"ငါ ထွက်မယ်လုပ်တော့ အမိကလည်း မျက်ရည်လေး စမ်းစမ်းနဲ့၊ မိနှောက်လည်း ငါ့အတွက် ရက်လာတဲ့ ပုဆိုးသစ်လေး ပခုံးပေါ် တင်ပြီး ငိုလို့ ယိုလို့ပေါ့ကွာ"
"ငါ့လည်း ပေးပါတယ်ဟ၊ ပေးတာမှ ၂ ယောက်တောင် ပေးလို့ ဘယ်သူ့ကို လက်ကလေးဆုပ်ပြီး နှုတ်ဆက်ရမယ် မသိတာနဲ့ ဘာလက်မှ မကိုင်ခဲ့ရဘူး.. အဟေး"
"အပါ့ နပါ့ ငစွပ်ရယ်.. တစ်ယောက်ချင်း ချိန်းချက်မှပေါ့ကွဲ့။ မင့်ဟာက ခိုးလည်း စားချင်၊ ခြေနင်းကလည်း ကြမ်းချင်... ဘယ်ရမလဲ"
ဝါးရင်းတုတ်များကို ရေစိမ် မီးကင်လျက် အကြောသေ မာကျောစေရန် အလုပ်များနေကြသည့်ကြားက ရွာမှ ထွက်လာစဉ် အဖြစ်အပျက်များကို သူ့ထက်ငါ အလုအယက် ကြွားဝါ ပြောဆိုနေကြသည့် တပ်သားများကို လက်ျာဘီလူး ငေးကြည့်နေ၏ ။ အခြားအချိန်များ၌ သူက ပြော၍ တပ်သားများက နားထောင်ကြရသော်လည်း ယခုလို ကိစ္စမျိုးတွင်တော့ သူသည် နားထောင်သမား သက်သက်။
သူ့မှာ ပြောစရာ.. ရွာမှ ထွက်လာစဉ် ပို့ဆောင် နှုတ်ဆက်သူများလည်း မရှိ၊ ဖျင်ဖြူတဘက် ပုဆိုးသစ်နှင့် စားရေရိက္ခာယူ၍ ထွက်လာရသည်လည်း မဟုတ်။ လက်ပြကျန်ရစ်သည့် လုံမငယ်အစား ဆိုးဖော်ရှုပ်ဖက် ဘုန်းကြီးကျောင်းသားများနှင့်သာ ခွဲခွာခဲ့ရသည်။ လွမ်းမောတမ်းတဖွယ် ထွက်ခွာရခြင်းလည်း မဟုတ်၊ သေပြေးရှင်ပြေး ကိုယ်လွတ်ရုန်း၍ ပုန်းအောင်း ပြေးလွှား ထွက်ခဲ့ရခြင်း ဖြစ်၏ ။
ထို့ကြောင့် ကောင်းသော အကြောင်းအရာ၊ ကြွားဝါချင်စရာ သူ့မှာ မရှိသဖြင့် သူတို့ပြောနေကြသည်များကိုသာ နားထောင်နေရခြင်း ဖြစ်သည်။ ရဲမက်တော်တို့ကတော့ တစ်ဦးနှင့်တစ်ဦး အနိုင်မခံ တင်စီးပြောဆိုနေရာမှ မပြောအပ်သည့် အတွင်းရေး ကိစ္စများအထိ ပါလာ၏ ။ မင်းက ဘယ်အဆင့်လဲ၊ ငါက သည်နေရာမှာ ဗိုလ်အဆင့်ကွ၊ မင်းထက် အတွေ့အကြုံများတယ် စသည်တို့ ပြောဆိုလာကြပြီ။
သူက နားမထောင်တော့ဘဲ သူ စမ်းသပ်နေသည်ကိုသာ အာရုံစိုက်၍ လုပ်နေလိုက်သည်။ သူတို့တပ်၏ အဓိကလက်နက်မှာ တင်ကျည်းခေါ် ဝါးရင်းတုတ်ရှည်များ ဖြစ်ရာ မာကျောသထက် မာကျောစေရန်နှင့် ကွေးညွတ်ပျော့ပျောင်းစေရန် အမျိုးမျိုး လုပ်ကိုင် စမ်းသပ်ကြည့်နေခြင်း ဖြစ်၏ ။
