မွန်စဒေသ သထုံ မဒမနယ်၌ စောင့်ကြပ်ရသော ဗညားဒလ ဘွဲ့ခံ ဒေါစွယ်ယစက်သည် တလပန်းနှင့် ပူးပေါင်းပုန်ကန်ရန် ကြံစည်ကြောင်း ပေါ်ပေါက်သဖြင့် ကွပ်မျက်ပြီးစ အချိန်။ မုတ္တမစား၏ အကြံပေး သက်တော်ရှည်အမတ်ကြီး နေမျိုးအသင်္ခယာကို သစ္စာတော်ပေးလျက် ကုန်းဘောင်တပ်များ ဆက်လက်ချီတက်ရာ အောက်ပြည်တနင်္သာရီသို့ တစ်ပါတည်း ခေါ်ဆောင်သွားကြသည်။
နေမျိုးအသင်္ခယာသည် အိုမင်းသော်လည်း မစွမ်းတော့သည် မဟုတ်၊ ဘုရင့်နောင်မင်းကြီး၏ အမတ် ဗညားဒလကဲ့သို့ပင် နှလုံးရည် ပညာစွမ်း ထက်မြက်၍ စစ်ရေးစစ်ရာ၊ နယ်မြေဒေသ၊ ရှမ်းလူမျိုးအရေးတို့၌ အားထားရသူ ဖြစ်ပေသည်။
ထို့ကြောင့်လည်း အလောင်းမင်းကြီးက သူ၏ တပ်ရေးဝန် အမတ်ကြီး လက်ဝဲနော်ရထာ နှင့် တွဲဖက်စေလျက် အမှုတော်ကို အတူတကွ ထမ်းရွက်လိုက်ပါစေခဲ့၏ ။ မုတ္တမမှ မော်လမြိုင်၊ ရေး၊ မြိတ်၊ ကော့သောင်းတို့ကို တစ်မြို့ပြီးတစ်မြို့ ကျိုးနွံစေရာတွင် ကျူးကျော်သူ ယိုးဒယားတို့အပြင် ပူးပေါင်းပုန်ကန်ကြသူ သူပုန်တပ်များနှင့် ရင်ဆိုင်ထိတွေ့မှုများစွာ ရှိခဲ့လေသည်။
သို့သော် ကုန်းဘောင်တပ်များ၏ ရဲဝံ့လှသော သတ္တိ၊ ရွှေဘိုသားတို့၏ လက်စွမ်းနှင့် မြန်မာတို့ အလုပ်အကြံကို ရေရှည် မခံနိုင်ကြဘဲ တောကြိုအုံကြားသို့ ဆုတ်ပြေးသွားရသည်က များ၏ ။ မင်းတရားကိုယ်တိုင် ကြွချီလာသည်ဖြစ်၍ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ကြသော မြန်မာတပ်တို့မှာ တစ်ကြိမ်နှစ်ကြိမ်မျှ ဆုတ်ခွာရလျင်လည်း အလောင်းဘုရား၏ ကြံရည်ဖန်ရည်ကြောင့်ပင် အဆုံးသတ်၌ အောင်ပွဲခံနိုင်ကြသည်သာ။
ရေးမြို့မှ ထွက်ခဲ့၍ နှစ်စခန်းမျှအရောက် တပ်တည် စောင့်နေသော ယိုးဒယားသားတို့အပါအဝင် မွန်တပ်ကြီးတစ်တပ်နှင့် စစ်ဆိုင်မိကြရာ ဗိုလ်မှူးများက နေမျိုးအသင်္ခယာအား စစ်လွတ်ရာမှ နေစေလျက် ဆင်တပ် မြင်းတပ်များဖြင့် ကြိုလာသည့် မွန်တို့အား တစ်တပ်စီ တစ်တပ်စီ စနစ်တကျ တိုက်ခိုက်ကြလေ၏ ။
