"တောထဲက ကျားကို သက်စွန့်ဆံဖျား ဝင်မဖမ်းဘဲ တောမီးရှို့ပြီး သတ်သလိုပေါ့လေ၊ ဝန်းကျင်ပတ်လည် ပြည်ရွာတွေ သူ့လက်အောက် ရောက်ပြီးမှ အလယ်က သံမြို့လည်း မခံနိုင်၊ မရပ်တည်နိုင်အောင် လုပ်လိုက်တာပေါ့"
"ဟဲ့.. ငသူရိန်၊ အခြေနေချင်းမှ မတူဘဲ။ ဘုရင့်နောင် မင်းတရားကြီး ရတနာပူရ အဝကို ချီရင် တပ်ပေါင်း သုံးလေးဆယ်၊ စစ်သည် သုံးသိန်းလောက် ပါတာကွဲ့။ တို့များ ဟံသာဝတီ နေပြည်တော်ကို ချီနေတာ အားလုံးပေါင်းမှ ရှစ်သောင်းမပြည့်ဘူး မဟုတ်လား"
"ဟံသာဝတီကို အလိုမပြည့်ခင် မွန်တို့ဒေသ တလိုင်းသုံးရပ်ကို အရင် ပတ်သိမ်းကြမယ် ဆိုရင်.."
"မွန်က တို့ထက် အင်အား သုံးလေးဆ ကြီးတယ်လေ၊ ငါတို့တပ်တွေ သန်လျင် ဒလ ပုသိမ် မြောင်းမြကို သွားရံချိန် နေပြည်တော်က တပ်ကြီးချီလာရင် စစ်နှစ်ဖက် မညပ်လား။ သည်မြို့တွေလည်း မြို့စီးပြစီး ဆင်လုံးမြင်းရင်းထူတယ်၊ သင်္ဘောကုလား အမြောက်မြတပူ များတယ်။ မြို့ကို မရခင် ငါတို့လူ ကုန်မယ် မဟုတ်လား ငသူရိန်ရဲ့"
"သည်တော့ ကျွန်တော်တို့ ဘယ်လို တိုက်ကြမလဲ"
"ငါတို့ ကုန်းဘောင်တပ်တွေက အင်အားနည်းပေမယ့် လုပ်ရည်ကြံရည် လက်ရုံးရည်ကို အားပြုပြီး ဒီအထိ ရောက်လာခဲ့ကြရတာပဲ။ နောင်လည်း သည်လိုပဲ ကိုယ်စွမ်းကို ထုတ်ပြီး အမှုတော် ကြိုးစားထမ်းကြရမှာပ။ ရခိုင်က လှေတပ်ကောင်းရင် ငါတို့ ကြည်းက တိုက်ရမယ်။ ရှမ်းက မြင်းသာရင် ငါတို့ ဆင်နဲ့ တိုက်ရမယ်။ မွန်က အင်အားသာတော့ ငါတို့ အစီအရင် ကောင်းမှ အရေးလှမယ်"
ငကံက ဝင်ပြောသည်။
"ဟုတ်တာပ.. ငသူရိန်၊ တို့လူ တစ်ယောက်က မွန်သုံးယောက်ထက် သာမှ ဖြစ်မယ်မဟုတ်လား။ တို့တပ်မင်းကြီးများကလည်း လုပ်ရေးကြံရေးမှာ သူမတူအောင် ပါးနပ်ကြရဲ့မဟုတ်လား။ ဘဝရှင် အလောင်းမင်းတရားကလည်း ပရိယာယ် အကြံအစည်မှာ သိပ်ပြောင်မြောက်တာကလားဟ"
တပ်သား တစ်ယောက်က ဝင်ပြောလာပြန်၏ ။
"ဒါနဲ့ ပြီးခဲ့တဲ့ တိုက်ပွဲကြီးမှာ တပ်မှူးက တိုက်ချည် ဆုတ်ချည် အမိန့်ပေးပြီး ခံစစ်နဲ့ မွန်စစ်ကြီးကို နိုင်လိုက်တာ ဘယ်လို နည်းပရိယာယ်လဲဗျ၊ ကျုပ်ဖြင့် သည်တစ်ခါတော့ အားလုံး အသက်မကြွင်းပြီ မှတ်တာ။ ဆင်တပ် မြင်းတပ် သေနတ်ကိုင် အင်အား သောင်းကျော်ကို ကျုပ်တို့ မြင်း ၂၀၀ သေနတ် ၅၀၀ လူ ၂၀၀၀ လောက်က ဘယ်လိုခံနိုင်မှာလဲ တွေးနေတာ၊ အရှုံးကနေ ပြန်နိုင်သွားတော့ ယုံတောင် မယုံနိုင်ဘူး"
