သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။
"သုံးမြို့ဖျက်မည်၊ တစ်မြို့ကျန်သည်။ ငါတို့ အပြစ်ပြုမိတကား"
"မသေမရှင်၊ သံလျှင် ကွန့်မြူး၊ ငါ့အား ထူးမြောက်စေတကား"
သူ၏ ပေါက်ပြဲနေသော အိတ်ကြီးကိုလည်း စမ်းရင်း ကျေနပ်စွာ ပြုံး၏ ။ တစ်ယောက်တည်း ပြုံးလိုက် မဲ့လိုက် ရှိနေသည့် အနားမှ လူပုံပျောင်းနွဲ့သူ တစ်ဦးနှင့် ပိန်ပိန်ပါးပါး မိန်းမရွယ်တစ်ဦးတို့ ဖြတ်သွားကြသည်။ သူတို့နောက်တွင် ဆိုင်းထမ်းနှင့် အသီးအရွက်ရောင်းသူတစ်ဦး လိုက်သွားပြီး အော်ဟစ်နေလေသည်။
"ဘူးသီးနုနုလေးတွေ ရမယ်၊ ခဝဲသီး ပဲရှည်သီး ဖရုံသီးတွေ ပါတယ်"
ဟု မြန်မာလို အော်နေရာမှ မွန်လိုပြောင်းကာ
"တို့သခင်က နင့်ကို တွေ့လိုနေတယ် အစော"
ဟု ရှေ့မှလူများ ကြားလောက်ရုံ ပြောသည်။ ကျော်ရှိန် နားမလည်သော်လည်း မိစောမွန် လှည့်ကြည့်၏ ။ ဆိုင်းထမ်းနှင့်လူမှာ ဗညားအရိန္ဒမ၏ လူတစ်ယောက်ဖြစ်ကြောင်း မှတ်မိသွားသည်။
"ဘာကိစ္စလဲ၊ ကျွန်မ မတွေ့လို"
မွန်လို လှည့်ပြောလိုက်သဖြင့် ကျော်ရှိန်က ဘာလဲ မေးနေသည်။ မိစောမွန်က လက်ခါပြလိုက်ပြီး ဆက်လျှောက်သွားရာ အနောက်မှလူ ပါလာ၏ ။ ရုတ်တရက် မိစောမွန် လက်ကို အဆွဲခံလိုက်ရသဖြင့် ရုန်းကာ တိုက်ခိုက်မည်အပြု လက်ဆွဲသူမှာ ရသေ့အိုကြီးတစ်ပါး ဖြစ်နေ၍ ခပ်အမ်းအမ်း ရှိ၏ ။
"ပြစမ်း လက်"
လက်ကို ဆွဲယူကြည့်ပြီး
"အင်း.. ကောင်းတယ်၊ အင်မတန် ဆိုးတဲ့လက်။ အလွန်ရက်စက်တဲ့လက်။ အောင်မြင်ပေါက်ရောက်မယ့် လက်ပဲ။ သူငယ်မလေး ကျုပ်နဲ့ လိုက်မလား"
မိစောမွန် လန့်သွားသည်။
"အို.. မလိုက်ပါဘူး"
"အကြွေးတွေက မကုန်သေးဘူး။ မျက်ရည်နဲ့ ဆပ်ရလိမ့်ဦးမယ်။ ပြီးရင်တော့ လိုက်ခဲ့ပေါ့လေ"
ဆိုင်းထမ်းနှင့်လူလည်း ရပ်ကြည့်နေသယောင်နှင့် မွန်စာတစ်ချပ်ကို ထောင်ပြနေသည်။ ဖတ်ပြီး မိစောမွန် မျက်နှာပျက်သွား၏ ။ ရသေ့ကြီးက တောင်ဝှေးတဒေါက်ဒေါက်ဖြင့် ထွက်သွားသလို စျေးသည်ကလည်း ဆက်လက်အော်ဟစ် ရောင်းချသွား၏ ။ မိစောမွန်သာ လမ်းလယ်ခေါင်တွင် ကြောင်စင်းစင်း။
