ယခုရောက်ရှိနေသော နေရာသည် မြေပေါ်နှင့် မည်မျှ အကွာအဝေး ရှိသလဲတော့ မသိ။ အချို့နေရာများတွင် မြေပျော့သော်လည်း တစ်ခါတစ်ခါ ကျောက်ခဲများအပြည့် ဖြစ်နေသည့် မြေလွှာကြီးနှင့် ကြုံတွေ့ရတတ်သလို တစ်ခါတစ်ရံ၌လည်း မြေထုကြားမှ ရေများ စိမ့်ကျလာတတ်သည်။ မြေသယ်သည့်သူများ ပို၍ များများလိုအပ်လာသလို အလှည့်ကျ တူးဖော်နေသူများလည်း အားကြိုးမာန်တက် တူးနေကြသည့် ကြားမှပင် အခက်အခဲမျိုးစုံ ကြုံတွေ့ကြရသည်။
သူတို့ လုပ်နေသည်ကိုက ဦးတည်ချက်က ၂ ခု ဖြစ်နေသည်။ လမ်းကြောင်းတစ်ခုက မြို့ရိုးဆီသို့ ကွက်တိရောက်ရမည် ဖြစ်ပြီး နောက်တစ်ခုကမူ မြို့တွင်းဆီ ဦးတည်နေသည်။ လူတွေလည်း ပင်ပန်းလှပြီ။ ရည်မှန်းချက်က မနီးစပ်သေး။ လမ်းကြောင်းတစ်ခု ဆိုလျင် ပန်းတိုင်ပင် မရှိသေး။ သူကလည်း ထို ပန်းတိုင်မရှိသည့် လမ်းကြောင်းကိုမှ တူးဖော်ရန် တာဝန်ကျခဲ့သည်။
အယုဒ္ဓယမြို့သည် ယိုးဒယားတို့၏ နန်းစိုက်ရာ မြို့တော် ဖြစ်သည့်အပြင် နောက်ဆုံး ခံမြို့ကြီးလည်း ဖြစ်သဖြင့် အယုဒ္ဓယ ကျလျင် ယိုးဒယားတို့ ထီးကွယ်နန်းပျောက်နိုင်ပေရာ အထူးကြပ်မတ်စွာ ခံနေကြသည့် ခံတပ်ကြီးလည်း ဖြစ်သည်။ ရွှံ့နွံမြစ်ချောင်း ပေါများစွာ ဝန်းရံလျက် ရေကျုံး၊ အခြောက်ကျုံး၊ ဆင်ခလုတ် မြင်းခလုတ် ထူထပ်လှသည့်ကြားမှ မြို့စောင့်တပ်များသည်လည်း မြို့ခံအကောင်းဆုံးတပ်များချည်း ဖြစ်နေခဲ့၏ ။ ထို့ကြောင့် သူတို့ မြန်မာတပ်များ ဤနေရာသို့ ရောက်နေခဲ့သည်ကပင် ၂ နှစ်နီးပါး ရှိလေပြီ။
ကုန်းဘောင်တပ်များသည် စစ်ကြောင်းကြီး ၂ ကြောင်းချီလျက် ယိုးဒယားမြို့တော်အထိ တိုက်ခိုက်သိမ်းပိုက်လာခဲ့ကြရာတွင် အခြားမြို့များဝယ် ကြီးစွာသော အခက်အခဲ မကြုံတွေ့ခဲ့ကြရဘဲ ယခု အယုဒ္ဓယကို ဝိုင်းမိကြတော့မှသာ မည်သို့မျှ မကျမပေါက်၊ မလုပ်ကြံနိုင်ကြဘဲ ဤမျှ ကြာသွားခဲ့ခြင်း ဖြစ်သည်။
သူတို့သည် မြို့ရိုးပတ်လည်ကို ရံတပ်များ တည်၍ ရိက္ခာအတွက် အနီးဝန်းကျင်တွင် လယ်ယာကိုင်းကျွန်းများ စိုက်ပျိုးပြီး လုပ်ကိုင်းစားနေရရာ တောင်သူတစ်ဝက် စစ်သားတစ်ဝက်ဟုပင် သတ်မှတ်နိုင်ပေပြီ။ မြို့တွင်း၌လည်း ချောင်းမြောင်းရေဆင်းများ ရှိသဖြင့် မည်မျှကြာကြာ ခံနိုင်နေမည်သာ ဖြစ်၏ ။ ရှမ်းတို့ကပင် ရံတပ်များကို ပစ်ခတ်တိုက်ခိုက်နေသောကြောင့် မြို့ရိုးနှင့်အညီ မြေဖို့၍ တာတမံဆောက်မှသာ အမြောက်စိန်ပြောင်းဒဏ်ကို မြန်မာတို့ သက်သာရာ ရခဲ့သည်။ မြန်မာတို့ဘက်မှ မြေတမံပေါ် တင်ပစ်သည့် အမြောက် မြတံပူဒဏ်ကိုလည်း မြို့တွင်းသားတို့ နေ့စဉ်ခံနေကြရ၏ ။
ရာသီဥတုက ဆိုးဝါးကြမ်းတမ်းသည်။ မိုး မကြာခဏ ရွာတတ်၏ ။ မှက် ခြင် ယင် ပေါသလို ငှက်ဖျား ဝမ်းသက် ရောဂါဘယဘေးလည်း ထူပြော၏ ။ ယခုပင် ရွှေတပ်တော်သားများတွင် မဖျားနာဖူးသူ မရှိသလောက် ဖြစ်သလို အသေအပျောက်များလည်း ပိုမိုလာခဲ့ပြီ ဖြစ်၍ ရံမြဲ ရံမနေကြတော့ဘဲ တစ်နည်း ကြံစည်ကြရတော့သည်။
စစ်သူကြီး နေမျိုးသီဟပတေ့နှင့် ဗိုလ်မှူးချုပ် မဟာနော်ရထာတို့က မြေအောက် ဥမင်လမ်းကြောင်းကြီး ၂ သွယ် ဖောက်လုပ်တူးဖော်ကြရန် အသီးသီး တာဝန်ယူလိုက်ကြသည်။ အခြေအနေ အကြောင်းအရပ်ရပ်ကြောင့် လမ်းကြောင်းတစ်ခုတည်းမှ မခွဲဘဲ သီးသန့်စီ ဖောက်လုပ်မှသာ အန္တရာယ်ကင်းနိုင်မည်ကိုလည်း မြော်မြင်နိုင်ခဲ့ကြသည်။
ကျုံးများအောက်မှ ဖြတ်လျက် မြို့ရိုးအောက်ခြေသို့ ဖောက်ရမည့် လိုဏ်ခေါင်းကို နေမျိုးသီဟပတေ့တပ်မှ တာဝန်ယူထားပြီး တောအုပ်ထဲမှ အယုဒ္ဓယမြို့တွင်းသို့တိုင် ဖောက်ရမည့် ဥမင်ကိုမူ မဟာနော်ရထာတပ်မှ တပ်မှူး လက်ျာဘီလူးက တာဝန်ယူထားရချိန် ဖြစ်သည်။ ယခု သူတို့ တူးဖော်နေသည်မှာ လမ်းကြောင်း တစ်ဝက် ကျော်ပေပြီ။ မည်သည့်နေရာ၌ အဆုံးသတ်ရမည်ကိုမူ သေချာစွာ မသိသေး။ မြို့တော်တွင်းသို့သာ ဦးတည်လျက် ဆက်လက် ဖောက်လုပ်နေကြခြင်း ဖြစ်သည်။
တပ်မှူးသည် ညနေချမ်းအခါ၌ မြေအောက်လုပ်ငန်းခွင်များ သိမ်းဆည်းလျက် ကိုယ်လက်သန့်စင်ပြီးလျင် ဘုရင့်နောင်မင်းတရားကြီး တည်ထားခဲ့သည့် ဘုရားသို့ တက်ခဲ့သည်။ အယုဒ္ဓယ မြို့တော်ထိပ်မှာ မှောင်ရီပျိုးစ ညနေကြယ်ကြီးက လင်းတောက် ထွန်းပေါ်နေပြီ ဖြစ်သော်လည်း သူက ကျောခိုင်းလျက် အမိမြန်မာပြည်ဘက်သို့သာ ကြည့်နေမိသည်။ တောအုပ်များ အလွန်မှ တောင်ညိုတောင်တန်းများသည် မြန်မာပြည်သို့ သွယ်တန်းသွားကြပေလိမ့်မည်။ ထိုတောင်တန်းများအတိုင်း လိုက်လျင် သူတို့ဆီ ပြန်ရောက်သွားမည် မုချ။
