Translate

လျှို့ဝှက်အပ်သော

 ခိုင်လုံစွာ တည်လုပ်ထားသော တပ်ကြီးတစ်ခုကို သိမ်းပိုက်နိုင်ပြီးနောက် ညစာစားချိန်၌ စစ်သည်တော်များသည် မိမိတို့ အောင်ပွဲအား စမြုံ့ပြန် ပြောဆိုနေကြလေသည်။ မိမိတို့စွမ်းရည်သတ္တိ၊ မိမိတို့ ကြိုးကုတ်အားထုတ်ခဲ့ပုံများအကြောင်းကို တစ်ဦးနှင့်တစ်ဦး ကြွားဝါရင်းမှ ကနဦးတိုက်ပွဲများအကြောင်းအထိ ရောက်ရှိလာကြ၏ ။

ထိုမှ အင်းဝမင်းတရားကြီး မဟာဓမ္မရာဇာဓိပတိ၏ ညံ့ဖျင်းမှုကြောင့် ဤသို့ စစ်ပွဲကြီးများ ဖြစ်ရသည်ဟူ၍ အတိတ်ကို ပြန်ပြောင်းအောက်မေ့ကြပြန်လေသည်။ အစီအမံ အပေါ့အလျော့ အချုပ်အခန့်မှ စ၍ များစွာ နုံချာကြောင်းများ ပြောဆိုနေကြစဥ် ထမင်းစားနေရာမှ လက်ျာဘီလူး ထလာပြီး
"ကိုယ်တို့အပေါ် သူ့ကျေးဇူး မရှိဘူးလား"
ဟု မေးရာ စစ်သည်များ ငြိမ်သက်သွားကြ၏ ။
"အင်းဝမင်းတရားကြီးရဲ့ ကျေးဇူးတော်ကို နည်းနည်းမှ မခံခဲ့ရဘူးလို့ ထင်မြင်ကြသလား သွေးသောက်တို့"
"ဒီလိုတော့ မဟုတ်ပါဘူး တပ်မှူး၊ အဝရွှေနန်းရှင်ရဲ့ ကျေးဇူးတွေလည်း အများကြီး ရှိပါတယ်"
"ဒါဆို ပြစ်တင်ရှုတ်ချခြင်းအမှု မပြုကြလေနဲ့ ငါ့လူတို့။ ညံ့ကြောင်း ပေါ့ကြောင်း ပြောတာ ဘာမှမဖြစ်ပေမယ့် မိမိအလိုအတိုင်း ဝေဖန်ကဲ့ရဲ့တာမျိုးတော့ မလုပ်ကြနဲ့။ ကျေးဇူးမဲ့စကားကို ဆိုကြဖို့ မသင့်ဘူး"
"မှန်သာပေါ့ မောင်မင်း"
နောက်ဘက်ဆီမှ ထွက်ပေါ်လာသော အသံကြောင့် တံခါးဝဆီ အကြည့်ရောက်သွားကြသည်။ ဝင်လာသည်က မင်းလှမင်းခေါင်ကျော် ဦးကောင်း၊ သူတို့ယာယီတဲကြီးအတွင်းသို့ ဗိုလ်မှူးကြီးတစ်ဦး ဝင်လာခြင်း ဖြစ်သဖြင့် တပ်သားများ မတ်တပ်ရပ်လိုက်ကြသည်။
"နေကြ.. နေကြ၊ လုပ်စရာရှိသာ လုပ်ကြ။ ငါက ငါ့လူ ငစံကို မေးစရာရှိလို့ လာသာ"
လက်ျာဘီလူး ပခုံးကို ဖိလျက် ခုံတန်းလျားပေါ် ပြန်ထိုင်စေကာ ဦးကောင်းသည်လည်း သူ့ဘေးဘက်၌ ဝင်ထိုင်လိုက်သည်။ ဦးကောင်း၏ လူများကတော့ အပေါက်ဝနှင့် သူတို့အနောက်ဝယ် စောင့်ကြပ်လျက်။
"မင်းကြီး ဘာမေးစရာ ရှိလို့ပါလဲ"
