ ထင်နေတုန်းပဲ။ ငတွန်ဆီက မုဆိုးကျော်တွေ ခေါ်ပြီး စစ်တော့ ဘာတွေ့ရသလဲ သိလား"
ဦးကောင်းက သူ့ကို စိုက်ကြည့်ရင်း မေးသဖြင့် သာမန်မဟုတ်ကြောင်း သတိထားမိရသည်။
"လက်ရာခြေရာ ကြည့်ရသာတော့ တစ်ယောက်တည်းက လုပ်ကြံသွားသာ တဲ့"
"ဟင်"
"ဟုတ်သယ်၊ မင်း ငချစ်ခိုင်ကို သိသယ် မဟုတ်လား။ အစွမ်းကောင်း လူကျော် ငချစ်ခိုင်လေ"
"ဦးလွင် တပ်က မဟုတ်လား။ နပန်းအသတ်ကောင်းတဲ့ ငချစ်ခိုင်"
"ဟုတ်ပ၊ အစွမ်းကောင်းလို့ ရဲကျော်သူရ တပ်ကနေ ငါ့ လှေတော်သား ဖြစ်လာပြီးမှ အခု ဘာမဟုတ်သာလေးနဲ့ တောထဲမှာ ပါသွားသယ်လေ"
"အိုး"
လက်ျာဘီလူး ငသူရိန်ကို မြင်ယောင်လိုက်မိသည်။ ငသူရိန်တို့ ငါးယောက် ဝင်လာစက ငချစ်ခိုင်ကို အနိုင်သတ်ပုတ်လျက် သူ့ဆီ ရောက်လာခဲ့ကြသည် ဆို၏ ။ ယခု ထိုငချစ်ခိုင် ကျဆုံးသွားပြီ ဆိုပါလား။ ပို၍ ဆန်းနေသည်မှာ ငချစ်ခိုင်နှင့် လူ ၂၀ ကျော်ကို လူတစ်ဦးတည်းက သတ်ဖြတ်သွားသည် တဲ့။
သူ အလွန်အံ့သြနေမိသည်။ ဦးကောင်းက သူ့မျက်နှာကို တစိမ့်စိမ့် အရသာခံ ကြည့်နေသလို ခံစားရသော်လည်း သူကတော့ အစွမ်းကောင်း လှေတော်သားများကိုမှ လုပ်ကြံသွားနိုင်သည့် ထိုသူအား အံ့သြနေခြင်းကို မဖုံးဖိနိုင်။
"တကယ် လူတစ်ယောက်တည်းက၊ ဟုတ်လား"
"အေးပါဆို၊ ငါလည်း ငတွန်တို့နဲ့ တိုင်ပင်ကြည့်ပြီးမှ မင်းကို လာပြောသာ။ သေချာတယ်.. ငချစ်ခိုင်အပါ ငါ့လူ ၂၅ ယောက်လုံးရဲ့ ဒဏ်ရာတွေက တစ်ပုံစံတည်း၊ လက်နက်တစ်ခုတည်း၊ တစ်စုလုံး တစ်နေရာတည်းကို အထိုးခံရပြီး အပြုံလိုက် ကျသွားသာပဲ"
"ဘယ်သူများပါလိမ့်၊ လက်ျာပျံချီ ညီအစ်ကိုတော်တွေများ လိုက်လက်စားချေသလားဗျာ"
"မဖြစ်နိုင်ဘူးကွ၊ ငလုံးတို့ သားအဖတတွေ အားလုံး ကျသွားကြသာ ငါတို့ အသိ။ မင်း မအံ့သြနဲ့ဦး.. ဒီ့ထက် အံ့အားသင့်ရဦးမှာတွေ အများကြီး ကျန်သေးသယ် ရှင်ညိုသူ"
"ဘာ.. ဘာဖြစ်လို့လဲ ဦးကောင်း"
"ငချစ်ခိုင်တို့က တစ်နေရာတည်းမှာ အားလုံး ပြန့်ကျဲပြီး သေနေကြသာ။ ဓားမြှောင်လို လက်နက်မျိုးနဲ့ လူကို သူတို့အားလုံး မကာကွယ်နိုင်ဘဲ တစ်ယောက်တစ်ချက် အထိုးခံရပြီး လဲကျကုန်ကြသတဲ့။ အားလုံး နှလုံးနေရာကိုပဲ ထိုးခံရသာ တခြားဒဏ်ရာ မရှိဘူး"
"ကြည့်ရတာ သူတို့ မှိုတွေ ဘာတွေ စားမိပြီး အဆိပ်မိနေတုန်းများ လုပ်ကြံခံရတယ် ထင်တယ်"
"ငါတို့လည်း သည်လို တွေးမိလို့ သမားနဲ့ ခေါ်စစ်သေးသာပ။ ပြာနှမ်းမဲပုပ်နေသာ မရှိ၊ သွေးခဲမနေတော့ မဖြစ်နိုင်ဘူးလို့တော့ ထင်သား။ တကယ်လည်း ဘာအဆိပ်မှ မမိဘူးတဲ့။ တိုက်ခိုက်ရင်း သေတဲ့ လက္ခဏာပဲ ရှိသတဲ့၊ မုဆိုးတွေကလည်း ပြောသယ်"
"ငချစ်ခိုင်တို့လို လူ ၂၅ ယောက်ကို သေကွင်းသေကွက်ချည်း တစ်ချက်တည်း ရွေးထိုးနိုင်ဖို့ဆိုတာ.. မဖြစ်နိုင်လောက်ဘူး လို့ ကျွန်တော်တော့ ထင်တယ်"