ထိုအခါ စိတ်အစဉ်သည် အမိမြေသို့ အလွမ်းပြေ ရောက်သွား၏ ။ သူ့ရွာသို့ ပြန်သည်။ ဘုန်းကြီးကျောင်းသား ပြန်လုပ်သည်။ အပေါင်းအသင်း ရောင်းရင်းများနှင့် ပြန်တွေ့ ပျော်ရွှင်ကြမည်။ ညဘက်ရောက်လျင် သိုင်းကစားကြမည်။ မရှိတော့သော ဖခင်နှင့် ညီငယ် လိုက်လာ၍ စားစရာများ၊ အဝတ်ပုဆိုးများ ပေးပုံကို စိတ်ကူးယဉ်ကြည့်သည်။ ညချမ်းအချိန်ခါ၌ ရွာဦးစေတီတော်ဝယ် ဆီမီးများ ပူဇော်ကြလိမ့်ဦးမည်။
အတွေးလွန်နေသဖြင့် နောက်ဘက်မှ လူများ ရောက်လာသံ၊ ဘုရားပူဇော်နေကြသံများ ကြားသော်လည်း လှည့်မကြည့်ဖြစ်။ သစ်ပင်များနှင့် စေတီပရဝုဏ်ကို မီးရောင်အချို့ ရိုက်ခတ်သည် တွေ့ရသဖြင့် မီးပူဇော်နေကြပြီမှန်းလည်း သိလိုက်သည်။ ယိုးဒယားသံနှင့် ဘုရားစာရွတ်သည်ကို ကြား၏ ။
ရံဖန်ရံခါ၌ မြို့တွင်း မလွယ်ပေါက်မှ အရပ်သူ အရပ်သားများ၊ ယိုးဒယားပြည်ရောက် မြန်မာတိုင်းရင်းသား ကရင် ရှမ်းများ ထွက်လာ၍ ဘုရားလာဖူးလေ့ ရှိကြသည်။ မြို့တွင်းကလည်း ထွက်ခွင့်ပြုသလို သူတို့တပ်များကလည်း လာခွင့်ပြုထားကြ၏ ။ အချို့က မြန်မာတပ်သားများနှင့် ရောင်းဝယ်ဖောက်ကားမှု ပြုကြရန်ပါ ဆွေးနွေးသွားတတ်ကြသည်။ သူတို့ဆီမှ အစားအသောက် ဆန်ရေစပါး အသားဟင်းလျာများ ရရှိတတ်သဖြင့် အားလုံးက ကြည်ဖြူကြလေသည်။
ယခုလည်း ယိုးဒယားအချို့ ဘုရားလာဖူးကြခြင်း ဖြစ်ပေမည်။ လက်ျာဘီလူးသည် ဆီမီးပူဇော်သည့် အရောင်ကို စဉ်းစားနေရာမှ သူတို့ ငယ်စဉ်က စေတီရင်ပြင်၌ ကျောင်းသား ကိုရင်များ စုဝေး၍ ညတိုင်း ဝတ်တက်ခဲ့ကြရသည်ကို သတိရမိပြန်သည်။ ဆီမီးများ ထွန်းပြီးလျင် ဘုရားစာများကို သံပြိုင် အော်ဟစ် ရွတ်ဆိုကြရသည်မှာ အလွန် ပျော်စရာကောင်းသလို စိတ်ချမ်းမြေ့စရာလည်း ကောင်းလှသည်။
ယခုပင် သူတို့ ရွတ်ခဲ့သည့် သက္ကတ မြန်မာ ဘုရားရှိခိုးကို ပြန်ကြားယောင်လာရ၏ ။ မဟုတ်သေး၊ အကယ်ပင် ကြားနေရခြင်း ဖြစ်သည်။ သို့သော် မြန်မာသံဖြင့်ကား မဟုတ်၊ ပါဠိအသံထွက်ချင်း မတူသော အိန္ဒိယအသံထွက်မျိုးဖြင့် ပူဇော်နေခြင်း ဖြစ်သည်။ ခါတိုင်း ကြားနေကျ ယိုးဒယားတို့၏ ဘုရားရှိခိုးကဲ့သို့ မဟုတ်ဘဲ ရွတ်ဖတ်နေသည့် စာတစ်ကြောင်းချင်းအား သူ နားလည်နေသလို ရှိလေသည်။
သူသည် ရွတ်ဖတ်သံကို အာရုံစူးစိုက် နားထောင်နေမိလျက်သား ဖြစ်နေသည်။ စိတ်ကို ပုံ၍ နားစိုက်ထားသောကြောင့်လည်း အနက်ကို ပို၍ နားလည်နေရသည်။ ဘုရား၏ ဂုဏ်တော်များကို ပီတိဖြစ်ဖွယ် ရွတ်ဖတ်နေခြင်းကြောင့် လည်းကောင်း၊ သာယာချိုအေးသည့် အသံဖြင့် လွှမ်းသော ကြည်နူးစရာ ညဦးပိုင်းချိန်မို့လည်းကောင်း သူ့စိတ်များသည် အမိမြန်မာပြည်သို့ ရောက်လိုက်၊ ရွာဦးကျောင်းသို့ ရောက်လိုက်၊ မုဆိုးဖိုသို့ ရောက်လိုက် ဖြစ်နေသည်။
ဘယ်အချိန် ဝတ်တက်သံ ဆုံး၍ ဘယ်အချိန် ယိုးဒယား ဘုရားဖူးများ ပြန်သွားကြသည်ကိုပင် မသိ။ ဆီမီး တဖျစ်ဖျစ်မြည်သံမှတပါး မည်သည့်အသံမှ မကြားရတော့သည်အထိ သူ တွေးတော ငေးမောနေခဲ့မိသည်။ သူ့အား လူတစ်ဦးက ဘေးမှ ငြိမ်သက်စွာ ကြည့်နေခဲ့သည်ကိုလည်း မသိ။ ထိုသူ၏ မျက်ရည်စက်များ ရင်ပြင်ပေါ် ကျဆင်းနေခဲ့သည်ကိုလည်း သူမသိ။ ရုတ်တရက် နောက်မှ သိုင်းဖက်ခံလိုက်ရမှ သူ ထိတ်လန့်သွားရသည်။
အလွန် နွေးထွေး နူးညံ့သော အထိအတွေ့၊၊ အလွန် သိမ်မွေ့လှသော အသက်အသံနှင့် ထူးခြားလှသည့် ရနံ့များ။ သူ မတွေးပါဘဲလျက် တစ်စုံတစ်ခုကို ဖျတ်ခနဲ မြင်ယောင်မိသည်။ ထို့ကြောင့် သိုင်းဖက်ထားသည့် လက်ကို ဆွဲဖယ်ပြီး လှည့်ကြည့်လိုက်သည်။
"မင်း.. စန္ဒဝတီ မဟုတ်လား"
အမျိုးသမီးက မဖြေ၊ မျက်ရည်ကျနေသည့် မျက်ဝန်းများဖြင့်သာ သူ့ကို မော့ကြည့်နေသည်။ နှုတ်ခမ်းများက တလှုပ်လှုပ်။ သူလည်း ဘာပြောရမည်မသိ။ တစ်ဦးကို တစ်ဦး ထိုအတိုင်း ကြည့်နေမိကြသည်။ အတန်ကြာမှ ကသည်းမင်းသမီး အသံထွက်လာနိုင်သည်။
"မောင်ကြီးကို ကျွန်မ လိုက်ရှာနေခဲ့တာ"
...............x..............x..............