ခြားနားသူတို့က ပိတ်ဆို့ခုခံနေသည်ကို မြန်မာတို့လည်း စစ်သုံးကြောင်း ဖြန့်ခွဲလျက် အော်ဟစ်ကြေညာ တိုက်ကြသည်။ နေမျိုးအသင်္ခယာအား ကိုယ်ရံတော်တပ်မှ အရေးလွန်၊ သူ၏ညီ သေနတ်အစုဝင် တိုက်မောင်းတို့က ဘေးတစ်ဖက်တစ်ချက်မှ အနီးကပ် စောင့်ကြပ်ပေးနေ၏ ။
အရေးလွန်ခေါ် ငကံကောင်းမှာ တည်တည်ငြိမ်ငြိမ်ဖြင့် တိုက်ပွဲအား အကဲခတ်နေသလောက် သေနတ်ယမ်းထိုးလျက် အသင့်ပြင်ထားသည့် တိုက်မောင်းကတော့ တလှုပ်လှုပ် တရွရွ ဖြစ်နေလေသည်။ မင်းကြီးကို ထားခဲ့၍ မဖြစ်သောကြောင့်သာ အဝေးမှ ကြည့်နေရ၏ ။ ယိုးဒယားတို့အား လက်စွမ်းပြလိုက်ချင်သည်မှာ အသည်းတယားယား။
မင်းကြီး နေမျိုးအသင်္ခယာကမူ မကြောက်မရွံ ရှေ့သို့ တရွေ့ရွေ့ တိုးသွားရင်း စစ်ပွဲအခြေအနေကို အကဲခတ် သုံးသပ်နေလေသည်။ တိုက်ပွဲနှင့် နီးလေ၊ အရေးလွန်က လှံကို တဆဆဖြင့် ဆုပ်လိုက် ကပ်ထားလိုက် လုပ်နေလေ ဖြစ်သည်။ ရုတ်တရက် ရန်သူမြင်းတစ်စီးက ဦးစွန်းထွက်လာပြီး မင်းကြီး အသင်္ခယာ ထီးမိုးထားသည်ကို မြင်၍ သူတို့ဘက်သို့ ဒုန်းစိုင်းလာ၏ ။
ငကံကောင်း လှံနှင့်လွှတ်မည် ပြင်စဉ် တိုက်မောင်းလက်ထဲမှ သေနတ်က မီးပွင့်သွားကာ မြင်းသည် ပြုတ်ကျနေခဲ့သည်။ နေမျိုးအသင်္ခယာလည်း သူ၏ အစောင့်ဖြစ်သူ လက်ဖြောင့်လှပုံကို မြင်၍ ခေါင်းတဆတ်ဆတ်။ ငကံကောင်းကတော့ လှံကို ပြန်ရုတ်လိုက်ရသည်။
ထိုစဉ် အနောက်တပ်မှ မြင်းတစ်စီးက ရှေ့သို့ ပြေးလွှားနေကြသည့် စစ်သည်များကို ကျော်ဖြတ်လျက် တရိပ်ရိပ် ပြေးတက်လာသည်ကို သူတို့ ဘေးဘက်မှ အစအဆုံး မြင်နေရ၏ ။ တိုက်မောင်းက ယမ်းထိုးရင်း အော်လိုက်သည်။
"တိမ်ပျံ.. တိမ်ပျံမဟုတ်လား အစ်ကို"
ညာဘက်မှ အသံနှင့် မရှေးမနှောင်း ဘယ်ဘက်ကလည်း ဝမ်းသာအားရ အော်ဟစ်လိုက်သည်ကို နေမျိုးအသင်္ခယာ အလယ်၌ရပ်ရင်း ကြားနေရသည်။
"ဟုတ်တယ်ဟေ့.. အဲဒါ တပ်မှူး ကွ"
ဖြတ်သွားသည့် မသဲကွဲသော ပုံရိပ်ကတော့ မြင်းတစ်စီးတည်း တိုက်ပွဲထဲ ပြေးဝင်သွားသည်။ အနောက် အလွန်လှမ်းလှမ်းဝယ် မြင်းတစ်စု ပြေးတက်လာကြသည်ကိုလည်း မြင်နေကြရ၏ ။
"တပ်မှူးတို့ မြင်းတပ်တွေ ရောက်လာကြပြီဟ"