ဟံသာဝတီမြို့ ကျဆုံးပြီးနောက် နှစ်နှစ်ကျော်အကြာ။ ကုန်းဘောင်တပ်များသည် ရန်ကုန်ဆိပ်ကမ်းမြို့သို့ တစ်ခေါက်ပြန်လည် ရောက်ရှိလာကြပြန်သည်။ ထိုအထဲတွင် ထမင်းချက်သမလေး မိစောမွန် မပါတော့။ အရှေ့ဝင်းမှူးသစ်သည် မင်းကျော်အာကာ ဖြစ်နေပြီး လက်ျာဘီလူးမှာ မင်းထင်နော်ရထာ မဟုတ်တော့။
ထောင်မှလွတ်စ သွေးသောက်ငစံသာ ဖြစ်သည်။ သူတို့သည် ရန်ကုန်သို့ ဒဂုံဆံတော်ရှင်အား ရွှေထီးတင်မည်၊ ကျောင်းဇရပ်ဆောက်မည်ဟု လာခဲ့ကြသော်လည်း တကယ်တမ်းတွင် ဘုန်းလက်ရုံး ဖြန့်ကျက်ရန်သာ ဖြစ်၏ ။ ထို့ကြောင့် တပ်ပေါင်းများစွာ ချီလာခဲ့ကြသည်။
ထိုအချိန်တွင် မိစောမွန်သည်လည်း မြန်မာတို့ထံမှ ပြန်ခဲ့ကာ မိမိကျွမ်းကျင်ရာဖြင့် အသက်မွေးနေလေပြီ။ ထိုအခါ ဝန်ကြီးဟောင်း ဗညားဦး၏ လူများနှင့် ဆက်သွယ်မိသည့်အပြင် အရှင်ဟောင်း ဗညားအရိန္ဒမထံမှ အမှာစကားများလည်း မကြာခဏ ရရှိနေတော့၏ ။
ထိုနှစ်ဦး၏ အလိုမှာ သူတို့ ဟံသာဝတီ ကျရှုံးရခြင်း၏ အဓိကတရားခံအဖြစ် မင်းထင်နော်ရထာကို စွပ်စွဲကြပြီး ယခု နိမ့်ပါးစဥ်တွင် လုပ်ကြံကြရမည်ဟု ထုတ်ပြန်ကြေညာထားကြသည်။ မိစောမွန်ကိုလည်း မွန်အမျိုးသားတို့၏ သစ္စာဖောက် မဖြစ်ရေး၊ မွန်အမျိုးသားများ ပျက်စီးရသည့် အကြောင်းရင်းကို နားလည်သိရှိစေရေး၊ မွန်တို့ ဂုဏ်သိမ် ညှိုးနွမ်းရသည်ကို အဖတ်ဆယ်ရေးတို့အတွက် အခါခပ်သိမ်း စည်းရုံးဆွဲဆောင်နေခဲ့၏ ။
ကုန်းဘောင်တပ်များ ရန်ကုန်မှ ထွက်လာ၍ မုတ္တမသို့ ကူးရန် ပဲခူးတွင် တစ်ထောက်နားကာ လှေတက်များ ပြင်ဆင်ကြခိုက် ဗညားအရိန္ဒမကိုယ်တိုင် မိစောမွန်နှင့် တွေ့ဆုံမိကြ၏ ။ အိုမင်း ကြုံလှီနေပြီဖြစ်သော အရိန္ဒမက သမီးရင်းသဖွယ် ဆက်ဆံပြီး မွန်အမျိုးသားတို့အတွက် သည်တစ်ကြိမ် ကူညီပါဟု တောင်းဆိုနေလေသည်။
မိစောမွန်က လက်ျာဘီလူးအား မည်သည့်အခါမျှ လုပ်ကြံမည်မဟုတ် ဟု အပြတ်ငြင်းပြီး ဒဂုံသို့ ပြန်ရန် ပြင်သည်။ သို့စဥ်တွင် သူ့အား အလုပ်အပ်နေကျ သူကြွယ်ကြီးတစ်ဦးက လူသွမ်းတစ်ဦးအား ကွပ်မျက်ပေးပါရန် အခကြေးငွေ အမြောက်အမြားနှင့် ငှားရမ်းလာသည်မို့ မိစောမွန် လက်ခံလိုက်သည်။