မြင်းကျင်ငယ်ရေ စိမ်ထားသည့် ဝါးရင်းတုတ်များကို မီးကင်လိုက်၊ ဖြောင့်စင်းအောင် တူဖြင့်ထုလိုက် လုပ်နေသည့် သူ့အား အကြပ် ငကံက လိုအပ်သမျှ ကူပေး၏ ။ ဦးမျှင်က အကြံပေး၏ ။ လှံကဲ့သို့ ပစ်နိုင်ရန် စီရင်ထားသည့် အရင်းတုတ်တုတ်ကို ချွန်ထားသော တင်ကျည်းတို့ကို ငသူရိန်က အမျိုးမျိုး စမ်းပစ်ကြည့်နေ၏ ။
အောက်ငုံ့လျက် တုတ်ကို ဒူးဖြင့်ဖိနေသည့် သူ့ပခုံးပေါ် လက်တစ်ဖက် ရောက်လာသဖြင့် မော့ကြည့်လိုက်သည်။
"မင်းကြီးပါလား၊ ဘယ်က လှည့်လာသလဲ"
"မင့်ဆီ တမင် လာတာ ကောင်လေးရ။ မင်း မကြားသေးဘူးလား"
"ဘာကိုလဲ ဦးတွန်"
ဗိုလ်တွန်က သူ့ဘေးရှိ ခုံတွင် ဝင်ထိုင်လိုက်ပြီး ရေနွေးကြမ်းတစ်ငုံ သောက်လိုက်သည်။ ထို့နောက် "မင်းတို့တပ်က နံလိုက်တာကွာ" ဟု ဦးစွာ ပြောပြီးမှ
"တို့ ဒေါပုံရံတပ်တွေကို ဖြုတ်ရမယ် လို့ မွန်ဘုရင် အမိန့်နဲ့ တလပန်း တို့၊ ဘယ်ကျော်တို့ ချီလာပြန်ပြီတဲ့ကွ"
လက်ျာဘီလူး ပြုံးသည်။ ယခု သူတို့ ဝန်းရံ ပိတ်ဆို့ထားသည့် ဒေါပုံတပ်မှာ မွန်စစ်သည် ၅၀၀၀ ကျော်သာ ရှိမည်။ သို့သော် သူ၊ ဗိုလ်တွန်နှင့် သားတော် မြေဒူးမင်းတပ်မှ လက်ဝဲဂုမ္ဘာန်တို့အပြင် ရေတပ်မှလည်း နှစ်ဖက်ညှပ် တိုက်ခိုက်ကြပါလျက် တပ်အလွန်ခိုင်လုံလှသောကြောင့် ယခုအထိ မကျိုးမပေါက်၊ မကပ်နိုင်ကြသေး။
မွန်စစ်သူကြီး တလပန်း လာပြီ ဆိုလျင် လူသောင်းကျော် ပါပေလိမ့်မည်။ လှံထိုးကောင်းသော မတ္တရာဗိုလ် ဘယ်ကျော်လည်း ပါလာသည် ဆိုရာ ယခုမှ ဗိုလ်တွန် တွေ့ချင်လှသော ပွဲမျိုး ဖြစ်ပေတော့မည်ဟု ပြုံးမိခြင်း ဖြစ်သည်။ ဗိုလ်တွန်ကလည်း အနောက်မှ တိုက်ခံရမည်ကို မကြောက်မရွံသည့်အပြင် ပို၍ပင် ကျေနပ်အားရနေပုံ ပေါက်၏ ။
"မင်းကြီးအကြိုက် မဟုတ်လား"
"ဒါပေါ့.. ဒါပေါ့၊ ငါကလည်း တလပန်းလောက်မှ လိုချင်တာ"
"သူ့ထက်ကြီးတာလည်း မွန်မင်းညီ ဥပရာဇာတို့၊ စောဗြတို့ မင်းသားတွေလောက်ပဲ ရှိတော့တယ်"
"သူတို့ မလာလို့ပေါ့ကွာ၊ ဥပရာဇာရော ဘယ်လောက် စွမ်းမှာမို့လဲ။ ငါနဲ့ အဖက်မဟုတ်လို့သာ။ တလပန်းတောင် ပြေးတာ ဘယ်နှခါ ရှိပြီလဲ"