ငတိုက်မောင်းက ပေါင်ကို ပုတ်ရင်း ကုန်းအော်သဖြင့် နေမျိုးအသင်္ခယာလည်း ရှေ့ဆုံးမှ တစ်စီးတည်း ပြေးသွားသော မြင်းကို လိုက်ကြည့်လေသည်။ မြင်းသည်မှာ တိုက်ပွဲတွင်းသို့ မရောက်မီ တစ်ဖက်မှ ပစ်လိုက်သော လှံရှည်တစ်စင်းက တိုက်ခိုက်နေသူများကို ကျော်လျက် ပြေးတက်လာနေကြသူများထံ ကျလာ၏ ။
သို့သော် မည်သူ့ကိုမှ မထိခိုက်မီ မြင်းသည်က သူပြေးလွှားနေသော ဦးတည်ချက်ကို ပြောင်းကာ လှံကျနိုင်မည့်နေရာသို့ မြင်းကို နှင်သွားရင်း ချိန်သားကိုက် ဖမ်းယူလိုက်ကြောင်း တွေ့မြင်ရလေသည်။ လှံတံကို ကျွမ်းကျင်စွာ ဖမ်းယူနိုင်လိုက်ချိန်တွင် ငတိုက်မောင်းက ကျည်ထိုးပြီးစ သေနတ်အား မြှောက်ကာ
"ဒါပဲကွ" ဟု ဟစ်လိုက်၏ ။
မြင်းသည်ကတော့ မြင်းကို တစ်ပတ်လှည့်ကာ လှံလာရာ အရပ်သို့ မှန်းရွယ်၍ လာလမ်းအတိုင်း အနီးစပ်ဆုံး ပြန်လွှတ်လိုက်သည်။ မင်းကြီး နေမျိုးအသင်္ခယာရင်တွင်းဝယ် တစ်မျိုးတစ်မည် ခံစားလိုက်ရပြီး ထိုလှံကို လွှတ်လိုက်သူသည် ခဏမဆိုင်း သူ့လှံကြီး ပြန်ရောက်လာခြင်းကို မြင်လိုက်ရပါက မည်သို့ ခံစားရပေလိမ့်မည်နည်းဟု တွေးမိလေ၏ ။
မြင်းသည်ကတော့ လှံလွှတ်ပြီးသည်နှင့် မြင်းကို ခြေဆတ်ကာ ရှေ့သို့ တဟုန်ထိုး စီးနင်းသွားပြန်သည်။ သူ့နောက်သို့ ရန်သူမြင်းတစ်စီး လှည့်လိုက်သွားသည်ကို မြင်သော အရေးလွန်က လက်ထဲမှ လှံရှည်နှင့် လှမ်းထိုးလိုက်၏ ။ ပြေးနေသော ယိုးဒယားမြင်းကြီးပေါ်မှ သူရဲအား ထုတ်ချင်းပေါက်၍ ကျသွားသည်၌ အရေးလွန်၏ လက်ရည်ကို မင်းကြီး နေမျိုးအသင်္ခယာ အသိအမှတ် ပြုရပြန်လေပြီ။
မြင်းနီရှင်ကိုတော့ မမြင်ရတော့ချေ။ စစ်ပွဲထဲ တိုးဝင်ပျောက်ကွယ်သွားပြီ ဖြစ်၏ ။ သို့သော် တစ်အောင့်အကြာ၌ အလံနီကြီးကို ဝှေ့ရမ်းရင်း နောက်သို့ ပြန်စီးလာကြောင်း တွေ့ရပြန်သည်။ တစ်ဖက်မှ ဆင်များဖြင့် ဖိသဖြင့် ဆုတ်လာရသူများအား လှည့်ပတ်ကွပ်ကွဲနေဟန် တူသည်။
"သူက ကွပ်ကဲနိုင်ခွင့် ရှိတဲ့ ဗိုလ် ဟုတ်ကဲ့လား"
နေမျိုးအသင်္ခယာက လှည့်မေး၍ အရေးလွန်က လက်အုပ်ချီကာ
"လူတစ်ရာကိုသာ ကွပ်ကဲနိုင်တဲ့ ရာတပ်မှူးအဆင့် ဖြစ်ပါလိမ့်မယ် အရှင်၊ အခြေအနေကြောင့် ဝင်ထိန်းပေးတာ ဖြစ်မှာပါ"
