ထိုအချိန်တွင် မွန်တို့ ဟံသာဝတီ နေပြည်တော်၌လည်း အရေးအရာ ပေါ်ပေါက်လာ၏ ။ အင်းဝမှ ခေါ်ဆောင်ခြင်း ခံရသော ဟံသာဝတီရောက်မင်း၏ အလုပ်အကျွေး မြို့ကြီးမင်းသမီးက ပဲခူးမင်းကို သတ်၍ နန်းချရန် ကြံနေကြောင်း သိသဖြင့် အင်းဝမင်းနှင့် ဆွေတော်မျိုး မိဖုရားသားသမီးပါမကျန် ကတ္တီပါအိတ်ဖြင့် ထည့်၍ ရေချ ကွပ်မျက်လိုက်သည်။
မြန်မာမင်း အမှူးအမတ် အလုပ်အကျွေး လူ ၂၀၀၀ ကျော် အကုန်သတ်၏ ။ ထိုမျှနှင့် မကျေနပ်သေးဘဲ အနီးဝန်းကျင်မှ မြန်မာဟူသမျှအား မုတ္တမတွင် ဆားချက်ရမည်၊ ပဲခူးချောင်းဖျား သစ်ဝါးခုတ်ရမည်ဟု စုရုံးခေါ်ဆောင်လျက် သတ်ပစ်သောကြောင့် အလွန်များပြားစွာ သေကြေကြရသည်။ ကြွင်းသည့် မြန်မာတို့ကို ဥပရာဇာ ကယ်တင်၍ မွန်ဆံဖြတ်စေကာ တံဆိပ်ခတ်နှိပ်စေသည်တွင်မှ လွတ်သော ဟူ၏ ။
ထိုသတင်းကို ကြားလျင် ပုဂံမှ အောက်သို့ စုန်ဆင်းလာကြသော လက်ျာဘီလူးတို့ မခံမရပ်နိုင်ကြ၍ အကြပ် ဗိုလ်များ စုဝေး တိုင်ပင်ကြသည်။ လက်ျာဘီလူးက
"ယခုအရေးသည် အရေးကြီးပင် ဖြစ်သည်။ သို့သော် ငါတို့အရှင် ကိုယ်တော်တိုင် အရာတိုင်း လိုက်ပါနေရန် မသင့်။ အစ်ကိုတို့ အမှုတော်ကို ကြိုးစားထမ်းရမည့်အချိန် ဖြစ်သည်။ အစ်ကိုတို့ သိမ်းဆည်းမိသမျှ မြို့ရွာများမှ လူသူလက်နက် ဖြည့်တင်း၍ တလပန်းရှိရာ ပြည်သို့တစ်ကြောင်း၊ ဒေါစွယ်ယစက်ရှိရာ မြန်အောင်သို့ တစ်ကြောင်း ချီကာ သူက မသိအောင် စည်းကြပ် စောင့်နေကြရမည်။ ငါတို့ ဟံသာဝတီသို့ သွား၍ မြန်မာမှူးမတ် ကြွင်းသမျှနှင့် လူသူစုရုံးသိမ်းသွင်းလျက် တက်လာမည်။ ဆုံကြလျင် သူတို့တပ်ကို ချက်တဖြုတ် ဝင်တိုက်ကြမည်"
စီရင်လျက် လက်ျာဘီလူးနှင့် ငမျှင်၊ ငသူရိန် သုံးဦးသား တောင်ငူကြောင်းမှ ဟံသာဝတီသို့ လှေငယ်တစ်စင်းတည်း အပြင်းစုန်ခဲ့ကြသည်။
မွန်မင်းထံ အမှုထမ်းနေသော ဟံသာဝတီ မြို့တွင်းမှ မြန်မာအမတ် ကျော်ထင်သက်ရှည်တို့လည်း မြို့တံခါး စောင့်တို့အား "အမိန့်တော်အရ မြစ်စဉ်တစ်လျှောက် မြန်မာတို့ကို လှည့်ပတ်သိမ်းခေါ်ရမည်" ဟု ဆိုလျက် သားမယားတို့ကို ထားခဲ့ပြီးလျင် လူအနည်းငယ်နှင့် ပြေးထွက်လာသဖြင့် လက်ျာဘီလူးတို့နှင့် ပဲခူးအထွက် ဝင်ကဒတ်၌ ဆုံတွေ့မိကြသည်။
ှ်အလောင်းမင်းတရားကြီး၏ အရှေ့ဝင်းတော်မှူး မင်းထင်နော်ရထာကိုယ်တိုင် ရောက်လာ ကြိုဆိုကြောင်း သိရသည်နှင့် မြန်မာမှူးမတ်ဟောင်းကြီးများ ဝမ်းမြောက်ဝမ်းသာ ကျွန်တော်ခံ ဝင်ပါမည်ဟု ဆိုကြသည်။ သူတို့ တိုင်ပင်ကြ၍ ကျော်ထင်သက်ရှည်တို့ကို မြန်မာအမှုထမ်းဟောင်းများရှိရာ ပြည်သို့ လည်းကောင်း၊ လက်ျာဘီလူးကမူ အညာမြစ်စဉ်တစ်လျှောက် ကြံခင်း၊ ပန်းတောင်း၊ မြန်အောင်မြို့များသို့လည်းကောင်း လူခွဲသွားကြရန် သဘောတူကြ၏ ။
