အလောင်းမင်းတရား ခေါ်တော်မူသဖြင့် မိဖုရားခေါင်ကြီးရှိရာ အနောက်ဆောင်သို့ သူရောက်တော့ မင်းတရားကြီးက ကြွချီမလာသေး။ ပုဂံမြို့စား၊ စလေမြို့စား အမတ်တို့တော့ စောင်းညင်း တူရိယာများနှင့် ရောက်နေကြပြီ ဖြစ်သလို အနောက်ဝင်းမှူး ဥဒိန်နော်ရထာလည်း ဖတ်စရာ ရွှေပေများ အသင့်ကိုင်လျက် ရှိနေသည်။
"လူတောင် စုံနေမင့်ပဲ၊ ကိုယ်တော် နောက်ကျသွားတယ်"
"တော်က ဝင်စရာ သိပ်များနေတာကိုး၊ နောက်ကျမှာပေါ့"
ရှင်ယွန်းစံက ခနဲ့လျင် မင်းတရား ပြုံး၍ သလွန်၌ ထိုင်နေသည်။ မိဖုရားကြီးလည်း ဖထိုင်မှ တက်၍ သလွန်သို့ ပြောင်းစံ၏ ။
"သည်နေ့တော့ အဆိုအက အတီးအမှုတ် အားလုံး နားကြပါ။ အရှေ့ဝင်းမှူးနဲ့ ကိုယ်တော် ပြောဆိုတိုင်ပင်စရာများ ရှိနေတယ်"
ဟု ဆိုလျင် မြို့စားအမတ်များ ရှိခိုးဦးချလျက် နောက်ဆုတ် ထွက်ခွာသွားကြသည်။ ဥဒိန်နော်ရထာသာ ကျန်ရစ်၏ ။
"ငစံငယ်ကို ဘာအတွက် ခေါ်တာလဲ မောင်တော်ဘုရား"
"ဒဂုံအရေးအတွက် ခေါ်ရခြင်းဖြစ်တယ်"
"အမိန့်တော်ကို ဝမ်းမြောက်ဝမ်းသာ ထမ်းဆောင်ရန် အသင့်ပါဘုရား"
"အေးကွယ့်.. သည်တစ်ခါ လုပ်ကြံရမယ့် ဒဂုံမြို့ဟာ ပြည် တောင်ငူတို့လို ပြည်ကြီးတပ်ခိုင်နဲ့လည်း မဟုတ်ဘဲ အစုအရပ်များစွာ ကွဲနေတယ်။ ရန်သူ့ပြည်နဲ့ နီးသလို သန်လျင်ခံတပ်အတွက်လည်း အချက်အချာဖြစ်တယ်။ တာမွေ ဒေါပုံ သန်လျင်ကင်း ဖောင်းနင်းမလစ် အရေးပါ အရာရောက်တဲ့ နေရာတွေမှာ အခိုင်အဖြီး တပ်ချနေလို့ အကောင်းဆုံးချည်းပဲ။ ဒါ့ကြောင့် ယခင်အကြိမ်များနဲ့ မတူတဲ့အတွက် မင့်ကို သည်အရေး စုံစမ်းစေချင်တယ်"
"ဒဂုံမြို့နဲ့ ပတ်လည် တပ်တွေကို စုံစမ်းရမှာပါလား ဘုရား"
"ဟုတ်တယ်၊ မင်းသွားမှာကို သူက မသိရအောင် ညီလာခံမှာ မဆွေးနွေးဘဲ အနောက်ဆောင်ကို ခေါ်လိုက်တာပဲ။ နန်းတွင်းကတော့ နှုတ်စောင့်ကြပါတယ်။ မင်းတပ်ကသာ မပေါက်ကြားစေနဲ့"
မိဖုရားခေါင်ကြီးက
"သားငယ်အတွက် အန္တရာယ် မများဘူးလား"
"သိပ် အန္တရာယ်ကြီးရင်တော့လည်း သူ့ကို ဘယ်လွှတ်မလဲ မယ်ယွန်းစံရဲ့။ ခက်ခဲတဲ့ မြို့တွေဆို လူကောင်းရွေး ဆုပေးပြီး လွှတ်ရတာလည်း မင်းအသိသားပဲ။ ခုအရေးကတော့ သူနဲ့ပဲ သင့်တော်မယ် မြင်မိတယ်။ ပျူကို အမြှောက်၊ မွန် အကောက်တဲ့.. ပရိယာယ်များတဲ့ မွန်ကို စုံစမ်းဖို့က သူပဲ သင့်တော်တယ် မယ်မင်း"