"ဗိုလ်တွေ လှည့်ကွပ်မှာပေါ့။ သူ့အရေး မဟုတ် နေရာဝင်ယူနေသလိုပါပဲလား"
ငတိုက်မောင်းက တစ်စုံတစ်ခု ဝင်ပြောမည် ကြံစဉ် ရှေ့မှ မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ နေမျိုးအသင်္ခယာပင် အသည်းတယားယား ဖြစ်သွားရပြန်သည်။
ရန်သူ့ဆင်များ အလွန်နီးကပ်လာနေပြီး ဆင်ခြေဖုံးသူရဲများက မြင်းနီကြီးဘေးသို့ ရောက်ရှိလာကြရာ လှံကိုင်တစ်ဦးက အောက်မှ လှံဖြင့် ထိုးလိုက်ခြင်း ဖြစ်၏ ။ မြင်းသည်က ထိုလှံသမားကို လုံးဝအရေးမစိုက်၊ သူ့အနီးမှ ဆင်ခြေဖုံးသူရဲများကိုလည်း စိုးစဉ်းမျှပင် အလေးမထားဘဲ ထိုးလာသည့် လှံကို မြင်းလှုပ်သည်ဆိုရုံ ရွှေ့၍ ချိုင်းကြား ညှပ်ထားလိုက်သည်။
လက်တစ်ဖက်က အလံနီကြီးကို ထောင်ကာ ဝှေ့ရမ်းမပျက်၊ ရှေ့သို့သာ ချီတက်ခိုင်းနေသည်။ သူ့မြင်းသည်များလည်း တဝုန်းဝုန်း ဝင်တိုးလာကြပြီး ဆင်ခြေဖုံးများအား ဖြတ်ကျော်သွားကြ၏ ။ တပ်မှူးက မြင်းကို လှည့်ရင်း ပါလာသည့် လှံထိုးသူလက်မှ လှံရိုးကို ဆောင့်ဆွဲလိုက်သည်။ သို့သော် လှံရိုးဖြင့် ရိုက်မည်ပြင်ပြီးမှ မရိုက်ဘဲ ထိုသူကို တစ်ချက် ကြည့်ကာ ရန်သူဆင်များရှိရာ ပြန်ပြေးသွား၏ ။
"သူ ဘာတွေ လုပ်နေတာပါလိမ့်"
မျက်မှောင်ကုတ်လျက် လိုက်ကြည့်နေသည့် နေမျိုးအသင်္ခယာကို ကြည့်ကာ ညီအစ်ကိုနှစ်ဦးသား ပြိုင်တူပြုံးလိုက်ကြသည်။ တပ်မှူးကတော့ မြင်းသည်များ တိုးဝှေ့သွားသဖြင့် ဆင်ရှေ့ကာသူရဲများ ခေတ္တ ရှင်းလင်းသွားသည့် ဆင်ကြီးတစ်စီးကို လှံဖြင့် ပစ်ထိုးလိုက်၏ ။
သူထိုးလိုက်ပုံမှာ ပုံမှန် မြင်းသည်တစ်ဦးက မြင်းပေါ်မှ လှမ်းထိုးပုံမျိုး မဟုတ်၊ ရုတ်ချည်း မြင်းပေါ်တက်ရပ်လိုက်ကာ မြင်းကိုယ်မှ တစ်တောင်ကျော်ခန့်အမြင့်သို့ တမဟုတ်ချင်း ခုန်လွှားလျက် ခြေရောလက်ပါ လွှဲယမ်းကာ အားအပြည့်နှင့် ထိုးလွှတ်လိုက်ခြင်း ဖြစ်သည်။
