ငကံသည် အဘွားအိုတစ်ဦးကို တောင်းနှင့် ထည့်ကာ သူ့ထံ လာနေ၏ ။ ဘာအကြောင်းများ ထူးလာပါလိမ့်ဟု မြော်တွေးနေစဉ်ပင် သူ့ရှေ့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာကြလျက်...
သူ အံ့အားသင့်စွာပင် ကြည့်နေစဉ် ကြောက်ရွံ့တုန်လှုပ်လျက် စကားပင် မပြောနိုင်ရှာသော အဘွားအိုအား ငကံက လှည့်၍ ခြိမ်းခြောက်လိုက်သေးသည်။
"အမယ်ကြီး.. အဲဒီမှာ အမယ်ကြီး ပြောနေတဲ့ ဘီလူးမင်းကြီးလေ၊ အခု အမယ်ကြီး ရောက်နေတာ သုံ့ပန်းတွေ ဖမ်းမိရင် သတ်စားကြတယ် ဆိုတဲ့ ဘီလူးတပ်ကြီးပေါ့ဗျာ။ လူယောင်ဆောင်နေကြတာပေါ့.. ဟင်းဟင်း"
အဘွားအိုမှာ အလွန် ကြောက်လန့်၍ မည်သူ့ကို တောင်းပန်ရမှန်းမသိ၊ မြင်မြင်သမျှ ဦးချ ကန်တော့၍ အသက်ကို လွှတ်ပါမည့်အကြောင်း ဝပ်တွားတိုးလျှုိးတော့မည့်ဟန် ပေါက်နေပြီ။ ယခုပင် အရှင်လတ်လတ် သတ်စားခံရတော့မလောက်လည်း ကြောက်နေရှာသည်။
သူက သနားလည်း သနား၊ ရယ်လည်း ရယ်ချင်သော်လည်း အခြေအနေအရ ခပ်တည်တည်သာ စိုက်ကြည့်နေလိုက်သည်။ အဘွားအိုမှာ အသံမထွက်တော့ဘဲ လက်ကာကာ ခြေကာကာနှင့်။ သူက သူ့လူတွေ၏ မျက်နှာများကို ဝေ့ကြည့်လိုက်သည်။ အားလုံး ခပ်တည်တည်ပဲ ဖြစ်၏ ။ တချို့က စိတ်ဝင်စားစွာ ထ လာကြသည်။ ထိုသို့ သူ့လူတွေကို ကြည့်လိုက်တာရော၊ သူ့လူတွေက ထ လာကြတာရောသည် အဘွားအိုအတွက်တော့ သွေးပျက်စဖွယ်၊ ခြောက်ခြားနေရှာရော့မည်။
"အဘွားက ဘယ်လိုတွေ ပြောလဲ၊ သေသေချာချာ ပြောပြစမ်းပါဦး"
မထင်မှတ်သော ညင်သာနူးညံ့သည့် စကားသံကြောင့် အဘွားကြီး အံ့သြသွားသည်။ သူ့စိတ်ထဲမှာ လက်ျာဘီလူးက မင်းသားအသွင်ပျောက်ပြီး ဂရီး ဂရား မာန်ဖီလျက် ချက်ချင်း ခုန်အုပ်ကိုက်ဖြဲတော့မယောင် ထင်မှတ်နေပုံ ရသည်။ ယခု မူလပုံသွင် မပျောက်ဘဲ လူလို စကားပြောသည်ဆိုတော့ အခြေနေ ကောင်းနိုင်သေးသည်ဟူ၍ စိတ်သက်သာရာ ရသွားပုံ ပေါ်နေ၏ ။
"ဟို.. ဟို... ကျွန်မ... ဟိုသင်း"
ဘယ်က စ ပြောရမည်မသိ ဖြစ်နေသဖြင့် လက်ကာပြပြီး ငကံကိုသာ အကြောင်းစုံ မေးလိုက်သည်။