"သည်ကနေ့ တိုက်ပွဲကြီးဟာ အလွန်ကြီးကျယ်ကြောင်း ငါ သိတယ်။ မင့်လူတွေ စွမ်းဆောင်နိုင်ခဲ့သာကိုလည်း ငါ မြင်တယ်။ သို့ပေမယ့် ငါ မရှင်းသာက တိုးမပေါက်အောင် ထူထပ်လှတဲ့ တပ်စီးပြစီးတွေနောက် မင်းတို့က ဘယ်လို ရောက်နေပြီး ဘယ်လို တပ်ကို တက်ခဲ့ကြလဲ ဆိုသာပဲ။ ဆိုပါဦး ငစံ၊ မင်း ငါတို့ကို အကြောင်းမကြား.. ဖွင့်ဟတိုင်ပင်ခြင်းလည်း မပြုဘဲ ဘယ်လို တပ်ထိပ်ရောက်အောင် လုပ်ခဲ့လဲ"
ဦးကောင်းက ပြုံး၍ မေးနေသကဲ့သို့ လက်ျာဘီလူး၏ လူများကလည်း ယင်းအမေးကြောင့် ပြုံးမိသွားကြသည်။ သူတို့ ကိုယ်တိုင်ပါဝင် ကပြခဲ့ကြသည့် ဇာတ် မဟုတ်လား။ ထို့ကြောင့် မင်းကြီး၏ အမေးစကားကို ဝံ့ဝံ့ကြွားကြွား ပြောပြလိုက်ကြချင်သော်လည်း တပ်မှူးကတော့ စားလက်စ ထမင်းဖက်ကို ထုပ်သိမ်းနေလျက်မှ
" ဒါကတော့ လျှို့ဝှက်ချက်မို့ ပြောလို့ မဖြစ်ပါဘူး မင်းကြီး၊ ​ရှက်စရာမို့ ပြောလည်း မပြောဝံ့ပါဘူး"
ဘီလူးတပ်သားများထံမှ အာမေဋိတ်သံများ ထွက်လာကြသည်။ ဦးကောင်းကလည်း
"ဘယ်ဟုတ်မလဲ မောင်စံရဲ့။ မင်းတို့လူတွေ ရုတ်တရက် အနောက်က ပေါ်လာပြီး ထိုးခုတ်ချလို့ ၃ ရက်လောက် မကပ်နိုင် ဖြစ်နေရတဲ့ တပ်ကြီး ပေါက်ပြီး ရလိုက်သာမှန်း ငါသိသကွဲ့။ တပ်ထိပ်မှာ ဓားမိုးပြီး ကွပ်နေတဲ့ စျေးငယ်ဗိုလ်နောက် တုတ်တစ်ချောင်းနဲ့ မင်းလိုက်နေသာလည်း ငါတို့အားလုံး မြင်ကြသာပဲ။ အကွပ်အကဲ ကောင်းလှပါတယ် ဆိုတဲ့ ဗိုလ်တွေ တပ်ထိပ်က ဆင်းပြေးကုန်လို့သာ ဖရိုဖရဲဖြစ်ပြီး တပ်ကိုရလိုက်သာ။ မင်းတို့ မပါရင် သည်ကနေ့ည ဘယ်အောင်ပွဲခံနိုင်လိမ့်ဦးမလဲ"
"တပ်မှူး မပြောချင်ရင် ကျုပ်ပြောပြလိုက်ရမလား"
အနီး၌ စောင့်နားထောင်နေသည့် တိုက်မောင်းက လှမ်းပြောသဖြင့် လက်ျာဘီလူးက
"ဟာ.. မပြောပါနဲ့"
ဟု ဟန့်တားလိုက်ရသည်။
"ကျွန်တော်ပဲ သိသာရုံ ပြောပါမယ်။ အနော်ရထာမင်းစော လက်ထက်တော်ကနေ ယနေ့အချိန်အထိ ခုလို တိုက်မရအောင် ခက်ခဲတဲ့ မြို့ရိုး တပ်ခိုင်ဖြီးကြီးတွေဆို သူလျှိုထားပြီး ပရိယာယ် ပြုကြရတာပဲ မဟုတ်လား"
"သြော်.. မင်းစောနော်ရထာလို မင်းထင်နော်ရထာကလည်း ဒလျှို လွှတ်ထားတယ်ပေါ့လေ"