မြစ်အရှေ့ အနောက် မြန်မာမြို့ရွာများမှ အမှုထမ်းဟောင်း၊ သူကြီးကလန် သံပျင်တို့ကို မွန်မင်းသည် မြန်မာတို့ကို အရှင်မထား သတ်ညှစ်နေသည်ဖြစ်၍ ပူးပေါင်းပါဝင်ကာ တွန်းလှန်ကြပါမှ အသက်စည်းစိမ် မြဲမည်ဖြစ်ကြောင်း စည်းရုံးသိမ်းသွင်းလာကြရာ လူ တစ်သောင်းကျော် စုမိသည်နှင့် မြန်အောင်သို့ ချီနှင့်သော ရေတပ်တော်သားများနှင့် ပေါင်းစည်းလျက် မြန်အောင်အနီး တလည်းစီးတွင် တပ်ချ ရပ်နေသော ဒေါစွယ်ယစက် တပ်ကို တိုက်ကြသည်။
ဒေါစွယ်ယစက်လည်း အင်အားများသည်၊ တပ်ခိုင်လုံသည်ကို အကြောင်းပြုလျက် ကြံ့ကြံ့ခံနေသည်။ လက်ျာဘီလူးက "စစ်ဘုရင်ခံသသူ ဒေါစွယ်ယစက်ကား စစ်မှုရေးရာ ကျွမ်းကျင်သည်။ လက်ရုံးစွမ်းထက်သည် မှန်သော်လည်း ဝံ့ဝံ့စားစား တိုက်ခံရလျင် ပြေးလွယ်သည်။ ငါတို့ သတိုးကျော်သူ၊ ရမ္မသီရိတို့ မြို့တွင်းသား မှူးတော်မတ်ဟောင်းများနှင့် တစ်ချက်တည်း တိုက်လံ၍ တပ်ကို အလုံးအရင်းနှင့် ပြေးကပ်ရသော် သူတို့အမြောက်စိန်ပြောင်း အသုံးမဝင်ပြီ။ မည်သူမျှ တန့်ခြင်း အမ်းခြင်း မရှိစေနှင့်"
ဆို၍ လူအားလုံး ကြွေးကြော် တက်ကြ၏ ။ တဟုန်တိုး ချည်းကပ်၍ တပ်ကို ဖြိုမိလျင် မွန်ဗိုလ်မှူး ဒေါစွယ်ယစက် မထိန်းကွပ်နိုင်ဘဲ ရုံးမိသမျှ လူသူနှင့် စွန်းစွန်းပြေးလေသောကြောင့် လွတ်သည်။ တိုက်လှေကြီး ငါးဆယ်ကျော်၊ အမြောက်ချည်း ၅၀၀ ကျော် ရလိုက်၏ ။ ဒေါစွယ်ယစက် ရေမှာ ဖျက်ခဲ့သည့် ပစ်တိုင်းထိသော ရန်ပုံခွင်း အမြောက်ကြီးကိုလည်း ရလိုက်လေသည်။
လက်ျာဘီလူးက ရန်ပုံခွင်း အမြောက်ကို ရလျင် ငမျှင်နှင့် ငသူရိန်ကို ခေါ်ပြီး ဤအမြောက်မှာ အလွန်ချိန်သား တိကျကာ ရွယ်၍ လွှတ်ပါက လှေဦးမှ ပဲ့တိုင် တစ်ယောက်မကျန် မှန်သော အမြောက်ကြီး ဖြစ်ကြောင်း၊ ငမျှင်တို့ ယူ၍ ပြည်သို့ ချီကာ ပြည်မြို့တွင်းမှ မြန်မာအမှုထမ်းဟောင်း စလေဝန်၊ အာကာရွှေတောင်တို့နှင့် ဆက်သွယ်ပြီး ပြည်ကြောင်းချီနှင့်သည့် တပ်နှင့် ပေါင်းလျက် မြို့တွင်းမြို့ပြင် နှစ်ဖက်ညှပ်တိုက်လျင် တလပန်း ခံနိုင်မည်မဟုတ်ကြောင်း၊ ငမျှင်မှာ အမြော်အမြင်ရှိပြီး ငသူရိန်မှာ လက်စွမ်းကောင်းသောကြောင့် အရေးအရာရှိပါက ငမျှင် ညွှန်ကြားသည့်အတိုင်း လုပ်ရန်၊ ငသူရိန်ကို တပ်ဦးထား တိုက်ရန် ညွှန်ကြားခဲ့သည်။
