Translate

လှေတိုက်ပွဲ

တိမ်ကြားမင်းခေါင် အခေါ်လွှတ်သည် ဆို၍ လက်ျာဘီလူး တပ်မကြီးသို့ ဝင်လာခဲ့သည်။ ဗိုလ်မှူးများ စခန်းချရာ တဲဝန်းကြီးရှေ့ ရောက်လျင် မြင်းအား အစောင့်စစ်သည်ထံ အပ်ခဲ့လျက် တိမ်ကြားမင်းခေါင် ရှိမည့် တဲတော်ကို မေးမြန်း လာခဲ့၏ ။ တိမ်ကြားမင်းခေါင်နှင့် ဗိုလ်သုံးဦးတို့ စားပွဲဝိုင်းတစ်ခုတွင် စကားပြောနေကြရာမှ သူရောက်လာသည်ကို မြင်လျင်
"ဟော.. ရောက်လာပြီ။ အဲသည်ကောင်ပေါ့.. အလွန်ဆိုးသွမ်းသည့် အကောင် ဆိုတာ"
တိမ်ကြားမင်းခေါင်က သူ မမြင်ဖူးသေးသည့် ဗိုလ်တစ်ဦးနှင့် မိတ်ဆက်ပေးလာသည်။ အခြား ၂ ဦးဖြစ်သည့် ပြင်စည်မြင်းမှူး မင်းရဲသီဟသူနှင့် လှေအစုမှ ဗိုလ်မှူး စစ်တုရင်္ဂသူတို့ကိုမူ သူ သိပြီး ဖြစ်၏ ။
"ဦးရီးကတော့ ဝင်ဝင်ချင်း ပုဆိန်နဲ့ ထွင်းပြီ"
သူ့အပြောကို စစ်သူကြီး ခန့်လိုက်သည့် တိမ်ကြားမင်းခေါင်က သဘောကျစွာ ရယ်၏ ။ ကျန်သူများကမူ ပြုံးရမလို တည်ရမလို။ သူက တိမ်ကြားမင်းခေါင်ကို အရိုအသေပြု၍ နောက်နား ခပ်ကျကျ၌ ဝင်ထိုင်ရာ တိမ်ကြားမင်းခေါင်က
"လာ.. လာ၊ ရှေ့ကိုတိုး မောင်။ ခုပဲ မင့်အကြောင်း ပြောနေကြတာ။ စစ်ရေး ဆွေးနွေးစရာရှိလို့ အကြံဉာဏ်လေးများ ရမလား မင့်ကို ခေါ်ခိုင်းလိုက်တာ"
ဗိုလ်မှူးများက နေရာ ဖယ်ပေးကြသည်။ မသိကျွမ်းသေးသည့် ဗိုလ်ကမူ မလှုပ်မရွေ့ဘဲ သူ့ကိုသာ စိုက်ကြည့်နေသည်ကို သတိထားမိ၏ ။ သူက ကိုယ်ကို ယို့လျက် ဗိုလ်မင်းများအကြား ဝင်ထိုင်လိုက်သည်။ စားပွဲပေါ်တွင် ဖြန့်ခင်းထားသော မြေပုံကားချပ်တစ်ခုနှင့် သစ်သားလှေရုပ် မြင်းရုပ်ကလေးများကို တွေ့ရသည်။
သူတို့တပ်များ ရေကြောင်းမှ ချီ၍ တရုတ်တို့နောက်ဘက်သို့ ပတ်ကာ ရိက္ခာပို့တပ်များကို ပြောက်ကျားနည်းဖြင့် တိုက်ကြလိမ့်ဦးမည် ဖြစ်ကြောင်း၊ ဤတစ်ကြိမ် အနည်းငယ် ခက်ခဲ၍ တရုတ်တို့က အထူးသတိပြု ကာကွယ်လာနိုင်ကြောင်း၊ ထို့ကြောင့် တပ်ရံအဖြစ် မြင်းတပ် ၂ တပ် ၃ တပ် လိုလိမ့်မည်ဖြစ်ကြောင်း စားပွဲဝိုင်း၌ ဝင်ထိုင်ရင်းမှ သတိထားမိလိုက်သည်။
သူ မှန်းဆမိသည့်အတိုင်း တိမ်ကြားမင်းခေါင်က ရှင်းပြလာသည့်အခါ နားထောင်ရင်း မည်သို့ ပြုရမည်ကိုပါ မြင်လာသည်။ တရုတ်ရိက္ခာထောက်တပ်များအား စောင့်ရှောက်ရန် ရှေးဦးကင်းထောက်တပ်၊ နောက်ချီတပ်တို့ ပါလိမ့်မည်ဖြစ်ကြောင်း သိရသောအခါ သူက ဗိုလ်မင်းများ မည်သို့ ကြံစည်ထားပါသနည်းဟု ဦးစွာ မေးမြန်းလိုက်သည်။
စစ်တုရင်္ဂသူက သူ့အမြင်ကို ဤသို့ ဆို၏ ။
"ကျွန်ုပ်တို့ တိုက်ရမည်က ရှေ့ပြေးတပ်၊ နောက်ချန်တပ်တွေကို မဟုတ်လော။ သည်တပ်တွေ မရှိရင် ရိက္ခာတင်လှေတွေဟာ ကိုယ့်အဖို့သာ မဟုတ်တုံလော။ သည့်အတွက် သေနတ်ကိုင် မြင်းသည်အများနှင့် မြစ်ကျဉ်းရာက စောင့်၍ ကမ်းနှစ်ဖက် ညှပ်ပစ်လျင် သူခံနိုင်မည်မဟုတ်"
မင်းငယ်ကျော်ထင်ဟူသည့် မျက်နှာစိမ်းဗိုလ်မင်းက
"ကျွန်ုပ်တို့ လှေတော်သားများက ရှေ့ကင်းတပ်တွေနဲ့ နောက်ချန်တပ်တွေကို တိုက်ကြရမှာလား"
မင်းရဲသီဟသူကလည်း
"အကျွန့်အလို သူ့အား ကုန်းသို့ မျှားခေါ်၍ လူစုခွဲကာ တိုက်ရလျင် အရေးသာမည် ထင်ပါသည်"
တိမ်ကြားမင်းခေါင်ကမူ ခေါင်းတညိတ်ညိတ်၊ စကားမဆိုသေးဘဲ နားထောင်နေ၏ ။ ပြီးမှ
"လက်ျာဘီလူးရဲ့ အမြင်ကို ပြောပါဦး"
"ကျွန်တော်မျိုးအမြင်ကတော့ စစ်သူကြီး တိမ်ကြားမင်းခေါင် တပ်သည် ရိက္ခာထောက်တပ်များကို သိမ်းယူစေဟု ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ရန် စေလွှတ်တော်မူခြင်း ခံရသည့်အလျောက် အထိအခိုက် အနည်းဆုံး ဖြစ်မည့်နည်းလမ်းကိုသာ သုံးစေလိုပါသည်။ မင်းကြီး စစ်တုရင်္ဂသူ ဆိုသည့် ကမ်းမှ သေနတ်သားများနှင့် ပစ်မည့်အရေးကို ကြိုက်ညီပါ၏"
တိမ်ကြားမင်းခေါင်နှင့် စစ်တုရင်္ဂသူတို့ ခေါင်းညိတ်ကြသည်။ မင်းငယ်ကျော်ထင်တို့ ငြိမ်သက် နားထောင်နေ၏ ။
"သို့သော်.."