ရယ်လိုက်ကြသည်။ ဟုတ်လည်း ဟုတ်၏ ။ စ စိန်ခေါ်လေ့ရှိသည်မှာလည်း တလပန်းကပဲ ဖြစ်၍ တစ်ခါတစ်ရံ တိုက်ပင် မတိုက်လိုက်ရဘဲ ပြေးသွားတတ်သည်မှာလည်း သူပဲ ဖြစ်သည်။
"ရန်ကုန်ကို လာဝိုင်းပြီး သေနတ်ဝန် ရောက်လာပြီ ကြားသည်၊ သေနတ်ဝန် ထွက်ခဲ့စေ ဆိုပြီး ဟစ်တာလည်း သူပဲ မဟုတ်လား"
"အလကားပါကွာ၊ သူ ဦးကောင်းနဲ့ တိုက်ချင်တယ် ဆိုလို့ ငါက လွှတ်ပေးလိုက်တာ၊ သူနဲ့ ထွက်လာတဲ့ စောဗြတို့ ဒေါစွယ်ယစက်တို့က အညာဘက် တက်မယ်ပြင်နေလို့ ငါထွက်တိုက်ပလိုက်တာ လှေတစ်စီးမှ မခံနိုင်ဘဲ ပြေးကုန်တယ်။ ဟို နှစ်တပ်ပျက်တာ မြင်တာနဲ့ သင်းလည်း လှေဦးချင်းတောင် မဆိုင်ဘဲ လှည့်ပြေးတာ မှုန်လို့ပဲ။ ဦးကောင်းမှာ မချင့်မရဲနဲ့"
"ဦးတွန် ဖောင်းနင်းမလစ်မှာ တလပန်းနဲ့ ကြုံဖူးသေးတယ်ဆို"
ဗိုလ်တွန်က အမာတင်ထားသည့် ဝါးရင်းတုတ်တစ်ချောင်းကို အံ့သြဟန်နှင့် ကွေးကြည့်နေရင်း
"အဲဒီတုန်းကလည်း သူ့ဦးရီး ဒေါထော်အိုင်နဲ့ တလပန်း ညီအစ်ကို သုံးယောက် ချီလာလို့ ငါတို့ သွားပြီးတိုက်ရသကွဲ့။ ဒေါထော်အိုင်က မြင်းရေးပြရင်း ချောင်းကို လွန်လာလို့ သေနတ်သမားတစ်ယောက် ပုန်းပစ်တာ ခံလိုက်ရတယ်။ သူ့အကောင်ကို တလပန်းက ယူမယ်လို့ မြင်းနဲ့ ပြေးလာတာ။ ငါ တပ်ထိပ်ကနေ လှံရှည်နဲ့ လွှတ်လိုက်တော့ မြင်းကတောင်ကျိုးပြီး တစ်ချိုးတည်း လှည့်ပြေးတာပဲ"
ပြောရင်း သူ့ဘာသာ ပြန်တွေးလျက် ရယ်နေ၏ ။ လက်ျာဘီလူးတို့လည်း ပြုံးနေလိုက်သည်။ ဗိုလ်တွန်က ဆက်ပြော၏ ။
"နောက်နေ့ကျတော့ ငါလည်း မင်းနည်းအတိုင်း အနောက်ကို စစ်ယောင်ပြပြီး တောင်ကပတ်၊ တပ်အရှေ့ဘက် ဝင်တိုက်တာ သူ့ညီတွေ မခံနိုင်လို့ ဒေါတော်အိုင်တပ်ကို ပြေးကြပါရော။ အဲဒီတပ်က တပ်မှူးမှ မရှိတော့တာ ထပ်ပျက်ကရော။ တပ်ကြီး ၂ တပ်ပျက်တော့ တလပန်းတို့ စွတ်ပြေးလိုက်ကြတာ သာယာဝတီတောင် ရောက်သွားသတဲ့.. ဟားဟား"
လက်ျာဘီလူးက တပ်စည်းတပ်နင်း လုံခြုံလှသည့်အတွက် ရာဇာဓိရာဇ်ပင် တပ်ပျက်ပြီး အကွပ်ခံခဲ့ရသည့် တပ်ကြီး ၅ တပ်အား တစ်ချက်တည်း ပျက်အောင် မည်သို့ စီရင်ခဲ့သနည်းဟု မင်းကြီး မင်းလှမင်းခေါင်ကို မေးကြည့်သည်။ မင်းလှမင်းခေါင် ဦးတွန် ပြောသည်မှာ...