ယနေ့သည် ငကံ ရွာထဲသွား၍ ဟင်းစားဝယ်ရမည့် အလှည့် ဖြစ်သည်။ ထို့ကြောင့် တပ်သား ၂ ဦးနှင့်အတူ အနီးဆုံး ရွာကလေးသို့ အိတ်ခွံများ၊ ပုဆိုးများ ယူဆောင်လျက် ထွက်လာကြသည်။ တပ်သားများက တောင်းတစ်လုံးကို ဝါးလျှုိ ထမ်းလာသည်။
ရွာထဲရောက်သောအခါ အထက်အရပ်မှပင် လာသည့် အဘွားအိုတစ်ဦးလည်း အရောင်းအဝယ်ပြုရန် ရောက်နေသည်ကို တွေ့ရ၏ ။ အင်းဝ ဟံသာဝတီ စစ်ပွဲများသတင်းကို ရပ်ရွာက မေးမြန်းစုံစမ်း သတင်းလှယ်ကြရင်း သူတို့ရွာအနီး တပ်စွဲနေသည့် ကုန်းဘောင်တပ်များအကြောင်း ရောက်သွားကြသည်။ ငကံတို့ကို လက်ျာဘီလူးတပ်မှ တပ်သားများဟု မသိကြဘဲ အဘွားအိုက သူကြားဖူးသည့် ဘီလူးတပ်ကြီးသတင်းကို အားပါးတရ ဖောက်သည်ချနေရာ သူ့အနီးတွင် လူများ ဝိုင်းအုံလျက် ရှိပေပြီ။
ငကံသည် အစ၌ သူတို့အကြောင်း ပြောနေသည်ဟု မသိ။ ဇာတ်တော် ဇာတကများ ပြောနေသည်သာ ထင်၍ ဂရုမထားမိ။ တပ်သားတစ်ဦးက လက်ကုပ်နားစွင့်ခိုင်းမှသာ ကိုယ့်အကြောင်းကိုယ် အံ့သြတကြီး သိလာရလေသည်။
အဘွားအို၏ အဆိုအရ ရွှေဘိုတပ်များ၌ အလွန်ရက်စက် ကြမ်းကြုတ်သော သားရဲဘီလူးတပ်ကြီးတစ်တပ် လျှုိ့ဝှက်စွာ ပါလာသည် ဟူ၏ ။ စစ်ပွဲများ၌ အခက်ကြုံလာလျင် ထိုဘီလူးတပ်ကြီးကို လွှတ်ပေးလိုက်သည်တဲ့။ ထိုအခါ ဘီလူးများက မွန်တပ်တွင်း ဝင်လျက် ဇွတ်ရောအတင်းပါ ထိုးခုတ်ကိုက်ခဲကြတော့သတဲ့။ ငကံတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြသည်။ တစ်ဦးက ရယ်ချင်လျက် တစ်ဦးက တင်းမာလာသည်။ ငကံကတော့ အံ့သြနေမြဲ။
၎င်းတို့သည် ရရာလူများကို သုံ့ပန်းဖမ်းလျက် လက်ရများကိုသာ ရှင်ဘုရင်ထံ အပ်ပြီး သုံ့လူများကိုမူ ရာဇဝတ်သားဟူ၍ ဖမ်းထားလိုက်ကြသည် ဆို၏ ။ ထို့နောက် ညအခါ ရောက်လျင် သူတို့တပ်တွင်းမှ အော်ဟစ်ဆူညံ ငရဲပွက်သံများ ကြားရ၍ နံနက်လင်းသော် ရမိသူများ ပျောက်ချင်းမလှ ပျောက်ကုန်ကြသတဲ့။ ငကံ မျက်လုံးကြီးများ ပြူးလာပြီး အဘွားအိုအား ကြည့်နေပြီ။