"ဟုတ်ပါတယ်၊ သထုံကို တိုက်လို့မရတော့ ဗျတ္တနဲ့ မအိုဇာ လမ်းပြသလို၊ ဟံသာဝတီ သုရှင်တကာရွတ်ပိကို တိုက်တော့ အထိန်းတော် ဗညားလော ဗညားကျန်း နှစ်ဦးကို မနိုင်လို့ တစ်ဖက်လှည့်နဲ့ သူရဲ ၃၂ ယောက် လွှတ်ပြီး ပရိယာယ်ဆင်သလို၊ ရာဇာဓိရာဇ်အမတ် အဲမွန်ဒရာ လဒမြို့တွင်း ဝင်သက်ထွက်တုံ ပြုသလို၊ ကျွန်တော်လည်း ရှေးထုံးတွေအတိုင်း ပြုကျင့်ခဲ့တာပါ"
"အတွင်းလူက တံခါးဖွင့်ပေးသလိုမျိုးလား"
"မှန်ပါတယ်"
"ဒါနဲ့ ငါလာတုန်းက အပြင်မှာ ကြိုးကြီးကြီး ရှည်ရှည်ကြီးတွေ ကျစ်ထားသာ၊ သံကွင်းကြီးတွေ သံမြားကြီးတွေ လုပ်ထားသာ တွေ့ရဲ့။ ဘာအတွက်လဲကွဲ့"
"တကယ်လို့ တံခါးဖွင့်မယ့် အကြံအစည် ပျက်ခဲ့ရင်ရင် တပ်ကို တက်ဖို့ ပြင်ထားတာပါ ဦးကောင်း"
"ကြိုးနဲ့ မြားနဲ့ တက်မှာ.. ဟုတ်လား"
အလွန်ပြောချင်နေသည့် တိုက်မောင်းက ဝင်ပြောပြန်သည်။
"မြားကွင်းထဲ ကြိုးထည့်ပြီး တစ်စကို တက်မည့်သူက ကိုင်၊ ကျန်တစ်စကို မြင်းနဲ့ ဆွဲပြေးပြီး အရှိန်နဲ့ မြန်မြန်ဆန်ဆန် ခုန်ဆွဲတက်ဖို့ ကျွန်တော်မျိုးတို့ လေ့ကျင့်နေကြတာ မင်းကြီး"
"အိမ်း.. အိမ်း၊ ယခု တက်ဖို့ မလိုလိုက်ဘူး မဟုတ်လား"
"အနောက်တံခါးစောင့်က ဖွင့်ပေးတော့ ကျွန်တော်မျိုးတို့ အလွယ်တကူပဲ ကြိုတင် ဝင်နိုင်ခဲ့ကြပါတယ်"
"မတိုက်ခင်က ကြိုဝင်နေနှင့်သာပေါ့။ တံခါးစောင့်က ဒလျှိုလား"
"မဟုတ်ဘူးခင်ဗျ၊ ကျွန်တော်မျိုးတို့ ခဝါသည် ကျော်ရှိန်က သူလျှိုပါ။ ထင်းလှည်းအစုနဲ့ လိုက်ပြီး တပ်နားက ဖြတ်တုန်းမှာ ဆင်းနေခဲ့တာ။ အကူအနေနဲ့ ဝင်နေတာပါ"
"အဲဒါ ဘယ်သူလဲ"
ထမင်းချက် ကျော်ရှိန် ထရပ်ပြရ၏ ။ ပုံသဏ္ဍာန်ကို ကြည့်ပြီး ဦးကောင်း သဘောပေါက်သွားသည်။
"သြော်.. ဒါ့ကြောင့် သူ့ကို သံသယ မဝင်ကြဘူးပေါ့လေ"
"မှန်ပါ၊ ကုန်းဘောင်တပ်တွေ မရောက်မီကတည်းက တပ်မှူးက ကြိုလွှတ်လိုက်တာ ဖြစ်လို့ ကျွန်တော်မျိုးတို့ဆီကလို့ မထင်ကြတော့တာ ဖြစ်ပါလိမ့်မယ်"
ဦးကောင်းက လက်ျာဘီလူးကို ကြည့်လိုက်ရာ
"သူတို့တပ် တည်ထားတာ ကောင်းလွန်းလို့ တပ်စီးတပ်ခိုင် လုံလိမ့်မယ် ထင်တာကြောင့် တပ်မချခင်မှာပဲ တပ်သားတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ကြိုတင်အချိန်းအချက် ပြုထားလိုက်တာပါ"