"မယ်မယ် စိုးရိမ်တော်မမူပါနဲ့၊ ကျွန်တော်မျိုး အထူး သတိ ဝီရိယထားပြီး အမှုတော်ကို ကြိုးကုတ် ထမ်းရွက်ပါ့မယ်"
"အေး အေး၊ ငါ့သားလေး ဘေးမသီ ရန်မခပါစေနဲ့ကွယ်၊ လိုအပ်တာရှိရင် ပြောပေါ့"
"မယ်မင်း ပူစရာမလိုပါဘူး။ ရှင်ဘုရင်ကိုယ်တိုင် လွှတ်တာပါ၊ လိုလေသေးမရှိစေရပါဘူးဟဲ့"
"တော် တတ်နိုင်တာ ကျုပ်သိပါတယ်။ ငစံကလည်း တူလို သားလို ဖြစ်နေတော့ မုန့်ပဲသရေစာလေး ပေးလိုက်ချင်တယ်"
"ပေးပေါ့ မင့်သားကို။ တကတည်း.. သားအရင်းတွေ မြင်ရင် ငစံငယ်ကို ငြိုးနေဦးမယ်"
"ကျုပ်သားတွေကဖြင့် မင်းဖြစ်မယ့်သူချည်း၊ သဘောထား မသေးသိမ်ကြပါဘူး"
"ကောင်းပါလေ့.. ကောင်းပါလေ့"
xxxxxxxxxxxxxxxxxxxxxxxxxxxxx
သို့ဖြင့် ရန်သူ့မြို့ရွာသို့ ခရီးထွက်ရန် ပြင်ဆင်ကြရသည်။ တပ်သားအများပင် လိုက်ချင်လှသော်လည်း လက်ျာဘီလူးက မည်သူ့မျှ မခေါ်၊ ငကံ တစ်ဦးတည်းသာ ခေါ်သည်။ သွားရန် ပြင်ဆင်နေသည်ကို သူ့လူများက ဝိုင်းအုံလျက် တစ်ယောက်တစ်ပေါက် ပြောဆိုနေကြလေ၏ ။
"ကျုပ်က ဒါမျိုးမှ လိုက်ချင်တာဗျာ.. တောက်"
အံတကြိတ်ကြိတ် ဖြစ်နေကြသော သူ့လူများကို လှည့်ကြည့်ကာ လက်ျာဘီလူး ပြုံးသွားသည်။ သတ္တိကတော့ ကောင်းကြပါပေသည်။ အရေးမှားမည်ကို စိုးသဖြင့် လူအများနှင့် သွား၍ မဖြစ်။ သူ့သဘောကို သိသော၊ အမိန့်နာခံတတ်သော၊ လူညီသော ငကံကိုသာ ခေါ်သွားရပေလိမ့်မည်။
ငသူရိန်တို့မှာ လိုက်ချင်လှသော်လည်း တပ်မှူးအား မည်သို့ ပြောရမည်မသိ၊ ထိုင်လိုက်၊ ထ လိုက်၊ အနီးသို့ ကပ်လာလိုက်နှင့် ဂနာမငြိမ်ဖြစ်နေသည်။ မည်သို့ ပြောပြော တပ်မှူးက ခေါ်မည်မဟုတ်သည်ကိုလည်း သိနေကြ၏ ။ မလိုက်ရလည်း မနေနိုင်။ နောက်မှ လိုက်၍ တစ်နေရာတွင် စောင့်နေခဲ့ကြမည်၊ အရေးကြုံမှ ဝင်လာကြမည်ဟု တောင်းဆိုလျင်ရော ရနိုင်ပါမည်လား။
တပ်သားတစ်ဦးကတော့ သူတို့လို အမိ၏ ထမီစကို လိပ်၍ နားတွင် မပန်ဆင်ခဲ့ရသည့် တပ်မှူး၏ ကျောက်နားတောင်း ဖြုတ်သိမ်းနေသည်ကို အဓိပ္ပါယ်မဲ့ လိုက်ကြည့်နေ၏ ။ ထို့နောက် အဆောင်လက်ဖွဲ့ကို ထုတ်၍ ဝဲဘက်လက်မောင်း၌ ချည်လိုက်သည်ကို မြင်လျင် ထမေးသည်။
"တပ်မှူးက လက်ဖွဲ့ကို ဘာလို့ ညာဘက်မှာ မချည်တာလဲ"
"ဆရာဘုန်းကြီးက မှာထားလို့ကွ၊ လက်ယာဘက်က ဘုန်းရှိလို့ စည်းနှောင်ချုပ်တီးတာတွေ မလုပ်နဲ့တဲ့။ ချည်ချင်ရင် ဘယ်ဘက်ပဲ ချည် တဲ့"
"အဲဒါ ဘုန်းဘုန်း ပေးထားတာမို့ သင်္ကန်းစ ဖြစ်နေတာလား"