သို့သော် သူ ဆက်နားထောင်ပါ၏ ။ အဘွားအိုကလည်း ပြောရင်း အားပါလာသည့်အလား ရောင်းရန်ပစ္စည်းများကို ဘေးချလျက် ဒူးတစ်ဖက် ထောင်လိုက်ကာ ပြောင်းဖူးဖက်လိပ်ကြီး တစ်တောင်ခန့်ကို ဖွာ၍ဖွာ၍ အာပေါင်အာရင်းသန်သန် ပြောနေလေသတတ်။
ထိုဘီလူးများ လူသားစားသည့်အတွက် အလောင်းမင်းကြီး တပ်များသည် သူတို့အဖို့ ရိက္ခာရှာဖွေရန်နှင့် ဝယ်ယူစုဆောင်းရန်ပင်မလို။ အထူးလျှုိ့ဝှက်စွာ ထားနိုင်သတဲ့။ 'သာ့ကြောင့် ငါတို့ကို ဘီလူးတပ်သားဟု မထင်ဘဲ ဤမျှ ပြောရဲဆိုရဲနေခြင်း ဖြစ်သည်' ဟု အဓိပ္ပါယ်ဆောင်သော အကြည့်ဖြင့် ကြည့်ရင်း ငကံတို့ တဦးနှင့်တစ်ဦး ခေါင်းဆတ်ပြမိကြသည်။
ထိုတပ်များ၏ အကြီးအကဲကား မွေးကတည်းက ဘီလူးလေး မွေးလာသည့် မလည်အရပ်မှ ဖြစ်ကြောင်း၊ ကြီးသောအခါ အလွန်ဆိုးသွမ်း၍ မနိုင်သောကြောင့် ဦးအောင်ဇေယျကိုယ်တော်တိုင် လာခေါ် ထိန်းသိမ်းမှ ရကြောင်း၊ ယခင်ဘဝက ဝေဿဝန် နတ်မင်းကြီး၏ သားတော် နတ်ဘီလူးငါးဖော်အနက် အငယ်ဆုံး အထွေးဆုံးနှင့် အကြမ်းရမ်းဆုံး နတ်ဘီလူး ဖြစ်ကြောင်း၊ ကုန်းဘောင် နိုင်ငံတော်ကြီး ထူထောင်ရန် ဘုန်းရှင် ကံရှင် အလောင်းမင်းကြီးအား ကူညီရန် မိတ်ဆွေ တော်စပ်ခဲ့ဖူးသည့် နတ်မင်းကြီးက လွှတ်လိုက်ခြင်း ဖြစ်ကြောင်း၊ ညီအစ်ကို ဘီလူးလေးဖော် အစဉ်ပါလျက် စောင့်ရှောက်နေကြောင်းလည်း ပြော၏ ။
ပရိသတ်ကား ငြိမ်လှစွာ၏ ။ မငြိမ်နိုင်သူမှာ ငကံ၊ သူ့ကို မဟုတ်တမ်းတရား ပြောက ခံနိုင်သည်။ သူတို့ တပ်ကို ကြောက်လန့် ရွံ့မုန်းသဖြင့် စော်ကားက ခံသာသေးသည်။ ယခု အရပ်သားများအပေါ် မည်သည့် အပြစ်မှ မလုပ်သော၊ မဆိုင်သူများကို လုံးဝ မထိခိုက်စေရဟု တင်းကြပ်လှသော သူတို့တပ်မှူးကိုမှ လူသားစား ဘီလူးကြီးဟု ဆိုနေသည်။ မည်သို့ လုပ်ရမည်နည်း။
အဘွားအိုကတော့ အုန်းမှုတ်ခွက်ဖြင့် ရေခပ်သောက်ပြီး၍ ထိုဘီလူးတပ်မင်းကြီး စွမ်းပုံ၊ ရမ်းပုံ၊ မွှေပုံ၊ အလောင်းမင်းတရားကြီးပင် တစ်ခါတစ်ရံ မနိုင်ဟု ကြားရပုံတို့ကို ဆက်ပြောနေရာ ငကံက တပ်သားနှစ်ဦးကို မျက်ရိပ်ပြလိုက်ပြီး လူခွဲစေကာ အဘွားအိုကို မင်းမိန့်ဖြင့် ဖမ်းခေါ်လာခဲ့သည်။
