Translate

သူရိယ ဒေဝ (၁)

မီးပုံမှ မီးတောက်မီးလျှံတို့က တဖျစ်ဖျစ်မြည်လျက် ဝန်းကျင်တစ်ခိုကို လိမ္မော်ရောင် ဟပ်နေ၏ ။ ငသူရိန်နှင့် တပ်မှူးတို့ စကားဝိုင်းကို နားထောင်နေကြသည့် တပ်သားအချို့၏ မျက်နှာသည် မီးရောင်ကြောင့် အရိပ်အမျိုးမျိုး လူးလွန့်လှုပ်ရှားနေကြသည်။

"စစ်တို့ သဘောမှာ မထင်မှတ်သည့် အကြောင်းကြောင့်လည်း ရုတ်တရက် အလှည့်အပြောင်း ဖြစ်သွားတတ်တယ် သူရိန်ရဲ့။ နိုင်ပြီးမှလည်း အရာမဟုတ်သည်ကြောင့် အရှုံးကြီးစွာ ရှုံးရတတ်သတဲ့။ မင်းက မကြုံဖူးလို့ လွယ်လွယ်မှတ်နေတယ်။ စည်သူကျော်ထင် နှစ်ဦး စီးချင်းထိုးကြပုံကို ကြားဖူးရဲ့လား"
"မကြားဖူးပါ.. တပ်မှူး"
"အခြားသူများကော"
တပ်မှူးက လှည့်မေးလိုက်လျင် နားထောင်နေသူများ ပြုံးကြ၊ ခေါင်းခါရမ်းကြသည်။ သွေးသောက်ကြီး ငမျှင် တစ်ယောက်သာ ကြားဖူးပါသည် ဟု ဆို၏ ။ ငမျှင်မှာ တပ်မှူး အလွန်အားထားသော အမြော်အမြင်များသည့် အသက် ၅၀ကျော် သွေးသောက်ကြီး ဖြစ်သည်။ ရွာမုဆိုးလည်း လုပ်ခဲ့ဖူး၊ ဘုန်းကြီးကျောင်းသားလည်း ဖြစ်ခဲ့ဖူးပြီး ဟံသာဝတီပါမင်းလက်ထက်က စစ်သည်ဟောင်းကြီးတစ်ဦးလည်း ဖြစ်သည်။
"ဒါဆို သူတို့ကို အစ်ကို ပြောပြလိုက်ပါလား"
ငမျှင် မျက်လုံးကျယ်သွားပြီး
"ဟာ.. ကျုပ်က ကြားပဲ ကြားဖူးတာ၊ တပ်မှူး ပြောသလို လိပ်ပတ်လည်အောင် မဆိုတတ်ပါဘူး။ ငယ်ငယ်က ကြားဖူးတာမို့ မေ့တေ့တေ့ ဖြစ်နေပြီ။ တပ်မှူးပဲ ပြောပြပါ။ ကျုပ်ပြောရင် သူတို့ အကုန် ထသွားမှာ"
တပ်မှူးက ပြုံးသည်။ မြေကို တုတ်တစ်ချောင်းနှင့် ခြစ်နေရင်းမှ
"မောလို့ နားရမလားမှတ်တယ်၊ အစ်ကိုတို့က ကျုပ်ပဲ ပြန်လွှဲနေကြတာပါလား။ ကျုပ်လည်း ကျောင်းက ပေစာထုပ်မှာ ဖတ်ဖူးတာမို့ ကြာခဲ့ပါပြီ။ အဖြစ်ကလေးက ဆန်းနေလို့ မှတ်ထားတာ ပြန်ပြောရမှာ"
သစ်တုံးပေါ် လှဲနေသော တပ်သားတစ်ဦးက ဝင်ပြောသည်။
"တပ်မှူးပဲ ပြောပါ၊ ကိုကြီးမျှင်က သူ့ဘာသာတောင် လေးလုံးမကွဲလို့ မိန်းမ စျေးလည်ရောင်းကျွေးရတယ် ဆိုရောပ"
"မင်းတို့ကလည်း မဟုတ်ပါဘူးဟ၊ ငါက ဟိုဒင်းပြုလို့ပါ"
"ဘယ်ဒင်းလဲဗျ"
"ဟိုသင်းလေကွာ.. ငါ မပြောတတ်ဘူး ပြောတာ"