ချောင်းကလေးဘေးရှိ စေတီအဆင်း လှေကားထစ်များတွင် သူတို့ ထိုင်နေကြသည်။ ယခုတော့ စန္ဒဝတီသည် တည်ငြိမ်စ ပြုနေပြီဖြစ်သည်။ သူ့ကိုယ်သူ ခင်ဘုန်းဟုသာ သုံးနှုံး ပြောဆိုနေသည်ကို လက်ျာဘီလူး ငေးကြည့်နေ၏ ။
"ခင်ဘုန်း ခက်ခက်ခဲခဲနဲ့ လာခဲ့ရတာ၊ ဒီရောက်တော့ မောင်ကြီးက မရှိတော့ဘူး"
"မောင်ကြီး မရှိတော့ဘူး ဆိုတာလည်း ခင်ဘုန်း တော်တော်နဲ့ မသိခဲ့ရဘူး။ အယုဒ္ဓယမှာ အဖမ်းခံထားရတယ် ဆိုလို့ အကျဉ်းထောင်ကို ဝင်ဖို့ပဲ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေခဲ့တာ။ နောက်တော့... နောက်တော့"
ခင်ဘုန်းအဖြစ်မှာ ကရုဏာသက်ဖွယ်။ သူက ကြိုးစားလေ၊ ထောင်အာဏာပိုင်များက မယုံလေ။ သူကလည်း မြန်မာတစ်ဦးကို လာရှာပါသည်ဟု ပြော၍ မဖြစ်။ ရှာရမည့်သူမှာ အလွန် အရေးကြီးသည့် အကျဉ်းသား မဟုတ်ပါလား။ သို့နှင့် မကြာမီ ထောင်များကို အုပ်ချုပ်စီရင်ရသော ယိုးဒယား မင်းသားတစ်ပါးထံ ရောက်သွားခဲ့ရ၏ ။
ထိုမင်းသားက ခင်ဘုန်းကို မြင်မြင်ချင်း သဘောကျပြီး သိမ်းယူလိုက်သည်။ ခင်ဘုန်းသည် ထိုမင်းသား၏ ၃ ယောက်မြောက် မိဖုရားအဖြစ် အယုဒ္ဓယမှာ ယခုချိန်ထိ သောင်တင်နေခဲ့သည်။ လက်ျာဘီလူး ပြန်သွားပြီး အတော်ကြာမှသာ မင်းကျောင်းသို့ အဖူးမြော်သွားရင်း စကားစပ်မိကြသဖြင့် ဒုတိယအကြိမ်၌ လက်ျာဘီလူး ပြန်သွားကြောင်းကို သိရှိခဲ့ရခြင်း ဖြစ်သည်။
"ခင်ဘုန်းဘဝက သူ့မယားဖြစ်နေပြီ ဆိုတော့ မထူးတော့ဘူး ဆိုပြီး ဒီမှာပဲ နေလိုက်ရတာပဲ။ မောင်ကြီးနဲ့ ပြန်တွေ့ရလိမ့်မယ် လို့လည်း မမျှော်လင့်တော့ပါဘူး။ မြန်မာပြည်ကို လွမ်းရင် ဒီဘုရားကို ရုပ်ဖျက်ပြီး လာဖူးလေ့ ရှိပါတယ်။ စစ်ဖြစ်နေစဉ်အတွင်း တစ်ခေါက် ရောက်လာပါသေးရဲ့။ မောင်ကြီးကိုတော့ မမြင်မိဘူး။ ပါလာတယ်လည်း မကြားဘူးလေ"
သူ ဘာမှ ပြန်မပြောနိုင်။ ခင်ဘုန်းမျက်နှာကိုသာ ငေးကြည့်နေမိသည်။
"တကယ်ဆို မောင်ကြီးလို လူတစ်ယောက် ပါလာရင် အုတ်အုတ်ကြွက်ကြွက် ပြောဆိုနေကြမှာ မဟုတ်လား။ ခုတော့ အခြားစစ်သတင်းတွေသာ ကြားနေရတယ်။ မောင်ကြီးနာမည် ယောင်လို့မှ မပါတော့... မောင်ကြီး စစ်မှုမထမ်းတော့ဘဲ ရွာမှာပဲ အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်နေပြီ မှတ်တာ"
"ဟုတ်တယ် ခင်ဘုန်း၊ ကျုပ်လည်း နေမမြင်ရတဲ့အလုပ်မှာ တာဝန်ကျနေတော့ ခင်ဘုန်းလာတာ မသိလိုက်ဘူး"
ပါးနပ်လှသော ကသည်းမင်းသမီးသည် လက်ျာဘီလူး စကား ကြားရုံမျှဖြင့် မည်သည့်အလုပ် ဖြစ်မည်ကို သဘောပေါက်လိုက်၏ ။ လက်ျာဘီလူးအပေါ် တင်ရှိနေခဲ့သည့် အပြစ်ကြွေးများကို တတ်နိုင်သမျှ ပေးဆပ်ရန် ဆန္ဒရှိသဖြင့်..
"မောင်ကြီးတို့ အလုပ်အတွက် လိုအပ်လာရင် ခင်ဘုန်းကို ပြောပါ။ မောင်ကြီးအတွက် အသက်စွန့်ပြီး ခင်ဘုန်း မှားခဲ့သမျှကို တောင်းပန်ပါရစေ"
လက်ျာဘီလူးက လက်မခံ၊ ထိုအကြောင်းကို ထပ်မပြောတော့ဘဲ အခြားအကြောင်းအရာများကိုသာ ပြောဆိုကြလျက် ခင်ဘုန်းကို ပြန်လွှတ်လိုက်သည်။ တစ်ပတ်ခန့် ကြာပြီးနောက် ခင်ဘုန်းတစ်ယောက် အပျိုတော်တစ်ဦးနှင့် မထင်မရှား ရောက်လာပြန်သည်။
ဤတစ်ကြိမ်တွင် အကြပ် ငကံနှင့် ဦးစွာ တွေ့ရာ ငကံက ခင်ဘုန်းကို ချက်ချင်း မှတ်မိလိုက်သည်။ လက်ျာဘီလူးကို သွားရှာပြီး အကြောင်းကြားလိုက်၍ သူတို့နှစ်ဦး တွေ့ကြပြန်သည်။ ခင်ဘုန်းတို့ ပြန်သွားသောအခါ ငကံ ရောက်လာပြီး
"ကောင်မလေး ကြည့်ရတာ ခိုးထွက်လာရသလိုပဲနော် တပ်မှူး"
ဟု ဆိုသည်။ လက်ျာဘီလူးက
"မင်းက သူ့ကို ဘယ်လို သိလဲ"
"သိတာပေါ့၊ တပ်မှူးကို ဒုက္ခပေးခဲ့တာလည်း သူ၊ အသက်ကယ်ခဲ့တာလည်း သူပဲလေ"
"ဟုတ်လား၊ ဘယ်လို အသက်ကယ်ခဲ့တာလဲ"
ငကံက တပ်မှူး ရေနစ်စဉ် ခင်ဘုန်း ဆယ်တင် ထမ်းပြေးခဲ့ပုံများကို ပြောပြသည်။ ထိုအခါမှ လက်ျာဘီလူး သိရ၏ ။ သူ့အား မည်သူမျှ မပြောခဲ့ကြ။ သူ့ကို ခင်ဘုန်း အမုန်းကြီး မုန်းနေခဲ့သည် ဟုသာ သိထားခဲ့သည် မဟုတ်လား။
"တပ်မှူးကိုတော့ အတော် သံယောဇဉ်ကြီးပုံ ရပါတယ်။ စတွေ့ကတည်းက သူ့မျက်လုံးတွေကို ကျွန်တော် သတိထားမိတယ်"
"ဟုတ်လား.. ဘယ်တုန်းကလဲ"
"တပ်မှူး မြင်းပေါ်မှာ သူ့ကို ဖမ်းခေါ်လာတုန်းကလေ။ အဖမ်းခံရလို့ မကျေမနပ် ဖြစ်နေတဲ့ ပုံစံမျိုး မဟုတ်ဘဲ ဂုဏ်ယူနေတဲ့ မျက်နှာပေးနဲ့မို့ မှတ်မိနေတာ"
လက်ျာဘီလူး ရှက်သလို ဖြစ်သွားသည်။ ထိုစဉ်က ငယ်ရွယ်သေးသော ကသည်းမင်းသမီးအား သူသည် မည်သည့်စိတ်မျှ မရှိဘဲ မြင်းပေါ်တင်ခေါ်လာခဲ့ခြင်းသာ ဖြစ်သည်။ အသားယူလိုခြင်း အလျင်းမရှိ၊ စန္ဒဝတီ၏ မျက်နှာကိုပင် သေချာမကြည့်မိခဲ့။ အလွန်ချောမောလှပသော ကသည်းမလေးအဖြစ်သာ သတိထားမိခဲ့၏ ။ ခုတော့...