အဘွားအိုမှာ အစက ဘာကြောင့်ဖမ်းသည်မသိ၊ ရဲမက်တွေဟု သိသောအခါ စစ်သတင်း လျှုိ့ဝှက်ချက်များ ပေါက်ကြားသဖြင့် ဖမ်းသည်ဟု ထင်ပြီး တုန်လှုပ်သွားသည်။ လမ်းကျမှ သူတို့က ဘီလူးတပ်သားများ ဖြစ်ကြောင်း ပြောလိုက်ရာ ဆက်ပင် မလျှောက်နိုင်တော့ဘဲ ပုံလဲသွားလေသည်။
သူတို့ကိုလည်း ရှိခိုးတောင်းပန်၏ ။ ဘာတွေရွတ်မှန်းမသိ ရွတ်နေသေးသည်။ ဂုဏ်တော်လည်းဆို၊ သရဏဂုံလည်းပါ၊ အမျှပင် ဝေလိုက်ချေသေးသည်။ သူတို့ကလည်း မတ်မတ်မျှ မရပ်နိုင်အောင် ဒူးတုန်နေသည့် အဘွားအိုအား တောင်းထဲထည့်လျက် ဘေးမှ ဟင်းလျာထုပ်များ စီကာ တပ်သား ၂ ဦး ထမ်းခဲ့ကြသည်။ လေးသော အသားငါးများကို ငကံက ထမ်းလာ၏ ။
လက်ျာဘီလူးသည် သူတို့အား ကြည့်လျက် မည်သို့ ပြောရမည်မသိ၊ ချက်ချင်းပင် အကြံရလာသောကြောင့်..
"ငါတို့ ဟင်းစား ပြတ်လပ်နေလို့ မင့်ကို ရှာခိုင်းလိုက်တာ၊ ကျုံလှီချည့်နဲ့နေတဲ့ အမယ်အိုကြီး ဖမ်းလာပြီး ဘာလုပ်လို့ ရမှာတုန်း"
ပါးနပ်သော ငကံက သူ့တပ်မှူး၏ နှလုံးကို သဘောပေါက်သည်။ အမယ်ကြီးကိုလည်း အကြောက်ပြေအောင်၊ သူပြောသည့်အတိုင်းလည်း ဝင်အောင်၊ အကြံတစ်စုံတစ်ရာရှိသည်ဖြစ်၍ ဆက်လုပ်နိုင်အောင် ထိုသို့ဆိုသည်ကို သိလိုက်၏ ။ တပ်မှူးက ဆက်ပြောသည်။
"ဒီအဘွားကို ညမမှောင်ခင် ပြန်ပို့လိုက်၊ ကျွဲတွေ
နွားတွေ ရရင်သာ ဖမ်းခဲ့။ မရရင်လည်း တောထဲဝင်၊ ပြောင် ကျား ကျားသစ် ရရာသာ ဆွဲခဲ့ကွာ။ ငါ့ကောင်တွေ မငတ်ဖို့ အရေးကြီးတယ်"
မျက်လုံး ကလယ် ကလယ်နှင့် အဘွားကြီးသည် သူ့အား ပြန်လွှတ်မည်ဆို၍ စိတ်လျှော့လိုက်ဟန် ပေါက်သော်လည်း သူတို့ ပြောသည်များကို ပြူးကြောင်လျက် ကြည့်နေတုန်းပင် ရှိသေးသည်။ တပ်မှူးက ဆက်ခြောက်၏ ။
"မွန်တွေနဲ့ တွေ့ရမှာလည်း ဝေးသေးတယ်၊ ဒီကြားထဲ ရိက္ခာပြတ်သွားရင် အကုန် ဒုက္ခရောက်ကုန်လိမ့်မယ်။ ငါတို့သတင်းတွေ ပေါက်ကြားကုန်ရင်လည်း မကောင်းဘူး၊ ဒီတော့ သည်အဘွားကို လမ်းစရိတ် လုံလုံလောက်လောက် ပေးပြီး ဒီအရပ်က နှင်လိုက်ကွာ။ ငါတို့ မြန်မာနယ်နိမိတ် အစွန်ထိ တစ်ယောက်ယောက်ကို လိုက်ပို့ခိုင်းလိုက်။ ပြည်ဘက်ကို ခြေဦးမှ လှည့်မလာစေနဲ့ လို့။ မွန်ပြည်မှာ ၆ လ တစ်နှစ် နေလိုက်ဦး လို့၊ အဘွား ကြားရဲ့လား"