"အင်း"
မင်းငယ်ကျော်ထင်က အင်းလိုက်သည်။
"ရှေးဦးတပ်များကို တိုက်က ရိက္ခာလှေကြီးများ လှေဦးလှည့်မပြေးဟု မဆိုနိုင်။ နောက်တပ်များလည်း အလျင် ကူလာချိမ့်မည်။ အရေးတော် မရဘဲ တိုက်ပွဲဖြစ်ပွားရသည်သာ ရှိနိုင်ပါသည်။ ယခု အရေးသည် သူရဲကဲ့သို့ ကျင့်ရမည့် အရေးမဟုတ်။ သူခိုးသူဝှက်ဆန်ဆန် ကျင့်သင့်က ကျင့်ရမည် ထင်ပါကြောင်း"
တိမ်ကြားမင်းခေါင် ပြုံးသည်။ ကျန်သူများကမူ နားမလည်ကြသေး။ တစ်ဦးကိုတစ်ဦး ကြည့်ရင်း သူ့ကိုတစ်လှည့် တိမ်ကြားမင်းခေါင်အား တစ်လှည့် ကြည့်လိုက်ကြသည်။
"အိမ်း.. ငါထင်သားပဲ။ မင်း သည်လိုပဲ ပြောမယ်ဆိုတာ"
"ကဲ.. ဆိုပါဦး၊ ဘယ်လို ခိုးဝှက် လုယူရမလဲ"
လက်ျာဘီလူးက
"ယခုတစ်ကြိမ် ထွက်ချီရာမှာ ရေတပ်မည်မျှ၊ မြင်းတပ်မည်မျှ ပါမည်ကို သိလိုပါတယ်"
"မြင်းတပ်က ပြင်စည်မြင်းမှူး တစ်တပ်၊ မင်းပါရင် နှစ်တပ်ပေါ့။ လှေတော်သားတွေကတော့ တိုက်လှေ ၂၀ ရဲလှေ ၅၀၊ ၁၀၀ အထိ ခန့်မယ် မှန်းတယ် မောင်"
"ဒါဆိုရင်..."
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
သိကြားရုပ် တိုက်လှေကြီးပေါ်၌ တိမ်ကြားမင်းခေါင်နှင့် လက်ျာဘီလူး ရပ်နေသည်။ လက်ျာဘီလူးက ရှေ့မှ ညီညီညာညာ လှော်ခတ်နေကြသော ရဲလှေများအား ငေးကြည့်နေသလို တိမ်ကြားမင်းခေါင်ကမူ သဲသောင်၊ လွင်ပြင်၊ တောင်ကုန်းပေါ်မှ စေတီဘုရားများကို ဝေ့ကြည့်နေရာမှ ဘေးနှစ်ဘက်ရှိ ဂဠုန်ရုပ် တိုက်လှေကြီးနှင့် ဒေါင်းရုပ်လှေကြီးတို့ကို ကြည့်လိုက်ရင်း
"မင်းကြီး မင်းငယ်ကျော်ထင်ကိုတော့ မင့်အနေနဲ့ သတိထားရလိမ့်မယ် ငစံငယ်"
လက်ျာဘီလူးက ယာဘက်ရှိ ဒေါင်းရုပ်ခံလှေကြီးပေါ်၌ ရှိနေသော မင်းငယ်ကျော်ထင်ကို လှမ်းကြည့်ရင်း
"ဆင်ဖြူရှင် မင်းတရားကြီးရဲ့ အတွင်းတော်သား မို့လို့လား ဦးမင်း"
"အဲဒါလည်း ပါတာပေါ့ကွာ၊ ငါ အရှေ့ဝင်းမှူး လုပ်ခဲ့စဉ်ကတည်းက သူ့အကြောင်း သိနေလို့လည်း ပါတယ်။ သူနဲ့ မသင့်လို့ကတော့ နောက်ကွယ်မှာ ရှင်ဘုရင်ကို အင်မတန် ချောစားချင်တဲ့သူမျိုးကွဲ့"
လက်ျာဘီလူး ပြုံးလိုက်သည်။
"တဲတော်မှာ တွေ့စဉ်က သူ့မျက်နှာ သိပ်မရွှင်ကြည်သလိုပါလား ဦးရီးရဲ့၊ ကျွန်တော့်အကြောင်း ဘာများ ပြောထားသေးလဲ"
တိမ်ကြားမင်းခေါင်က သူ့ကို ကြည့်ရင်း နှုတ်ခမ်းမွေးကို သပ်လိုက်ကာ
"မင်းနဲ့ ငါ စတွေ့တုန်းက အကြောင်းနဲ့ မင်း ပါးရည်နပ်ရည်ရှိကြောင်း၊ အကြံအစည်များကြောင်းပဲ ပြောထားတယ်။ အလောင်းမင်းကြီး လက်ထက်တော်က အကြောင်းတွေ၊ မင့်တိုက်ခိုက်ပုံတွေတော့ မပြောလိုက်ဘူး။ မင်းက မပြောစေချင်ဘူးထင်လို့"
လက်ျာဘီလူးက မည်သို့မှ ပြန်မပြောဘဲ စကားလမ်းကြောင်း လွှဲသည်။
"သည်တစ်ခေါက် လုပ်ရေးကြံရေးကတော့ ကျွန်တော်တို့ တိုင်ပင်ထားတဲ့ အတိုင်းလည်း ဖြစ်ချင်မှ ဖြစ်မယ်ခင်ဗျ။ မင်းကြီးမင်းငယ်ကျော်ထင် နဲ့ မင်းရဲသီဟသူတို့က တသဝေမတိမ်း လုပ်ချင်မှလည်း လုပ်ကြလိမ့်မယ်။ အချိန်တန်ရင် သူတို့ သဘောနဲ့ သူတို့ သွားမှာပဲ။ သည်တော့ မှန်းထားသည့်အတိုင်း မဖြစ်လျင် ဦးရီးနဲ့ ကျွန်တော် အခြားနည်း ကြိုတင်တိုင်ပင်ထားကြဖို့ ကောင်းတယ်။ အဲဒါကြောင့်လည်း လှေပေါ်လိုက်လာတာ"