သူက မြင်းပေါ်ပြန်ကျသွားချိန်၌ လှံရှည်ကြီးက ဆင်ရှေ့ခြေ ခွာကြားသို့ အရှိန်ပြင်းစွာ စိုက်ဝင်သွား၏ ။ နာကျင်လွန်းသောကြောင့် ကျီကျီကျာကျာ အော်ကာ ရပ်တန့်သွားသော ဆင်ကြီးထက်မှ ဆင်စီးသူရဲအား အလံထိပ်ဦး အချွန်ဖြင့် ထိုးချသွားသည်ကိုလည်း ရှင်းရှင်းကြီး မြင်လိုက်ကြရသည်။ မြင်းကတော့ အလွန်လျင်သည်ဖြစ်ရာ ရိပ်ခနဲ ပျောက်သွားလေပြီ။
"တကယ့်လူပါလားဟိတ်"
လက်ဖဝါးထဲ လက်သီးရိုက်ကာ မြည်တမ်းလိုက်သည့် မင်းကြီးစကားကို ညီနောင်နှစ်ဦးက ထောက်ခံစကား ဆို၏ ။
"မင်းကြီး သူ့ကို အလျင်က မြင်ဖူးပါသလား"
"မမြင်ဖူးဘူးကွဲ့"
"လက်ျာဘီလူး ဆိုသည့် အမည်ကိုရော ကြားဖူးပါသလား အရှင်"
"မကြားဖူးပါလား"
"သူက အရှေ့ဝင်းတော်မှူးဟောင်း မင်းထင်နော်ရထာ ဖြစ်ပါတယ်"
"သြော်.. ဒါ့ကြောင့် သည်လောက် နှလုံးဝမ်း ကြီးနေပုံ ရသပ။ ဒါနဲ့ ဝင်းမှူးဟောင်း.. ဟုတ်စ"
"မှန်ပါတယ် အရှင်"
တိုက်ပွဲက ပြန်လည်အရေးသာစ ပြုနေပြီဖြစ်သည်။ ဆင်တပ်များကို မကြောက်မရွံ ပတ်ထိုးနေကြသည့် မြင်းသည်များကြောင့် ဆင်ခြေဖုံးသူရဲများလည်း ရွေ့နေကြပြီ။ နောက်တပ်မကြီးမှ ပါလာသည့် ဆင်တပ်များလည်း မီလာပြီ။ နောက်သို့ ရွေ့နေကြသူများအား ဗိုလ်များက ပြန်လည်ထိန်းသိမ်းနိုင်ပြီဖြစ်၍ ရှေ့သို့ တိုးဝင်နေကြ၏ ။ သူတို့သုံးဦးလည်း ဘေးမှ တရွေ့ရွေ့ လိုက်ခဲ့ကြသည်။
မြင်းသည်များကား မြင်ပင် မမြင်ရတော့။ ဘယ်အထိ ရောက်သွားကြလေသည်မသိ၊ ရန်သူတို့ တရုန်းရုန်း ဆုတ်ခွာနေကြသံများမှာ ဆူညံနေသည်။ သူတို့ အော်ဟစ်ကြသံကို နားလည်သော နေမျိုးအသင်္ခယာက ကုန်းဘောင်ရွှေဘိုသားများ တပ်ကို စီးမိသွားကြကြောင်း သဘောပေါက်လေ၏ ။
"တပ်မှူးကို ခုလို ပြန်မြင်လိုက်ရတာ အားရလိုက်လေခြင်း"
ပြောရင်းမှ အရေးလွန်က သူ့ဘက်လှည့်ကာ
"အရှင် ကျွန်တော်မျိုးကို လိုက်ခွင့်ပြုပါ၊ ရန်သူတွေ ဒီဘက်ကို ပြန်ရောက်နိုင်တော့မှာ မဟုတ်ပါဘူး"
ဟု ဆိုသည်။ နေမျိုးအသင်္ခယာ ဦးခေါင်းတညိတ်ညိတ် လှုပ်သည်နှင့် အရေးလွန်က ပြေးထွက်သွားပြီး အနောက်မှ တက်လာသည့် မြင်းသည်တစ်ဦး၏ မြင်းပေါ် ခုန်တက်သွားသည်။ ထိုမြင်းသည်ကို ဘာပြောလိုက်သည်မသိ၊ မြင်းသည်က သူနှင့် နေရာချင်း လဲလိုက်ပြီး မြင်းပေါ်မှ ဆင်းနေခဲ့၏ ။ ထို့နောက် ဓားကိုင်ကာ မင်းကြီးနေမျိုးအသင်္ခယာရှိရာ လျှောက်လာလေသည်။