ထိုသူ၏ အနေအထိုင် အသွားအလာတို့ကို စုံစမ်းစောင့်ကြည့်နေခိုက် အမြန်လက်စသတ်၍ ဒဂုံသို့ လိုက်လာပါ ဟူသော လျှို့ဝှက်စာ ရပြန်သည်။ ထိုနေ့ညတွင် သူ၏ပစ်မှတ်သည် မြန်မာတပ်များအား အရက်သေစာ သွားရောက်ရောင်းချလိမ့်မည်ဖြစ်ကြောင်း သိထား၍ အပြန်တွင် လမ်းမှ ဖြတ်လုဟန် လုပ်ကြံပြီး ငွေစများကို ဖျောက်ဖျက်ပစ်မည်ဟု စောင့်ကြိုနေလိုက်သည်။
လုပ်ကြံခံရမည့်သူမှာ အတော်နှင့် ပေါ်မလာ။ မလှုပ်မယှက် ငြိမ်သက်ပုန်းအောင်းနေခဲ့ရသော မိစောမွန် ငိုက်မြည်းလာပြီး မှေးခနဲ အိပ်ပျော်သွား၏ ။ မက်နေကျအတိုင်း ထိတ်လန့်ဖွယ်တို့ကို မြင်မက်ပြီး လန့်နိုးလာသောအခါ သူ၏ ပစ်မှတ်သည် ပုန်းအောင်းနေရာကို ကျောခိုင်းသွားနေပေပြီ။
မိစောမွန်က ခြေသံမကြားစေရန် ကပ်သွားပြီး ထိုသူ၏ ပခုံးကို ပုတ်လိုက်ကာ နံကြားသို့ ဓားကို ထိုးသွင်းလိုက်၏ ။ ရုတ်တရက် ပခုံးပုတ်ခံလိုက်ရသော လူက လန့်၍ လှည့်လာသည်။ ပစ်မှတ်ဖြစ်သော ဗညားဦး၏ လူကိုယ်စား ပရိယာယ်ဖြင့် အကူအညီတောင်းသည်ကို မသိဘဲ ကူညီရန် ထွက်လာသော လက်ျာဘီလူး ဖြစ်နေ၏ ။
"ဟင်"
"ဟယ်.."
"အစော.."
"မောင်ကြီး၊ မောင်ကြီးပါလား"
"အစော ဘာလို့.."
လက်ျာဘီလူး ဆက်မပြောဘဲ နံကြားထဲ စိုက်ဝင်နေသော ဓားမြှောင်ကို ငုံ့ကြည့်နေသည်။ မိစောမွန်လည်း ထိတ်လန့်လျက် ဓားကို လွှတ်လိုက်လေသည်။
"မောင်ကြီးပေးထားတဲ့ ဓားနဲ့ပဲ.. မောင်ကြီးကို လုပ်ကြံတယ်ပေါ့"
"မဟုတ်ဘူး.. မဟုတ်ဘူး၊ အစော လူမှားပြီး ထိုးမိတာ"
ု
"သြော်"
လက်ျာဘီလူးက သူ့အား အကူအညီတောင်းသူ ခြုံပေးလိုက်သည့် ခြုံထည်ကို ကိုယ်ပေါ်မှ ခွာချလိုက်ပြီး ဓားကို တဖြည်းဖြည်း သတိနှင့် ဆွဲထုတ်နေ၏ ။ အပေါက်အား လက်နှင့်ဖိပိတ်ထားသော်လည်း သွေးများစွာ ယိုစိမ့်ထွက်လာသည်။
"မောင်ကြီး.. ဘယ်လိုဖြစ်လို့ မောင်ကြီး ဖြစ်နေရတာလဲ"
