မကြာမီ မွန်တို့ တိုက်လာသမျှ အရေးမရ၊ ရှုံးသည်ချည်း ဖြစ်သောကြောင့် ချီမလာဝံ့လျင် အလောင်းဘုရားက "ငါတို့သည် သူ့ပြည်ရွာကို ဖျက်ဆီးတတ်သည့် သူခိုးဓားပြနှင့်အတူ၊ ထန်းလုံးတပ်နှင့်သာ ဖြစ်သည်။ သံ စေလာ၍မှ မတင့်တယ်။ မြို့တည်ရမည်" ဟူ၍ ရွှေဘိုသို့ပြန်ကာ မြို့တော်တည်သည်။ နန်းတက်သည့်အခါ တွင်ရင်းဖြစ်သော အလောင်းမင်းတရားကြီး ဟူသည့် ဘွဲ့ကိုသာ ခံယူတော်မူသည်။
မြို့တော်သစ်အား ရတနာသိင်္ဃ သမိုက်တော်မူပြီးလျင် ပွဲလမ်းရသသူတို့ကို အထိုက်အလျောက် ဘွဲ့မည်ပေးတော်မူရာ တပ်မှူး လက်ျာဘီလူးသည် မင်းထင်နော်ရထာ အမည်နှင့် ရှေ့ဝင်းတော်မှူးအဖြစ် ယုံကြည်ခန့်အပ်ခြင်း ခံရ၏ ။ အတွင်းတော်ကိုလည်း စောင့်ရ၏ ။ လက်ျာဘီလူးသည် သူရိန်တို့ အကြပ် တပ်သားများနှင့် ဆုံရချိန် နည်းခဲ့ပြီ။ အိပ်ဖန်စောင့် နန်းတွင်းသားတို့ကိုသာ ကြီးကြပ် ရေးမှတ်၊ တင်လျှောက်နေရလေသည်။
မင်းတရား အထူးယုံကြည်အားထားခြင်း ခံရသည်မှာ ကောင်းလှသော်လည်း ငကံတို့ သူရိန်တို့အတွက်ကား မထောင်းသာ။ အရှင်သခင် မဲ့သည်သို့ ဖြစ်သွားကြလေသည်။ မင်းထင်နော်ရထာမှာ သူ့တပ်သို့ ရံဖန်ရံခါမှ ရောက်လာနိုင်တော့သည်။ ငကံတို့ ငမျှင်တို့ကသာ တပ်ကို ကွပ်ကဲထိန်းကြပ်နေကြရသည်။ အခြားတပ်မှူးတစ်ဦး ရောက်လာသေးသော်လည်း သူတို့တပ်အား မထိန်းတတ်သောကြောင့် ရှေ့ဝင်းတော်မှူးက ပြန်လည်တာဝန်ယူလိုက်ရသည်။
နုနယ်တည်ကြည်သော မင်းထင်နော်ရထာသည် ရှေ့ဝင်းတော်မှူးကြီး ဖြစ်လာပြီး နန်းတွင်းအရေးများကို စီမံရခြင်းကြောင့် အပျိုတော် မောင်းမများနှင့် သိကျွမ်းရင်းနှီးလာပြီး စန်းပွင့်လှသော်လည်း မင်းတရား သစ္စာတော်ကို စောင့်ကာ အမိနှမသားချင်းကဲ့သို့သာ ဆက်ဆံ၏ ။ လူချစ်လူခင် များသလောက် စောင့်ထိန်းရသည်လည်း ခက်လာ၏ ။ သူ့တပ်တွင်း ရောက်ချိန်မှလွတ်လပ်စွာ နေရရှာလေသည်။
လက်ဝဲဝင်းမှူး မင်းလှနော်ရထာနှင့် လက်ျာဝင်းတော်မှူး မင်းကျော်အာကာတို့မှာမူ အတွင်းတော်ကို ဘီလူးစောင့်သည်ဟူ၍ စိတ်အေးလက်ချ ဝင်းရုံးတော် စသည်တို့ကို ဝင်ထွက်သက်တက် စီရင်ကြရသည်။ အပင်ပန်းဆုံးမှာ နောက်ဝင်းတော်မှူး ဥဒိန်နော်ရထာ ဖြစ်၍ အနောက်ဆောင်များကို နေ့ညဉ့် ကြီးကြပ်ရရာ မင်းထင်နော်ရထာက ကူညီပေးသဖြင့်သာ သက်သာရာ ရတော့သည်။