"ဟုတ်ပ.. ဟုတ်ပ။ တိုက်ရင်း တိုက်ရင်း မွန်တွေ အင်အားနည်းလာပြီး တပ်ပျက် ပြေးကြတော့တောင် ငါတို့လူတွေထက် နှစ်ဆ မက များသေး။ ငါလည်း တိုက်နေရင်း ဘယ်လို နိုင်သွားမှန်း မသိလိုက်ဘူးဟ"
တပ်သား ရွှေရည်က အာလုတ်သံကြီးနှင့် ဝင်ပြောသဖြင့် ရယ်ကြရသေးသည်။ ညဉ့်က နက်လာသည်။ အအေးပိုလာပြီ။ တပ်မှူးပင် ကတ္တီပါခြုံထည်ကို ကိုယ်လုံအောင် အုပ်လိုက်တာ တွေ့ရ၏ ။ သွေးသောက်ကြီး ငမျှင်က ထလိုက်ပြီး
"တလိုင်းတွေက အင်အားသိပ်များတော့ ငါတို့ ဇွတ်တိုးဝင်ရင် တပ်လုံးပျောက်သွားမှာပေါ့ကွဲ့။ ဆင်တိုက်တာနဲ့ မြင်းတွေ အကုန်လဲကုန်မယ်။ ဆင်စီးသူရဲကို မထိုးမိခင် ဆင်ခြေဖုံးတွေ ပစ်တာခံရမှာပ။ ဒါ့ကြောင့် တပ်မှူးက ဆုတ်လိုက် ပြန်တိုက်ခိုင်းလိုက် လုပ်ခဲ့တာပေါ့။ ကျုပ်ပြောတာ ဟုတ်တယ်မဟုတ်လား တပ်မှူး"
"ဟုတ်ပါ့ဗျာ.. ကိုကြီးမျှင်ပဲ ဆက်ရှင်းပြလိုက်ပါဦး"
"အေး.. အဲသည်တော့ ဟိုဒင်းပြုတဲ့အခါကျတော့ မွန်တွေက လိုက်ထပ်လိုက်၊ တို့က ခံတိုက်လိုက်၊ ဆင်တွေ နီးလာရင် ခွာခဲ့လိုက်နဲ့ အတော်ဝေးဝေးထိ ဆုတ်ခဲ့ကြရတယ်မို့လား၊ အဲဒါကို ဟိုသင်းပြုတယ်လို့ ခေါ်တာပဲ"
"ဘယ်သင်းပြုပြန်တာတုန်း ကိုမျှင်ရဲ့"
"ဟာကွာ၊ ပရိယာယ်ပြုတာပေါ့.. စစ်နိုင်အောင်။ ကဲပါ၊ တပ်မှူးပဲ ပြောပြလိုက်ပါ။ ကျုပ်က သိပေမယ့် နားလည်အောင် မပြောတတ်ဘူး။ စကားပြောရင် ဟိုဒင်းဖြစ်ဖြစ်နေတယ်"
သူရိန်က ဝင်ပြောပြန်သည်။
"ဝရီးရဲ့ ဟိုဒင်းကြီး တန်ပါတော့၊ ကျွန်တော် ပြောပါဦးမယ်။ အဲသည်တုန်းက ကျွန်တော် သတိထားမိတာ တပ်မှူးက သေနတ်သားတွေကို ပစ်ပြီးတာနဲ့ အရင်ဆုတ်ခိုင်းတယ်။ ကျွန်တော်တို့ မြင်းတပ်သားတွေက နောက်ဆုံးမှ ဆုတ်ရတယ်။ သေနတ်အစုပြီးရင် ဓားကိုင် လှံကိုင် တင်ကျည်းကိုင်တွေ အစဉ်အတိုင်း ဆုတ်ကြရတယ်။ ပြီးတော့မှ ဒိုင်း ကာအစု၊ နောက်ဆုံးက မြင်းသည်တွေ၊ သည်လို တပ်စဉ်ရွေ့ဖို့ အလံထောင် ဝှေ့ရမ်းပြတာ မြင်မိတယ်။ ဟုတ်တယ်မဟုတ်လား"
ငကံက..
