မောင်စံ လိုက်ခဲ့ချေ ဟု ဆိုသဖြင့် ဆရာတော်၏ ထီး ဖိနပ်ကို ကိုင်လျက် နောက်မှ လိုက်ခဲ့ရသည်။ အရပ်တစ်ပါးသို့ ကြွသွားကြွလာ နည်းပါးလှသော သူ၏ ဘဘုန်းအား ဓမ္မဝိဟာရကျောင်း တရားသဘင်သို့ မဖြစ်မနေ ကြွရောက်ပါရန် ပင့်ဖိတ်ချက်အရ ဆယ့်နှစ်နှစ်သား ငစံသည်လည်း နောက်တော်ပါးမှ လိုက်ခဲ့ရ၏ ။
အရှေ့ ကေလာသတောင်တော်ဝယ် အနီးဝန်းကျင်မှ သုဓမ္မာ ဆရာတော်များ တရားသဘင် ဆင်ယင်ကျင်းပလျက် ရှိ၍ အတန်တန် ပင့်ဖိတ်သဖြင့်သာ လာခဲ့ရသည်၊ သူ၏ ဘဘုန်းမှာ ပင့်ဖိတ်မှုကို ယခင် နှစ်ကြိမ်တိတိ ငြင်းပယ်ခဲ့ကြောင်း ငစံငယ် သိပြီး ဖြစ်၏ ။
တောင်ပေါ် ရှိ တရားသဘင် ဇရပ်ကြီးသို့ ရောက်သောအခါ ဘဘုန်းသည် ပလ္လင်ထက်မှ ဘုရားရုပ်ပွားတော်အား ရှိခိုးဦးချပြီးနောက် သံဃာစင်နှင့် အဝေးဆုံး ထောင့်တစ်ခု၌ ကွမ်းအစ်ကို ချလျက် သီတင်းသုံးနေတော်မူရာ ငစံသည် အနီးနားတွင် လုပ်ကျွေးပြုစုနေလေသည်။ ထိုအခိုက် ခေါင်းပေါင်းနှင့် လူတစ်ဦးသည် ဆရာတော်ဘုရားအနီး ချည်းကပ်လာပြီး
"ဓမ္မဝိဟာရကျောင်း ဆရာတော်က ခင်ကြီးအား ပင့်ဖိတ်ခိုင်းလိုက်ပါသည်ဘုရား"
ဟု လျှောက်ထား၏ ။ ဘဘုန်းက ကွမ်းညှပ်နေရင်း ခေါင်းညိတ်ပြသည်။ ထို့နောက် ကွမ်းယာ ငုံလိုက်ပြီး ထသွားသဖြင့် ငစံလည်း ကွမ်းအစ်ကို သိမ်းဆည်း၍ သံဃာစင်အနီး၌ သွားထိုင်နေ၏ ။
သံဃာစင်ပေါ်မှ ဆရာတော်အချို့က ဆီးကြိုနှုတ်ဆက်ကြပြီး အချို့မှာမူ မျက်လွှာချကာ ကွမ်းယာနေကြသည်။ အချို့သည် ဘဘုန်းကို အကဲခတ်နေကြပြီး တစ်ပါးနှစ်ပါးသည်သာ မသိကျိုးကျွံပြုနေကြသည်ကို တွေ့ရလေ၏ ။
ထို့နောက် ဆရာတော်တစ်ပါးက စတင်ကာ
"မလည် မင်းကျောင်း ဆရာတော်သည် ကျမ်းဂန်ကျေညက် စာတတ်လှသည် ကျော်သောကြောင့် တပည့်တော်များ ဖူးတွေ့လို၍ ပင့်ဖိတ်ရခြင်း ဖြစ်ပါသည်"
ဟု ဆိုလာသည်။ ဘဘုန်းက
"တပည့်တော်မှာ တောကျောင်းဘုန်းကြီးသာ ဖြစ်သဖြင့် အရှင်ဘုရားတို့အလို မပြည့်မည်ကို စိုးရွံ့မိပါသည်ဘုရား"
အခြား ဆရာတော်တစ်ပါးက ကွမ်းညှပ်ကို ချလိုက်ရင်း
"ခင်ကြီးကို အဘိဓမ္မာနှင့် စပ်လျဉ်း၍ အနည်းငယ် မေးလိုသည်။ ဖြေဝံ့မည်လား"