"ဒါနဲ့များ ငစံရယ်၊ ၃ ရက်တောင် စောင့်ပြီးမှ ဝင်ရသတဲ့လား"
ထိုအခါ ကျော်ရှိန်က
"လျှောက်တင်ပါရစေ မင်းကြီး၊ ကျွန်တော်မျိုး ဖွင့်မပေးရင် သူတို့ ဝင်လို့မရပါဘူး။ ပထမညမှာတင် ကြံရင်လည်း သတိထားနေကြတာမို့ အောင်မြင်နိုင်မှာ မဟုတ်ပါ။ ဒါ့ကြောင့် အပေါ့အလျော့ကို စောင့်ပြီး တံခါးမှူးအိမ်ဝင်၊ သားမယားနဲ့ အကြပ်ကိုင် ဖွင့်ခိုင်းခဲ့တာပဲ ဖြစ်ပါတယ်"
"တံခါးမှာ အခြား အစောင့်တွေ မရှိကြဘူးလား"
"ရှိပါတယ်၊ ကျွန်တော်မျိုး သတ်လိုက်ပါတယ်"
"ဟေ"
ဦးကောင်းက ပျော့ပျောင်းနွဲ့နှောင်းစွာ ရပ်နေသော ကျော်ရှိန်ကို အံ့သြဟန်ဖြင့် ကြည့်လိုက်ရာ ရယ်သံအချို့ ထွက်လာကြသည်။ ကျော်ရှိန်လည်း ပြုံးတုံ့တုံ့ ဖြစ်သွား၏ ။
"ဘာနဲ့ ဘယ်လို သတ်လိုက်လဲ"
"တစ်ယောက်ကို ကျောက်ခဲနဲ့၊ နှစ်ယောက်က ဓားမြှောင်နဲ့၊ တစ်ဦးကို သူ့ဓားနဲ့သူ ထိုးလိုက်ပါတယ်။ တံခါးမှူး အကူအညီလည်း ပါပါတယ်"
"သူ့သားမယားကိုရော ဘာလုပ်လိုက်သလဲ"
ဦးကောင်းက မျက်လုံးပြူးလျက် မေး၏ ။
"တပ်မှူး မှာထားတဲ့အတိုင်း မြောက်ဘက်ကို ပြေးခိုင်းလိုက်ပါတယ်။ တံခါးမှူးလည်း သူ့တို့နောက် လိုက်သွားပါတယ်ဘုရား"
"ကောင်းကွာ၊ ဖွင့်ပေးပြီး သူလည်း ပြေးတာပေါ့"
"မှန်ပါ့ အရှင်"
"အဲဒီတော့ မင်းတို့ ဘယ်နှယောက် ဝင်သွားကြလဲ"
လက်ျာဘီလူးဘက် လှည့်ပြီးမှ အခြား တပ်သားများထံ ကြည့်ကာ မေးလိုက်သဖြင့် ငသူရိန်က အရိုအသေပြုလျက်
"ကျွန်တော်တ်ို့ အားလုံး ၂၂ ယောက်ပါ။ ငကျော်ရှိန် ပြင်ထားတဲ့ တဲတွေကို မီးထင်းတိုက်တာ ၅ ယောက်၊ မြင်းဇောင်းဖွင့်ပြီး လွှတ်သူ ၂ ယောက်။ အမြောက်တွေကို ပစ်မရအောင် လုပ်ဖို့ ၅ ဦးနဲ့ ကျန်သူတွေကတော့ တပ်ထိပ်ကို တက်ခုတ်ကြပါတယ်"
"မင်းကို ငါ တွေ့လိုက်သယ်၊ တပ်ထောင့်မှာ ဓားရေးပြနေတဲ့အကောင် မဟုတ်လား"
ငသူရိန်က ပြုံး၍
"မှန်ပါတယ်ဘုရား၊ တပ်မှူးက.. 'ငသူရိန်၊ တပ်စီးတွေကို အဲဒီနား ခေါ်သွား' ဆိုလို့ပါ"
"ဘဇာကြောင့်လဲကွဲ့"
လက်ျာဘီလူးအား တည့်တည့်ကြည့်ကာ မေးလိုက်ခြင်း ဖြစ်၍ သူ မဖြေမဖြစ်တော့။