တလပန်းနှင့် ဦးရီးတော် ၂ ဦး၊ ညီ ၂ ယောက်တို့သည် တပ် ၅ တပ် ဖွဲ့လျက် တလပန်းက အနောက်တပ်၊ သူ့ရှေ့တွင် ဦးရီးတော် ၂ ဦးတပ်၊ သူတို့ဘေး၌ ရာဇာဓိရာဇ် ပျက်ခဲ့သော ပုတ္တကျော်နှင့် ပုတ္တတ တို့ တပ်များကို လေးတပ် စီလျက် တပ်ချထားခဲ့၏ ။ ရာဇာဓိရာဇ်သည် လက်ဝဲအစွန်မှ ပုတ္တကျော်တပ်ကို စတိုက်ရာ မကပ်နိုင်သည့်အပြင် မြင်းရွှေဘုံကိုပါ သူက ရ၍ အကွပ်ခံရခြင်း ဖြစ်သည်။
ထိုသင်ခန်းစာကို ယူ၍ အလယ်မှ ဒေါတော်အိုင် မရှိလျင် ပုတ္တကျော်တပ်အား အနောက် အယောင်ပြလျက် အရှေ့မှ ရအောင် ဝင်ကြသဖြင့် လက်ဝဲစွန်တပ် ပျက်ရာ ကပ်လျက်တပ်မှာ တပ်မှူးမရှိ၍ နှစ်တပ် တစ်ပြိုင်နက် ပျက်သည်သို့ ရှိသဖြင့် တလပန်း မထိန်းသိမ်းနိုင်တော့ဘဲ တပ်စဉ်အတိုင်း ပျက်ကုန်ကြလေသည်။
"ငါလည်း အရင်လို မဆင်မခြင် ဝင်တိုက်ရင် မဟာဆွေတော်ကြီးနောက် လိုက်သွားရမှာပေါ့ကွာ။ ဒါ့ကြောင့် မင့်နည်းကို သုံးပြီး တွက်ချက် တိုက်ရတာပေါ့"
ဟံသာဝတီပါမင်း၏ အမှုထမ်းဟောင်း ရာဇာဓိရာဇ်အား အလောင်းမင်းတရားက မဟာဆွေတော်ကြီး ခေါ်ရမည်ဟု အမိန့်တော် မှတ်ထားခဲ့သည်။ ယခုတော့ အကွပ်အညှပ် ညံ့ဖျင်း၍ ကွပ်မျက်ခံလိုက်ရရှာလေပြီ။
"ဒါနဲ့ အခု တလပန်းတို့ ချီလာတာ လူဘယ်လောက် ပါလဲ သတင်းရပြီလား"
"ခုပဲ သတင်းရောက်လို့ မင်းဆီ ထွက်လာတာ။ တလပန်းနဲ့ ဘယ်ကျော်မှာ မြင်း ၁၀၀၀၊ လူ တစ်သောင်းစီ ပါသတဲ့"
"ဦးတွန်က ဘယ်လောက်နဲ့ ကြိုမလဲ၊ လူ ၃၀၀၀ လောက် လိုရင်..."