"ကဲ.. ကဲ၊ တော်တော့၊ ဆက်မေးနေရင် ငါတို့ အိပ်ရမှာ မဟုတ်ဘူး။ တပ်မှူးပဲ ပြောပါစေ.. မင်းတို့က"
သွေးသောက် ငကံ ဝင်ပြောလိုက်မှ ပြတ်သွားသည်။အကြပ်ဖြစ်သော ငသူရိန်ကလည်း တပ်မှူးကို ဆက်ပြောရန် တောင်းဆိုသည်။ ကျော်ထင်နှစ်ဦး စီးချင်းထိုးပုံကို လက်ျာဘီလူးက သူ့တပ်သားများကို ပြောပြ၏ ။
"တောင်ငူ မင်းတရားရွှေထီးလက်ထက်တော်က၊ စလင်းကို စားတဲ့ စည်သူကျော်ထင် အဝကို ပြေးတော့ မင်းတရားက အချီတော်ကို စည်သူကျော်ထင် အမည်နဲ့ပဲ စလင်းမြို့ကို ပေးတယ်။ အရင် စည်သူကျော်ထင်ရဲ့ ကျွန်ယုံ လုလင်ကျော်မှူးတို့က အချီတော်ရဲ့ အမေ့အလျော့ကို စောင့်ပြီး လုပ်ကြံကြတယ်။ အချီတော် စည်သူကျော်ထင် ပဲခူးကို ပြေးလာတော့ သူတို့အရှင် စည်သူကျော်ထင်ဟောင်းကိုပဲ စလင်းမှာ နန်းပြန်တင်ကြတယ်"
တပ်မှူးက နားရှုပ်မည်စိုး၍ စကားကို ဖြည်းဖြည်း လေးလေး ထိန်းပြောနေသလို အကြပ် သွေးသောက်များကလည်း ရုံးစုလျက် အာရုံစိုက် နားထောင်နေကြသောကြောင့် ယခုအထိတော့ စည်သူကျော်ထင် ၂ ဦး ကွဲပြားပုံကို နားလည်ကြသေးသည်။
"ဟံသာဝတီကို ပြေးလာတဲ့ အချီတော် စည်သူကျော်ထင်က မင်းတရားရွှေထီးကို လျှောက်လို့ စစ်သည်ဗိုလ်ပါ အပ်ပြီး စလင်းကို ပြန်ယူခိုင်းတယ်။ စည်သူကျော်ထင် နှစ်ဦး စစ်ဆိုင်တွေ့ကြတာပေါ့"
"ပဲခူး စည်သူကျော်ထင် အရပ်အနေ မသင့်လို့ စလင်း စည်သူကျော်ထင်ကို ရှုံးရတယ်လို့ ဆိုတယ်။ ရှုံးတော့ သူ့တပ်ကို ပြန်ပြေးတယ်။ ဆင်တော် လှံချက်နာလွန်းလို့ အသားတွေ ပဲ့ကြွေကျနေသတဲ့။ ညဘက်ကျ စလင်းမြို့တွင်းက ဟစ်လာတယ်။ ပဲခူး စည်သူကျော်ထင်ကို နက်ဖြန် ထွက်တိုက်မယ်၊ ဘယ်လို ပြေးမလဲ ပေါ့။ တပ်တွင်းကလည်း ထပ်တူပြန်အော်ရတယ်။ ငါမပြေးဘူး၊ နင် ခံနိုင်အောင်ခံ တဲ့"
တပ်သားများ ပြုံးကြသည်။
"နောက်တစ်နေ့ စည်သူကျော်ထင် နှစ်ဦး မြို့ပြင်မှာ ဆင် စီးချင်း တိုက်ကြတယ်။ ပဲခူးစည်သူကျော်ထင်ဆင် နာလွန်းလို့ ဆင်ငှားနဲ့ တိုက်ရသတဲ့။ စလင်းမင်း စည်သူကျော်ထင်ရဲ့ ဆင်ခြေဖုံးသူရဲတွေကို ဦးဆောင်လာတဲ့ ကျွန်ယုံ ရှင်မောက်ကျော်ကို ဆင်ခြေဖုံးချင်း ခုတ်ကြရာမှာ ထိသွားတယ်။ ရှင်မောက်ကျော် ဆုံးတော့ ဆင်ခြေဖုံးသူရဲတွေ ပျက်တယ်။ ဆင်ခြေဖုံး ပျက်တော့ စလင်းမင်း အခြေနေ မဟန်လို့ ခွာရရော။ မခွာရင် ပဲခူးစည်သူကျော်ထင် ဆင်လို ဖြစ်သွားနိုင်တာကိုး"