"ဒါနဲ့ ပြောရဦးမယ်။ သူ့ကို ကျွန်တော်တို့ကိစ္စ အကူညီ တောင်းကြည့်ပါလား"
"ဟေ"
"ထွက်ပေါက်ထားဖို့ ခေါင်းခဲနေကြရတဲ့ ကိစ္စလေ"
"ဟာ.. မဖြစ်ပါဘူးကွာ၊ သူက ရှမ်းမင်းသားရဲ့ မိဖုရား ဖြစ်နေပြီကွ"
ဟုတ်လည်း ဟုတ်သည်။ သူတို့ကိစ္စက အထူးလျှုိ့ဝှက်ထားနိုင်မှ တန်ရုံရှိမည်။ ယခုကဲ့သို့ ရိပ်ဖမ်းသံဖမ်း သိသွားခြင်းကပင် အန္တရာယ်ကြီးလှပြီ။ သူကလည်း သတိလက်လွတ် ပြောမိခဲ့ပြီးပြီ။ ဥမင်တူးနေသည်ကို ရိပ်မိရုံထက် ပိုသိသွားလျင်ပင် မကောင်း။
တစ်ဖက်တွင်လည်း ထွက်ပေါက်နေရာ ရွေးချယ်ရေးအတွက် ဗိုလ်မင်းကြီးများ ခေါင်းခဲနေကြရသည်။ မြို့တွင်းသို့ လွှတ်လိုက်သည့် သူလျှုိမှာ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရပြီးပြီ။ မြို့တွင်းမှ လာသော တိုင်းရင်းသားအချို့ကို နေရာကြည့်ခိုင်းထားသည်မှာလည်း ထိရောက်မှု မရှိ၊ နားမလည်ကြသဖြင့် လုံခြုံစိတ်ချရသော နေရာ မရနိုင် ဖြစ်နေကြသည်။
ဥမင်တူးခြင်းက သူတို့တွက်ချက်မှုများအရ မြို့အောက်သို့ ရောက်လုပြီ။ သို့သော် မြို့တွင်း၌ ဘုရား စေတီ အလွန်ပေါများသည်ကို သူကိုယ်တိုင် မြင်ခဲ့ရဖူးသည်။ စေတီများသည် နန်းတော်အတွင်း၌လည်း ရှိသည်။ မြို့ရိုးအနောက်၌ပင် အများအပြား။ မတော်တဆ ဌာပနာတိုက်သို့ ရောက်သွားလျင် မကောင်း၊ ဘုရားအောက် တူးမိလို့လည်း မဖြစ်။ အစောင့်အနေ မထူထပ်သော နေရာလည်း ဖြစ်ရမည်။ နားလည် ကျွမ်းကျင်သူ ကိုယ်တိုင် ဝင်ကြည့် လေ့လာပါမှ နေရာကောင်းစွာ ရွေးနိုင်ပေလိမ့်မည်။
နောက်တစ်ကြိမ် ခင်ဘုန်း ထွက်လာချိန်၌မူ စကားများက ထူးခြားနေသည်။ သူတို့အကြံအစည်ကို သိနေသကဲ့သို့ အရှေ့ဘက်မြို့ရိုးက ဘယ်လို၊ တောင်မျက်နှာမှာ အစောင့်မည်မျှခန့် စသည်ဖြင့် မမေးဘဲ ပြောနေ၏ ။ လက်ျာဘီလူးက ခင်ဘုန်းမျက်နှာကို စေ့စေ့ကြည့်လျက်
ဟု တည့်တည့် မေးလိုက်ရာ..
"မသိပါဘူး မောင်ကြီးရယ်၊ ခင်ဘုန်းက မောင်ကြီးတို့ တိုက်ပွဲတွေအကြောင်း အမြဲ ကြားနေခဲ့ဖူးတော့ ဘယ်လိုမှ တိုက်မရတဲ့ မြို့ရိုးတွေဆိုရင် မောင်ကြီးတို့ ဘယ်လိုလုပ်တတ်သလဲ ဆိုတာ ခန့်မှန်းကြည့်ရုံလောက်ပါ။ ခင်ဘုန်း အမှန်အတိုင်း ပြောမယ်နော်။ မောင်ကြီးတို့ အရင်လိုပဲ ညတက်ဖို့အတွက်တော့ ဒီလောက် အကြာကြီး ပြင်ဆင်နေတာ မဖြစ်နိုင်ဘူး။ ချောင်းက ဝင်သည်ဖြစ်စေ၊ အောက်က ဝင်သည်ဖြစ်စေ တစ်နည်းနည်းနဲ့ ဝင်ပြီး တံခါးဖွင့်လိမ့်မယ် လို့တော့ ရိပ်မိပါတယ်။ ခင်ဘုန်း တတ်နိုင်တာကလည်း မြို့တွင်း အခြေအနေကို ပြောပြတာလောက်ပဲ ရှိတယ်လေ"
သည်ကောင်မလေး အလွန် ဉာဏ်ကောင်းလှသည်။ အကူအညီ တောင်းသင့် မတောင်းသင့်လည်း စဉ်းစားနေရ၏ ။
"ချောင်းက ဝင်လို့တော့ ဖြစ်နိုင်မယ် မထင်ဘူး မောင်ကြီး၊ ရေစီး အလွန်သန်တဲ့အပြင် မြို့ရိုးအောက်က လိုဏ်က တော်တော် ရှည်တယ်။ အတွင်းထဲမှာ သံချွန်တွေ စိပ်နေအောင် ပိတ်ထားတယ်။ အဲဒါတွေကို မဖျက်နိုင်ရင် နောက်ကို ပြန်ထွက်လို့လည်း မလွယ်ဘူး။ ရေဆင်းလမ်းကို အကွေ့အကောက်တွေနဲ့ ခပ်စောင်းစောင်းလုပ်ထားတာလို့ သိရတယ်"
ခင်ဘုန်းက ယိုးဒယားမြို့တော်မှ အချက်အလက်များကို သူ့ဘာသာ လာပြောနေပါပြီကော။
"မြို့ရိုးကို ညတက်ဖို့လည်း မောင်ကြီးတို့ အကြိမ်ကြိမ် ကြိုးစားပြီးကြပြီပဲ။ သူတို့က နေ့နေ့ညည ကင်းအပြည့်ချထားတာ၊ ခုဆို ပိုတောင် တင်းကြပ်လာသေးတယ်။ မောင်ကြီးတို့ တစ်နည်းနည်းနဲ့ ကြိုးစားလာမှာကို ကြိုတင် ပြင်ဆင်ထားကြတာပဲ။ အရင်က တစ်ယောက်ချင်း လှည့်ရတဲ့ နန်းတွင်းကင်းတွေတောင် ခု ၂ ယောက်တစ်တွဲ ဖြစ်သွားပြီ မောင်ကြီး"
သည်ပုံအတိုင်းဆို မလွယ်။ သို့သော် ခင်ဘုန်းက ဆက်ပြောသည်။
"ခင်ဘုန်း သုံးသပ်ကြည့်ရသလောက်တော့ မောင်ကြီးတို့တပ်ဘက်ခြမ်းမှာ အားနည်းတဲ့ နေရာဆိုလို့ ရှေးဟောင်းဘုရားတွေရှိတဲ့ ဝန်းကြီးပဲ ရှိတယ်။ ဒါတောင် ဘုရားတွေကြားမှာ အစောင့် မပြတ်ဘူးနော်။ တခြားနေရာတွေထက် နည်းတာပဲ ရှိတယ်။ အစောင့် ဆယ်ယောက်လောက်တော့ ရှိမှာပဲ"
ထိုနေရာကို ထွက်ပေါက်အဖြစ် ထားကြလျင်...။ သူတို့ ဥမင်ထဲမှ ထွက်လာမည့် သူများကို အစောင့်များ တွေ့မြင်သွားပါက ဝိုင်းလာ၍ အပေါ်မှ ဆီးထိုးသော် တက်နိုင်ရန် မလွယ်။ အပေါ် ရောက်နှင့်သူက အစောင့်များနှင့် သတ်ပုတ်နိုင်သည် ထားဦး၊ အတွင်းက အသံများကြောင့် ဘုရားဝန်း အပြင်တွင် လာရောက်ဝိုင်းကြလျင် အရေးခက်ဦးမည်။ ထွက်ရခက်ချိမ့်မည်။
သူက သူစိုးရိမ်သည့်အတိုင်း ခင်ဘုန်းကို ပြောပြလိုက်သည်။ မည်သူ့ကိုမျှ ပြန်မပြောရန်လည်း သစ္စာရေသောက်စေသည်။ ခင်ဘုန်းက ကြံပါဦးမည် ဆို၍ ပြန်သွားပြီး ၃ ရက်အကြာ ပြန်ရောက်လာသည်။ ဤတစ်ခေါက် သူ့ကို ကြည့်ရသည်မှာ ထိတ်ထိတ်ပျာပျာ ရှိလှ၏ ။ ဘာဖြစ်လာသလဲ မေးရာတွင်လည်း မေးမရ။ သူ့ကို စာရွက်ပိုင်းတစ်ရွက် ပေးပြီး အမြန်ပြန်သွား၏ ။