"မလိုပါဘူးကွာ။ သူက မြင်း ၂၀၀၀ လူ ၂၀၀၀၀ ဆို ငါက မြင်း ၂၀၀ လူ ၂၀၀၀ နဲ့ ကြိုမယ်"
"ဒါဆို ကျွန်တော်က မြင်း ၁၀၀ လူ ၁၀၀၀ ပါမယ်ဗျာ"
"အေး၊ မင်း လိုက်ခဲ့။ တို့ နှစ်တပ် သွားကြမယ်။ ဒါပေမယ့် ငါ့ပွဲကိုတော့ မဖျက်နဲ့ကွ နော်။ သူတို့ကို ငါထိုးမယ်။ မင်းက အရိပ်အခြည် ကြည့်လိုက်။ တိုက်စရာရှိတာ တိုက်။ ဟို နှစ်ယောက်ကိုတော့ ငါပဲ တိုက်မယ်"
"ဖြစ်ပါ့မလား။ ဘယ်ကျော်က ညာလက်သာ မသန်တယ်၊ လှံထိုးတယ်ကောင်း ဆို"
"မင်း အသာကြည့်နေပါကွာ။ သည် နှစ်ယောက်တော့ ငါက ရှိတယ်တောင် မထင်ဘူး။ လူ နှစ်ထောင် ဆိုတာလည်း အယောင်ပြဖို့နဲ့ ခြောက်ဖို့ပဲ။ လိုမယ်တောင် မထင်ဘူး။ အေးလေ.. လူမပါရင်လည်း တိုက်မဖြစ်ပါဘူး"
"ဟုတ်တယ်ဗျ၊ ကိုယ်ကို ဘယ်လောက်ယုံယုံ နောက်လူက ပံ့ပိုးပေးမှ အရေးတော်ပြီးပြတ်တာ။ ကျွန်တော့်နောက်မှာ သူတို့ (တပ်သားများအား ပြလျက်) မပါရင် ကျွန်တော် သေတာ ကြာလှပေါ့"
"ငါ နားလည်ပါတယ်။ မင်းတပ်ကိုသာ ပြင်ထားလိုက်။ မနက်စောစော ထွက်ကြမယ်"
မိုးသောက်လျင် မင်းလှမင်းခေါင်တပ်နှင့် မင်းထင်နော်ရထာ တပ်များသည် ရံတပ်မှ ခွာလျက် တလပန်းတို့ တပ်ချနေရာ မအူရွာဆီ ထွက်ခဲ့ကြ၏ ။ မအူရွာအနောက်ဘက် ကွင်းပြင်၌ စစ်ဆိုင်မိကြလျင် တလပန်းရှိရာ လက်ယာကြောင်းသို့ ဦးစွာ တည်ကြရာ တလပန်းလည်း ဗိုလ်ပုံအလယ်မှ ထွက်လာသည်။ မင်းလှမင်းခေါင် မြင်းတစ်စီးတည်း ထွက်သွား၍ တလပန်းဟု ထင်ရသော ရှေ့ဆုံးမှ မှုန်ပျပျ မြင်နေရသည့် လူထံ လှံရှည်နှင့် လွှတ်လိုက်လေ၏ ။
ဦးတွန်၏ လှံရှည်ကြီးမှာ တလပန်း၏ ဦးပေါင်းထုပ်ကို ထိ၍ ပေါင်းထားသော ပုဝါနှင့်တကွ ဆံပင်များပါ ပါသွားသည်။ တလပန်းလည်း ထိတ်လန့်၍ ရှေ့ဆက်မတိုးဝံ့၊ သူက လှံတစ်ကမ်း မရောက်သေး၊ မင်းလှမင်းခေါင်လှံက သူ့ခေါင်းကို ခိုက်မိနေပြီ။ ထို့ကြောင့် မြင်းသည်အများ ခြံရံလျက် အနောက်သို့ ပြန်ဝင်သွားလေ၏ ။
တလပန်း ဦးလှည့်လျင် ဘယ်ကျော်တပ်သို့ လက်ဝဲကြောင်း ရင်ဆိုင်ကြပြန်သည်။ ဘယ်ကျော် ထွက်လာ၍ လှံနှင့် ထိုးသည်။ မရောက်၊ မြင်းရှေ့တည့်တည့် ကျ၏ ။ မင်းလှမင်းခေါင် ထိုးသော် ဘယ်ကျော်နံပါးကို ထိ၍ ခါးစည်းပြတ်ကျ ကျန်ခဲ့၏ ။ ဘယ်ကျော်လည်း လက်ရည်ချင်း မတန်ဟု သိလျင် ဆုတ်လေသည်။