လက်ျာဘီလူး မော့မကြည့်အား။ အဆုံးထိ ဆွဲထုတ်လိုက်သော ဓားမြှောင်ကလေးကို လွှတ်ချလိုက်ပြီး စိုက်ကြည့်နေသည်။
"အစော ဒီအလုပ်ကို ဆက်မလုပ်ပါနဲ့တော့၊ အခုပဲ မောင်ကြီးကို ပြန်သတ်မိပြီ မဟုတ်လား"
"မဟုတ်ပါဘူး မောင်ကြီးရယ်၊ အစောကို ယုံပါ။ မောင်ကြီးမှန်း သိရင် မလုပ်ပါဘူး။ ဒီအလုပ်ကို လုပ်မိတာကလည်း မောင်ကြီး ရန်သူတွေအားလုံး၊ လုပ်ကြံသူတွေ အားလုံးကို ရှင်းပေးချင်လို့ပဲ။ ရှင်းလည်း ရှင်းပေးနိုင်ခဲ့ပြီ။ အဲဒီအတွက် အပြစ်တင်ရင်လည်း ခံပါ့မယ်၊ လာ.. အစော တွဲပြီး လိုက်ပို့မယ်"
လက်ျာဘီလူး လက်ကာလျက်
"နေပါစေ အစော၊ ရပါတယ်။ ဒီကိစ္စကြောင့် အစောကို အပြစ်တင်တာ မဟုတ်ဘူး။ ဆိုးရွားလှတဲ့ အလုပ်ကို အစော လုပ်နေတာ မမြင်ချင်တော့ဘူး။ ဘာကြောင့် အခုလို ဖြစ်ရတယ် ဆိုတာ မောင်ကြီး ရိပ်မိပါတယ်။ အစော အခုချက်ချင်း ဝေးရာကို ထွက်သွားပါတော့"
"မောင်ကြီး.. မောင်ကြီးရယ်"
မိစောမွန် ငိုလေပြီ။ လက်ျာဘီလူးကတော့ အံကြိတ်ထားကာ
"ဒီအရပ်ကို ပြန်မလာနဲ့တော့နော်။ ဒီလူတွေနဲ့လည်း ပြန်မတွေ့ပါစေနဲ့တော့။ မောင်ကြီးတို့ ဆုံစည်းမှုက ဝဋ်ကြွေးဆိုရင်တောင် နောက်တစ်ခါ မတင်ပါစေနဲ့တော့"
ဒဏ်ရာကို အုပ်ကာ မားမားမတ်မတ် ရပ်ရင်း နှင်လွှတ်နေသည်မို့ မိစောမွန် အမှောင်ထဲ ပြေးထွက်သွားသည်။ ထိုအခါမှ ဟန်မပျက်နေသော လက်ျာဘီလူးက နာကျင်စွာ စုတ်သပ်ရင်း ခပ်ကုန်းကုန်းနှင့် နီးရာအပင်တစ်ပင်သို့ သွားပြီး လက်ထောက်နေ၏ ။
သူ၏ ကူညီတတ်သော စိတ်အား အသုံးချသွားသူများကို လက်စားချေချင်လှသော်လည်း တစ်ချိန်တည်းမှာ ဝဋ်ကြွေးများ ထပ်မယူလိုသည့် စိတ်ကလည်း သူ့ကို အားလျော့စေသည်။ သူသည် တဖြည်းဖြည်း အားယူ၍ လှမ်းနေပြီး သူ၏တပ်ကို လှမ်းမြင်လိုက်ရချိန်တွင်မူ လမ်းပေါ် လေးဘက်ထောက်ကာ သွေးများ အန်ထုတ်နေရပြီ။
"ဟိုမှာ ဘယ်သူလဲ၊ ဘာဖြစ်နေတာလဲ"
ဟူသည့် အသံကို ကြားလိုက်ရမှ အားတက်သွားပြီး ပြန်ထရပ်လိုက်၏ ။ မျက်လုံးထဲတွင် ဓားပေါ်မှ S အက္ခရာပုံစံကိုသာ မြင်ယောင်နေတော့သည်။
*