လက်ျာဘီလူးက သူ့လက်မောင်း၌ ချည်ပြီးစ အဆောင်ကို ငဲ့ကြည့်လျက်
"ဟုတ်တယ်၊ ရွာမှာတုန်းက ဘဘုန်း ပေးထားတာ"
"အထဲမှာ ဘာရှိလဲ"
"တစ်ခါ ဖြည်ကြည့်တာတော့ အင်းရေးထားတဲ့ ကြေးပြားလိပ်ရယ်၊ အစွယ်သေးသေးလေး တစ်ခုရယ်ပဲ။ ဘာအစွယ်လဲတော့ မသိဘူး"
"အပြီးအစီး ကောင်းတဲ့ ဝက်စွယ်များလား"
အခြားတစ်ဦးက ဝင်ပြောသည်ကို လက်ျာဘီလူးက
"အပြီးအစီး ကောင်းတယ်လို့တော့ ဆရာဘုန်းကြီးက မမိန့်ဘူး။ အဆောင်ဆိုတာ အဆောင်ပဲ၊ အညံ့လေးတွေကို ပြေပျောက်အောင်ပဲလို့ ပြောတာ။ ကိုယ့်ကိုယ်ကိုယ်သာ စောင့်ရှောက်ရမယ် လို့ပဲ အမြဲ မိန့်ခဲ့တာ"
"ဟုတ်တာပဲ။ အင်းရေးအင်္ကျီတွေ ဝတ်လည်း ကျည်သင့်ပြီး သေချင် သေတာပါပဲ။ ဓားခုတ်မိပြီး အင်းနှစ်ခြမ်းပြဲချင် ပြဲတာပဲ။ အပြီးအစီး ကောင်းလည်း ဝိုင်းဖမ်းသတ်တော့ သေတာပဲ မဟုတ်လား"
လက်ျာဘီလူးက သူ့အထုပ်ကို ချည်ရင်း
"ကဲ.. ကဲ၊ ဒီမှာ အုံမနေကြနဲ့။ ဘယ်သူမှလည်း မလိုက်ကြနဲ့။ ကိုယ့်တာဝန်ကို ကျေဖို့ပဲ ကြိုးစား။ စစ်ဆိုင်ရမှာ များသေးတယ်။ အခွင့်အရေးတွေက ရလာမှာပါ"
ဟု ဆိုကာ ငကံကို ခေါ်၍ ထွက်သွားသည်။ တပ်သားများမှာ မချင့်မရဲ ပြောဆို ကျန်ရစ်၏ ။ ရန်သူ့မြို့ရွာ ဝင်ကာ လှည့်လည် စုံစမ်းရမည်မှာ လွယ်မယောင်နှင့်ခက်၊ ဘေးကြီးမယောင်နှင့်လည်း လွတ်လပ်ပေါ့ပါးလွန်းလှသည်။ ပုံမှန်အတိုင်းဆိုလျင် ဆံတော်ရှင်ရှိသော ဒဂုံသည် မွန် မြန်မာ ရှမ်း တိုင်းရင်းသားအများ အရောရောရှိကြသည့် အရပ်ဖြစ်၍ လူနှစ်ဦးတည်း သွားသည်မှာ မထူးဆန်းဘဲ သာမန်သာ ဖြစ်၏ ။
သို့သော် မွန်တို့သည် နေရာ အနှံ့အပြားမှာပင် တပ်ချလျက် ဖြန့်ခွဲစောင့်ကြပ်နေကြပြီ။ အကြိမ်ကြိမ် ရှေ့ဆုံးမှ ဝင်ခဲ့ဖူးသော လက်ျာဘီလူးကို သိရှိ မှတ်မိသူများ မရှိဟု မဆိုနိုင်။ မွန်စစ်သည် တစ်ဦးသာ မှတ်မိလျင် ပြန်ထွက်ဖို့ရန် လွယ်မည်မဟုတ်ချေ။
မူယာမာယာ မလုပ်တတ်သော လက်ျာဘီလူးက ရုပ်ဖျက်လျက် ထွက်သွားသည်မှာ ခေါင်းပေါင်းကို ခမောက်အုပ်ဆောင်းရုံသာ ဖြစ်ပြီး ငကံက ပိုဆိုးသည်။ လယ်တောသွားသည့် ပက္ကလာကြီး ဆောင်းသွားသည်မို့ ရွာများကို ဖြတ်စဉ် မသိသာသော်လည်း မြို့အရပ်တွင်မူ ထင်ပေါ်နေလိမ့်မည်ကို သူတို့ သတိမထားမိကြ။