သူကမူ ပြည်၊ မြန်အောင်တို့ မွန်ကို တိုက်လံကြပြီ ကြားလျင် ဘဝရှင် မင်းတရား နေတော်မူမည်မဟုတ်၊ အဆီးအကြို ခန့်လိမ့်မည်။ ကိုယ်တော်တိုင် ချီလျင်လည်း ချီလာလိမ့်မည်။ မွန်တို့ကလည်း တလပန်းနှင့် ဒေါစွယ်ယစက် ပျက်သည်ကြားလျင် နေစိမ့်မည်မဟုတ်၊ စစ်ကြီးပင် ချီလာမည်ဖြစ်သည်။ ထို့ကြောင့် ကြိုတင်ပြင်ဆင်ရန် အချိန်မရှိပြီ ဟု ပြည်သို့ မလိုက်တော့ဘဲ အထက်သို့ တက်သွားသည်။
မြစ် အရှေ့အနောက် ရွာများ၌ လူအနည်းငယ်စီ ထားခဲ့၍ သစ်ဝါးခုတ် လှေလုပ်ထားနှင့်စေရသည်။ အမှုထမ်းဟောင်း အချို့ကိုလည်း ရိက္ခာစုရန်နှင့် စစ်သည် စည်းကြပ်ရန် ခွဲဝေလွှတ်လိုက်သည်။ ပြည်၊ မြန်အောင်တို့ အနီး၌ စစ်ကြီးတွေ့ပါက မခဲခက်စေရန် ဝါးများ၊ ထင်းများ၊ မီးရှူးများ ကြိုတင်စုဆောင်းထားစေ၏ ။ ရတနာသိင်္ဃမှ လာမည့် လမ်းတစ်လျှောက် ဆင်မြင်း လှေတက်အများ ရှာဖွေစုဆောင်း လုပ်ဆောင်ပြင်ဆင်ကြရသည်။
ငသူရိန်နှင့် ငမျှင်တို့လည်း လူအနည်းငယ်နှင့် ရန်ပုံခွင်းအမြောက်ကြီးကို ဆောင်ခဲ့ပြီး အရှေ့ဝင်းတော်မှူး ရေတပ်တော်သားများနှင့် ပေါင်းကြ၏ ။ တိုက်လှေကြီး တစ်စင်းပေါ် အမြောက်ကြီးတင်၍ ပြည်မြို့ဘက် ချိန်ထားကြ၏ ။ မြို့တွင်းသားတို့နှင့် ချိန်းချက်သည့် အချိန်ရောက်လျင် တုရင်ဒေဝ ဘွဲ့ခံ ငသူရိန် ဦးဆောင်၍ မွန်ရေတပ်ကို တိုက်သည်။ မြို့တွင်းမှ အာကာရွှေတောင်တို့လည်း ဖက်ပြိုင်နိုင်သူမရှိ လက်ရေးကောင်းလှသောကြောင့် အတန်ကြာ တိုက်မိလျင် တလပန်း မနိုင်သဖြင့် တပ်လန်လေ၏ ။
တလပန်းမှာ စစ်ရေးစစ်တက် ထက်မြက်သော စစ်သူကြီး ဖြစ်၍ အသိမ်းအအုပ်မပျက် မွန်တပ်ကို စည်းကြပ် ဆုတ်သည်၌ ရေကြောင်းမှ ထွက်လာသော မွန်တိုက်လှေကြီးများကို ရန်ပုံခွင်းအမြောက်ကြီးဖြင့် ဆီးပစ်ခတ်ကြ၏ ။ အမြောက်ဆံ သွားရာလမ်းတစ်လျှောက် တစ်ချက်လျင် လူ ငါးဆယ်တစ်ရာ ထိပါးလေသည်။ လှေကွဲလှေပေါက် နစ်သည်လည်း များ၏ ။
နောက်ကလည်း မြို့တွင်းသားတို့ ထပ်လိုက်လာသည်နှင့် တစ်ချက်ချင်း မှန်မှန် ပစ်နေသော မြန်မာတပ်ကို ပြန်လှန် မတိုက်ခိုက်ဝံ့ဘဲ တလပန်း စုန်သွားသည်။ ရေတပ်က လှေဦးလှည့်၍ နောက်မှ လိုက်လံပစ်ခတ်သောကြောင့် မြစ်ရိုးအတိုင်း လှေကြီးများ ကွဲနစ် ကျန်ရစ်ခဲ့ကြသည်မှာ မနည်း။ အမြောက် ၂၀ ကျော်လည်း ကျန်ခဲ့သည်။ ဘုရင့်တပ်တော်များ မပါဘဲ မှူးမတ်ဟောင်းများ၊ အရပ်သားများနှင့် ငသူရိန်တို့ အောင်ပွဲကား ကြီးလေစွ။
(ဆက်ရန်...) သူရိယ ဒေဝ (၅)
Written by သင်္ခရာဇာ
End date: October 7, 2021
No comments:
Post a Comment