"အင်း.. အင်း၊ ဒါ့ကြောင့် မဖြစ်နိုင်သာတွေကို လုပ်ပြလေ့ရှိသယ် ဆိုတဲ့ မင်းဆီ လာခဲ့သာပေါ့။ မဖြစ်နိုင်သာ ထပ်ပြောပြရဦးမလား"
"အဲ.. ပြောပါဦး"
"အဲသည်သူ.. လုပ်ကြံသွားသူက တကူးတက ရည်ရွယ်ပြီး ချောင်းမြောင်းသတ်ဖြတ်သွားတာ မဟုတ်ဘူးပဲ။ သူ့လမ်းသူ သွားရင်း လမ်းကြုံလို့ ငါ့တပ်သားတွေကို ရှင်းသွားသာ တဲ့ဟ"
"ထူးလိုက်ပလေ့"
"သူတို့အကောင်တွေအနားမှာ စားလက်စ တောဝက်သိုးကြီးတစ်ကောင် ဖျက်ထားတာ တွေ့ရသယ်။ အဲသည်တောဝက်ရဲ့ နှလုံးမှာလည်း ဓားဒဏ်ရာနဲ့ပဲ။ ပြီးတော့ အစိမ်းစားနေတာ၊ မီးပုံ ဘာညာ မရှိဘူး"
"ဟာ"
ဒါဆိုရင် လူမဟုတ်နိုင်တော့ဘူး ဟု ပြောမည့်ဆဲဆဲ နှုတ်ကို အချိန်မီ ပိတ်လိုက်နိုင်သော်လည်း အလန့်တကြား ထွက်သွားသည့် အာမေဋိတ်သံကိုတော့ မထိန်းချုပ်နိုင်ခဲ့မိ။
"မင်း အံ့သြမယ်ဆို အံ့သြစရာ အများကြီး ကျန်သေးသာပ။ ဒါပေမယ့် ငါ မပြောတော့ဘူး။ မင်းကိုယ်တိုင် လိုက်ကြည့်၊ အကောင်တွေ မြေချပြီးပေမယ့် ခြေရာလက်ရာ မပျက်စေဖို့တော့ ငါ မှာထားခဲ့သယ်"
အလွန်စိတ်ဝင်စားစွာဖြင့် လက်ျာဘီလူး ဦးကောင်းနောက်က ပါသွားရ၏ ။ ငချစ်ခိုင်တို့တပ်စု ကျဆုံးခဲ့ရာ နေရာ၌ ဦးကောင်းအမိန့်နှင့် မုဆိုးတပ်သားကျော် သုံးယောက်ခန့် စောင့်နေကြသည်ကို တွေ့ရသည်။ သူတို့က ခြေရာလက်ရာနှင့် လမ်းကြောင်းများကို ရှင်းပြပေးရာ အမှန်ပင် ဦးကောင်းပြောခဲ့သည့်အတိုင်း ဖြစ်နေလေသည်။
လက်ျာဘီလူးလို သူပင် မယုံနိုင် ဖြစ်နေရသည်ကို ကြည့်ကာ ဦးကောင်း သဘောကျနေ၏ ။ 'ဒီကောင့်ရုပ် ဖြစ်သွားမယ့်ပုံကိုတောင် မြင်ချင်သေး' ဟု ဆိုခဲ့သော ငတွန် ပါမလာ၍ မချင့်မရဲ ဖြစ်ရသေးသည်။ စည်သာမင်းကြီးတို့ကလည်း ယခု လုပ်ကြံသွားသူသည် လူလွန်မသား ဖြစ်ရမည်ဟု ပြောသွားသေးသည်။
မုဆိုးများ ရှာဖွေ ရှင်းပြသည့် အချက်အလက်များကို မူတည်လျက် လက်ျာဘီလူးက အဖြစ်အပျက်များကို အနီးစပ်ဆုံး ခန့်မှန်း မြင်ယောင်ကြည့်နေသည်။ ဤ တောစပ်စပ်နေရာအရောက် ငချစ်ခိုင်တို့သည် တောဝက်ကို သတ်စားနေသည့် လူတစ်ယောက်အား တွေ့ကြပေလိမ့်မည်။
သူတို့က၊ သို့မဟုတ် ထိုသူက စတင်ရန်ပြုသဖြင့် အချင်းဖြစ်ပွားကြပြီး ထိုသူက ငချစ်ခိုင်တို့ တပ်စုတစ်စုလုံးအား တစ်ဦးလျင် တစ်ချက်စီ ဓားမြှောင်နှင့် ထိုးသွားသည်။ ဤနေရာ၌ အတွေးထဲ၌ပင် မယုံချင်သလို ဖြစ်နေရပြန်သည်။ အမှန်သာဖြစ်လျင် ထိုသူကို ဦးတွန်မပြောနှင့်၊ ငချစ်ညိုပင် ရင်ဆိုင်နိုင်မည်မဟုတ်ဟု တွက်ဆရ၏ ။
လူများစွာအား ရည်ရွယ်ချက်မရှိ သွေးအေးအေး သတ်ဖြတ်၍ ဓားကို သစ်ရွက်များဖြင့် သုတ်ကာ တောတွင်းဝင်သွားသည့် ထိုသူ လားရာအရပ်ဆီ မျှော်ကြည့်ရင်း လက်ျာဘီလူးက ဦးကောင်းအား စကားတစ်ခွန်း ဆို၏ ။
Written by သင်္ခရာဇာ
End date: May 3, 2022
No comments:
Post a Comment