"အိမ်း၊ ကောင်းတာပေါ့။ မင်းနဲ့ငါက ပြောစရာလူတွေ မဟုတ်ပါဘူးဟ။ အခြေနေပေါ် မူတည်ပြီး တိုင်ပင်ထားသလို လုပ်သွားကြတာပဲဟာ။ ဒါပေမယ့် တစ်နည်းမအောင်မြင်ရင် တစ်နည်း အရန်ရှိသင့်တာတော့ မှန်ရဲ့။ ကိုင်း.. ကိုင်း၊ ပြောပါဦး။ မင်း တွေးထားတာလေး"
"တကယ်လို့ ကျွန်တော်တို့ရဲ့ အကြံအစည် မအောင်မြင်ခဲ့ရင်၊ တရုတ်တွေက ထင်ထားတာထက် ပိုသတိရှိရှိ တုံ့ပြန်လာခဲ့ရင် ဦးမင်းရဲ့ လှေတော်သားတွေက အပြင်းထိုးဖောက်ပြီး ရေထဲက သူတွေကို ဆယ်ဖို့ပဲ အရေးထားစေချင်တယ်။ ကျွန်တော်တို့ မြင်းတွေ လှေရှေ့က လိုက်ပြီး ကာပစ်ပေးမယ်။ ပြင်စည်မြင်းမှူးကတော့ ရိက္ခာလှေတွေကို မဆွဲဘဲ တိုက်ချင်လည်း တိုက်မှာပဲ။ မင်းငယ်ကျော်ထင်ရဲ့ လုပ်ရည်ကြံရည်ကိုလည်း မသိရသေး။ သူတို့ကို လွတ်လပ်စွာ လှုပ်ရှားစေပြီး ဦးရီးနဲ့ ကျွန်တော်က လူတွေ အရှအနာနည်းအောင် ဂရုပြုကြဖို့ပါ"
"မင်းကြံတာလည်း အရေးပဲ။ ဒါပေမယ့် ငါကတော့ သူတို့နှစ်ဦး လွန်ဆန်မကျင့်ရဲပါဘူးလို့ မြင်သကွဲ့။ ငါ့အမိန့်ကို လွန်ဆန်နိုင်တာ မင်းတစ်ယောက်သာ ရှိမယ်"
ထိုစကားကို လက်ျာဘီလူး ရယ်သည်။
"မဟုတ်ပါဘူး ဦးရီးရယ်၊ အခြေအနေအရ.."
"ငါသိပါတယ်ကွာ။ လိုအပ်လို့ လုပ်တာပေမယ့် ကျော်လွန်လုပ်ရဲတာ မင်းပဲ ရှိမယ်လို့ ပြောတာပါ။ သည်လိုလုပ်၊ ငါက ရေထဲက သူတွေကို ဆယ်ရင်း ရိက္ခာလှေတွေကို တွန်းလို့ ရသရွေ့ တွန်းမယ်။ မင်းက ငါ့တပ်ကို လွန်ပြီးစောင့်၊ ဝင်လာသမျှကို ပစ်။ ပစ်တဲ့အခါ ပူးတုံခွာတုံနဲ့ ကျည်ထိုးရင်း ပစ်ရမယ်။ ပစ်ပြီးတာနဲ့ ခွာ၊ ကျည်ထိုးပြီး ပြန်လာပစ်။ အဝေးကိုလည်း မရောက်စေနဲ့။ သဘောပေါက်လား"
"ပေါက်ပါတယ် မင်းကြီး"
"အိမ်း.. လှေတွေကို ရရင် ကမ်းကပ်ခဲ့ပြီး ပြန်သွားတိုက်မယ်။ ကျတဲ့သူတွေနေရာမှာ ရေချိန် ကိုက်အောင် မြင်းသည်ထဲက ဖြည့်ရမယ်။ မင်းပါ လှေထဲဆင်း၊ ကျန်တဲ့မြင်းတွေကို တစ်ယောက်မကျန်တဲ့ထိ လိုက်ပစ်ခိုင်း။ ဟုတ်ပြီလား။ ငါတို့ လုပ်ပုံ ရန်သူသိသွားလို့ မဖြစ်ဘူး"
"ဒါဆို ကျွန်တော် တိုက်လှေကြီးပေါ် မတက်ဘူး။ လှေပေါ့တွေနဲ့ သူတို့နောက် ဘယ်သူမှ မလွတ်သာအောင် လိုက်မယ်"
"ဒါကတော့ မင်းသဘောပါ။ ငါကတော့ သည်လှေကြီးပေါ်ကနေပဲ ငါနဲ့အတူ တိုက်စေချင်တယ်။ မင့်အစွမ်းအစကို မင်းကြီး မြင်သွားပြီး ရွှေနားတော် သွင်းရင် သွင်းလို့ရအောင်"
"မထင်ပါဘူးဗျာ"
သူတို့ နှစ်ဦးသား ရယ်လိုက်ကြသည်။
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
သတ်မှတ်ထားသည့် နေရာသို့ နီးလျင် သူတို့လှေများ လှော်သံခတ်သံ မကြားရအောင် တိတ်ဆိတ်စွာ ဆန်တက်ခဲ့ကြသည်။ မြင်းများကလည်း မြစ်ကြောင်းနှင့် ဝေးရာမှ ခွာ၍ ချီသည်။ ဖြည်းဖြည်းသာ စီးကြရသည်။ ခြေလျင်သော၊ အသံလုံသော၊ ပါးနပ်သော တိုင်းရင်းသားမုဆိုးတစ်ဦးကို ရန်သူ့သတင်း စုံစမ်းခိုင်းလိုက်ပြီး သူတို့ကမူ သတ်မှတ်နေရာ၌ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရင်း စောင့်နေကြ၏ ။