"မလိုဘူးဟေ့.. ငါရှိတယ်"
တိုက်မောင်း အော်လိုက်သော်လည်း မြင်းသည်က ပြုံးကာ မင်းကြီးဘေး ဝင်ရပ်လိုက်၏ ။
"မင်းတို့မြင်းတွေ နောက်ကျလှချည်လား၊ တပ်မှူးဆို နှစ်ခါပြန်တောင် တိုက်ပြီးပြီ"
"အေး.. လာတုန်းကတော့ တို့အတူတူပဲကွ။ အမြောက်သံ စိန်သံ ကြားတာနဲ့ သူက ပြေးထွက်သွားတာ။ လိုက်လည်း မမီမှာချင်းအတူတူ သူ တိုက်ထားလိမ့်မဟဲ့ ဆိုပြီး အေးအေးပဲ စီးလာခဲ့တယ်"
"ဟာ.. အတော်အားကိုးရတဲ့ ကောင်တွေပါလား"
"ဟေ့.. ငတိုက်မောင်း အရူးအပေါ၊ မင်း မသိရင် အပြစ်တင် မစောနဲ့ကွ။ ငါတို့က အမိန့်နာခံရသေးတယ်။ မင့်တပ်မှူးလိုကျင့်ရင် အကုန်မသာပေါ်ကုန်မှာပေါ့"
"ဟယ်.. သူရဲဘောကြောင်၊ ရန်သူကို ပြေးတိုက်လို့ အကွပ်ခံရမှာ ကြောက်သတဲ့လား။ ငါကိုယ်တိုင် ရွှေနန်းရှင်မင်းဘုရားထံ သံတော်ဦးတင်ပေးမယ်။ နောက်ကို တို့တပ်မှူး တစ်ဦးတည်း မကျွံစေနဲ့"
"သြော်.. မင့်တပ်မှူးက နေပါဦး စောင့်ပါဦးလို့ ပြောရဖူးလို့လားဟ"
သူတို့ အချီအချ ပြောဆိုနေကြသည်များကို ငြိမ်သက်နားစွင့်နေသော်လည်း မင်းကြီးအသင်္ခယာမှာ မည်သို့မျှ နားမလည်။ မြင်းနီရှင် မြင်းသည်ကျော်အကြောင်း ပြောနေကြမှန်းတော့ သိသည်။ သို့သော် သူကြားနေရသည်က တစ်ခုမျှ ပုံမှန်မဟုတ်၊ ထုံးစံမရှိ၊ စစ်တွင်း ဤသို့သော လူတစ်ယောက် ပါလျင် အဘယ်မျှ အန္တရာယ်ကြီးလိမ့်မည်နည်းဟုသာ စဉ်းစားကြည့်မိသည်။
"အနို့.. မောင်မင်းတို့လူက အမိန့်မရဘဲ သူ့ဟာသူ ပြေးတက်လာတယ် တဲ့လားကွဲ့"
တိုက်မောင်း ငြိမ်နေ၍ မြင်းသည်ရဲမက် လျှောက်သည်။
"ဟုတ်မှန်ကြောင်းပါဘုရား"
"ပွဲပြီးလို့ စစ်ရင် အကွပ်ခံရမလား"
"အင်း.. အဲသလိုတော့.. ကျွန်တော်မျိုး မထင်တတ်ကြောင်းပါ"
"ဘာဖြစ်လို့လဲ၊ ဗိုလ်မှူး တပ်မင်းများ အပေါ့အလျော့ စီရင်ကြလို့လား၊ ဟုတ်စ"
"မဟုတ်ပါ၊ အလွန်စနစ်ကျ တင်းကြပ်ကြပါတယ်"
တိုက်မောင်းက ပြောလာသည်။
"သူ့ကို စီရင်ဖို့ကို ကြောက်ကြတာဘုရား"
"ဟေ.. ဘာပြုလို့တုန်း"