စာရွက်မှာ ဘုရားဝိုင်း မြေပုံဖြစ်သည်။ သူတို့ဘက်ခြမ်းမှ မြို့ရိုးနှင့် ခြေလှမ်းမည်မျှ အကွာ၊ စေတီ တစ်ဆူနှင့် တစ်ဆူကြား မည်မျှ ဝေးသည်၊ ထွက်ပေါက် လုပ်နိုင်သော ချောင်ကျသည့် မြေကွက်လပ်သို့ ခြေလှမ်းမည်မျှခန့်၊ မြေကွက်လပ်အကျယ် မည်မျှ ဟူ၍ အကြမ်းဖျင်း ရေးထား၏ ။ လက်ျာဘီလူးက မဟာနော်ရထာနှင့် တိုင်ပင်၍ ထိုနေရာသို့ပင် ဖောက်ကြည့်ရန် စီစဉ် တွက်ချက်ရတော့သည်။
စစ်ကဲ နေမျိုးသီဟပတေ့၏ ဥမင်မှာ ပြီးစီး၍ မြို့ရိုး အောက်ခြေ သစ်ချွန်များကိုပင် အချို့နေရာများ၌ မြင်နေရပြီ ဆို၏ ။ သူတို့ အစီအစဉ်မှာ မြို့ရိုးတလျှောက် အောက်ခြေတိုင်များကို တူးဖော်၍ မီးတိုက်ထားပြီး မြို့ရိုးကို ဖြိုလှဲရန်လည်း ကြံမည်။ အတွင်းမှ ဝင်၍ တံခါးဖွင့်သူဖွင့်၊ တပ်ကို မီးတိုက်သူတိုက်နှင့် တပြိုင်တည်း တပ်ပျက်စေရန် ရည်ရွယ်ထားသည်။
သို့မဟုတ်ပါက တပ်မျက်နှာ တစ်ဖက်သာ ပြိုလဲလျင် ယိုးဒယားတို့သည် သူတို့မဝင်သာအောင် အလုံးအရင်းနှင့် ပိတ်ဆို့ထားပြီး ထမင်းတစ်အိုးချက်ခန့် ကာလအတွင်း တပ်တိုင်များ ပြန်တည်နိုင်ပေလိမ့်မည်။ နောက်ဆုံး မင်းနေပြည်တော်ဖြစ်နေသည့်အပြင် မူလကပင် အလွန် အလုပ်လုပ်ကြသည့် လူမျိုးများ ဖြစ်ရာ ဥမင်တစ်ဖက်တူး၍ တပ်ကို ဖြိုလှဲနိုင်ရုံဖြင့် မြို့ကျလိမ့်မည်မဟုတ် ဟု လက်ျာဘီလူးနှင့် ဗိုလ်မှူးကြီးများ မြော်မြင်ခဲ့ကြသည်။
ထို့ကြောင့် မြို့ရိုးအောက်မှ ဥမင်ထက် မြို့တွင်းဝင်ပေါက်က ပိုအရေးကြီးနေခြင်း ဖြစ်သည်။ သူတို့သည် ခင်ဘုန်း ပြောသည့် နေရာသို့ ဥမင်ကို ချိန်ဆ ဖောက်လုပ်ပြီး အနီးအပါး စေတီလွတ်ရာ ၂ နေရာကိုလည်း အပေါ်မြေသား အနည်းငယ်သာ ကျန်သည်အထိ တူးထားလိုက်ကြသည်။ ဥမင်များကို ခိုင်မာစေရန် သစ်ဝါးများ ထောက်ကာခြင်းလည်း တစ်ပြိုင်တည်း လုပ်သွားကြသည်။
ယိုးဒယားမြို့အောက် ရောက်ချိန်မှစ၍ အလွန်တိုးတိတ်စွာ သတိထား တူးဖော်ခဲ့ကြသဖြင့် ၂ ပတ်ခန့် ကြာသွားသည်။ ထိုအတွင်း မြန်မာတပ်များကို လယ်ယာကိုင်းများ ဆက်လက်မလုပ်ဆောင်စေတော့ဘဲ အားဖြည့်ထားလိုက်သည်။ ဥမင်တူးဖော်ခြင်းကိုသာ နေ့ညမပြတ် ဆက်လုပ်ကြ၏ ။
နေမျိုးသီဟပတေ့ တပ်များကလည်း သူတို့လိုဏ်အတွင်း ထင်းခြောက်များ ထည့်သွင်းထားပြီးပြီ။ မြန်မာတပ်များ ဓားသွေး လှံသွေး သေနတ်ဆေးနေကြပြီ။ အမြောက်တပ်သားများက ယမ်းများကို ထုတ်ယူခွဲခြား ပြင်ဆင်နေသည်။ တစ်ချက်တစ်ချက် မြို့ရိုးပေါ်မှ ပစ်လိုက်သော အမြောက်သံ တထိန်ထိန်မှ လွဲ၍ သူတို့ဘက်က မည်သူမျှ မပစ်ကြတော့။ ရုတ်ရုတ်ရက်ရက် ရှိသော်လည်း စစ်ပြင်နေသည်နှင့် မတူစေရ၊ အချို့က လေ့ကျင့်နေသကဲ့သို့၊ အချို့က လုပ်ရိုးလုပ်စဉ်ကဲ့သို့၊ အချို့က ဖရိုဖရဲ တကွဲတပြား တမင်သွားလာကြလျက် ယိုးဒယားတို့ မရိပ်မိအောင် ပြင်ဆင်နေကြသည်။
သို့သော် မည်သို့ဆိုစေ သိသာသည်ပင် ဖြစ်၏ ။ ယိုးဒယားတပ်မှ ပိုမိုတင်းကြပ်လိုက်သဖြင့် ခင်ဘုန်းပင် ထွက်မရတော့။ စစ်ပြင်ကြသည်များလည်း ပြီးလုပြီ၊ ဥမင်လုပ်ငန်းများလည်း မြေကိုရှပ်ရန်သာ ကျန်တော့သော အချိန်...
တစ်မနက်တွင် ခင်ဘုန်း ရအောင် ထွက်လာသည်။ သူတို့ ဝင်မည် ဆိုလျင် ယခုညပင် ဝင်နိုင်ကြောင်း၊ သူ့သခင် မင်းသားသည် ယနေ့ည ရှေးဟောင်းဘုရားဝန်း၌ လည်ပတ်ဝတ်တက်လိမ့်မည် ဖြစ်ကြောင်း၊ မည်သည့် အချိန်အပိုင်းအခြား၌ ဝင်မည် ဆိုပါက အရေးတော် လွယ်ကူစေရန် သူ ကူညီနိုင်မည် ဖြစ်ကြောင်း၊ အတွင်းမှ ပြုရန်ရှိသည်များကို စီစဉ်ထားပြီးဖြစ်ကြောင်း အမောတကော အကြောင်းကြားလာ၏ ။
လက်ျာဘီလူး ချက်ချင်း မင်းကြီးနော်ရထာကို သွားတွေ့သည်။ ခင်ဘုန်း၏ မျက်နှာကို ကြည့်၍ မင်းကြီးနော်ရထာရော မင်းကြီး နေမျိုးသီဟပတေ့ပါ စိတ်ချသွားသည် ထင်၏ ၊ ယနေ့ညပင် တိုက်တော့မည်ဖြစ်ကြောင်း ခင်ဘုန်းကို ဆိုလိုက်ကြသည်။
ခင်ဘုန်း ဝမ်းသာအားရ ပြန်သွားသည်။ ထူးထူးခြားခြား သူ့အား ဘုရားသို့ လိုက်ပို့ခိုင်းသေးသည်။ ဘုရင့်နောင်ဘုရားမှ အဆင်း လူပြတ်ချိန်၌ ရုတ်တရက် ခင်ဘုန်းက သူ့အား ဆွဲယူပြီး နမ်းလိုက်သည်။ သူ ကြောင်နေသည်။ ခင်ဘုန်း သူ့ကို သေသေချာချာ ကြည့်ပြီး ပြေးထွက်သွားသည်။ သူ ငေးနေမိသည်။ ခင်ဘုန်း ပျောက်ကွယ်သွားသည်အထိ သူ တပ်မပြင်မိ။