ဘဘုန်း မည်သို့မျှ မဆို။ ယင်းဆရာတော်ကလည်း အဖြေမစောင့်ဘဲ အဘိဓမ္မာ ယမိုက်ကျမ်းနှင့် ပတ်သက်သည်တို့ကို မေးမြန်းလေ၏ ။ ဘဘုန်းက ခေတ္တ တုံ့ဆိုင်းနေပြီးမှ လွယ်ကူရှင်းလင်းသော စကားနှင့် ဖြေဆိုတော်မူသည်။
ဘဘုန်း ဖြေပြီးသောအခါ သုဓမ္မာ ဆရာတော်များ အတန်ကြာ ငြိမ်သက်နေကြ၏ ။ နောက်မှ
"တပည့်တော်လည်း အဋ္ဌကထာ အယူအဆတချို့ကို မရှင်းလင်းပါ၍ အရှင်ဘုရားအား မေးမြန်းလျှောက်ထားခွင့်ပြုပါ"
ဟု ဆိုကာ မထေရ်တစ်ပါးက စူးစမ်း၏ ။ ထို့နောက် အခြား တစ်ပါးကလည်း ခက်ခဲသော ပါဠိအချို့ကို မည်သို့ အနက်ကောက်ယူသင့်ကြောင်း သိသာထင်ရှားအောင် ဖြေဆိုတော်မူပါဟု မေးပြန်သည်။ ထို့နောက်၊ ထို့နောက်..
ငစံငယ် လိုက်မမီနိုင်သော ပါဠိပါဌ်သား စကားများ၊ အဆုံးအဖြတ် အယူအဆများ၊ ပညာသားပါသော မေးခွန်းများစွာတို့သည် တရားသဘင် ဇရပ်ကြီးတွင်း ပေါ်ထွက်လာတော့သည်။ လာရောက်နာယူ လေ့လာကြသော ပရိသတ်များလည်း ပြည့်လာပြီ။ ဆရာတော်များက ဘဘုန်းဖြေပြီးတိုင်း သာဓုခေါ်တော်မူကြ၏ ။
ငစံသည် ဆရာတော် စာကြည့်တိုင်း အနီးမှ ပြုစုနင်းနှိပ်ပေးရလေ့ ရှိသဖြင့် အချို့ တရားများကို ဆရာတော်အနေနှင့် မကျေလည်ခြင်း၊ ဒွိဟဖြစ်ခြင်း စသည်တို့ ရှိကြောင်း သိထား၏ ။ ထို့ကြောင့် အခြားဆရာတော်များက မေးပြီးလျင် မိမိတို့ ဆရာတော်ကလည်း မရှင်းလင်းသည်များကို ပြန်လည်မေးမြန်းလိမ့်မည်ဟု ကလေးစိတ်နှင့် ယူဆထားလေသည်။
သို့သော် အခြားမထေရ်များ မေးမြန်းကြခြင်း ပြီးသောအခါ သူ၏ ဘဘုန်းသည် ခပ်မဆိတ်သာ ငြိမ်သက်နေသောကြောင့် အားမလိုအားမရ ဖြစ်မိ၏ ။ သူက ပုဂံခေတ် ဦးကျည်ပွေ့အကြောင်းလည်း ကြားဖူးထား၍ ပညာစမ်း မေးမြန်းခြင်း ပြီးသောအခါ ဦးကျည်ပွေ့က တစ်ခွန်းသာ ပြန်မေးသည်ကို မေးမြန်းသူ ဆရာတော်များ မဖြေနိုင် ဟူသည့် ဇာတ်လမ်းကိုလည်း သတိရမိသည်။
ထို့ကြောင့် မိမိတို့ ဆရာတော်၏ ပညာစွမ်းဖြင့် ထင်ရှားမည့်အရေးအား မျှော်လင့်နေရာ ယခုအခါ ဆရာတော်သည် နှုတ်ဆိတ်နေခဲ့ပြီး သံဃာစင်ပေါ်မှ ပြန်ဆင်းလာသည့်အတွက် သူ မကျေနပ်နိုင်ချေ။ အပြန်လမ်းတွင် ဘဘုန်းကို လျှောက်လေသည်။