ကြည်းတပ်သားများက ကြိမ်များ၊ နွယ်များ၊ သစ်ဝါးများ ခုတ်ပြီး ကြိုးကြီးများ ကျစ်သူ ကျစ်၊ မြားတံ လုပ်သူက လုပ်၊ သစ်ဝါးချွန်သူ ချွန်၊ ဖောင်ပန်းဖွဲ့သူ ဖွဲ့နှင့် အလုပ်များသွားကြသည်။ ကြည်းတပ်သားတို့ ချွန်ပေးသော သစ်ဝါးတို့ကို စစ်တုရင်္ဂသူတပ်က ဖောင်များဖြင့် သယ်ကာ ရေလယ်တွင် ငုတ်စိုက်ကြ၏ ။ ထိုငုတ်များကို ရေအောက်တွင် ကြိုးဖြင့် ခိုင်ခန့်စွာ တွဲလျက် ကမ်းနှစ်ဖက်မှ ဝိုင်းဆွဲပါက ထောင်လာစေရန် ပြုလုပ်ထားကြသည်။ သာမန်အချိန်တွင်မူ ရေအောက်၌သာ မြုပ်နေမည်ဖြစ်ပြီး လှေကြီးများ သွားလာနိုင်ပေလိမ့်မည်။
ကြိုးဖြင့် ဆွဲ၍ ငုတ်များ ထောင်လာချိန်တွင်လည်း လှေငယ်လှေပေါ့များ ဝင်သာအောင် ခပ်ဟဟ ပြုလုပ်ထား၏ ။ ဖောင်များဖြင့် မင်းရဲသီဟသူ မြင်းတပ် တစ်ဖက်ကမ်းသို့ ကူးသွားပြီး တပ်ချနေသည်။ မင်းငယ်ကျော်ထင် လှေတပ်လည်း သူနှင့်အတူ နားနေကြ၏ ။

          စုံစမ်းရန် လွှတ်လိုက်သော မုဆိုး ပြန်ရောက်လျင် တရုတ်တို့ သတင်းကို ကြားရသည်။ ရိက္ခာတင်လှေကြီး ငါးစင်းခန့် ဆန်အိတ်အပြည့် ကုန်အပြည့်နှင့်၊ ရှေးဦးချီ ကင်းစမ်းလှေကြီးလှေငယ်များမှာ ၅၀ ခန့် ရှိပြီး နောက်လှေများနှင့် အလွန်ကွာသည်။ ရိက္ခာလှေများနောက် မနီးမဝေးမှ တိုက်လှေကြီး ၅၀ ခန့်၊ ရဲလှေ အများနှင့် အစောင့်အရှောက် လိုက်ပါလာသည်ဟု သိရသည်။
တိမ်ကြားမင်းခေါင်က လက်ခေါက်မှုတ် အချက်ပေးလိုက်ရာ တစ်ဖက်ကမ်းမှ လှေများ အလျင်အမြန် ပြင်ဆင်၍ ထွက်လာကြသည်။ လှေအားလုံး စုန်သွားကြပြီး မြစ်လက်တက်ဖြစ်နေသော ချောင်းရိုးကျယ်ကြီးထဲ ဝင်သွားကြ၏ ။ ရေငုပ်သမားများက ကျူရိုးများ အသင့်ပြင်လျက် ကျူပင်များကြားဝယ် ပုန်းအောင်းနေကြသလို မြင်းများကလည်း ကမ်းမှ ခွာသွားကြသည်။ မကြာမီ တိုက်ပွဲကြီး ဖြစ်ပွားတော့မည့် နေရာသည် ယခုအခါ တိတ်ဆိတ်ငြိမ်သက်လျက် ငှက်သံပင် မကြားရတော့။
အတန်ကြာလျင် တရုတ်ကင်းထောက်လှေများ စုန်လာသည်ကို မြင်ရသည်။ လှေ ဆယ်စီးခန့်စီက ကမ်းနှစ်ဖက်အနီး ကပ်၍ စစ်ဆေးကြည့်ရှုသွားသည်ကို တွေ့လျင် ရေငုပ်သူများ ကျူတောထဲ ငုပ်နေလိုက်ကြသည်။ တရုတ်တို့က ကျူတောအစပ်ကို လှံနှင့် ထိုးသွားကြသလို အချို့လှေများ ကျူတောထဲအထိ ဝင်လာသဖြင့် ရေအောက်ကြမ်းပြင်၌ ကပ်နေကြရသေး၏ ။ ရေနောက်သဖြင့်သာ တော်တော့သည်။
ကင်းလှေများ မြစ်ကွေ့ကို လွန်လျင် ချောင်းရိုးထဲမှ မြန်မာလှေများ ငြင်သာစွာ ထွက်လာကြလျက် ဘယ်ဘက်ကမ်းစပ်ကို ဦးချွန်ပြုပြီး ခပ်စောင်းစောင်း စီလိုက်ကြသည်။ လက်ဝဲဘက်ကမ်းနှင့်အနီးဆုံး လှေမှာ ဒေါင်းရုပ်ခံ မင်းငယ်ကျော်ထင်၏ လှေဖြစ်သည်။ အလယ်တည့်တည့်တွင် တိမ်ကြားမင်းခေါင်၏ သိကြားရုပ်တင်လှေကြီး သိဒ္ဓိကျော်ခေါင်၊ ယာဘက်အစွန်မှာ စစ်တုရင်္ဂသူ၏ ဂဠုန်ရုပ်လှေကြီး ရန်အောင်ဇေယျ၊ သူတို့ နောက်နှင့် ကြားတွင် ရဲလှေ တိုက်လှေများ တံခွန်တင်လျက် စီတန်း ရပ်နေရသည်။
သတ်မှတ်နေရာသို့ ရိက္ခာတင်လှေများ ရောက်မှ သူတို့ စတင် လှော်ခတ် ထွက်ကြသည်။ အောင်စည်အောင်မောင်းများ တီးခတ် ကြေညာလိုက်သည်နှင့် တရုတ်ရိက္ခာတင်လှေများထံမှ တံပိုးခရာမှုတ်သံ၊ အချက်ပေး တီးခေါက်သံများ ဆူညံစွာ ထွက်ပေါ်လာပြီး နောက်မှ ပါလာသော စစ်လှေများလည်း အပြင်းလှော်လာကြသည်။