ညသည် မဲမှောင်နေ၏ ။ မိုးမှောင်ကျနေသကဲ့သို့ ရှိသည်။ သူတို့၏ ဥမင်အစမှာ တပ်အနောက် တောအုပ်ထဲတွင် ရှိသဖြင့် ယိုးဒယားတို့ မြင်နိုင်လိမ့်မည် မဟုတ်။ သူတို့လူစုသည် ရေနံချေးပုံးများ၊ ရေနံချေးသုတ်ထားသော ဓားလှံလက်နက်တိုတိုများ၊ မီးမထွန်းရသေးသော မီးတုတ်များကို ယူလျက် အမှောင်ထဲတွင် တိတ်ဆိတ်စွာ ဆင်းခဲ့ကြပြီ။ သွားနေကျ လမ်းများကို စမ်းတဝါးဝါး လျှောက်ရင်း မြို့အောက်သို့ ရောက်လာကြသည်။
လက်ျာဘီလူး အစီအမံဖြင့် အာမခံ လူကောင်း ၅၀ ကျော်သည် တာဝန်အသီးသီးကို ခွဲဝေကာ ဥမင် ၃ ပေါက်တွင် စောင့်စားနေကြသည်။ နောက်ဆုံးကျန်သည့် မြေကို တူးရန်အတွက် ထောက်ကာထားခဲ့သည့် ပျဉ်များ၊ တိုင်များကို တိတ်တဆိတ် ဖယ်သူက ဖယ်၊ ပေါက်ချွန်းဖြင့် ခြစ်၍ ကြိတ်တူးသူတူး၊ ကျလာသော မြေများကို ယက်သူယက်နှင့် ချွေးသီးချွေးပေါက်ကြီးများ ကျနေကြသော်လည်း တိတ်ဆိတ်စွာပင် ကိုယ့်အလုပ်ကိုယ် ကျေပွန်အောင် လုပ်နေကြ၏ ။
သူတို့ အပေါ်တွင်ကား ယိုးဒယားအစောင့်များသည် ဓားလှံ မီးတုတ်များ ကိုင်ဆောင်လျက် လှည့်လည်သွားလာနေ၏ ။ ထိုနေရာမှ တစ်ဆစ်ချိုး အကွေ့တွင် ရှိသော စေတီကြီး တစ်ဆူ၏ ရင်ပြင်၌ မင်းသားတစ်ပါးသည် ဘုရားဝတ်ပြုရာမှ ထလာပြီး မိဖုရား မောင်းမများကို ပျော်ရွှင်စွာ စနောက်နေသည်။ သူတို့နောက်နားမှာ ခင်ဘုန်း။
မင်းသားသည် စေတီတော်ပေါ်မှ ဆင်းလာသည်။ အစာင့်များလည်း စီတန်းလျက် ဘေး ၂ ဖက်မှာ ပါလာကြသည်။ ခင်ဘုန်းသည် မင်းသားနှင့် မလှမ်းမကမ်းမှ လိုက်ရင်း အခြေနေကို ကြည့်နေ၏ ။ မကြာခဏ ပျောက်သွားတတ်၍ လည်းကောင်း၊ မူပျက်နေခြင်းကြောင့်လည်းကောင်း၊ မြန်မာဘက်သို့ ရောက်သည်ဟု ကြားထားသဖြင့် လည်းကောင်း မသင်္ကာသောကြောင့် အစောင့် ၂ ယောက်သည် ခင်ဘုန်းအား စောင့်ကြပ်နေကြ၏ ။
ထိုအချိန်တွင် ချိန်းချက်ထားသော အချိန်နာရီသို့ ရောက်ခဲ့၏ ။ ဗဟိုစည်တီးသံ ကြားသည်နှင့် ခင်ဘုန်းသည် မင်းသားထံသို့ ပြေးသွားကာ ဝင်တိုက်ချလိုက်သည်။ နောက်မှ အစောင့်က လှမ်းဆွဲသော်လည်း ခြုံထည်ပုဝါကိုသာ ဆွဲမိလိုက်သည်။ ခင်ဘုန်းက လဲကျသွားသော မင်းသားကို ဆွဲလှည့်၍ သူ့အပေါ် ထပ်တင်လိုက်ပြီး ဝှက်ယူလာသော ဓားဖြင့် လည်ကို ထောက်ထားလိုက်သည်။
"တစ်ယောက်မှ မလှုပ်ကြနဲ့နော်.. ဒီမှာတွေ့လား ဓား၊ နင်တို့ အရှင့်သား တစ်ခါတည်း သေသွားမယ်။ တစ်ယောက်ယောက် ရှေ့တစ်ချက်တိုးတာနဲ့ သူ့လည်မြိုကို ဖောက်ပြီးသားပဲ"
ခင်ဘုန်း၏ ကျယ်လောင်စွာ အော်ဟစ်သံကြောင့် ဘုရားဝန်းထဲရှိ အစောင့်များက ထိုနေရာသို့ ပြေးသွားကြသည်။ ခင်ဘုန်းက ရှေ့မတိုးနှင့် ဆိုသော်လည်း ဓားလှံများက သူ့ မျက်နှာနားကို ရောက်နေလေပြီ။ မင်းသားကို ကျော်၍ ခင်ဘုန်းကို အားလုံးက အသင့်အနေအထား ချိန်ထားပြီး ဖြစ်သည်။
ထိုအချိန်၌ပင် လက်ျာဘီလူးတို့က မြေကို ဖြိုချလျက် ၂ ယောက်ချင်း ၃ ယောက်ချင်း တက်လာကြလေပြီ။ အခြား ၂ ပေါက်ရှိ သူရဲများကလည်း အပေါက်ငယ် ပြုလျက် အပေါ်သို့ ချောင်းကြည့်ရာ အစောင့်စစ်သားများ တစ်နေရာသို့ ပြေးလွှားသွားကြကြောင်း တွေ့ရသဖြင့် လူရှင်းသည်ထိ စောင့်ပြီး တက်လာကြသည်။ သူတို့၏ တာဝန်မှာ အိမ်များကို မီးတိုက်ပြီး နန်းတွင်းအား တိုက်ခိုက်ကြရန် ဖြစ်၏ ။ သို့မှသာ နန်းတွင်းကို အာရုံစိုက် ကာကွယ်သော တပ်နှင့် မြို့ရိုးကို ကာကွယ်သောတပ် ကွဲပြားသွားလိမ့်မည်။
တစ်ချိန်တည်းမှာ ဗဟိုစည်သံနှင့်အတူ ထွက်ပေါ်လာသော ခရုသင်းသံ၊ တံပိုးခရာသံ၊ အောင်စည်အောင်မောင်းသံများက ယိုးဒယားတို့အား စစ်ကြညာလိုက်ပြီ ဖြစ်သည်။ လူများ တလှုပ်လှုပ် တရွရွ၊ မီးရောင် တလက်လက်နှင့် ရဲတံခွန်များစွာတို့သည် အယုဒ္ဓယ မြို့ရိုးကြီးသို့ ချီလာခဲ့ကြသည်။ မြို့ရိုးစောင့်တပ်များ အဝေးသို့ ကြည့်နေခိုက် သူတို့မြို့ရိုး အောက်ခြေမှ မီးခိုးများ အူတက်လာ၏ ။ အချို့ မြေများ ပြိုသွားကြသည်။ ဆင်ခလုတ် မြင်းခလုတ်များကို ဖယ်ရှားလာကြသော မြန်မာတပ်များက မီးလောင်နေသော တပ်တိုင်များကို တပြိုင်တည်း တူးဆွဲကြ၏ ။
မြို့ရိုးထက်မှ အမြောက် ထိန်ထိန်၊ သေနတ်ဖျော်ဖျော် ပစ်သော်လည်း ဤတစ်ကြိမ်၌ မြန်မာတို့ မမှုတော့ပြီ။ ဗိုလ်မင်း စစ်ကဲများက တပ်သားများနောက်မှ မြင်းစီး၍ ဓားမိုး လိုက်ကြသည်။ "တက်ပါဟဲ့၊ တူးပါလှည့်၊ ဖြိုပါလှည့်" ဆိုသည့် အသံများ၊ "တစ်ယောက်မှ မတွန့်ဆုတ်ကြနဲ့၊ နောက်ကို ကြည့်သူရှိလျင် ကွပ်သာကွပ်" ဟူသည့် ကြိမ်းဝါးသံများ၊ "ယိုးဒယားအသား စားကြမဟေ့... ကျား" ဟူသော ကြုံးဝါးသံများမှာ ပစ်သံခတ်သံကြားတွင် တစ်ယောက်တစ်ပေါက် ဆူညံလျက်။
ယိုးဒယားမြို့စောင့်တပ်သည် ရုတ်တရက်ကြီး စစ်ပြင်၍ နိုင်ရန် အခွင့်အလမ်းနည်းသည့် ညဘက်၌ တဇွတ်ထိုး တိုက်ခိုက်လာသော မြန်မာများအား အံ့သြနေကြရာမှ တပ်ဖြည့်တပ်ကူ မရောက်လာသည့် သူတို့အနောက်သို့ လှည့်ကြည့်မိရာ...