"ဘုန်းဘုန်း.. ဘာဖြစ်လို့ ဆရာတော်တွေကို ပြန်မမေးခဲ့တာလဲ ဘုန်းဘုန်း၊ ဘဘုန်းသာ နှိုက်နှိုက်ချွတ်ချွတ် မေးရင် အဲဒီဆရာတော်ကြီးတွေ ဖြေနိုင်ပါ့မလား လို့"
ဘဘုန်းက သူ့ကို ငဲ့မကြည့်၊ ယပ်ကာလျက် ဆက်လျှောက်နေရင်းမှ
"ဘုန်းဘုန်းက ပြန်မေးလိုက်လို့ သူတို့ မဖြေနိုင်ခဲ့ရင် အဲဒီဆရာတော်ကြီးတွေ သိက္ခာကျ အရှက်ရကုန်ကြမှာပေါ့.. မောင်စံရဲ့၊ ဘယ်သူ့အတွက်မှ မကောင်းတာကို မလုပ်ရဘူးကွဲ့"
"အဲ့.."
ငစံငယ် ဘာပြောရမှန်းမသိ ဖြစ်သွား၏ ။ သူ ထိုသို့ မစဉ်းစားမိခဲ့ချေ။ မိမိတစ်ဘက်သာ မြင်တတ်ခဲ့ခြင်းကို ယခုမှ ရှက်နိုးမိလေသည်။
"တပည့်တော် အတွေးမှားသွားပါတယ်ဘုရား၊ တပည့်တော်က ဘဘုန်း ပညာတတ်ကြောင်း ထင်ရှား သိစေချင်လို့ပါ"
"သူတို့ မေးတာ ဖြေနိုင်ရင် သိကြမပေါ့၊ တကယ်တော့ မသိလေ ကောင်းလေပါ မောင်ကျောင်းသား။ ပညာဆိုတာ မိမိကိုယ်ကိုယ် အကျိုးရှိဖို့ သိုမှီးရတာကွဲ့၊ ကြွားဝါထင်ရှားလိုလို့ သင်တာဆိုရင် ရည်ရွယ်ချက် မှားသလို မဖြစ်ဘူးလား"
"တင်ပါ့"
"တရားဓမ္မကို အားထုတ်လိုတဲ့ ပုဂ္ဂိုလ်ဟာ ကိုယ့်အတွက်ကိုယ် အရင် လုပ်ရတယ်။ ကိုယ့်အတွက် စိတ်ချရပြီ ဆိုမှ သူတစ်ပါးအကျိုးကို ကြည့်သင့် ကြည့်ရတယ်။ ဒါ့ကြောင့် မိမိတရားရဖို့ပဲ အားစိုက်နေတဲ့ ဘုန်းဘုန်းတို့လည်း အတ္တကြီးသလို ဖြစ်နေကြမှာပဲ။ ဒါကိုမှ သူတစ်ပါး အကျိုးယုတ်စေခဲ့မိရင် ဘုန်းဘုန်းဆိုးလှချိမ့်မည် မောင်စံ.. မှတ်လော့"
"တင်ပါ.. တပည့်တော် သေသေချာချာ မှတ်သားထားပါ့မယ်ဘုရား"
"သာဓု.. သာဓု.. သာဓု"
ငစံက ရင်ကို ကော့၍ ပိုက်ထားသော ကွမ်းအစ်ကို မြှောက်လိုက်သည်။ ထမ်းလာသည့် ထန်းရွက်ထီးကိုလည်း လည်ကုတ်ပေါ် နေရာပြန်ချလိုက်၏ ။ ထိုနည်းတူ ဆရာတော် အရှင်သူမြတ်၏ ဆုံးမစကားနှင့် အသိတရားတစ်ခုကိုလည်း သူ့ရင်တွင်း၌ နှလုံးသွင်းထားလိုက်လေသည်။
Written by သင်္ခရာဇာ
End date: February 14, 2022
No comments:
Post a Comment