"ဟုတ်တယ်လေ၊ ငါတို့ မြင်းတပ်ဆိုတာ ဆင်ကို ပတ်ရှောင်တိုက်လို့ ရတယ်၊ ခြေသည် ဆင်သည်ထက် အမြန်ဆုတ်လို့ ရတယ်။ ဒါ့ကြောင့် နောက်ဆုံးမှ ခွာရတာပေါ့"
လက်ျာဘီလူးက သူတို့ ပြောသမျှကို ခေါင်းညိတ်နေ၏ ။ ထိုတိုက်ပွဲတွင် တမူထူးခြားစွာဖြင့် ယခင်အခါများက ရှေ့ဆုံးမှ ဦးဆောင်တိုက်လေ့ရှိသော လက်ျာဘီလူးသည် နောက်တပ်တွင်သာ နေပြီး ကုန်းအမြင့်များပေါ်မှသာ အလံကိုင်လျက် ဝှေ့ရမ်းကွပ်ကွဲသည်ကိုလည်း သူတို့အားလုံး သတိပြုမိခဲ့ကြသည်။ တိုက်မည်ပြုစဉ် မနိုင်ထင်၍ ဤတစ်ကြိမ်တွင် တပ်မှူး ဦးမဆောင်ကြောင်း ထင်မြင်မိသဖြင့် သူတို့ အားလျော့ခဲ့ကြရသည်။ သည်တစ်ကြိမ်တော့ အရေးမှားပြီ ယူဆခဲ့ကြ၏ ။ သူတို့၏ နောက်ဆုံးတိုက်ပွဲပင် ဖြစ်လိမ့်မည်ဟုလည်း ယုံကြည်မိခဲ့ကြသေးသည်။
သို့သော် တပ်မှူး ကွပ်ကဲနေပုံမှာ လျော့တိလျော့ရဲ မဟုတ်။ အစီအစဉ်တကျ အကွက်ချထားသလို ညွှန်ကြားနေခြင်း ဖြစ်သည်။ သူ့ဘာသာ တစ်ယာက်တည်း ဇာတ်တိုက်ထားသလို သေနတ်သမားများ ဆုတ်ရန် အလံစိမ်းကို နောက်သို့ယက်လျင် ကျန်သည့်တပ်များ ခံနေရန် အလံများကို ဘေးသို့ တန်းပြထားသည်။ မြင်းတပ်ကို ရှေ့သို့ဝန်းတက်ရန် အလံနီ ဝှေ့ယမ်းပြရင်း
သေနတ်သားများ မည်သည့်နေရာ၌ ရပ်၍ မည်သို့ ခွဲဖြန့်နေရမည်ဟု အကြပ် သွေးသောက်များကို နှုတ်မှ အမိန့်ပေးနေခဲ့၏ ။
"တပ်မှူးက မတိုက်ခင်ကတည်းက ငါ့ကို သည်နေရာမှာ တစ်ကြိမ်၊ သည်နေရာမှာ တစ်ကြိမ် သေနတ်သားတွေ နေရာယူ ကျည်ဖြည့်တင်းထားရမယ်လို့ ပြပြီးသားကွ။ သည်တောင်ကုန်းမှာ လူ ၂၀၀၊ သည်တောအုပ်ကို အကာအကွယ်ယူထားရမှာက ၃၀၀ စသည်ဖြင့် ပြောခဲ့ပြီးသား။ ဒါ့ကြောင့် သွေးသောက်တွေ လာပြောတော့ ငါတို့က ကြိုသိပြီး ပြင်ဆင်ထားကြတာပေါ့"
သေနတ်အစုမှ သွေးသောက်ကြီးတစ်ဦး၏ အပြောကြောင့် မီးပုံဝန်းကျင်ရှိ နားထောင်နေကြသည့် တပ်သားအားလုံး တပ်မှူးကို ဝိုင်းကြည့်လိုက်ကြသည်။ လက်ျာဘီလူးကလည်း သူဖြေရမည်မှန်း နားလည်၏ ။