မြို့တွင်း၌ ပုံမှန် မဟုတ်သည့် မီးရောင်များကို မြင်နေရသည်။ ဟိုတစ်စ သည်တစ်စ ထွက်ပေါ်လာကြသော မီးရောင်များက သာမန်ထက် လင်းနေသလို။ မြို့ထဲမှာ ရန်သူများ ရောက်နေကြပြီ ထင်သည်။ နန်းတော်ဘက်ဆီမှ အော်ဟစ်သံ တိုက်ခိုက်သံများ ကြားရသည်။ အရှေ့မှ ရန်သူများကလည်း အင်အားကြီးစွာ တစ်လုံးတည်း ချီတက်လာကြပြီ။ တပ်ခြေမှ ထိန်ထိန်လင်းနေသော မီးရောင်များနှင့်အတူ သူတို့ ပစ်ခတ်နေသည့် ကြားမှပင် တပ်တိုင်များ တဖျစ်ဖျစ်မြည်သံ၊ ပြိုလဲသံ၊ ဆင်ဖြင့် တိုက်သံ၊ အော်ဟစ်ကြေညာ ဝင်လာကြသံများ နားကွဲမတတ် ကြားရပြီး အခြေအနေက အလွန် ရှုပ်ထွေးသွားသည်။
လက်ျာဘီလူးသည် မြေပေါ် ရောက်ရောက်ချင်း နန်းတော်ဘက် ပြေးသွားမည် ကြံလိုက်သော်လည်း အစောင့်များ ပြေးလွှားရာဘက်သို့ စိတ်ထင့်သွားလျက် ကြည့်နေမိသည်။ နောက်မှ လိုက်တက်လာသော ငကံက
"တပ်မှူး ဘာဖြစ်နေတာလဲ" ဟု သူကြည့်ရာဘက် မျှော်ကြည့်ရင်း မေးလိုက်မှ သတိရသွားပြီး
"ဟာ... ခင်ဘုန်း၊ ခင်ဘုန်း၊ အဲဒါ ခင်ဘုန်းဖြစ်မယ်"
စေတီတော်နှင့် ကွယ်နေသည့် ထောင့်ချိုးဘက်ဆီမှ မီးရောင်ရိပ်များ ထိန်နေရာသို့ သူတို့လူစု စေတီကို အကာကွယ်ယူလျက် ပြေးတက်သွားကြသည်။ သူ့နောက်မှ ငကံအပါအဝင် အာမခံတပ်သား ၄ ယောက် ပါလာ၏ ။ သူတို့သည် စေတီပေါ်ရှိ အမှောင်ရိပ်များကို အားပြုလျက် အောက်သို့ ကြည့်လိုက်ရာ ခင်ဘုန်းအား ရဲမက်များ ဝိုင်းထားသည်ကို တွေ့လိုက်ရသည်။
နောက်ဆုံးရှိ အစောင့်ရဲမက်ထံ လက်ျာဘီလူး ခုန်ဆင်းသွားချိန်သည် ခင်ဘုန်းပေါ် ပက်လက်လဲနေသည့် ယိုးဒယားမင်းသားက ခင်ဘုန်းလက်အား ဆွဲဖယ်လျက် ရုန်းထွက်ရန် ကြိုးစားလိုက်ချိန် ဖြစ်သည်။ ခင်ဘုန်းက သူ့လက်ကို မင်းသား ကိုင်လိုက်သည်နှင့် အားစိုက်ကာ ဖိချလိုက်ရာ မင်းသား၏ လည်မြိုထဲ ဓားသွား နစ်ဝင်သွား၏ ။ မင်းသားကလည်း လက်ကို ကိုင်ရင်း လူကို လှိမ့်ချလိုက်သည် ဖြစ်ရာ ခင်ဘုန်းမှာ အကာအကွယ် မဲ့သွားပြီး လွတ်သည့် နေရာများသို့ လှံသွားများ စူးဝင်ခြင်းကို ခံလိုက်ရသည်။
သို့သော် များပြားစွာ ထိုးနှက်ခြင်းကို မခံလိုက်ရ။ အနောက်မှ လက်မရွံ့ မြန်မာသူရဲကျော်များက အစောင့်စစ်သားများကို ခုန်အုပ် တိုက်ခိုက်လာကြခြင်းကြောင့် ဖြစ်သည်။ လက်ျာဘီလူးက ခင်ဘုန်းအား လှံဖြင့်ထိုးစိုက်ထားသည့် အစောင့်ကို ဓားနှင့် ပက်လျက် လွင့်စင်သွားစေပြီး ခင်ဘုန်းကို ပြေးပွေ့သည်။
ခင်ဘုန်းမှာ အသံမထွက်နိုင်၊ သူ့အား တစ်ချက်သာ ကြည့်နိုင်ပြီး မှေးစင်းကျသွားသည်။ နှာခေါင်း ပါးစပ်တို့မှ သွေးများ စီးကျနေသည့် ခင်ဘုန်းကို သူ ကြမ်းတမ်းစွာ လှုပ်ယမ်း ခေါ်ပါသော်လည်း ခင်ဘုန်း မထူးနိုင်တော့ပြီ။ သူ့ဘဝ၏ နောက်ဆုံးအချိန်များကို အမှုတော် ကျေပွန်စွာ ထမ်းရွက်ရင်း၊ အပြစ်ကြွေးများ ပေးဆပ်သွားရင်း ခပ်မြန်မြန်ကြီးပင် ထွက်ခွာသွားခဲ့ရရှာပြီ။
လက်ျာဘီလူး လက်မခံနိုင်ခြင်း ကြီးစွာ ဖြစ်နေရသည်။ ယိုးဒယားတပ်များ စေတီတော်ဝန်းအတွင်း ဝင်လာကြသည်ကိုလည်း လှည့်မကြည့်အား။ နံနက်ကပင် သူ့အား နမ်းခဲ့သည့် ခင်ဘုန်းမှာ ည၌ သူ့အား ထားသွားခဲ့ပြီ။ ကြည်လင်တောက်ပလေ့ရှိသော မျက်လုံးများသည် ယခုအခါ လှုပ်ရှားမှု မရှိတော့။ တစ်ရက်တာ အချိန်အတွင်း၌ပင် ခင်ဘုန်းသည် မေတ္တာကို ပွင့်လင်းစွာ လှစ်ဟသွားသလို ကသည်းတို့၏ သစ္စာကြီးမှုကိုလည်း အသက်နှင့် ရင်း၍ သက်သေပြသွားခဲ့ပြီ။
သူသည် ခင်ဘုန်းအလောင်းကို ပွေ့ဖက်၍ ဝံပုလွေတစ်ကောင် အူသကဲ့သို့ ရှိသမျှအသံ ကုန်သည်အထိ ကျယ်လောင် ပြင်းထန်စွာ ဆွဲဆွဲငင်ငင် အော်လိုက်သည်။ သူ့ အော်သံကြီးသည် စေတီဟောင်းဝန်းအတွင်း ခြောက်ခြားစရာ ထွက်ပေါ်လာ၏ ။ မီးတိုက်နေသော သူ၏ တပ်သားများ၊ တိုက်ခိုက်နေကြသူများ၊ တိုက်ခိုက်ရန် ပြေးလာကြသူများအားလုံး တစ်ချက် တုန့်သွားကြ၏ ။
လက်ျာဘီလူးက ခင်ဘုန်းအလောင်းကို လွှတ်ချလိုက်သည်။ သူ့ခေါင်းထဲ၌ ဘာမှ မရှိ၊ ခင်ဘုန်း ကျဆုံးသွားပြီ ဟူသည့် အသိသာ ရှိတော့သည်။ သူသည် ဓားကို ကောက်ကိုင်လိုက်၏ ။ သူ့အနားမှ ရန်သူများ ရှဲသွားကြသည်။ ငကံသည် တိုက်ခိုက်နေရင်း တပ်မှူးကို ကြည့်လိုက်ရာ တုန်လှုပ်သွားမိသည်။ သူ့တပ်မှူးသည် ရူးသွားပြီလားမသိ။
လက်ျာဘီလူးက ရှေ့တည့်တည့်၌ လူးလွန့်နေသော ရှမ်းမင်းသားအား သူ၏ ဓားနက်ကြီးဖြင့် ပစ်ပေါက်လိုက်ပြီး ပြေးသွားသည်။ သွေးတပွက်ပွက် ရှိနေသည့် မင်းသား၏ လည်ကို ဆွဲလှည့်ပြီး မျက်နှာကို ထိုးချေပစ်လိုက်သည်။ တစ်ချက်တည်းနှင့် ကွဲကြေလျက် သွေးများ ဖြန်းခနဲ ဖြာထွက်သွားသဖြင့် ရန်သူများပင် နောက်ဆုတ်သွားရ၏ ။