အကယ်လည်း ဒဂုံရောက်ရောက်ချင်းပင် အသွင်ထူးခြားနေသော သူတို့နှစ်ဦးအား မြို့တံခါးမှူးက သတိပြုမိသဖြင့် လူလွှတ်ကာ လိုက်ကြည့်စေသည်။ သူတို့ တိဂုံဆံတော်ရှင်အား ဖူးမြော်ပြီး၍ မြို့ကို လှည့်လည်ကြည့်ရှု၊ စျေး အရပ်တကာ ရောက်ရှိ လေ့လာသည်ကို နောက်ယောင်ခံသူမှ ပြန်ပြော၍ သိလျင် ဒဂုံကို လာရောက် စောင့်ကြပ်နေသော မွန်အမတ် စောခံခက်ထံ ပြန်ကြားလေ၏ ။
စောခံခက်လည် ဝင်လာသူများမှာ မည်သူဖြစ်မည်နည်းဟု စုံစမ်းလျင် မြင်ဖူးသူအချို့က ပြောကြသဖြင့် လက်ျာဘီလူးမှန်း သိရှိသွား၏ ။ ပဲခူးမြို့တော်သို့ ခိုစာလွှတ်လျက် ဥပရာဇာထံ တင်လျှောက်လိုက်ရာ နောက်တစ်နေ့တွင် မွန်ဧကရာဇ်၏ ညီတော် မဟာဥပရာဇာကိုယ်တော်တိုင် ဒဂုံသို့ တက်လာ၏ ။
"မောင်မင်းနဲ့ တွေ့ခဲ့တဲ့သူပဲ၊ ဟုတ်လား။ အံ့သြစရာပဲ။ ဘာလာလုပ်တာတဲ့လဲ"
"ကျွန်တော်မျိုး ပြောတဲ့ ဗိုလ်ပါပဲ။ မဖမ်းဆီး မမေးမြန်းသေးဘဲ စောင့်ကြည့်နေပါတယ်။ စစ်ရေးသတင်းများ လာရောက် စုံစမ်းပုံ ရပါတယ်"
"အခြား လက်အောက်ငယ်သား မလွှတ်ဘဲ သူကိုယ်တိုင်လာတယ် ဆိုတာ အကြောင်းတော့ ရှိလိမ့်မယ်။ အခု ဘယ်မှာတဲ့လဲ"
"မွန်ကျောင်းတစ်ကျောင်းမှာ တည်းနေပြီး ဘုရားတွေ ပတ်ဖူးနေပါတယ်။ နံနက်ကတော့ ကြေးမြင့်ဒိုင်အရပ်ကို ထွက်သွားကြတယ်လို့ သတင်းရကြောင်းပါ"
"ကောင်းပြီ၊ ငါတို့လည်း လိုက်ကြမယ်။ သြော်.. မင်း နေခဲ့၊ မောင်မင်းကို သူ မြင်ဖူးတယ်မဟုတ်လား"
မွန်ဧကရာဇ်ညီတော် မဟာ ဥပရာဇာနှင့် လူငါးဦးသည် သူကြွယ်ကြီးနှင့် ရထားထိန်းများဟန် ဝတ်ဆင်လျက် ကြေးမြင့်ဒိုင်များရှိရာ စျေးသို့ ထွက်သွားကြသည်။ စောခံခက်ကလည်း လက်ျာဘီလူး ပါးနပ်ပုံကို အသေအချာ သတိပေး မှာကြားလိုက်၏ ။
"မပူပါနဲ့ကွာ၊ တို့နယ်ထဲမှာ သူ ဘာမှ မလုပ်နိုင်ပါဘူး။ နှစ်ယောက်တည်းနဲ့ ဘယ်လို ဉာဏ်ဆင်ဦးမလဲ ကြည့်ကြတာပေါ့"
လက်ျာဘီလူးနှင့် ငကံမှာ ငါးခြာက်ငါးခြမ်းနှင့် ဒေသထွက်ကုန်များ ဝယ်ရင်း ဒဂုံဘက်ခြမ်းနှင့် တစ်ဖက်ကမ်းရှိ မွန်တို့ တပ်တည်လာနိုင်သည့် နေရာ၊ မြစ်ကြောင်းအကျယ် စသည်တို့ကို ကြည့်ရှုလျက် ရှိ၏ ။
ငကံက ဖျတ်ခနဲ တစ်ချက် ကြည့်သည်။ ဆေးလိပ်သောက်နေသူက မျက်နှာလွှဲသွားကာ ရှုပ်ထွေးနေသည့် လမ်းတစ်ဘက်ခြမ်းကို ကြည့်နေ၏ ။
"သည်မြစ်ကြောင်းကတော့ တပ်တွေ အများကြီး မဝင်သာဘူး။ ငါတို့ ကုန်းကြောင်းက ဝင်ရလိမ့်မယ်။ ဒဂုံအဝင်မှာ အနည်းဆုံး ခံတပ်ကြီး နှစ်တပ်လောက်တော့ ကြိုလာမှာပဲ၊ ရေတပ်တော်တွေကတော့ ဟင်္သာတကြောင်းနဲ့ ပန်းလှိုင်မြစ်ကြောင်းအတိုင်း ဆင်းရလိမ့်မယ်"