ရိက္ခာလှေကြီးများက သူတို့ သတ်မှတ်ထားသော နေရာတွင် လှေဦးလှည့်ရန် ကြိုးစားနေကြပြီ။ ထိုစဉ် ကမ်းနှစ်ဖက်မှ မြင်းတပ်များ ပေါ်လာပြီး ငုတ်များကို တွဲချည်ထားသည့် ကြိုးကြီးအား အချက်ပေး၍ ဆွဲသွားကြ၏ ။ ရေလယ်၌ ငုတ်ကြီးများ ပေါ်လာပြီး အပြင်းစုန်ဆင်းလာသည့် တရုတ်လှေများကို ရပ်တန့်သွားစေသည်။ လှေငယ်အများ လွတ်သွားသော်လည်း လှေကြီးအချို့ ပေါက်ပြဲကုန်၏။
လှေဦးလှည့်နေသည့် ကတ္တူလှေကြီးများအား ရေငုပ်သမားများက ကပ်သွားပြီး ကြိုးကွင်းနှင့် ဝိုင်းပစ်ကြသည်။ တက်၊ လှေဦးတို့ကို ကြိုးကွင်းစွပ်မိလျင် ကုန်းပေါ်မှ မြင်းသည်များက ဝိုင်းဆွဲပြေးကြ၏ ။ ရိက္ခာတင်လှေ အစောင့်များက ရိုက်ပုတ်ဖြတ်ချသည်ကိုလည်း လှေတပ်သားများနှင့် ရေငုပ်သူအချို့က စူးဝါး၊ လှံတံတို့နှင့် ထိုးပစ်ကြသည်။
ကျွံလာသည့် ရန်သူ့ရဲလှေများနှင့် မင်းကြီး မင်းငယ်ကျော်ထင်တို့ လှေများ တိုက်တော့မည် ရှိစဉ် ပြင်စည်မြင်းမှူးတပ်က သေနတ်သားများ ဝိုင်းပစ်သဖြင့် မတိုက်လိုက်ရဘဲ ဆက်လက်ချီတက်သွားကြ၏ ။ လက်ျာဘီလူးတို့ မြင်းတပ်ကမူ ငုတ်နုတ်ရန် ကြိုးစားနေသည့် ရေတပ်သားများအား နှောင့်ယှက် ပစ်ခတ်နေသည်။
တိမ်ကြားမင်းခေါင်တပ်သည် အလယ်ကြောင်းမှ အပြင်းလှော်လာပြီး ရိက္ခာတင်လှေများ အနီးရှိ ရေငုပ်သူများကို ဆွဲတင်ရင်း အချို့ ရဲလှေများက ရိက္ခာတင်လှေကို ကပ်ကာ တက်နေကြလေပြီ။ ကုန်းပေါ်မှ မြင်းသည်အချို့ကလည်း ရိက္ခာလှေကြီးများကို ရသလောက် ဆွဲနေရာ လှေကြီးများမှာ တရွေ့ရွေ့ဖြင့် ကမ်းသို့ ပါကုန်ကြ၏ ။ ညာဘက်ကမ်း၌ သုံးစီး၊ ဘယ်ဘက်တွင် နှစ်စီး၊ ရိက္ခာအားလုံး ကမ်းကပ် သိမ်းပိုက်မိသောအခါ ငုတ်များအနီးရှိ ရန်သူ့လှေများကို တိုက်ရန် ပြင်ကြပြန်သည်။ စစ်တုရင်္ဂသူတပ်သည် ရိက္ခာတင်လှေကြီးများကို စောင့်ကြပ်ကျန်ရစ်၏ ။
မင်းကြီး မင်းငယ်ကျော်ထင်၏ ရှေးဦးချီလှေတပ်ကတော့ တရုတ်ရဲလှေများနှင့် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားနေလေပြီ။ မင်းရဲသီဟသူ မြင်းတပ်ကလည်း အနီးကပ် ကူနေသဖြင့် ရန်သူတို့ တိုက်ရေးမသာ။ လက်ျာဘီလူးတို့တပ်မှာ တိမ်ကြားမင်းခေါင်၏ လှေတပ်သို့ ဆင်း၍ ပေါင်းကြသည်။ လက်ျာဘီလူးနှင့် ရဲလှေ ၂၀ သာ ညာဘက်မှ ဆန်တက်လာပြီး တိမ်ကြားမင်းခေါင်နှင့် တိုက်လှေကြီးအချို့မှာမူ ဦးလည်၍ ရန်သူကင်းထောက်တပ်အား ရင်ဆိုင်ရန် စုန်သွားကြ၏ ။
ကမ်းနှစ်ဖက်မှ မြင်းသည်အချို့ကလည်း ရေလယ်တွင် ရပ်၍ အမြောက်ဖြင့် ပစ်နေသည့် ရန်သူတိုက်လှေကြီးများကို ဝိုင်းဝန်း ပစ်ခတ်နေကြသည်။ မြန်မာတိုက်လှေတစ်စင်း ကွဲနစ်သွားသလို မင်းငယ်ကျော်ထင်တို့ ပြန်ပစ်သည့် အမြောက်ဆံ မှန်၍ တရုတ်လှေကြီးတစ်စင်းလည်း သုံးမရတော့။ မြန်မာတိုက်လှေကြီးများပေါ်မှ ရဲမက်များက ရဲလှေ လှေလျင်များပေါ် ပြောင်းစီးကြလျက် ငုတ်များအကြားမှ ထွက်ကာ တရုတ်လှတပ်ကြီးဆီ ရွယ်၍ လွှတ်ကြသည်။