"ကြား.. ကြားပါတယ် အရှင်"
သူက သူ့လူများကို လှည့်ကြည့်ပြီး မျက်လုံးပြူးပြ အချက်ပေး၍
"ဟေ့.. ဟင်းစားထုပ်တွေ လာယူကြလေကွာ"
ဟု အော်လိုက်သည်။ အခြေအနေကို ကြောင်ကြည့်နေကြသော တပ်သားများက သဘောပေါက်လျက် ချက်ချင်း ဘီလူးသဘက်ဟန် ကြမ်းတမ်းစွာ ခြေဆောင့်နင်းလာသူ လာ၊ ကုန်းကုန်းကွကွပြုသူ ပြုဖြင့် အထုပ်များကို သယ်ဆောင်သွားကြသည်။ အဘွားအိုကိုလည်း စားတော့ ဝါးတော့မတတ် ကြည့်သွားကြသေးသည်။
တစ်ဖက်လှည့်၍ ပြုံးသူ၊ ကွယ်ရာရောက်မှ ရယ်ကြသူများလည်း ရှိ၏ ။ မည်သည့်အတွက် တပ်မှူးက ထူးထူးဆန်းဆန်း ခြိမ်းခြောက်ကြိမ်းဝါးနေသည်ကိုမူ မသိ။ အဓိပ္ပါယ်မဲ့ မဟုတ်တန်ရာ ဟုသာ သဘောပိုက်ကြလျက် သူ ဆင်သည့်အတိုင်း က လိုက်ကြသည်။
"ဒါနဲ့ အဘွားကို ကျုပ်အကြောင်းတွေ ဘယ်သူက
ပြောသလဲ"
လက်ျာဘီလူး လှမ်းမေးလိုက်သဖြင့် တပ်သားများကို ကျီးကန်းတောင်းမှောက် ကြည့်နေသော အဘွားအိုက ထိတ်ထိတ်ပျာပျာပင်
"အဘွား ကြားဖူးတာတွေနဲ့ ဘုန်းဘုန်းတို့ ကပ္ပိယကြီးတို့ ပြောတာတွေကို ပေါင်းပြီး ပြော.. ပြောမိပါတယ်"
"အင်း.. ခက်တာပဲ"
လက်ျာဘီလူး စဉ်းစားနေသည်။ ထို့နောက်
"နေစမ်းပါဦး၊ ဘီလူးတပ်က သုံ့ဖမ်းပြီး စားတယ် ဆိုတာကတော့ ဘယ်သူမှ ပြောတာ မဖြစ်နိုင်ဘူး။ အမယ်ကြီး.. မှန်မှန်ပြောပါ၊ ဒါ အမယ်ကြီးဘာသာ ထွင်ပြောတာ မဟုတ်လား"
အဘွားအိုမှာ မဖြေရဲ၊ လက်ျာဘီလူးက ကြိမ်းလိုက်၏ ။
"မှန်တာပဲ ပြောပါ၊ ကျုပ်ကို ညာလို့ မရဘူး။ ညာတာနဲ့ ကျုပ်က သိပြီးသားပဲ"
"ဟုတ်.. ဟုတ်ပါတယ်၊ ပြောမိပါတယ်။ မသတ်ပါနဲ့ အရှင်ကြီးရယ်။ ခွင့်လွှတ်ပေးပါ။ နောက် မပြောတော့ပါဘူး"