ထို့နောက်တွင်တော့ အသိစိတ် လွတ်သွားသော လက်ျာဘီလူး၏ ဓားနက်ကြီးထဲသို့ မရေတွက်နိုင်သော ယိုးဒယားစစ်သည် အသက်ဝိဉာဉ်များ စိမ့်ဝင်ပါသွားကြသည်။ သူ့ဝန်းကျင်ပတ်လည်၌ ခြေ လက် ဦးခေါင်းများစွာ မြင်မကောင်း ရှုမကောင်း လွင့်ပျံနေ၏ ။ သူ့ကို ကြည့်၍ စိတ်ဓာတ် တက်ကြွလာသော မြန်မာစစ်သည်များကလည်း ရူးသွပ်နေကြသူများကဲ့သို့ပင် တရကြမ်း ထိုးခုတ် သတ်ဖြတ်ပစ်ကြသည်။ ကြီးမား ကျယ်ဝန်းလှသော အယုဒ္ဓယ မြို့တော်ကြီးတွင် ကြောက်ခမန်းလိလိ သွေးချောင်းစီးစစ်ပွဲကြီး ပေါ်ပေါက်လာပြီး တစ်ညလုံး ပြင်းထန်စွာ တိုက်ခိုက်ကြကုန်၏ ။
အင်းဝတပ်သားများသည် ၂ နှစ်ခန့် ခက်ခက်ခဲခဲ နေထိုင် လုပ်ကြံခဲ့ကြရသည့် ယိုးဒယားတို့အား အငြိုးကြီးစွာဖြင့် တိုက်ခိုက်နေကြသလို တပ်မှူး စစ်ကဲများကလည်း ဤတစ်ကြိမ်တည်းနှင့် အမြစ်ပြတ်စေရန်အတွက် ကြပ်ကြပ်မတ်မတ် ကွပ်ကဲနေကြ၏ ။ မြို့ကို အုပ်စီးမိသောအခါ တိုက်ပွဲအခြေအနေကို ကြည့်ရှု သုံးသပ်နေကြသော ဗိုလ်ချုပ် မဟာနော်ရထာနှင့် စစ်သူကြီး နေမျိုးသီဟပတေ့တို့က 'လွန်သည်ကို ရှိစေ၊ သုံ့လူများကို မသတ်နှင့်၊ လက်ရများ အဖမ်းခံလျင် အနောက်သို့ အပ်' ဟု အမိန့်တော် ထုတ်ပြန်လိုက်သည်။
မြန်မာတပ်များနှင့်အတူ တိုက်ပွဲအခြေအနေအား ပြန်ထိန်းလိုက်ခြင်း ဖြစ်သည်။ မြို့ကို ရမည်မှာ သေချာသွားပြီ ဖြစ်၍ ရတတ်သမျှ လူသူလက်နက် ကျန်ရှိစေရန် အမိန့်တော် ထုတ်ပြန်လိုက်သော်လည်း ထိုအမိန့်သည် မြို့တွင်းရောက်သောအခါ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားလေတော့သည်။
အမိန့်တော်ကို သယ်ဆောင်လာခဲ့သော ဗိုလ်သည်ပင် မြို့တွင်း၌ သရဲမရဲ စီးနေကြသည့် တပ်သားများကို မြင်သောအခါ ဦးစွာ အံ့သြမိ၏ ။ ထို့နောက် သူတို့၏ ခံစားချက်ကို နားလည်လာ၏ ။ သူ့ရှေ့၌ လူစိတ်ပျောက်နေသည့် တပ်မှူးကြီး လက်ျာဘီလူးအား မြို့ရိုးပေါ် တက်သွားသည်ကို မြင်လိုက်ရသည့် အခါတွင်ကား သူကိုယ်တိုင်လည်း ကြည့်နေရင်းမှ အသိလွတ်လျက် လက်ျာဘီလူးကဲ့သို့ပင် ရက်စက်စွာ လိုက်လံထိုးခုတ်နေမိချေတော့သည်တကား။
ထိုညက မြန်မာတပ်များ၏ ရက်စက်လှပုံသည် သမိုင်းတစ်လျှောက်လုံး၌ အဆိုးဝါးဆုံး ဖြစ်ခဲ့၏ ။ ယိုးဒယားတို့သည် အစက ခံတိုက်နေသော်လည်း ကြောက်၍ လှည့်ပြေးသည့် ရဲမက်တစ်ဦးကို လက်ျာဘီလူးက ခြေထောက်အား ပိုင်းဖြတ်၍ ဆံမှ ဆွဲမော့ကာ လည်ချောင်းထဲ မီးတုတ်ကြီး ထိုးစိုက်ချလိုက်သည့် မြင်ကွင်းကို မြင်ပြီးသည့်နောက်မူ ဆက်လက် ခံတိုက်နေရန် မဝံ့တော့။ မြို့ရိုးပေါ်မှာ စစ်သည်ကို ဆွဲချပြီး ခေါင်းတခြား ကိုယ်တခြား ဆွဲဖြုတ်လိုက်သည့် ခဏ၌မူ ကြောက်လန့်တကြား အော်ဟစ်ကာ ပြေးကြလေတော့သည်။
နံနက်လင်းချိန်၌ အယုဒ္ဓယမြို့တော်ကြီးသည် ညဦးကနှင့်မတူ ကွဲပြားခြားနားလျက် မီးလောင်ငုတ်တို ဘုရားပြိုများဖြင့် တစပြင်ကြီး ဖြစ်သွားလေပြီ။ အလောင်းများကား ပုံထပ်လျက်၊ သူရူးကဲ့သို့ လူများက မြို့တော်အနှံ့ သွားလာလျက်၊ မြင်းနှင့် လှည့်လည်စစ်ဆေးနေသော တပ်မင်း စစ်ကဲကြီးများမှာ အံ့သြခြင်းကြီးစွာဖြင့် မြို့ပျက်ကြီးကို ငေးမော ကြည့်ရှုလျက်။ ပေတေစုတ်ပြတ်နေကြသော မြန်မာစစ်သည်များက လက်ပန်းကျလျက် ခြေပစ်လက်ပစ်၊ ဒူးထောင် ပေါင်ကား၊ အချို့ လဲလျောင်းနေကြသည်။ ဖြတ်သွားကြသည့် ဗိုလ်များကိုပင် အရိုအသေ မပြုနိုင်ကြတော့ဘဲ လိုက်ကြည့်နေကြသည်။
မည်သည့်အချိန်က ခင်ဘုန်းအနား ပြန်ရောက်သွားသည် မသိရသော လက်ျာဘီလူးကတော့ အသိဝင်တုံ့ မဝင်တုံ့နှင့်ပင် ခင်ဘုန်းအလောင်းကို ငေးကြည့်နေသည်။ သူ၏ ဆံပင်များမှာ စုတ်ဖွာနေပြီး အဝတ်အစားများ ဖွာလန်ကြဲနေ၏ ။ မျက်လုံးများကမူ သူရူးကဲ့သို့ စူးစိုက်ကြောင်ကြည့်နေသည်။ လက်မှ ဓားသည် သွေးစေးများဖြင့် ခွာမရတော့။ တစ်ကိုယ်လုံးလည်း သွေးများ ခြောက်ကပ်မည်းနက်နေပြီ။ မည်သူမျှ သူ့နား မကပ်ရဲကြ။ ခပ်စောစောကပင် ကပ်လာသည့် မြန်မာတစ်ယောက်ကို ခုတ်ချခဲ့ပြီးပြီ မဟုတ်လား။
သူ့လက်ချက်ဖြင့် ယိုးဒယား စစ်သည် အရပ်သား ထောင်နှင့်ချီ၍ အသက်ပျောက်သွားခဲ့သည်။ သူ့ကိုယ်၌ကား ဓားချက် လှံချက်ရာမျှ မရှိ။ သူ့နောက်လိုက် နောက်ပါများကလည်း သူတို့တပ်မှူးနီးနီး အသိစိတ် ပျောက်ခဲ့ကြသည်။ တပ်မှူး ရမ်းသည်ကို မြင်၍ သူတို့လည်း ကြမ်းတမ်းခဲ့ကြသည်။ တပ်မှူး၏ မာန်အတိုင်း သူတို့လည်း ခက်ထန်ခဲ့ကြသည်။ တပ်မှူး စိတ်ထိခိုက်သည်ကို တွေ့သဖြင့် တပ်မှူးနှင့်အတူ လက်စားချေခဲ့ကြ၏ ။ တပ်မှူး ငိုသည်ကို မြင်လျင် သူတို့လည်း ငိုကြလေသည်။
ငကံသည် ကျဆုံးခဲ့ပြီဖြစ်သည့် ခင်ဘုန်းနှင့် ရှေ့တွင် မလှုပ်မယှက် ရပ်နေသော တပ်မှူးကို ကြည့်၍ ထိန်းမနိုင် သိမ်းမရ မျက်ရည်များ ကျလာသည်။ သို့သော် သုတ်ပစ်လိုက်ဖို့ကိုမူ မကြိုးစား။ ငယ်ရွယ်နုနယ်လွန်းသော်လည်း အကြီးအကဲပီသစွာ အရာရာကို ထိန်းချုပ်ထားခဲ့ရသည့် တပ်မှူးသည် ခင်ဘုန်းကို သူ့မျက်စိရှေ့တွင်ပင် ဆုံးရှုံးသွားခဲ့ရသည့်အခါ၌မူ သွေးပျက်သွားခဲ့ချေပြီတကား။
Written by သင်္ခရာဇာ
End date: October 18, 2021
No comments:
Post a Comment