ဗိုလ်မင်းနှစ်ဦး ဦးလှည့်သည်နှင့် မြန်မာတပ်များအားလုံး တညီတည်း ကြွေးကြော်၍ ဒုန်းစိုင်း လိုက်ကြသည်။ ဗိုလ်မှူးများပင် ဖက်မပြိုင်သောအခါ ငယ်သားများ စိတ်အားနည်းလျက် ကြာရှည် ခံမတိုက်ဘဲ ထောင်းထောင်းထအောင် ပြေးကြကုန်သည်။ အပြေးမခံ၊ လိုက်လံထိုးခုတ် ပစ်ခတ်ကြလျင် လက်နက်များအား ပစ်ချလျက် အလွတ်ပြေးကြရ၏ ။ သုံ့ပန်း ထောင်ကျော်၊ မြင်းရာကျော်မျှ ရလိုက်သည်။
ထိုနေ့မှ စ၍ မင်းလှမင်းခေါင် ဟူသော အသံကြားလျင် တလပန်းနှင့် ဘယ်ကျော် မထွက်ဝံ့၊ မဆိုင်ဝံ့ပြီ။ ဒေါပုံတပ်တွင်းမှ ခံသည့် ဆေးငယ်ဗိုလ်လည်း မွန် ၂ သောင်းကျော်မျှ မြန်မာ ၂၀၀၀ ကို မခံနိုင်လျင် ငါတို့လည်း ခံတွက်မရှိ၊ အရေးဆို၍ ထွက်ကြမည်ဟု မင်းလှမင်းခေါင်တို့ ရံတပ်သို့ စာစေလာ၏ ။
နောင် စစ်ဆိုင်ရမည် များသေးသည်ဖြစ်၍ ယခု ထွက်ခွင့်ပေးပါလျင် ဒေါပုံတပ်ကို ထား၍ ထွက်သွားတော့မည်။ အခွင့်မပေးလျင်လည်း ဒေါပုံတပ်သည် အလွယ်တကူ လုပ်ကြံ ရနိုင်မည့်တပ်မဟုတ်။ အသေအပျောက် များလိမ့်မည်။ ဒေါပုံသည် သန်လျင်အတွက် အဓိက အရေးပါသည့်တပ် ဖြစ်ရာ ဒေါပုံကို ရလျင် သန်လျင်ကို ခက်မည်မဟုတ်ပါ ဟု ဆိုလာသဖြင့် မင်းလှမင်းခေါင်နှင့် လက်ျာဘီလူးတို့ ရယ်ကြရသေးသည်။
ထို့နောက် ဗိုလ်တွန်က လက်ျာဘီလူးအား "မင်းပဲ ငါ့အစား စာပြန်လိုက်စမ်းကွာ" ဟု ဆို၍ လက်ျာဘီလူး စာပြန်ရေး၏ ။
"အရေးရှင် မင်းလှမင်းခေါင် ပြန်ကြားလိုက်သည်။ ဆေးငယ်ဗိုလ်ငယ် ထွက်လိုလျင် ငါတို့ သူရဲကောင်း ဆိုသည်မှာ ကြောက်၍ ပြေးသည့်နောက်သို့ လိုက်ရိုးထုံးစံမရှိ။ အလုပ်အကြံ များသေးသည် ဆိုသည်မှာလည်း စကားသာ ဖြစ်သည်။ ငါတို့ကို ခံနိုင်မည့်သူ မရှိ။ ယခု ထွက်လိုလျင် လမ်းဖွင့်ပေးမည်။ ထွက်နိုင်လျင် ထွက်တော့"
ရံထားသော တပ် အရှေ့ဘက်ကိုလည်း ဖွင့်ပေးလိုက်သည်။ ဒေါပုံတပ်ကြီးအတွင်းမှ မွန်များ အလုအယက် တိုးထွက်ကြရာ ဘေးမှ အချို့မြန်မာရဲမက်တို့က ထိုးခုတ်ကြ၏ ။ မွန်တို့လည်း အထိုးအခုတ် ခံ၍ပင် ပြေးထွက်ကြ၏ ။ ဆေးငယ်ဗိုလ်လည်း ရုပ်ဖျက် ထွက်သဖြင့် လွတ်သွားသည်။
ဗိုလ်တွန်နှင့် လက်ျာဘီလူး တို့ ဗိုလ်မှူးနှစ်ဦးမှာမူ မွန်တို့ ပြေးထွက်ကြသည်ကို ကြည့်၍ သဘောကျနေကြလေ၏ ။
Written by သင်္ခရာဇာ
End date: January 7,2022
No comments:
Post a Comment