သူ လိုချင်သည်မှာ ဤအချက်ပင် ဖြစ်သည်။ ယခု သူ တွက်ဆသည့်အတိုင်း ဖြစ်လာပြီ။ ယခုမှ နံနက်ပိုင်းသာ ရှိသေးသည်။ နေမွန်းမတိမ်းသေး၊ ထို့ကြောင့် အဘွားအိုကို မြင်သာသည့် နေရာတွင် ခေတ္တ ထိန်းသိမ်းထားခိုင်းပြီး သူတို့ ရဲမက်များကို အစွမ်းပြစေသည်။ အချို့က သစ်ခေါက်များကို လက်နှင့် ခွာပြ၏ ။ အချို့ကို ပြင်းထန်စွာ တိုက်ခိုက်ကြစေ၏ ။ လက်နက်ချင်း ထိခတ်သံ၊ ကျုံးဝါးသံများ ကျယ်လောင်စွာ ပြုခိုင်း၏ ။
သူတို့ စားသောက်ချိန်တွင်မူ အဘွားအိုအား အခြားတပ်သို့ ပို့ကာ ထမင်းကျွေးစေသည်။ ထို့နောက် ဘီလူးတပ်ထဲ ပြန်ခေါ်လာ၏ ။ ထူးထူးခြားခြား တပ်မှူးကိုယ်တိုင် စစ်ဝတ်စစ်စား အပြည့်အစုံ၊ မြင်းနီကျော်ကို သံချပ်ကကြိုးအစုံ၊ ရဲမက်များကိုလည်း တိုက်ပွဲဝင်မည့်ဟန် ဝတ်စုံပြည့် ဆင်ယင်ကြစေ၏ ။ သူတို့တပ်သည် ဤသို့ပင် အထူးအဆန်း ပြုလေ့ရှိသည်ဖြစ်၍ အခြားတပ်များက မသိကျိုးကျွံ ရှိကြသည်။
အနက်ရောင် စစ်သည်များ၊ ရွှေကကြိုးတန်ဆာ ကုန်းနှီးဆင်ထားသော မြင်းကြီး၊ အနက်ရောင်တွင် ရွှေရောင်အနားစပ်ထားသည့် တပ်မှူးဝတ်စုံနှင့် တည်ကြည်ခန့်ညားလှသော တပ်မှူး၊ ခုတ်တိုင်းပြတ်သည့် သူ၏ ဓားနက်ကြီး၊ ရပ်နေရာမှ စွေ့ခနဲ ခုန်နိုင်သော စစ်မြင်းကြီးများ၊ ထူးခြားစွာ လေ့ကျင့်တတ်သော သူတို့တပ်ကြီး စသည်တို့ကို အဘွားအိုအား ထောင့်တစ်နေရာမှ မြင်တွေ့သွားစေသည်။
ထို့နောက်မှ အဘွားအိုကို လိုက်ပို့ရန် တပ်သားတစ်ဦးအား အထူးတာဝန် ပေးလိုက်ပြီး မွန်နယ်စပ်အထိ ပို့ခဲ့ရန် မှာလိုက်သည်။ မည်သည့်စကားမျှ မပြောရန်၊ ဘာမေးမေး မဖြေရန်၊ သူထင်သည့်အတိုင်း ယုံကြည်စေရန် နေဟုလည်း သေသေချာချာ မှာသည်။ အဘွားအိုအတွက် ရွှေ ၁၂ ပြားကို အလောင်းမင်းတရားထံ သွားတောင်း၍ ထည့်ပေးလိုက်သေးသည်။
အဘွားအိုကိုလည်း မှာသည်။ မြန်မာပြည်ထဲ၌ တတ်နိုင်သမျှ နှုတ်လုံပါရန်၊ ထိုစကားများ နောက်ထပ် မဆိုရန်၊ မြန်မာပိုင်နက်အတွင်း မည်သည့်နေရာဖြစ်စေ သူ ချက်ချင်းရောက်နိုင်သည် ဟုလည်း ခြိမ်းခြောက်လိုက်သေးသည်။ အဘွားအိုမှာ ထူးဆန်းလှသော ဘီလူးတပ်မှူးအား အထပ်ထပ် အာမခံသွားသည်။