ထိုစဉ် ဆေးလိပ်သောက်နေသူထံ အခြားတစ်ဦး ရောက်လာပြောဆိုလျက် နှစ်ဦးသား ထွက်သွားကြသည်ကို ငကံမြင်လျင်
"ဟိုလူတော့ သွားပြီ။ အဖော်တစ်ယောက် လာခေါ်သွားတယ်"
လက်ျာဘီလူးက လှည့်မကြည့်ဘဲ
"ဒါဆို တို့နောက် ဘယ်သူ ဆက်လိုက်မလဲဆိုတာ သတိထား စောင့်ကြည့်ရမယ်။ ဒီကအပြန် တစ်လက်စတည်း သန်လျက်စွန်းကနေ သန်လျင်မြို့ခံတပ်ကို သွားကြည့်ကြတာပေါ့"
သူတို့ လှေဆိပ်အထိ ဆင်းကြည့်ကြပြီးနောက် စျေးအတွင်းသို့ ပြန်ဝင်လာခဲ့ကြသည်။ စျေးအတွင်းသို့ တည်ကြည်သော သက်လတ်ပိုင်းအရွယ် လူ ၄ ဦး စီတန်းဝင်လာသည်ကို တွေ့လျင် ငကံက ဟန်မပျက် ဆက်လျှောက်သွားပြီး ပွဲရုံတစ်ခုအတွင်း ဝင်သွားသည်။ လက်ျာဘီလူးကမူ လမ်းကျဉ်းလေးတစ်ခုအတွင်း ချိုးဝင်သွားပြီး အိမ်တစ်အိမ်၏ အနောက်ဘက် ကုန်များထားရာကြား ဝင်၍ ဝပ်နေလိုက်၏ ။
လူနှစ်ဦး တီးတိုးပြောသံများ ကြားရပြီး သူ့ကို ဖြတ်ကျော်သွားကြသည်အထိ ငြိမ်နေသည်။ ထို့နောက် အနည်းငယ်ကြာမှ ထွက်လာ၍ အိမ်နောက်ဖေးတစ်ခုတွင် လှန်းထားသော စောင်စုတ်တစ်ထည်ကို ခြုံကာ ထိုသူနှစ်ဦးသွားရာဘက် လိုက်သွားသောအခါ နံနက်က သူတို့နောက် လိုက်လာသော ဆေးလိပ်သောက်သူသည် အခြား လူ ၂ ဦးနှင့်အတူ ငကံဝင်သွားသည့် ပွဲရုံအား အဝေးမှ စောင့်ကြည့်နေကြောင်း တွေ့ရ၏ ။
လက်ျာဘီလူးလည်း ခေါင်းပေါင်းကို ထူထဲကြီးမားစွာ နဖူးအုပ်သည်အထိ ပေါင်းပတ်လိုက်ပြီး သူတို့နောက် လမ်းထောင့်တစ်နေရာသို့ သွားကာ ထိုင်နေ၏ ။ စောင်စုတ် ခြုံထားခြင်းကြောင့် သူဖုန်းစား လူအိုတစ်ဦးအသွင် ပေါက်နေသည်။ မကြာမီ လူနှစ်ဦးသည် ပွဲရုံတွင်းမှ ငကံအား ပစ္စည်းများနှင့်တကွ ခေါ်ဆောင်လာသည်ကို တွေ့လိုက်ရ၏ ။
ငကံအား ခေါ်လာသူနှစ်ဦးသည် နောက်ယောင်ခံ လိုက်ကြည့်သူနှင့် အခြား နှစ်ဦးအား မသိမသာ စောင်းငဲ့ကြည့်သွားသည်ကို မြင်လျင် သူက ဦးစွာ ထလျက် ထိုသူများ လာနေသည့် လမ်းဘက် လျှောက်သွားနှင့်၏ ။ လမ်းဘေးမှ ခါးကုန်း၍ ဖြည်းညင်းစွာ သွားနေသော သူ့အား လူသုံးဦးသားတို့ ဖြတ်ကျော်သွားပြီး မြင်းရထားတစ်စီး၏ နောက်မှ လှည်းပေါ်သို့ ငကံနှင့် ပစ္စည်းများကို တင်လိုက်ကြသည်။
အလွန်ကြာမှ သူ့ကို ရှာမတွေ့ကြသဖြင့် စျေးတွင်းမှ လူ ၃ ဦး ထွက်လာသည်။ ထို့နောက် မြင်းရထားနှင့် နွားလှည်း ထွက်ခွာသွားကြသည်ကို ရေတွင်းတစ်ခု၌ အဝတ်လျှော်နေသည့် လက်ျာဘီလူးက အဝေးမှ ကြည့်နေ၏ ။ ထို့နောက် လျှော်ပြီးသော စောင်ကို လှန်းခဲ့၍ သူတို့ ထွက်သွားရာဘက် လိုက်သွားလေသည်။