"မပြောတတ်ဘူးဘုရား၊ သူက တပ်မင်း ဗိုလ်မင်းများထက် အရှိန်အဝါ ကြီးပါတယ်။ သွေးသောက် တပ်မှူးငယ် အဆင့်ပေမယ့် အရာထမ်းကြီးများက သူ့ကို ကြောက်ရွံ့ခန့်ညားကြကြောင်းပါ"
"သို့ပေမယ့် စည်းမရှိ ကမ်းမရှိ သည်လို တိုက်နေရင်တော့ အရေးအလှ ရှိတတ်ရန်ကောကွယ်။ မင့်တို့ စစ်ရေးက မထိတ်သာ မလန့်သာ ရှိလိုက်ကဲ့"
"မင်းကြီး ဘယ်အရေးကို ပြောနေတာပါလိမ့်ဗျာ"
ရွှေထီးကို မြင်သဖြင့် ရောက်လာသော ဝန်ကြီး လက်ဝဲနော်ရထာက အနောက်မှ လှမ်းမေးလိုက်ရာ နေမျိုးအသင်္ခယာ ခပ်ကိုင်းကိုင်း လှည့်ကြည့်ပြီး
"အလို၊ ဝန်မင်းပါလား။ သည်မှာ အမိန့်မနာခံဘဲ စိတ်ရှိသလို လုပ်တတ်သူ ရှိရင် လုပ်ရေးကြံရေး အန္တရာယ်များကြောင်း ပြောဆိုနေကြတာပါ"
"သြော်၊ လက်ျာဘီလူးအကြောင်း ထင်ရဲ့"
ဟု ပြုံးလျက် ပြောလိုက်သဖြင့် နေမျိုးအသင်္ခယာ အံ့သြရပြန်သည်။ ဘယ်လို သိနေတာပါလိမ့်။
"သူက အလွန်တော်တဲ့ သူငယ်ပါ"
"ကျုပ်လည်း တွေ့ပါတယ်။ တော်ပင် တော်သော်ငြားလည်း.."
"စစ်ရေးမှာလည်း စိတ်ချရတဲ့ စစ်သည်ကောင်းတစ်ဦးပါ မင်းကြီးရဲ့"
"......"
"ကျွန်ုပ် သိပါတယ်။ မင်းကြီးက သူ့ကြောင့် အရေးမှားမှာ စိုးရိမ်မိတာ မဟုတ်လား"
"ဟုတ်တာပ ကိုနေ၊ သည်လိုလူမျိုးဟာ သိပ်အန္တရာယ်များတာ ကျုပ်ကိုယ်တိုင် ကြုံဖူးခဲ့တာပေါ့"
"မှန်ပါတယ်၊ မှန်ပါတယ်။ သင်းက အလွန်အန္တရာယ်များတဲ့ သူပါ။ သူစစ်တိုက်ပုံ မြင်လိုက်ကဲ့ မဟုတ်လား၊ ကြည့်ရတာ တထိတ်ထိတ် မနေဘူးလား"
"နေတာပဗျာ၊ ရန်သူကို အမှတ်မထား အလွန် သွေးကြီးမွေးကြီး နိုင်တာကလား ဝန်မင်း"
"ကျွန်ုပ်တို့လည်း စစ်သတင်း ကြားရတိုင်း တထိတ်ထိတ်ပါပဲဗျာ။ နိုင်ခဲ့တယ် ဆိုသဟာ သိပြီးလျက်သားတောင်မှ သင်းဘယ်လို လုပ်လိုက်တယ် ဆိုတာ ကြားနေရစဉ်မှာတော့ သည်လို ခံစားရတာချည်းပါပဲ။ ပြီးတော့ သင်း ဘာလုပ်တယ် ဆိုတာလည်း ဘယ်သူမှ နားမလည်ကြဘူးတဲ့။ ဟေ့.. မောင်မင်းတို့ရော နားလည်ကဲ့လား"
ငတိုက်မောင်းတို့က ပြုံးပြုံးကြီး ခေါင်းယမ်းပြလိုက်ကြသည်။
"သူ့လုပ်ပုံတွေကို နားလည်တဲ့သူ နှစ်ယောက်ပဲ ရှိတယ်။ ဟေ့.. ဟေ့.. ငစံငယ်၊ လာပါဦးကွဲ့ သည်ကို"