ငသူရိန်က တပ်မှူး ပြောချင်သည်ကို နားလည်လာ၏ ။ စစ်ကြီးတွင် အရေးပါ အရာရောက်သူ မဟုတ်သော်လည်း တစ်ဦးပျက်ရာမှ တပ်အလုံး ပျက်နိုင်ကြောင်း၊ ဆင်တစ်စီး နာရုံဖြင့်လည်း စစ်ရှုံးသွားနိုင်ကြောင်း၊ အောက်ခြေသူရဲဟူ၍ မလေးမစား သဘောထားက ဆုံးရှုံးသွားနိုင်ကြောင်းကို ပါးနပ်သူပီပီ သိမြင်လာသည်။
"စလင်းမင်းဆင် ခွာတော့ ပဲခူးစည်သူကျော်ထင် လိုက်ဖိတယ်။ စလင်းကုန်းလယ်စီး ရှင်မာန်အောင်က ဆီးထိုးလို့ ပဲခူးစည်သူကျော်ထင် ဆောင်းထားတဲ့ မောက်တို ပေါက်ပြီး နဖူးကို စူးပေမယ့် စီးလာတဲ့သွေး မသုတ်ဘဲ ဆက်တိုက်တာကြောင့် စလင်းစား အပြင်းပြေးရရော။ ရှင်မာန်အောင်လည်း ဆင်ပေါ်က ကျနေခဲ့ရော။ မြို့ပေါက်ပြီး စလင်းစည်သူကျော်ထင် ဆင်တစ်စီးတည်းနဲ့ ကိုယ်လွတ်ရုန်းပြေးသွားရသတဲ့"
အခြားသူများကိုတော့ မသိ၊ တပ်မှူး ပြောလိုသည့် အဓိက ရည်ရွယ်ချက်ကို ငသူရိန်ကတော့ သေသေချာချာ သဘောပေါက် မှတ်သားမိလိုက်သည်။ တပ်မှူး၏ အစီအရင် အလုပ်အကြံတို့မှာ ဤကဲ့သို့ ရှေးထုံးများမှ ထုတ်နုတ် လေ့လာ၍ စီလျော်အောင် အသုံးချခဲ့ခြင်း ဖြစ်ပေမည်။
"စလင်း စည်သူကျော်ထင် လွတ်သွားလား"
တစ်ဦးက မေးသည်။ ထိုသူသည် သင်ခန်းစာထက် ဇာတ်လမ်းဇာတ်ကွက်၌ အာရုံရောက်နေသူ ဖြစ်လိမ့်မည်။
"လွတ်သွားတယ်။ ဒါပေမယ့် ကံများ ဆိုးချင်ပြီဆို ရေကြည်တော် ဆက်မယ့်သူတောင် တစ်ယောက်မှ ပါမလာလို့ ကိုယ်တော်တိုင် ရေဆင်းအသောက်မှာ စီးမြဲဆင်က လိုက်ထိုးလို့ ဝါးရုံတောထဲ ဝင်ပြေးရသေး ဆိုပဲ။ နောက်မှ ချင်းတွေနဲ့ တွေ့ပြီး မိုးညှင်းစော်ဘွားဆီ ရောက်သွားသတဲ့"
သူရိန်မှာ ငယ်စဉ်ကတည်းက အောင်မြင်ကျော်ကြားသည့် သူရဲဗိုလ်မှူးကြီး ဖြစ်လိုလှသူမို့ ယခုလို တိုက်တိုင်းအောင် တပ်မှူးတစ်ဦးနှင့် ကြုံကြိုက်ရသခိုက် သူ့ထံမှ အယူအဆ နည်းနာများ၊ တိုက်ခိုက်ပုံ မဟာဗျူဟာများကို ရသလောက် သိမ်းကြုံးယူချင်နေမိ၏ ။ စစ်သည်ကောင်းတစ်ဦး ဖြစ်လာစေရန် အပတ်တကုပ် ကြိုးစားခဲ့ရသည့်အပြင် သူ၏ တိုက်ရည်ခိုက်ရည်နှင့် တပ်မှူးကဲ့သို့ စည်းကမ်းမလိုက်နာတတ်သည့် အားနည်းချက်သာ သူ့တွင် မရှိခဲ့ပါက နောင်တွင် သူသည်လည်း နာမည်ကျော် စစ်သူကြီးတစ်ဦး ဖြစ်လာနိုင်သည်ဟု ယူဆထားသူ ဖြစ်၏ ။ ထို့ကြောင့် သူသိလိုသည်ကိုသာ မေးလေ၏ ။