"သည်လိုကွ၊ ငါတို့ တိုက်ရမယ့် တပ်ကြီးက အတော်ကျယ်တယ်။ မွန် ၁၅၀၀၀ - ၂၀၀၀၀ တော့ ရှိမှာပဲ။ ငါတို့မှာ လူ ၃၀၀၀ လောက်သာ ပါတယ်။ သည်တိုင်း ဝင်တိုက်ရင်တော့ နှစ်ပဟိုရ်အတွင်း လူကုန်မှာပဲ။ ပြီး သူတို့မှာ ဆင်ကျုံးဆောက်ထားတာ မနည်းဘူး။ တိုက်ဆင် ၁၀၀ ဝန်းကျင် ပါမယ်။ ငါတို့ မြင်းတွေ ဘယ်လိုမှ မခံနိုင်ဘူး မဟုတ်လား"
ဟုတ်သည်။ မြင်းတပ်ကို ခြေလျင်သားတို့ မတိုးဝှေ့နိုင်သလို ဆင်တပ်ကိုလည်း မြင်းတပ် မယှဉ်သာ။ ဆင်တစ်စီးတည်းဖြင့် သွားရာလမ်းကြောင်းပေါ်ရှိ မြင်းအားလုံး လဲနိုင်၏ ။ မြင်းလောက် မမြန်သော်လည်း ဆင်သည် ခြေမကုန်မချင်း ကြောက်ရသော သတ္တဝါဖြစ်ရာ ဆင်အနည်းငယ်နှင့်ပင် သူတို့တပ်အလုံး ကျရှုံးသွားနိုင်ပေသည်။
ဆင်ပါလျင် ဆင်ခြေဖုံး သူရဲလည်း နည်းမည်မဟုတ်။ ဒိုင်းသီးသန့်ကိုင်၍ ကာရသော၊ လှံများသာ ကိုင်စွဲ၍ ထိုးကြရသော ရဲမက်အများ ဝန်းရံ လိုက်လိမ့်မည်။ ထိုအခါ ဆင်ကို ထိုးသမျှ အလဟဿဖြစ်မည်။ အနားပင် သီိနိုင်မည်မဟုတ်။ ဆင်ချင်း၊ ဆင်ခြေဖုံးချင်းမှ ဘက်မျှမည် ဖြစ်သော်လည်း သူတို့၌ ဆင်နှင့်တူတာ တောဝက် ပွေးကြွက်ပင် ပါမလာ။
ထို့ကြောင့် သူတို့သည် မတိုက်မီက ရှုံးနေသည်။ မွန်တို့ကလည်း သူတို့ နိုင်လိမ့်မည်မှန်း သိနေပေမည်။ စစ်အင်ကြီးစွာ ဖိလာချိမ့်မည်။ အရှုံးမှ အနိုင်ဖြစ်ရန်မှာ လုပ်ရေးကြံရေးသည်သာ အဓိက ဖြစ်လာသည်။ ထိုအခြေအနေကို တပ်သားများ သဘောပေါက်အောင် သူ ပြောပြပြီး..
"ဒါ့ကြောင့် စစ်မဆိုင်မီ တစ်စခန်းကျော်ကတည်းက မြေပြင်အနေအထားကို သေချာ လေ့လာသွားတယ်။ တစ်နေရာရောက်တိုင်း စစ်ကို ဘယ်လိုပြင်မယ်၊ တပ်ကို ဘယ်လို ထားမယ်ဆိုတာ နေရာချထားတယ်။ ရှေ့မှာ သာတာတွေ့ရင် နောက်က ကျန်ခဲ့တာနဲ့ ပေါင်းပြီး ပိုကောင်းမယ့် အစီအစဉ် ချမှတ်ရတယ်။ ဒီလိုမှလည်း နိုင်ချေ ရှိလာမယ် မဟုတ်လား။ သူတို့ အင်အားနဲ့ သတင်းကို ကြိုသိထားရတာလည်း အရေးပါတာပဲ။ ဒါ့ကြောင့် သူ့တပ်တွင်းဝင်မယ့် လူစောင့်မရှိရင် မြင်းလျင်လွှတ်၊ အမြင့်တက်ပြီး စစ်ရမ်းခိုင်းခဲ့တာပေါ့"
တပ်မင်းကြီး ဖြစ်ချင်သည့် သူရိန်က အစီအမံကောင်းလှသည့် နာမည်ကျော် တပ်မှူးကြီးထံမှ နည်းနာများကို လောဘတကြီး သိုမှီးသိမ်းဆည်းနေလေသည်။ နောင်တွင် အဖိုးတန်လာမည့် စစ်ပြင်ပုံများမှာ သူ့အတွက် သောက်မပြေနိုင်သည့် ပင်လယ်ရေသို့။