လက်ဝဲနော်ရထာက ပြောနေရင်း မြင်းကို ဆွဲလျက် ရှေ့တန်းမှ ခေါင်းငိုက်စိုက် ပြန်လာသော လူတစ်ဦးကို လှမ်းခေါ်သည်။ ထိုသူက မော့ကြည့်ပြီး သူတို့ဘက် မြင်းဆွဲလာ၏ ။
"မတွေ့ရတာ ကြာပါပကော.. ဦးနေ"
လူရွယ်က အမတ်ကြီးကို အမည်ခေါ်လျက် တရင်းတနီး နှုတ်ဆက်လိုက်ရာ နေမျိုးအသင်္ခယာ အံ့အားသင့်ရပြန်လေသည်။
"မင်း ပိန်လှချည့်၊ ကျန်းမာရဲ့လား"
"မာပါတယ် အမတ်မင်း၊ အမတ်ကြီးရော"
"အိမ်း.. ကောင်းပါရဲ့ကွာ၊ ဒါနဲ့ မင်းကြီး သူ့ကို သိသလား"
"ကျုပ် မသိပါလား"
"အဉ်း.. အဉ်း၊ ကဲ.. သွား သွား"
လူရွယ်က ငတိုက်မောင်းတို့ကို နှုတ်ဆက်လိုက်ပြီး မြင်းကို ဆွဲ၍ ပြန်ထွက်သွားမှ သေချာကြည့်မိသည်။ ဖုန်များ မီးခိုးများဖြင့် ပေလူးနေ၍ မည်းနေရသော မြင်းနီကြီးပါတကား။
"ဟင်.. အဲဒီမြင်းက..."
ကျန်သုံးဦး ပြုံးနေကြသည်။
"ဟိုသူငယ်ရဲ့ မြင်း မဟုတ်လား"
လက်ဝဲနော်ရထာဘွဲ့ခံ ဦးမြတ်သာနေက ခေါင်းညိတ်ပြသည်။ အရေးလွန် ပြေးလာနေသည်ကိုလည်း တွေ့ရ၏ ။
"အဲဒါ မင်းကြီး မြင်ခဲ့တဲ့ သူငယ်ပဲလေ"
"အို.. ဟုတ်လား၊ အခုနကနဲ့ တခြားစီပါလား"
"အမှန်ပင် တစ်ကိုယ်တည်းပါ"
ငတိုက်မောင်းက လျှောက်တင်သည်။
"မြင်းတစ်စီးတည်း တက်လာတာ သူပါပဲဘုရား"
ဆံပင်ရှည်များ တလွင့်လွင့်နှင့် လူငယ်ကို ကြည့်ရင်း နေမျိုးအသင်္ခယာက
"စောစောက ကိုနေ ပြောလိုက်ကဲ့၊ သူ့ကို နားလည်သူ နှစ်ဦးရှိတယ် ဆိုတာ"
"မှန်ပါ၊ ကျွန်ုပ် ပြောလိုက်ပါတယ်"
"ဘယ်သူတွေများလဲ"
"အလောင်းမင်းတရား ကိုယ်တော်ကြီးဘုရား နဲ့.."
နေမျိုး အသင်္ခယာ အထိတ်တလန့် လှည့်ကြည့်၏ ။
"ကျွန်ုပ် လက်ဝဲနော်ရထာ တို့ နှစ်ဦး ဖြစ်ပါတယ်"
မုတ္တမမှ ပါလာခဲ့သော ပညာရှိ သက်တော်ရှည်အမတ်ကြီးသည် ဦးခေါင်းကို ခါယမ်းလျက်
"ကျုပ်တော့ ရှင်းလေ ရှုပ်လေမို့ ဘယ်လိုမှ နားမလည်နိုင်တော့ဘူးဗျာ။ ကုန်းဘောင်သားများ လက်ရုံးထက်ရုံမကဘူး၊ တယ်လည်း ရှုပ်ထွေးနက်နဲကြပါကလား"
ဟု မြည်တမ်းလိုက်မိ၏ ။
End date: January 3,2022
No comments:
Post a Comment