ဆင်ဖြူရှင်မင်းလက်ထက်။
အင်းဝမြို့ပြင် ဇရပ်ကြီးတစ်ဆောင်ပေါ်တွင် လက်ျာဘီလူး ခြေဆင်းထိုင်နေ၏ ။ သူ၏ ဘေးတွင် ဝါးဓားအိမ်နှင့် ဓားနက်ကို ထောင်ထားပြီး ဇရပ်အောက်တွင်တော့ တိမ်ပျံကို ချည်ထားလေသည်။ ထိုဇရပ်ကြီးတွင်ပင် တစ်ချိန်က အလောင်းမင်းတရား ဖြစ်လာမည့် ဦးအောင်ဇေယျနှင့် မင်းခေါင်နော်ရထာလောင်းလျာ ငတွန်တို့ တွေ့ဆုံခဲ့ကြဖူးသည်ကိုမူ သူ မသိချေ။
သစ်သားတောင်ဝှေးတစ်ချောင်းနှင့် သပိတ် ယပ်တို့ ပါသော သက်တော် ၇၀ ခန့် မထေရ်ကြီးတစ်ပါး ဇရပ်ပေါ် တက်လာ၍ သူ ဦးချဝတ်ဖြည့်ကာ နေစရာ ပေးသည်။ မထေရ်ကြီးက သူပေးသည့် နေရာသို့ မသွားဘဲ သူ့ရှေ့တွင်သာ ပရိက္ခရာများကို ချထားလိုက်ပြီး ထိုင်တော်မူလေ၏ ။
"မောင်ရင်လောင်း ကျုပ်ကို မှတ်မိရဲ့လား"
"မမှတ်မိပါဘူးဘုရား.. အဲ"
ပြောရင်း မြင်ဖူးသလို ရှိသည်ဟု ကြည့်ရာမှ ဟံသာဝတီတွင် တွေ့ခဲ့ဖူးသော ရသေ့ရူးကြီးမှန်း သူ အမှတ်ရသွားသည်။
"အရှင်ဘုရားက.."
"မလည်ကျောင်း ခင်ကြီးရဲ့ မိတ်ဆွေပါ။ မောင်တို့ငယ်ငယ် တစ်ခါလာဖူးကဲ့လေ"
"ခင်ဗျာ"
"မောင်ရင်လေးကို ဆိုးလိမ့်မည်ဆိုပြီး အထိန်းဆေး ပေးလိုက်တဲ့ တောထွက်ခင်ကြီးပါ.. မသိတော့ဘူးထင်ပ"
"သိပါတယ်ဘုရား၊ အဲဒါ အရှင်ဘုရားလား"
"အိမ်း"
"တပည့်တော် ငယ်သေးလို့ သိပ်မမှတ်မိပေမယ့် အကြောင်းချင်းရာများကိုတော့ သိရှိနေဆဲပါဘုရား"
"မောင်ရင်လေးအပေါ်မှာ ဘုန်းဘုန်း အပြစ်ပြုမိခဲ့တာ ရှိသလို အကြွေးလည်း တင်နေတယ်။ ကျေးဇူးရှိသလို ရစရာလည်း ရှိသကွဲ့"
သူသည် ဟံသာဝတီမှ အဖြစ်ကို သတိရမိပြီး ပြုံးလျက်
"အရှင်ဘုရား တပည့်တော်ဓားကို ခြစ်ယူဦးမလို့လား ဘုရား"
"မယူပါဘူးကွယ်၊ ကျုပ် ယခင်က လမ်းလွဲလိုက်ပြီး စိတ်ပေါ့သွပ်သွားပေမယ့် အဲဒီသံနက်တွေ မြင်ပြီးနောက် တဖြည်းဖြည်း သတိဝင်လာတယ်။ သံရှင်တွေ သတ်ထားပုံကို လေ့လာရင်း ထွက်ရပ်လမ်းမှာ ကျုပ် ဘာမှားခဲ့တယ် ဆိုတာ မြင်လာတယ်။ ဒါ့ကြောင့် မောင်ရင်လေးကျေးဇူးရှိတယ် ပြောတာ"
"အကြွေးကရော ဘာပါလဲ ဘုရား"