"တလိုင်းတွေ တပ်ပြင် ထွက်လာတော့ သေနတ်တစ်ကမ်းအရောက်မှာ သေနတ်သားအကုန် တပြိုင်နက် ဝိုင်းပစ်ခိုင်းပြီးတာနဲ့ ချက်ချင်း ဆုတ်ခိုင်းရတယ်။ သူတို့ဘက်က မြင်းသည် ခြေသည် နှစ်ရာ သုံးရာတော့ ထိမှာပဲ။ မြင်းတပ် တန့်သွားတာ တွေ့တယ် မဟုတ်လား"
"တွေ့ပါတယ် တပ်မှူး"
ငကံက ဆိုသည်။
"ကျွန်တော်တို့ လှံကိုင်တွေ လွှတ်ကြတော့လည်း သူတို့ ကာကြပေမယ့် ထိသင့်သလောက် ထိကြတာပဲ။ သို့ပေမယ့် သူတို့ မရပ်မဆိုင်း ဆက်တိုက်လာတာပဲ"
"ဟုတ်တယ်၊ အဲဒီမှာ အတော် တိုက်ခဲ့ရသေးတယ်။ ခုတ်လို့ ကောင်းတုန်းမှ တပ်မှူးက နောက်ပြန်ရွေ့ခိုင်းလို့ အပြင်းခွာခဲ့ရတာ၊ စစ်မြှူခိုင်းတယ်လို့တောင် ထင်လိုက်မိသေး"
သူရိန့်စကားကို လက်ျာဘီလူးက..
"စစ်မြှူခိုင်းတဲ့ သဘောပဲပေါ့။ နောက်တပ်မ မပါပေမယ့် သေနတ်သားတွေ နေရာယူ ယမ်းထိုးပြီးကြပြီဆိုရင် ခေါ်လာတဲ့ ရန်သူ့စစ်ကို နောက်တစ်ကြိမ် ညှပ်ပစ်ရုံပဲ ရှိတော့တယ်၊ ငါတို့က ဆုတ်မပစ်ဘဲ ဆိုင်တိုက်ကြရင်တော့ တပ်ရှနာများပြီး ရေရှည်မှာ မခံနိုင်ဘူး"
"သြော်.. သဟာကြောင့် ကျုပ်တို့ အကြိမ်ကြိမ် ခွာနေရတာကိုးဗျ။ ခုမှ သဘောပေါက်တယ်။ တပ်မှူးက တတိတိနဲ့ အမှည့်ခြွေ ခြွေနေတာပဲ။ ကျုပ်က နောက်တပ်ကြီးကို စောင့်ရင်း ရသလောက် တိုက်နေတယ် မှတ်တာ"
"စိတ်ဓာတ်ကို ခြွေပစ်တာကွ၊ သူတို့လူတွေ တက်လာလိုက် ကျသွားကြလိုက် အကြိမ်ကြိမ် မြင်လာတော့ ရှေ့ဆုံးက တက်ရသူတွေအဖို့ တိုက်စက မကြောက်ပေမယ့် ကြာတော့ ကြောက်လာတယ်။ ကိုယ့်အလှည့် ဘယ်တော့လဲ ဆိုပြီး တွေးမိလာကြတယ်။ ပြေးသေလိုက်ရရင်တောင် ကြောက်မှာ မဟုတ်ဘူး။ ငါက သူတို့ကို မကြောက် ကြောက်အောင် ခေါ်ပြနေတာ"
တကယ့်လူ ဟု တပ်မှူးကို ကြည့်ရင်း သူရိန် တွေးနေမိသည်။ စိတ်ဓာတ်ပျက်ပြားလျင် မည်မျှအင်အားကြီးကြီး ပျက်လွယ်ကြောင်း သူ နားလည်ပါသည်။ သို့သော် တပ်ဖြီးတပ်ခိုင်နှင့် နိုင်မည်ဟု ယုံကြည်ထားကြသူများကို ရှုံးမည် မထင်မိဘဲလျက် မိမိသာ သေကျန်လိမ့်မည်ဟု အဖန်ဖန်ရိုက်ချိုးပြရန်မှာ သူမို့ တတ်နိုင်ပေသည်။