ခြေတံရှည် အိမ်ကြီးတစ်လုံးပေါ်၌ စောခံခက်က ငကံကို စစ်မေးနေပြီး တင်းတိမ်အနောက်မှ ဥပရာဇာက နားထောင်နေ၏ ။
"မောင်မင်းအမည် ဘယ်လိုခေါ်လဲ"
"ငကံလို့ ခေါ်ပါတယ်ခင်ဗျ"
"မောင်မင်းနဲ့ ပါလာတဲ့သူကရော"
"သူက ငစံပါတဲ့၊ ဟံသာဝတီက လာတယ် ပြောပါတယ်။ လမ်းမှာဆုံရင်း မိတ်ဆွေဖြစ်ပြီး အတူလာကြတာပါ"
"မောင်မင်းတို့ ဒဂုံရောက်တော့ ဘယ်မှာနေလဲ"
"မွန်ကျောင်းတစ်ကျောင်းမှာ တည်းပါတယ်"
"ဒဂုံကို ဘာလုပ်ဖို့ လာသလဲ"
"ကျွန်တော်မျိုးက ကုန်ဝယ်ဖို့ပါ။ ကျွန်တော့် မိတ်ဆွေက ဘုရားဖူးပြီး သန်လျင်ဘက် ကူးမယ် ပြောပါတယ်"
"မှန်မှန်ဖြေ၊ အခု သူ ဘယ်မှာလဲ"
"ကြေးမြင့်ဒိုင်အရပ်မှာ သူ လှေနဲ့ ကူးတော့မယ် ဆိုပြီး နှုတ်ဆက်သွားပါတယ်။ ကျွန်တော်မျိုးကို စျေးအဝင်ထိ လိုက်ပို့ပြီး လူချင်း ခွဲခဲ့ပါတယ်။ သူက ရာဇဝတ်သားလားခင်ဗျာ"
"မင်း ပြန်မမေးနဲ့၊ သူက လူချင်းခွဲပြီး သန်လျင်သွားတယ် ဆိုရင် ဘုန်းကြီးကျောင်းက သူ့ပစ္စည်းတွေ ဘာလို့ ယူမသွားသလဲ"
"သူ ပြန်လာမှာပါ၊ သန်လျင်မြို့က သည်ညအမီ ပြန်ခဲ့မယ် ပြောလို့ ကျွန်တော်မျိုးလည်း အထုပ်တွေ မယူသေးဘဲ နက်ဖြန်မှ သူနှင့်အတူ ပြည်ကို တက်ကြမလို့ စီစဉ်ထားတာပါခင်ဗျ"
"မင်း လိမ် မလိမ် စောင့်ကြည့်ရမှာပေါ့။ မင်းကို ပြန်လွှတ်လို့တော့ မဖြစ်သေးဘူး။ ဟေ့..၊ သူ့ကို အိမ်အောက်မှာ ခဏ ခေါ်ထားလိုက်"
လူနှစ်ဦး ရောက်လာ၍ ငကံအား ခေါ်သွားကြသည်။ စောခံခက်က အတွင်းသို့ ဝင်၍ ဥပရာဇာနှင့် ဆွေးနွေးကြ၏ ။
"သည်လူကို ကျွန်တော်မျိုး မသိဘူး။ လက်ျာဘီလူးတော့ မဟုတ်ဘူး။ လက်ျာဘီလူးက စျေးအတွင်းမှာ ချက်ချင်းပျောက်သွားတယ် ဆိုတော့ သူ့နောက် လိုက်နေတာ ရိပ်မိလို့ ဖြစ်မယ်။ သူ့အဖော်ကို နှုတ်ဆက်ပြီး ထွက်သွားသတဲ့"
"မဟုတ်သေးဘူး မမတ်၊ ငါ့လူပြောတော့ နောက်ဖေးလမ်းကြားထဲ ဝင်သွားတယ် ဆိုတယ်။ ဘယ်အိမ်ကို ဝင်သွားမှန်း မသိလိုက်ဘူး။ စောင့်နေတဲ့သူဆီကလည်း ခုထိ ဘာသတင်းမှ မကြားတော့ ဆက်ပဲ ပုန်းနေသလား၊ တကယ်ပဲ သန်လျင်ဘက် ဆင်းသွားသလား စဉ်းစားရမယ်"
"ကျွန်တော်မျိုး စုံစမ်းကြည့်တော့ မွန်ဘုန်းကြီးကျောင်းမှာလည်း သူ့ကိုယ်သူ ငစံလို့ လျှောက်သွားတယ်တဲ့။ အခု ဖမ်းမိတဲ့ ငကံနဲ့ နေရပ် မတူကြောင်းလည်း ဆရာတော်က ပြောတယ်။ သည်ည ပြန်လာကြမယ် ပြောတာလည်း တူနေတယ်။ ကြည့်ရတာ သည်လူက သူ့အဖော်ကို မြန်မာတပ်ကမှန်း သိဟန်မတူဘူး"