"ကျွန်တော်တို့ ဝင်တာက လူဝင်တဲ့ အနောက်ပေါက်ငယ်ကလေးပါ မင်းကြီး။ စစ်သည်တွေ မြင်းတွေ ဝင်လို့ မရပါဘူး။ အစောင့်အကြပ်လည်း နည်းပါတယ်။ တိုက်ရင်တော့ အရှေ့ကပဲ တိုက်ရပါလိမ့်မယ်။ ဒါ့ကြောင့် အတွင်းမီး ထတယ်ထင်ပြီး သူတို့ ကျောမလုံအောင်၊ တပ်ထိပ်ကနေ အသေခံ ထိုးချနေသူတွေလည်း လျော့ပါးသွားအောင် စီစဥ်တာပါ"
"မင်းတို့လူ ဘယ်နှယောက် ကျသွားသေးလဲ"
"တက်ခုတ်သူ လက်ရည်ကောင်း ၅ ဦး ကျသွားပါတယ်"
"အို.. အို၊ သ​မြှောစရာပဲ။ သို့ပေမယ့် အရင်ရက်တွေ တပ်ကို ကပ်တုန်းက ဆုံးတဲ့ လူ ၃၀၀ ကျော်နဲ့ စာရင်တော့ သူတို့ ၅ ဦးဟာ အများကြီး အဖိုးထိုက်ပါရဲ့"
"အတူတူပါပဲ မင်းကြီး၊ လက်စွမ်းကောင်းလို့ ပိုစွမ်းဆောင်နိုင်လို့ တန်ဖိုးပိုကြီးတယ်လို့ ကျွန်တော်တော့ မထင်ဘူး။ ဟို လူ ၃၀၀ လည်းပဲ အမှုတော်ကို သက်စွန့်ကြိုးပမ်းရင်း ကျဆုံးခဲ့ကြရတာပါ။ အသက်ရဲ့ တန်ဖိုးက အတူတူပါပဲ"
"ကျုပ်က အောင်ပွဲအတွက် အရေးပါကြောင်းကို ဆိုလိုသာ မောင်မင်းရဲ့။ မင်းတို့ သည်လို မကူရင် အသက်တွေ အများကြီး ပိုပေးကြရမယ် မဟုတ်လား။ အဲသာ ဘာရှက်စရာ ရှိလို့လဲ ငစံ"
"ပရိယာယ်ပြုပြီး ကျောကတိုက်တာဟာ ရှက်ဖွယ်တစ်ကြောင်း ဖြစ်ပါတယ်။ တံခါးစောင့် သားမယားကို ခြိမ်းခြောက်ပြီး သူတို့မိသားစုကို ဒုက္ခပေးလိုက်ရတာလည်း အလွန် သိမ်ဖျင်းတဲ့ လုပ်ရပ်ပါ။ ကျွန်တော် ဒီလိုလုပ်ခဲ့ကြောင်းကိုသာ ရာဇဝင် ရေးကြတဲ့အထဲ ပါခဲ့မယ်ဆို ဥပါယ်ခိုးအမည်၊ မင်းတရားရွှေထီးရဲ့ သစ္စာပန်းနှစ်ပွင့်၊ မြို့သစ္စာဖောက်မအိုဇာတို့လိုပဲ အလွန်ရှက်ဖွယ်လိလိ ဖြစ်ရပါလိမ့်မယ်။ အဲဒါကြောင့် ကျွန်တော် ထုတ်ဖော်မပြောရဲ ဖြစ်နေတာပါ"
"ဒါဆို ဘာလို့ လုပ်ခဲ့သေးလဲ"
"ကျွန်တော် လုပ်နိုင်ပါလျက်နဲ့ ကောက်ကျစ်စဥ်းလဲရမှာ ကြောက်နေခဲ့ရင်လည်း နှစ်ဖက်လူတွေ အများကြီး သေကြမှာမို့ အရှက်နှင့် အသက်ကို လဲခဲ့ရကြောင်းပါ"