"ဒီတော့ ငါက ရှေ့တပ် နောက်တပ် တပ်အားလုံးကို ကွပ်ကဲနိုင်မယ့် နေရာက နေတယ်။ စံနစ်တကျ အစည်းမပျက် ဆုတ်ခိုင်းတော့ အထိအပါးနည်းတယ်။ သေနတ်သမားတွေကို ဆင်ခြေဖုံးတွေ ရွယ်ပြီး ပစ်ခိုင်းတယ်။ ဆင်ခြေဖုံး နည်းရင် မြင်းတွေ ကပ်လို့ရမယ်။ ဆင်ခွာကို ထိုးနိုင်ရင် ဆင်ကောင်လုံး ကျသလိုပဲ။ တင်ကျည်းတပ် လှံတပ်တွေကို ဆင်ခြေ ထိုးခိုင်းတယ်။ ဓားသမား ကာသမားတွေက ကာပေးရတယ်။ မြင်းတွေက အယောင်ပြတယ်။ လှည့်ပတ်ထိုးတယ်။ အဲဒီချိန် သေနတ်အစုက ဆုတ်သွားပြီ။ ကြာတော့ သူမခံနိုင်ဘူး။ ဗိုလ်ပါအများနဲ့ပဲ ပြေးလေရော။ တပ်တွင်း ပြန်နေလည်း ရဲမက်တွေ စိတ်ခြောက်ခြားပြီးပြီ။ ငါတို့ ထပ်တိုက်တာကို ဘယ်ခံနိုင်တော့မလဲ"
လက်ျာဘီလူး၏ စကားများသည် အဖိုးတန်သည် မှန်၏ ။ သူရိန်အဖို့ကား စစ်ရေးဗျူဟာကျမ်းကြီး ရလိုက်သကဲ့သို့။ သေနင်္ဂတို့၌ပင် မပါသော နည်းစံနစ်များက တစ်နေ့တစ်မျိုး မရိုးနိုင်။ သူ၏ အကြံအစည်ကို တုပမှီခိုး၍ ရနိုင်သည်၊ သူကဲ့သို့ ကြံစည်နိုင်ရန်မှာမူ မလွယ်လှချေ။ တပ်မှူးကား ခေတ်အဆက်ဆက်မှ ရှေးထုံးများ၊ စစ်ချီစစ်တက် လုပ်ရေးကြံရာများအား အတွေ့အကြုံနှင့် ပေါင်းစပ်ကာ ဝိဇ္ဇာမြောက်အောင် ကျွမ်းကျင်နေပြီး ဖြစ်သည်။
"အေးကွာ၊ ငသူရိန်တို့၊ မင်းတို့ အစ်ကိုတို့တွေ ရှေ့လျှောက် တိုက်ရမှာ များသေးတယ်။ နောင် တပ်မှူး ဗိုလ်မှူး စစ်ကဲကြီးတွေ ဖြစ်မယ့်သူလည်း ဖြစ်ကြမှာ။ ကျုပ်မရှိရင် အစ်ကိုတို့ ကိုကြီးမျှင် ငကံ ငသူရိန်တို့တွေ ပွဲရကြပါစေတော့လို့ ပြောပြနေတာ။ အချိန်လည်း လင့်ပြီ။ မနက် ရတနာပူရက ရိက္ခာတွေ ရောက်လာရင် လှေက ချကြရမှာ ရှိသေးတယ်။ အိပ်ကြပေတော့။ သြော်.. ငကံ၊ ငါ့ကောင် တိမ်ပျံကို အစာထည့် ကြည့်ရှုဖို့လည်း မမေ့နဲ့ဦး။ လှေဆီ မသွားခင် တစ်ပတ်ကျောင်းပေး။ ငါ မအားသေးလို့"
ထိုသို့ ပြောဆို လူစုခွဲလိုက်ကြလေသတည်း။
(ဆက်ရန်...) သူရိယ ဒေဝ (၃)
Written by သင်္ခရာဇာ
End date: October 7, 2021
No comments:
Post a Comment