"အင်း၊ သူတို့ ကြိုတင်ကြံစည် ပရိယာယ်ပြုတာလည်း ဖြစ်နိုင်တယ်။ သည်တော့ ဒီလိုလုပ်၊ အခု ဖမ်းမိသူကို ညနေမှာ ဘုန်းကြီးကျောင်းကို ပြန်ပို့လိုက်။ သူ့အနားမှာ လူ ၂ ယောက် အသင့်ရှိပစေ။ ကျောင်းပြင်မှာ ၂ ယောက် ရှေ့နောက်ထား။ လမ်းထောင့်တိုင်းမှာ တစ်ယောက်စီ၊ မြင်းတပ်တစ်တပ်ကိုလည်း အသင့်အနေအထားနဲ့ တစ်တိုင်ကျော်က ပုန်းစောင့်ပစေ"
"မှန်ပါ၊ ကောင်းလှပါတယ်ဘုရား။ သည်တစ်ည စောင့်ကြည့်လို့ သူ ပြန်လာရင် လာ၊ ရိပ်မိလို့ ပြန်မလာရင်လည်း သန်လျင်ကို ပိတ်ဆို့ဖို့ အခုပဲ အမိန့်တော် ထုန်ပြန်သင့်ကြောင်းပါ"
"ဟုတ်တာပေါ့၊ ဟုတ်တာပေါ့။ ဗညားဒလဆီ ယခုပဲ လူလွှတ်ပြီး မြို့တံခါးများကို တင်းတင်းကြပ်ကြပ် စောင့်ဖို့နဲ့ မသင်္ကာတဲ့လှေ၊ လူတစ်ဦးသာ ပါတဲ့ ကူးတို့လှေတွေ့ရင် ဖမ်းဆီး စစ်ဆေးဖို့ ငါ့အမိန့်တော် ပြန်လိုက်။ ငါ့လူလည်း ထည့်လိုက်"
ထိုညနေ မတိုင်မီ ငကံအား ကျောင်းသို့ ပြန်ပို့လျက် လက်ရုံးနှင့် အပြီးအစီးကောင်းသူ အရာရှိ နှစ်ဦးကိုပါ အနီးကပ် စောင့်နေစေသည်။ ငကံကိုယ်တွင် အထုပ်နှင့် ထည့်ထားသည့် ယမ်းလုံးကလေး ၃ လုံး တွေ့သဖြင့် မေးမြန်းရာ မိတ်ဆွေဖြစ်သူ ငစံက ပုတီးလုပ်ရန် အစေ့လေးများ သိမ်းထားပေးပါ ဆိုသဖြင့် သိမ်းထားရကြောင်း ထွက်ဆိုလေ၏ ။ သူ့တွင် အခြားရှိသေးသလော မေးရာ၌လည်း မမြင်မိကြောင်းသာ ဆိုသည်။ စောခံခက်တို့လည်း အမျိုးမျိုး တွေးတောလျက် ယမ်းလုံးများကို သိမ်းဆည်းထားလိုက်သည်။
ကျောင်း၏ မြောက်ဘက် ခရီးတစ်တိုင်ကျော်အကွာ လုံခြုံစွာ ကာရံထားသည့် အိမ်ဝိုင်းကြီးအတွင်း မြင်းတပ်တစ်တပ် ချရပ်ထားပြီး လမ်းထောင့်များ၊ အိမ်များအတွင်း၌ ရဲရောင်သန်မာသူများလည်း ပုန်းကွယ် စောင့်နေကြ၏ ။ ငကံမှာ သူငယ်ဆိတ် အိပ်ချိန်အထိ ကုန်စာရင်းများကို တွက်ချက်နေသည်။ အစောင့် နှစ်ဦးကမူ တာဝန်ကျေစွာ အနီးအပါးမှ တစ်ဖဝါးမျှ မခွာ။
အလွန်ဝေးကွာ၍ မည်သည့်အရပ်မှဟု မသိနိုင်သော ဖောင်းခနဲ အသံတစ်ခု ကြားလျင် အစောင့်တစ်ဦး ခေါင်းထောင် နားစွင့်၏ ။ ငကံနှင့် အခြားတစ်ဦးတို့်မူ ကြားဟန်မတူ။ ဘုန်းတော်ကြီး၏ ဝတ်တက်သံကိုလည်း မတိုးမကျယ် ကြားနေရသည်။ ခေတ္တအကြာ နောက်တစ်ချက် ကြားရပြန်သည်။ ဤတစ်ကြိမ်တွင်တော့ အနည်းငယ် ပိုနီးသဖြင့် အားလုံး သတိထားမိကြသည်။