ဦးကောင်း တွေဝေသွားသည်။ မည်သူမျှ မလုပ်ချင်၊ လုပ်ဝံ့မည် မဟုတ်သည်ကို ရဲရဲဝံ့ဝံ့ ကြံခဲ့သည်မို့ ချီးကျူးရမည်လား ကဲ့ရဲ့ထိုက်သည်လား မသိတော့။ သူ့စေတနာက ကြောက်စရာကောင်းနေမှန်း သဘောပေါက်သလို ရန်သူများအတွက်ပင် စဥ်းစားပေးခဲ့ခြင်း ဖြစ်နေပြန်၍ မင်းတရားကြီးအား လျှောက်ရန် မဖြစ်တော့။ သို့သော် သူ့သဘောကို မေးရပေမည်။ ရှက်ရွံ့မနေစေရန် အားပေးရပေလိမ့်မည်။
"စစ်အတွင်းမှာ​တော့ သည်လိုပဲ ကြံစည်ကြရမှာပ ငါ့လူ။ သည်ကိစ္စ မင်းတရားကြီးဆီ မရောက်ပေမင့် ဗိုလ်မှူးအများက ချီးကျူးနေကြသယ်။ အနောက်က ဘယ်လိုပေါ်လာသလဲ၊ အတွင်းကို ဘယ်လို ရောက်နေကြသလဲ သိချင်နေကြလေရဲ့။ သည်လို ကိစ္စကြီးကို ဘာလို့ မင့်အရှင်ဘုရင်ဆီ မလျှောက်သလဲ။ ငါတို့နဲ့ ဘာလို့ မတိုင်ပင်သလဲ ငစံငယ်"
"လျှို့ဝှက်အပ်သောစကား ဖြစ်နေလို့ပါ"
"ဘယ်လို..!"
"ကျွန်တော်တို့က သူလျှိုထည့်သလို သူ့ဆီကလည်း လာပါလိမ့်မယ်။ မင်းနားတစ်ထောင်မို့ ဆိတ်ကွယ်ရာ မရှိနိုင်ပါဘူး။ ကျွန်တော် ဖွင့်ဟတိုင်ပင်တဲ့စကား တစ်ယောက်ယောက်ထံကနေ သူတို့ဆီ ရောက်သွားရင် အရေးတော် အောင်နိုင်ပါ့မလား။ ကျွန်တော့်လူ ငကျော်ရှိန် အသက်လွတ်နိုင်ပါ့မလား"
"ဟုတ်တော့ ဟုတ်ပေရဲ့။ ငါတို့ကြားက စကား အကြံတွေ ပေါက်ကြားလိမ့်မယ်လို့ ထင်သာတော့ မင်း မလွန်ဘူးလား"
"မလွန်ပါဘူး ဦးကောင်း၊ မင်းကြီးကို စကားတစ်ခွန်း ပါးလိုက်ပါ့မယ်။ အဲမွန်ဒရာ ဒလကို ဝင်သလို ကျွန်တော်လည်း မွန်မြို့ထဲ တစ်ကိုယ်တည်း ရအောင် ဝင်ပြဦးမယ်။ ဒီစကားကို ကျွန်တော် အော်​ပြောတာ မဟုတ်ပေမယ့် ပဲ့တင်သံကို မင်းကြီး ကြားရပါလိမ့်မယ်"
ပညာရှိသော ဦးကောင်း ခေါင်းတညိတ်ညိတ်နှင့် ပြုံးသွားသည်။ ထို့နောက် ဗိုလ်မင်း တပ်မင်းများထံသို့ ပြန်သွားပြီး သူသိခဲ့ရသမျှကို ပြောပြ၏ ။ အများက ချီးကျူးကြလေသည်။
မကြာမီ တပ်မြို့ကြီးတစ်ခုသို့ ရောက်ကြလျက် ရံတပ်များ တည်၍ စစ်ပြိုင်နေကြရာ မွန်တို့က မြို့တွင်းမှ ဟစ်လေသည်။
"ငါတို့ သူရဲကောင်း အဲမွန်ဒရာလို နင်တို့ သူရဲလည်း မြို့ထဲဝင်မယ်ဆို ဝင်ခဲ့။ အရှင်ပြန်မထွက်စေရဘူး"
ဟူသတည်း။

Written by သင်္ခရာဇာ
End date: January 11,2022  

No comments:

Post a Comment

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...