"ဘုရင့်နောင် ကျော်ထင်နော်ရထာတို့၊ သူရှင် အနုရုဒ္ဓဒေဝတို့ အင်မတန်ကျယ်ပြန့်တဲ့ လက်နက်နိုင်ငံတော်ကြီး တည်ထောင်နိုင်ခဲ့ကြတာဟာ ဘယ်လို တိုက်ခိုက်ခဲ့ကြလို့လဲ တပ်မှူး"
လက်ျာဘီလူး မျက်ခုံးပင့်ကြည့်သည်။
"မင့်မေးခွန်းက ကြီးကျယ်လှပါလား ငသူရိန်"
တပ်သားများက တစ်ယောက် တစ်ပေါက် ပြောနေကြသည်။ လက်ျာဘီလူးကမူ ခေတ္တ ငြိမ်သက် တွေးတောနေပြီးမှ...
"အင်း.. ပုဂံသားတွေဟာ ရဲရောင်သန်မာကြတယ်။ အင်အားလည်း ကောင်းတယ်။ သူတို့ဟာ လူများသည်ဖြစ်စေ နည်းသည်ဖြစ်စေ မည်သို့မဆို ရအောင် တိုက်ကြမှာပဲ။ အလုပ်အကြံ ခဲခက်သော်လည်း လျင်မြန်လှတဲ့ တင်္ခဏုပ္ပတ္တိဉာဏ် ရင့်သန်ကြတော့ ပွဲမရ ရအောင် ယူနိုင်တာ အဆန်းမဟုတ်ဘူး"
"တောင်ငူသားတွေကျ သည်လိုမဟုတ်ဘူး။ သူတို့က အနိုင်သေချာမှ တိုက်လေ့ရှိတယ်။ လူလည်း များတယ်။ သည်တော့ ရတနာပူရလို၊ သရေခေတ္တရာလို၊ အယုဒ္ဓယလို ပြည်ကြီးတွေကို တိုက်တော့မယ်ဆို အစမ်းချီကြည့်တတ်တယ်။ မဟန်ရင် လှည့်ပြန်ဖို့ ဝန်မလေးမလို ပရိယာယ်ပြုဖို့လည်း မနှေးဘူး။ ကေတုမတီ၊ စလင်းတို့လို မြို့စီးပြစီး သိပ်မကြီးရင်တော့ ဗိုလ်ပါအများနဲ့ အင်အားပြပြီး မသတ်မညှစ်ရဘဲ ဓားမပဲ့လှံမကျိုး သိမ်းလိုက်တာပဲ"
"ဆင်ဖြူများရှင် ဘုရင့်နောင်တော် ဘယ်လိုတိုက်သလဲ ဆိုတာ ပြောရရင်တော့ သူက ငါတို့လို မဟုတ်ဘူးကွ"
ထိုစကားကို ရဲမက်တော်များ ရယ်ကြသည်။ လက်ျာဘီလူးကလည်း သူ့စကားသူ စဉ်းစားမိပြီး လိုက်ရယ်လေ၏ ။
"ဘုရင့်နောင် မင်းတရားကြီး စစ်ချီတယ် ဆိုတာ တကယ်တော့ ခရီးသွားဟန်လွှဲ ဘုန်းလက်ရုံးပြ ဖြစ်သလို အနီးပြည်ထောင် မြို့ပြစော်ဘွားတွေကို ရန်စဖြတ်ဖို့လည်း ဖြစ်တယ်"
သူရိန်က အခြားသူများကဲ့သို့ ပေါ့ပေါ့တန်တန် နားမထောင်၊ ရတတ်သလောက် မှတ်သားနေ၏ ။