ထို့နောက် များမကြာမီ မနီးမဝေးမှ နောက်တစ်ချက် ကျယ်လောင်စွာ ကြားရလျင် ဘုန်းတော်ကြီးပင် အသံရပ်သွား၏ ။ ငကံလည်း ခေါင်းထောင်ကြည့်သည်။ အစောင့်တစ်ဦးက အခြားတစ်ဦးအား အသံလာရာ အရှေ့အရပ်သို့ လူလွှတ်ကြည့်စေရန်နှင့် သတိဝီရိယ ထားကြရန် မှာကြားလိုက်၏ ။
သို့သော် နောက်ထပ် မကြားရတော့သလို မည်သည့် ထူးခြားမှုမှလည်း မရှိ။ အသံကြားသည့် အရပ်၌မူ တပ်သားအချို့ စေလွှတ်လျက် ရှာဖွေစုံစမ်းနေကြ၏ ။ ငကံက စာရင်းများ တွက်ချက်ပြီး၍ အိပ်တော့မည် ဆိုကာ ခါးဆန့်ပြီးလျင် ထရန်ပြင်သည်။
"ဒါက ဘယ်လဲ"
"မအိပ်ခင် အခင်းကြီး စွန့်မလို့ပါ"
"ကျုပ်တို့ လိုက်ခဲ့မယ်"
လူနှစ်ဦးလုံး လိုက်လာကြပြီး တစ်ဦးက အိမ်သာရှေ့ ဆွမ်းချက်ဆောင်ရှိ ထိုင်ခုံပေါ် ထိုင်လျက်၊ တစ်ဦးက ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်လျက် စောင့်နေကြသည်။ အတန်ကြာသည်အထိ ငကံ ထွက်မလာလျင် အသံပေးကြည့်သည်။ မထူးသဖြင့် အိမ်သာတံခါးကို ပုတ်ပါသော်လည်း တုံ့ပြန်သံ မကြားရ။ မီးယူ၍ ကြည့်လျင် အတွင်းတွင် လူမရှိတော့ချေ။
တံခါးအား ဆွဲဖျက်ကြည့်ကြသော် နောက်ဘက်ကို ဖောက်ထားပြီး ထိုမှ ဆင်းကာ အသာပြန်ပိတ်သွားကြောင်း သိကြရသည်။ တပ်လှန့်လိုက်ပြီး လမ်းတိုင်း မီးတုတ်ထွန်းလျက် လူခွဲရှာကြသော် အနောက်အရပ်တွင် တပ်သားတစ်ဦးကို ရိုက်၍ အိတ်နှင့် ထည့်သွားကြောင်း တွေ့ရ၏ ။ ယမ်းသုံးချက်ဖောက် အချိန်းအချက် ပြု၍ ဆန့်ကျင်ဘက်အရပ်မှ ထွက်သွားကြခြင်းပေတည်း။
တစ်ညလုံး လိုက်ကြ၍ မည်သည့်အရပ်တွင်မှ အစအန မတွေ့ကြရသောအခါ စောခံခက်က သူ့လူများအား ဆူပူကြိမ်းမောင်းလေသည်။ ဥပရာဇာကတော့ ပြုံးနေ၏ ။ စောခံခက်က ရှက်စိတ်နှင့်
"သင်း ဉာဏ်များသည်၊ ပရိယာယ်မာယာ စုံ၍ ကောက်ကျစ်သည် ဆိုကြသည်မှာ အမှန်ပဲ"
ဟု ဆိုသောအခါ ဥပရာဇာက
"ပရိယာယ် ဉာဏ်ဆင်သွားသည်မဟုတ်၊ သည်က လာ၍ သည်လိုသွားမည်ဟု ကြိုတင် ပြင်ဆင်ပြီး သွားရိုးသွားစဉ်အတိုင်း သွားကြခြင်းသာ။ ယခုအတိုင်း မထွက်နိုင်ပါကလည်း အခြား လမ်းနှစ်ခု စီစဉ်ထားကြောင်း ငါ တွေ့ပြီးပြီ။ ရှိစေတော့၊ မဖမ်းပါနှင့်တော့။ မည်သည့် အနှောင့်အယှက်မှ မပြုခဲ့သူကို စစ်အတွင်းမှာသာ ရအောင် ကြိုးပေတော့ မောင်မင်း"
ဟု ဆိုလိုက်လေသည်။
*ပြီးပါပြီ*
No comments:
Post a Comment