"အိမ်း.. ငယ်ငယ်က လူကောင်းတစ်ယောက်ကို ဖျက်ဆီးလိုက်သလို ဖြစ်သွားတယ်။ ကျုပ်ဆေးကြောင့် မောင့်မှာ အစွမ်းတွေ တိုးလာတာနဲ့အမျှ အကုသိုလ်တွေလည်း မနည်းမနော ရခဲ့တယ်။ အပါယ်လားမှာ သိလျက်ကယ်နဲ့ လုပ်ဝံ့တဲ့ သတ္တိထူးတွေ ရှိလာအောင် ယုံကြည်မှု ပြည့်ခဲ့တယ် မဟုတ်လားကွဲ့"
"ခင်ဗျာ"
"မကြာခင်မှာ မောင်ရင်လေးလည်း ပြန်ရတော့မယ်။ ဒါ့ကြောင့် အချိန်မီ လေးနေတဲ့ ဆေးတွေကို ပြန်ယူမယ် ပြောခဲ့တာ။ ကဲ.. ထ ထ"
ဘာ့ကြောင့်မှန်း မသိဘဲ လက်ျာဘီလူး ထ၍ တစ်ဘက်လှည့်ပေးလိုက်ရ၏ ။ မထေရ်ကြီးက သူ့မိန်ညိုကို ချွတ်စေလျက် သပိတ်ထဲမှ ပစ္စည်းအချို့ကို ထုတ်နေသည်။ လခြမ်းပုံ သတ္ထုပြားတစ်ချပ်တွင် လက်ကိုင်နှစ်ဘက် တပ်ထားပြီး ခုံးနေသော အသွားဘက်ကို ဆေးအဆီများ သုတ်လိမ်းကာ
"မောင့်ဆီက အထိန်းဆေး ပြန်ယူသွားရမကွဲ့။ ဒါမှ မောင်လည်း ပြန်လိုတဲ့ဆီ ရောက်တော့မယ်"
သူသည် အူကြောင်ကြောင်ဖြင့် ကျောကို ကုန်းပေးထားရပြီး ဘုန်းတော်ကြီးက ခုံးနေသည့် အသွားဖြင့် ကျောမှ ဘီလူးပုံကို စတင်ခြစ်လိုက်သည်။ ပူရှိန်းသော ခံစားမှုနှင့်အတူ ခြစ်နေသည့် အသံမှာ ဟိန်းသံမျိုး ထွက်နေသည်ဟု ထင်လိုက်မိ၏ ။ သို့ရာတွင် မငြင်းဆန်နိုင်ဘဲ မထေရ်ကြီး ပြုသမျှ ကျောစင်းခံနေမိလေသည်။
ကျောတစ်ပြင်လုံး အနီစင်းကြီးများနှင့် ရဲတွတ်နေချိန်၌ လခြမ်းပုံ သတ္တုပြားတွင် အံ့သြစရာကောင်းလောက်အောင် အောက်ခံမင်မည်းမည်းများ ပါသွားကြောင်း တွေ့လိုက်ရသည်။ ယိုးဒယားမှ မင်းဆရာတော် ထိုးပေးလိုက်သည့် ဆေးများကတော့ ကျောပြင်မှာ ပကတိ မပျက်မကွက်။
"အရှင်ဘုရား အထိန်းတော် ပြန်ယူသွားပြီ ဆိုတော့ တပည့်တော် ထိန်းမရအောင် ဆိုးဦးမှာလားဘုရား"
သပိတ်ထဲ ပစ္စည်းများ စီထည့်နေသည့် ဘုန်းတော်ကြီးအို ပြုံးလိုက်သည်။
"ဆိုးချိန် မရတော့ပါဘူးကွယ်"
သူ သေတော့မည်ဟု ဆိုလိုကြောင်း သိလိုက်၏ ။ ထို့ကြောင့် မေးစရာ မရှိတော့။ ပစ္စည်းများ သိမ်းဆည်းပြီးသောအခါ ဆရာတော်က
"ဒုက္ခတိဘုံသား ၇၀၀၀ ကျော်တို့.."