အဘွားအိုသွားမှ ငကံတို့က မေးသဖြင့် ရှင်းပြ၏ ။ ပရိယာယ် ပြုခြင်းမျှသာ ဖြစ်ကြောင်း၊ အဘွားအိုအား စိတ်ဆိုးရန် မရှိကြောင်း၊ အရပ်သား ကောလာဟလ ဆိုသည်မှာ ထိုသို့ပင် ဖြစ်ကြောင်း၊ အသုံးချတတ်ရန်သာ လိုကြောင်းများ ပြော၏ ။ 'သည်အဘွား နှုတ်လုံမယ် ထင်သလား' ဟု ပြန်မေးရာ အားလုံးက မထင်ကြောင်းသာ ဆိုကြသည်။
မကြာမီ မွန်ပြည်သို့ ချီရသည်။ ဗညား ဥပရာဇာ၏ ခံတပ်များ တည်ထားသည်ကို တိုက်ဖျက်ရမည်ဟု အမိန့်တော် ရောက်လာသည်။ ဗိုလ်မှူး မင်းကျော်တန်ဆောင်ကို ရံတပ် တည်စေလျက် လက်ျာဘီလူး တပ်ကမူ ဥပရာဇာ၏ သစ်လုံးတပ်အနီးသို့ တိုးကပ်သွားသည်။ သစ်လုံးတပ်ထိပ်ပြည့်မျှ ထွက်ကြည့်ကြ၏ ။
တပ်ထိပ်မှ "ဘီလူးတပ်၊ ဘီလူးတပ်၊ အဲဒါ ဘီလူးတပ်တွေ" ဟူသော အသံကို မွန်စကား နားလည်သူတစ်ဦးက ပြန်ပြောပြသောအခါ တပ်မှူး နှစ်နှစ်ခြိုက်ခြိုက် ပြုံးသည်ကို ငကံ တွေ့လိုက်ရသည်။ ရန်သူ့တပ်များကို သေနတ်တစ်ကမ်းအကွာမှ လှည့်လည်ကြည့်ရှုကြရာ ရန်သူတို့က သေနတ် အမြောက်များဖြင့် ပစ်ခတ်ကြသော်လည်း လက်ျာဘီလူးက အသွားအလာ မပျက်စေရ၊ ပြကတေ့ သွားမြဲ သွားလာကြစေ၏ ။
အမြောက်ဆံများ နံဘေးမှ ဖြတ်သွားသည်ကို ကြည့်နေကြသော၊ ရှောင်ရုံ ကာရုံမျှသာ ပြုကြလျက် အေးဆေး တည်ငြိမ်လွန်းသော အနက်ရောင်တပ်သားများကို မြင်ကြသောအခါ ရန်သူတို့စိတ်ဝယ် အကယ်ပင် ကောလာဟလများ မှန်လောက်သည်ဟု ထင်မြင်သွားခဲ့ကြပြီ။
စစ်ပြင်ပြီး၍ တိုက်ကြသောအခါ လက်ျာဘီလူးတပ်များ
ရှေ့ဖျားဝင်၍ ရွပ်ရွပ်ချွံချွံ တိုက်သည်။ မူလကပင် အသက်ကို ဖက်ရွက်မျှ တန်ဖိုးမထားတတ်ကြသော မုဆိုးဖိုတပ်များသည် ရှေ့ဓားကို ဓားမမှတ်၊ ရန်သူကို မြက်သစ်ရွက်အလား ထင်မှတ်၍ ဘီလူးဆိုင်းတီး တရကြမ်းဝင်ကြသောအခါ ကြောက်ရင်းစွဲရှိသော မဟာဥပရာဇာ၏ ရဲမက်တော်များသည် သုံ့ပန်းဖမ်းခံရမည်ကို သေမည်ထက် ကြောက်ကြ၍ အနည်းငယ်မျှသာ ခံတိုက်ကြပြီးလျင် ဓားမိုးထားသည့်ကြားမှ အလုအယက် နောက်ကြောင်းပြန်လှည့် ပြေးကြလေတော့သတည်း။
Written by သင်္ခရာဇာEnd date: February 15, 2022
No comments:
Post a Comment