ထို့နောက် မြို့အခြေကျ၍ အတိုက်အလံ စီရင်သည်၌ လက်ျာဘီလူးသည် မင်းတရား၏ တပ်မကြီးတွင် နေရသည် များပြန်၏ ။ ရံဖန်ရံခါတွင်မူ လက်ရုံးရည် ကောင်းသော သားတော်လတ် သတိုးမင်းစောကို တစ်တပ်နှင့် လွှတ်လျင် ကြံရည်လက်စွမ်း အားနည်းသော အိမ်ရှေ့မင်းတပ်တွင် သူ့ကို ထည့်ပေးလိုက်တတ်သည်။ နောင်တော်ကြီးကလည်း မင်းတရား ရှေ့ဝန်းတော်မှူး၏ အကြံအစည်တို့ကို ညီငယ်တစ်ဦး၏ စကားကဲ့သို့ လက်ခံလေ့ရှိ၏ ။
ငသူရိန်တို့ တပ်မှာမူ ရှေ့ဝင်းတော်မှူးတပ် အဖြစ် မင်းတရား တပ်မကြီးနှင့် ပေါင်းလိုက်၊ သားတော်ကြီး သီရိဓမ္မရာဇာတပ်ဆီ ရောက်လိုက်၊ လက်ျာဘီလူးပင် အချုပ်ပြု၍ အချို့မွန်တည်တပ်များကို သွားတိုက်လိုက်ရ ဖြစ်နေသည်။ ယခင်ကဲ့သို့ ရှေ့ပြေးကင်းထောက်အဖြစ် လွတ်လပ်စွာ လှုပ်ရှားသွားလာ၍ မရတော့။ အနေကျဉ်းမြောင်းသည် မှန်သော်လည်း စည်းကမ်းပိုရှိလာကြ၏ ။ ဘုရင့်တပ်သားကျော်များကဲ့သို့ ဖြစ်လာ၏ ။ ငသူရိန်ပင် ပွဲလမ်းရသဖြင့် တုရင်ဒေဝ ဘွဲ့မည်ရကာ လက်ဖြောင့်မြင်းသည်ကျော် ဖြစ်လာပြီ။
မြန်မာတပ်များသည် ရတနာပူရ အင်းဝကို သိမ်းပြီး၍ အရှေ့ရှမ်းပြည်တလွှား စော်ဘွားစော်ကံများကိုပါ စည်းရုံးသိမ်းသွင်းပြီးလျင် ရှမ်း ကချင် မြို့ပြပြည်ထောင်အများ လက်နက်နိုင်ငံ ဖြစ်လာသည်။ မွန်တို့ကလည်း အဝကို အကြိမ်ကြိမ် လုပ်ကြံလာသည်။ မရ။ တပ်ပျက်၍ ပြေးရသည် များ၏ ။
အဝကို ရံလာသည့် မွန်မင်းညီ ဗညားဥပရာဇာ၊ စစ်သူကြီး တလပန်း၊ စစ်ဘုရင် ဒေါစွယ်ယစက်တို့လည်း လုပ်တိုင်း ကြံရာ မအောင်သည်နှင့် သည်တစ်ခါ ရှိစေဦး၊ မိုးစဲလေသာမှ ဗမာပြည်ကို ပြန်၍ သိမ်းမည်ဟု တပ်ရုတ်ကြရာ အလောင်းမင်းတရားက သေနတ်ဝန် ဦးကောင်းကို ရေကြောင်း အိမ်ရှေ့မင်းကို မြောက်ဘက်မှ ကြည်းကြောင်း၊ မြေဒူးမင်းကို တောင်ကြည်းကြောင်း လိုက်ထပ်စေသည်။
အနောက် တပ်ခံနေသည့် တလပန်း၊ ဒေါစွယ်ယစက်တို့ မြန်မာစစ်သုံးကြောင်းကို မခံနိုင်၍ ပြည်အရောက် ကိုယ်လွတ်ခွာကြရလေသည်။ ဥပရာဇာက ပြည်တွင် တလပန်း၊ မြန်အောင်၌ ဒေါစွယ်ယစက်တို့ကို စောင့်နေစေ၍ ဟံသာဝတီသို့ အပြင်းစုန်သွား၏ ။ ထိုအခါ အလောင်းမင်းတရားက..