ဤအကြိမ်သည် သူတို့ တွက်ဆထားသလို တရုတ်တို့က ရိက္ခာတပ်များ အကြိမ်ကြိမ် ဖြတ်တောက် တိုက်ခိုက်ခံရသဖြင့် အင်အားကြီး ပံ့ပိုးလိုက်သည် ဖြစ်ရာ ယခင်ကလို လွယ်ကူပေါ့ဆစွာ လုပ်ကြံမိပါက အရေးမလှဘဲ ခွာရပေလိမ့်မည်။ ယခုသော် သူတို့ ဗိုလ်မင်းများ ဝိုင်းဝန်းကြံစည်ခဲ့သဖြင့် တရုတ်တို့ အထိအပါး များလာသောကြောင့် အခြေနေ မဟန်သည်ကို သိသည်နှင့် အချို့လှေများ ဦးလှည့်ကြကုန်၏ ။
မြန်မာရဲလှေများကလည်း အခွာမခံ၊ လက်ဝဲဘက်မှ မင်းငယ်ကျော်ထင် တပ်များက ကြွေးကြော်၍ တိုက်လှေကြီးများပေါ် တက်တိုက်နေပြီ ဖြစ်သလို ညာဘက်မှလည်း လက်ျာဘီလူးတို့ လှေလျင်များက သောင်းသောင်းဖြဖြ ကြေညာ၍ လိုက်ကြသည်။ ရေထဲ ခုန်ချ ပြေးသူများအား လှံနှင့်ထိုး၊ ဓားဖြင့်ခုတ်ခဲ့ကြ၏ ။ အကျအဆုံး များစွာနှင့် တရုတ်တို့ အမြန်ခွာသော်လည်း မရတော့။ ကြုံး၍လှော်လာသော ရဲလှေများ မီလာပြီး ပစ်ခတ် ထိုးခုတ်ကြကုန်သည်။
တရုတ်တို့၏ နဂါးလှေများ၊ ဇာမဏီလှေများနှင့် မြန်မာတပ်မှ တိုးနယား၊ မကန်းရုပ် လှေများ အရောရော အထွေးထွေး ငြိယှက်သက်တင်လျက် ရှုပ်ထွေးနေကြသည်။ ပြေးသည့် လှေများကို ချိတ်များနှင့် ဆွဲငင်လျက် တစ်ယောက်မကျန် သတ်ရ၏ ။ မြင်းတပ်ကလည်း ရှေ့မှ ကြိုလျက် ရေသို့ ဆင်းပြေးသူများအား အပေါ်စီးမှ ချိန်ပစ်ပေးနေ၏ ။ မကြာမီ နောက်ချီတပ်ကြီး အားမရှိတော့လျင် တိုက်ပွဲသံကြားသဖြင့် ပြန်လှည့်လာသည့် ကင်းထောက်တပ်အား ဝိုင်းဝန်းကာ အမှည့်ခြွေ ခြွေလိုက်ကြပြန်သည်။
မင်းငယ်ကျော်ထင်တပ်မှာ ပထမတိုက်ပွဲတွင် ရှေ့ဦးမှ ချီခဲ့သဖြင့် ကင်းတပ်အား တိုက်ရာတွင်မူ နောက်ဆုံးမှ ရောက်လာသည်။ တိမ်ကြားမင်းခေါင်တို့ လှေတပ်များက အသာစီးမှ တိုက်ခိုက်နေသည်ကို မြင်၏ ။ လက်ျာဘီလူးတို့ကတော့ ပြေးသည့်နောက် ဆက်လိုက်သွားကြပြီ ထင်သည်။ မင်းရဲသီဟသူ မြင်းတပ်လည်း ပြန်လည်မလာသေး။ ဘယ်အထိ လိုက်တိုက်နေသည် မသိ။
ထိုအချိန်တွင် တရုတ်ကင်းလှေတပ်ထဲမှ တိုက်လှေကြီး ၂ စင်းအား မြန်မာတို့က စီးမိသွားလျက် လှေပေါ်တွင်ပင် ပြင်းထန်စွာ တိုက်ခိုက်နေကြသဖြင့် မင်းကြီး မင်းငယ်ကျော်ထင် အဝေးမှ မပစ်သာတော့ဘဲ အနီးရောက်သည်အထိ တိုးကပ်သွားရသည်။ တိုက်လှေကြီးတစ်စင်း၏ ထိပ်တွင် မြန်မာတစ်ဦး ပေါ်လာပြီး လက်ထောင် ဝှေ့ရမ်းပြနေ၏ ။ တစ်စင်းကိုတော့ သိမ်းပိုက်မိသွားချေပြီ။ မည်သူဖြစ်သနည်း။ လက်ျာဘီလူးပါတကား။
သင်းက ပြေးသည့်နောက် မလိုက်ဘဲ အလျင်လှည့်ကာ ကင်းတပ်ကို တက်တိုက်နေခြင်းတည်း။ လက်ျာဘီလူးသည် တိုက်လှေတစ်စင်းကို ရလျင် လက်ထောင်ပြပြီးနောက် အခြားတစ်စင်းရှိရာဘက် ပြေးသွားပြီး ရေထဲ ခုန်ချသွားသည်ကို မြင်ရ၏ ။ အခြားလှေကြီးပေါ်မှ ရဲမက်တော်တစ်ဦး ချပေးသည့် တက်ကို ဆွဲလျက် လှေပေါ် ရောက်သွားပြန်သည်။ ထိုးခုတ်နေကြသည့် လူများထဲ တိုးဝင်ပျောက်ကွယ်သွားသည်။