ဆိုကာ သပိတ်ဖုံးကို မပိတ်သေးဘဲ ဟထား၏ ။ သူကတော့ ဘာမှ မမြင်၊ မသိဘဲ ထိုင်ကြည့်နေသည်။ ငေးကြည့်နေသော သူ့အား
"မောင်ရင်လောင်း အသိမိတ်ဆွေ မွန်မကလေး တစ်ယောက်တော့ အလုံကိုသွားနေပြီ သိရဲ့လား"
"ဗျာ.. ကျွန်တော် မသိပါလား"
သူသည် ဒဂုံမြို့မှ အလုံရပ်ကို ပြောသည်ဟု ထင်နေ၏ ။ ထို့ကြောင့် ရဟန်းအိုကြီးက
"တို့တွေရဲ့ အဦးဆုံးစခန်းက ပြည်ဆံတော်ရှင် ဆိုရင် လမ်းဆုံးမြို့က အလုံပဲကွဲ့"
"သြော်"
သည်မျှ ပြောသည့်တိုင် သူကတော့ နားဝေးနေဆဲ။ ရဟန်းအိုကြီးကိုလည်း ထွက်ရပ်ပေါက် ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း မရိပ်မိလေ။
"သူကလေးက အရှင်ဟောင်းကို ပြန်လုပ်ကြံပြီး ပြေးနေတာပဲ။ ဒါတွေ မောင်ရင်လေး မသိတာလည်း ကောင်းပါတယ်။ နောင်လည်း မရှာပါနဲ့တော့။ ဘုန်းကြီး စောင့်ရှောက်ထားလိုက်ပါ့မယ်.. သူ အေးချမ်းသွားမှာပါ"
မိစောမွန်ကို ပြောနေခြင်းဖြစ်၍ သူ ကျေနပ်သွားကာ ပရိက္ခရာလွယ်လျက် ရပ်နေသည့် ဆရာတော်၏ ခြေအစုံကို ဦးချလိုက်၏ ။ ဆရာတော်က ဆုပေးပြီး သူ့ကို ကျောခိုင်းလိုက်သည်။
"မောင်ရင်လေး ဘုန်းကြီးပါစေ၊ လိုသောဘဝ ရပါစေ၊ မြင့်မြတ်ရာ ဘုံဌာနသို့ တက်လှမ်းနိုင်ပါစေကွယ်"
မထေရ်အိုကြီး ဇရပ်မှ ထွက်ခွာကြွမြန်းသွားပြီးနောက် သူလည်း မြို့တွင်းဝင်ရန် ဓားကို လက်လှမ်းလိုက်ရာ ဓားနက်သည် ထောင်ထားရာမှ လဲကျလျက် အိမ်မှ အပြင်သို့ ရောက်နေသည်ကို တွေ့ရ၏ ။ သူသည် ဓားကို အိမ်ထဲ ပြန်ထည့်မည်အပြု ဓားသွားမှာ ခိုပြာရောင် ဝင်းလက်သွားသဖြင့် မကြုံစဖူးဖြစ်၍ ထောင်ကြည့်လိုက်မိသည်။
သွေးများဖြင့် မည်းနက် ခြောက်ကပ်နေခဲ့မြဲဖြစ်သော ဓားမွဲကြီးမှာ ယခုအခါ မည်သည့်သွေးမျှ မတင်ဖူးဟန် ဝင်းလဲ့ပြာစင်လျက် နေရောင်တွင် တလက်လက်ဖြင့် အစွမ်းကုန် တောက်ပနေလေ၏ ။
Written by သင်္ခရာဇာ
End date: July 3, 2022