"သေနတ်ဝန် မင်းလှမင်းခေါင်ကျော်မှာ တိုက်လှေ နှစ်ရာနှင့် ပုဂံ ငသရောက်ကြောင်း၊ ရှေ့ဝင်းတော်မှူး မင်းထင်နော်ရထာ လှေ နှစ်ရာနှင့် ညောင်ဦးပုဂံအရောက် ချီသွား၍ မွန်တို့ တပ်မတည်နိုင်အောင် ခြောက်လှန့်မောင်းနှင်ရမည်။ သားတော် အိမ်ရှေ့မင်း တောင်ဘက်ကူး၍ သားတော် မြေဒူးမင်းသား တပ်နှင့် ပေါင်းကာ ဆိုင်းနေနှင့်ရမည်၊ ရေကြောင်းမှ မတိုက် မလိုက်ရ"
ဟု အမိန့်တော် ပြန်သဖြင့် လက်ျာဘီလူးတို့ တပ်လည်း ဝမ်းသာအားရ ရေကြောင်း ချီသွားကြသည်။ မွန် လှေတပ်များကို တွေ့လျင် တစ်လုံးတည်း ဝင်တိုက်ကြသည်။ မွန်လှေနည်းလျင် ငသူရိန်တို့ကို မြင်းတပ် ခွဲစေ၍ ကမ်းပေါ်မှ စောင့်ရသည်။ ပြေးလာသည့် သုံ့ပန်းများကို ဆီးဖမ်းစေသည်။ သူ့တိုက်လှေကြီး များလျင်မူ လှေတော်သားတို့ တစ်စုတည်း ဘေးဘက်ဆုံးတပ်ကို ကပ်တိုက်လေ့ရှိသည်။
အလောင်းမင်းတရားကြီး လိုက်ချီလာ၍ သားတော် မင်းနှစ်ပါး တပ်များကို သိမ်းကာ နေပြည်တော် ပြန်တော်မူရာ သူတို့တပ်များကို အခေါ်အလွှတ်မရှိ။ မင်းလှမင်းခေါင်ကျော်ကိုသာ ခေါ်တော်မူ၍ သေနတ် ၅၀၀၀၊ စစ်သည် ၁၀၀၀၀ အပ်ကာ နနွင်းကိုင်းတပ်တွင် အခိုင်အခံ့ စောင့်နေစေ၏ ။
လက်ျာဘီလူးက "ဤတစ်ကြိမ် မင်းတရား ငါ့အား လွတ်လပ်စွာ လှုပ်ရှားစေလိုသည် ဖြစ်မည်" ဟု ဆို၍ အညာတစ်လွှားကို တရွေ့ရွေ့ ချီကာ တပ်စဉ်အတိုင်း မွန်တပ်ငယ်များကို တိုက်လံလျက်၊ မြို့ရွာများကို သိမ်းသွင်းလျက် နေလေသည်။ သူတို့ တပ်သားများကား အတိုင်းထက်အလွန် ပျော်ရွှင်နေကြကုန်၏ ။
(ဆက်ရန်...) သူရိယ ဒေဝ (၄)
Written by သင်္ခရာဇာ
End date: October 7, 2021
No comments:
Post a Comment