တရုတ်စစ်လှေအားလုံးကို သိမ်းပိုက်မိကြချိန်၌ နောက်ဆုံးကျန်သည့် တိုက်လှေပေါ်ရှိ မြန်မာတပ်သားများမှာ လှေဘေးတလျှောက် ရပ်ကြည့်နေကြပေပြီ။ လက်ျာဘီလူးကတော့ လှေဦး၌ ခွထိုင်ရင်း ဓားကို သုတ်နေ၏ ။ သူတို့သည် အနားယူ အောင်ပွဲခံကြပြီးနောက် သိမ်းဆည်းမိသည့် လှေများနှင့် ရိက္ခာလှေကြီးများကို ယူ၍ မယူနိုင်သည့် လှေများကို ဖျက်ဆီးလျက် ပြန်ခဲ့ကြလေသည်။ ရိက္ခာတချို့တစ်ဝက်ကိုမူ အနီးအပါး ရွာများမှ လှည်းများဖြင့် တင်ကာ မြန်မာတပ်သို့ ပို့လိုက်ကြသည်။
အပြန်လမ်းတွင် သိကြားရုပ် လှေကြီးပေါ်၌ တိမ်ကြားမင်းခေါင်၊ မင်းငယ်ကျော်ထင် နှင့် မင်းရဲသီဟသူတို့ စုဝေးသောက်စားရင်း မင်းငယ်ကျော်ထင်က
"သုရှင် အမိန့်တော်ကြောင့် မင်းကြီးတို့ လုပ်ကြံပုံကို လာရောက် လေ့လာ ကြည့်ရှုခွင့်ရတဲ့အပြင် ကိုယ်တိုင် ပါဝင် တိုက်ခိုက်လိုက်ရတာ တကယ့်ကို အတွေ့အကြုံကောင်းပါပဲဗျာ။ တကယ် အားရပါတယ်။ ပြောက်ကျားနည်း တိုက်ခိုက်ပုံတွေကလည်း အင်မတန်ပဲ ချီးကျူးစရာမို့ ကျွန်ုပ်တို့သခင် ရွှေနားတော်ရောက် ကောင်းကောင်း လျှောက်တင်နိုင်ပြီပေါ့ဗျာ"
ထိုအခါ ပြင်စည်မြင်းမှူးက သေယစ်သည့် မျက်နှာဖြင့်
"ဟုတ်ပါပေ့ မင်းကြီးရယ်၊ သည်တစ်ခါ တိုက်ရတာ ရန်သူကို တိုက်ရတာနဲ့ မတူ၊ ကြွက်ကို ကြောင်က ကစားသလို ထင်မိတာပဲ မင်းကြီး.. ဟားဟား"
"ဒါကလည်း မင်းကြီး တိမ်ကြားမင်းခေါင်တို့ ကြံရည်ဖန်ရည် စီရင်ပုံတွေ ကောင်းလွန်းလို့ မဟုတ်လား။ ကျွန်ုပ်ဖြင့် သည်တစ်ကြိမ်ပဲ ပြောက်ကျားနည်းနဲ့ ကြုံဖူး၊ တစ်ခါတည်း ကြိုက်သွားတော့တာကိုး"
ထိုအခါ တိမ်ကြားမင်းခေါင်က သူ့တပ်မှူး လက်ျာဘီလူးအား ပွဲထုတ်လိုသဖြင့်
"ကျုပ်တစ်ဦးတည်း အကြံ မဟုတ်ပါဘူးဗျာ၊ လက်ျာဘီလူးရဲ့ စိတ်ကူးက အဓိက မဟုတ်လားကွဲ့"
"ဟုတ်ပါပေ့.. ဟုတ်ပါပေ့။ သင်းကလေး ငယ်ငယ်ရွယ်ရွယ်နဲ့ တယ်ဉာဏ်ထွက်သကိုး ဗိုလ်မင်းရဲ့"
မင်းရဲသီဟသူ စကားကို မင်းငယ်ကျော်ထင်က တွေးတွေးဆဆနှင့်
"ဟုတ်ပေတယ်။ သည်ကောင်လေး လူသာမန်တော့ မဟုတ်နိုင်ဘူး။ တိုက်ရည်ခိုက်ရည်ကိုလည်း မြင်ရတာ အစွမ်းမသေးဘူးပဲ။ ဘယ်လိုကြောင့် တပ်မှူးငယ် ဖြစ်နေရတာလဲ မင်းကြီး"
"အို.. လူသာမန် ဟုတ်ရိုးလားကွဲ့။ သင်းက အလောင်း မင်းကြီးလူ မင်းခေါင်နော်ရထာနဲ့ အဖက်ပဲ"
တိမ်ကြားမင်းခေါင်စကားကို ကြားလျင် မင်းငယ်ကျော်ထင် ထခုန်မိမတတ် ဖြစ်သွားသလို မင်းရဲသီဟသူလည်း အမူးပြေသွားသည် ထင်ရသည်။
"ဘယ်လို၊ မင်းခေါင်နော်ရထာကြီးနဲ့.. ဟုတ်လား"
"ဟုတ်တာပ၊ မုဆိုးခြုံဗိုလ်နဲ့ တွဲပြီး တိုက်ခဲ့တဲ့ မင်းထင်နော်ရထာ ဆိုတာ သူပေါ့ ဗိုလ်မင်း"
"ဗျာ.. မင်းထင်နော်ရထာ၊ ကြားဖူးတာပေါ့။ အင်မတန် ထူးချွန်တဲ့ ဗိုလ်ချုပ်ကြီး ဆိုတာ။ ကန်တော့ပါရဲ့ဗျာ.. သူ ဟုတ်နိုင်ပါ့မလား"
"ဟုတ်တယ်၊ ဒီကောင်လေးကတော့ ဗိုလ်မှူး မင်းထင်နော်ရထာ မဖြစ်နိုင်ပါဘူး။ သူ့ကြည့်ရတာ ငယ်ရွယ်နေသေးတယ်။ အဲဒီအချိန်ကဆို သူငယ်လေးအရွယ်ပဲ ရှိဦးမှာ။ နောက်ပြီးတော့လည်း.."
"ဗိုလ်မင်းတို့ ဆိုလိုချင်တာကို သိပါတယ်။ ကျုပ်ကိုလည်း သူက ဝါကြွားပြီး ပြောတာ မဟုတ်ပါဘူး။ ကျုပ်ဘာသာ စုံစမ်းလို့ သိရတာပါ။ တကယ်ပဲ အဲသည် လက်ျာဘီလူး ဆိုသဟာ ဟိုတုန်းက မင်းထင်နော်ရထာပဲကွဲ့"
"ဟာ.."