"ဘာလို့ သည်လို ပြောရသလဲ ဆိုတော့ ဘုရင့်နောင်မို့ စစ်ချီရင် ဒေသန္တရ အပျော်ခရီးထွက်သလိုပဲ မောင်းမမိဿံ ကိုယ်လုပ်အများနဲ့ မှူးမတ်ကတော် ကျေးကျွန်တော်မျိုးတွေပါ ခေါ်ပြီး သိုက်သိုက်ဝန်းဝန်း သွားကြသကွ။ ရောက်ရာအရပ်မှာ သဘင်ခံလေ့ရှိသကွ။ နေကောင်းတဲ့ အရပ်ဆို တစ်ပတ် ၇ ရက် နေတော်မူလေ့ ရှိသကွ"
အချို့ ပြုံးကြသည်။ သူတို့၏ ကြမ်းတမ်းခက်ခဲလှသော စစ်ချီခြင်းမျိုး မဟုတ်ဘဲ ပျော်ပျော်ပါးပါး သဘင်ပွဲလမ်းနှင့် ချီကြသည် ဆိုသောကြောင့် ဖြစ်မည်။
"မိန်းမသူတွေတင် ပါတာ မဟုတ်ဘူး၊ အမတ်တစ်ဦးမှာ နောက်လိုက် ရာနဲ့ချီပြီး ပါသတဲ့။ ကတော်စိုးမင်းတွေကိုပါ လှေဖောင်တွေနဲ့ တင်ပြီး လှည့်လည်သွားနေကြတာပဲ တဲ့။ ဒါကလည်း မင်းတရားရွှေထီးနောက် လိုက်ရစဉ်က အပန်းတကြီး လုပ်ကြီးကြံမ နေ့ညစီရင်ခဲ့ရတော့ အထွဋ်အထိပ် ရောက်ချိန်မှာ လူသူဆင်မြင်းတွေ မပင်ပန်းရအောင် ဖြစ်ပါလိမ့်မယ်"
သူသည် အမြင်ကို ပြောသော်လည်း ဘေးလောင်းတော် မင်းကြီးများအပေါ် အထင်မြင် မမှားစေရန် ပြန်လည်ဖြေရှင်းတတ်သူ ဟု သူရိန် ကောက်ချက်ချမိသည်။ သူက ခေတ္တနားပြီး ဆက်ပြော၏ ။
"မင်းဧကရာဇ်တိုင်းမှာ လုပ်ကြံပုံကိုယ်စီ ရှိကြတယ်။ ဘုရင့်နောင်မင်းတရားကြီး လုပ်ကြံပုံက ရန်သူထက် အင်အားကြီး ချီသွားမယ်။ မတိုက်ဝံ့ဘဲ ဆင်မြင်းပဏ္ဍာဆက်ပြီး ကျွန်တော်ခံဝင်လာစေတယ်။ သည်လိုမဟုတ်ဘဲ မြို့ခိုင်လုံတာကို ယုံပြီး နေတယ် ဆိုရင်တော့ညီနောင်ငါးပါးလုံး သား သမက်များပါ ရွပ်ရွပ်ချွံချွံ လုပ်ကြံကြတယ်။ ဒါကိုမှ မြို့မပေါက်မကျရင်၊ မိုးကာလ မရောက်သေးလို့ စစ်ချိန်ကျန်သေးရင် အဲသည်မြို့ကို ထားခဲ့ပြီး အနီးဝန်းကျင်က မြို့ရွာငယ်တွေ ပတ်သိမ်းတော့တာပဲ"
ဘုရင့်နောင်၏ စစ်တိုက်ပုံကို သူရိန် သဘောကျသွားသည်။ လက်စသတ်တော့ အေးဆေးပေါ့ပါးစွာ အစဉ်အတိုင်း သိမ်းသည့်ဗျူဟာမျိုးပါလား။ မဟောသဓ ဇာတ်တော်လာ ကေဝဋ်ပုဏ္ဏား အကြံပြုသည့် နည်း ဖြစ်သည်။
(ဆက်ရန်...)  သူရိယ ဒေဝ (၂)
Written by သင်္ခရာဇာ
End date: October 3, 2021

No comments:

Post a Comment

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...