မင်းငယ်ကျော်ထင် သေခွက်ကို ကိုင်လျက် ငိုင်နေသည်။ အတန်ကြာ စဉ်းစားနေသည်ကို တိမ်ကြားမင်းခေါင်က ပြုံးကြည့်နေ၏ ။ မင်းရဲသီဟသူကတော့ မဖြစ်နိုင်ဘူး၊ မဟုတ်လောက်ပါဘူး ဟုသာ ရေရွတ်လျက် သူ့ကို ပြန်ကြည့်နေသည်။ မင်းငယ်ကျော်ထင်က ခေါင်းကို ခါယမ်းလိုက်ရင်း
"ထားပါတော့၊ ဘာလို့ သူက အခု တပ်မှူးကလေး ဖြစ်နေရတာလဲ"
"ဒါကတော့ သူ့အကြောင်းနဲ့သူပေါ့။ ခမည်းတော်ဘုရား လက်ထက်ကတည်းက ရာထူးချခံထားရတယ် ကြားတာပဲ။ ဒါပေမယ့် သူ့အစွမ်းကိုလည်း မောင်တို့ မြင်ပြီးသားပဲ မဟုတ်လား။ သူ့ကိုသာ ရန်သူက ရသွားလို့ ကျုပ်တို့နဲ့ ပြန်ပြီး စစ်ဆိုင်တွေ့ရရင် မောင်ရင်တို့ နိုင်ပါ့မလား"
တိမ်ကြားမင်းခေါင်က မေးပြီး ပြုံးလိုက်ရာ မင်းရဲသီဟသူက
"ဘယ်သူပဲ ဖြစ်ဖြစ်ပါလေ၊ ရင်ဆိုင်လာလျင် လူမရွေးပါဘူး"
မင်းငယ်ကျော်ထင်ကမူ
"အင်း... မှန်ပ၊ အတော်ခက်ခဲသွားလိမ့်မယ်။ မင်းထင်နော်ရထာ အမှန်သာ ဖြစ်ခဲ့ရင် ဘယ်လိုမှ နိုင်နိုင်မှာ မဟုတ်ဘူး။ သူ့ကို သေချာ ထိန်းသိမ်းထားမှ ဖြစ်လိမ့်မယ်။ မင်းကြီးကတော့ သူ့ကို နိုင်နင်းရဲ့ မဟုတ်လား"
တိမ်ကြားမင်းခေါင် ပြုံးလျက်ပင် ခေါင်းယမ်းလိုက်၏ ။
"သည်အကောင်က ငါ့ကြောက်လို့ ငါ့လက်အောက်မှာ နေတာ မဟုတ်ဘူး။ အလောင်းမင်းကြီးကိုတောင် တစ်စက်မှ မကြောက်ပါဘူး တဲ့ဆို"
"အလို၊ အဟုတ်လား"
"စတွေ့ကတည်းက ကျောင်းနေဘက်လို ပေါင်းကြတယ် ဆိုတာပဲ။ ဆရာတပည့်လိုလည်း ချစ်ကြသတဲ့။ သူက ဖအေအပေါ် သစ္စာကြီးလို့ သားဆီမှာပါ အမှုတော်ကို ထမ်းနေတာလို့ ပြောသကွဲ့။ နောင်တော်ကြီးမင်းကိုတော့ သဘောမတွေ့လို့ မင်းမှုမထမ်းခဲ့ဘူး လို့ ငါ့ကို တစ်ခါ ပြောဖူးတယ်"
"အောင်မယ်.. သင်းက၊ တယ်ကြီးကျယ်ပါကလား"
တိမ်ကြားမင်းခေါင်က သူ စကားလွန်သွားမှန်း သိလိုက်သည်နှင့်
"ကြီးကျယ်ဆို သူ့ လက်ရုံး နှလုံးဝမ်းကလည်း သိပ်ကြီးတာကိုး။ ငါ သူ့အရွယ်တုန်းကဆို ဝဲလင်းဆောင် လည်လို့ကောင်းတုန်းပေါ့။ သည်အကောင်ကတော့ ၁၅ နှစ်သားမှာတင် အလောင်းဘုရားရဲ့ လက်ရုံးတစ်ဆူ ဖြစ်နေပြီ ဆိုပဲ"
"အိုး... မယုံနိုင်စရာပါလား မင်းကြီးရယ်။ လူပုံကို ကြည့်တော့ နွဲ့နွဲ့နှောင်းနှောင်းနဲ့၊ မထင်ရဘူး။ သွေးအေး ကောက်ကျစ်မယ့် လက္ခဏာတော့ ရှိတယ်။ သွက်တော့ သွက်ပါရဲ့၊ မတုန်မလှုပ်နဲ့"
"မင်းက သူ ဘီလူးစီးတာနဲ့ မကြုံဖူးသေးလို့ပါ"
"အကျွန်လည်း အာဠာဝကဆေး ထိုးထားတာပါပဲ"
"မင့်လို ဆေးထမှ စွမ်းတဲ့ ဆေးသမားမဟုတ်ဘူး မောင်၊ သင်းက ဝမ်းတွင်းပါတဲ့အကောင်။ သင်းများ ကြမ်းပြီ ရမ်းပြီဟေ့ဆို ဘယ်သူမှ အနားမကပ်ရဲဘူး။ ကျုပ်တောင် ဝေးဝေးက ကြည့်နေရတယ်"
မင်းငယ်ကျော်ထင်က ဝင်၍
"စွမ်းတာတော့ အမှန်ပဲ။ ရဲရင့်ဖျတ်လတ်ပါပေတယ်။ ရေမြေ့ရှင်ထံ သံတော်ဦးတင်ရင် သူ့အကြောင်းကိုပါ ထည့်လျှောက်ပေးလိုက်ဦးမယ်။ အလောင်းမင်းကြီးရှေ့မှာ ဘီလူးစောင့် ရှိခဲ့တယ်လို့တော့ ပြောသံကြားဖူးခဲ့တာ။ ကျွန်ုပ်တို့အရှင်လည်း ဘုန်းကြီးတဲ့ ဧကရာဇ်မင်းပဲ။ တိမ်ကြားမင်းခေါင်နဲ့ အဲသည်ဘီလူး ရှိနေရင် ဘယ်သူ ကြံဝံ့တော့မလဲ"
သူ့ဘက်လှည့်၍ မြှောက်ပင့်ပေးလာသည့် မင်းငယ်ကျော်ထင်၏ စကားကို ကြားသောအခါ တိမ်ကြားမင်းခေါင်က ကြေးကနုတ်ခွက်ကို ဆောင့်ချလျက် အော်ရယ်လိုက်လေသည်။

Written by သင်္ခရာဇာ

End date: October 16, 2021

No comments:

Post a Comment

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...