စစ်သူကြီး တိမ်ကြားမင်းခေါင် စတည်းချနေသည့် အိမ်ကြီးရခိုင် ဝင်းအတွင်းသို့ မြင်းသည်တစ်ဦး ဝင်လာသည်။ ထိုသူသည် မြင်းအများ ချည်ထားသည့် အိမ်အောက် တိုင်များဆီ သူ့မြင်းကို ဆွဲသွားပြီး သူရောက်ကြောင်းကိုလည်း စစ်သူကြီးထံ သတင်းပို့စေလိုက်၏ ။
တိမ်ကြားမင်းခေါင်က ဝင်စေ ခွင့်ပြုသည့်အတွက် မြင်းကို ချည်ကာ အိမ်ပေါ် တက်သွား၏ ။ ခဏကြာလျင် စစ်သူကြီးနှင့်အတူ ပြန်ဆင်းလာကြပြီး မြင်းကို ဖြုတ်၍ ပြန်ရန်ပြင်နေသည်ကို နံနက်ခင်း စုဝေးတန်းစီနေကြသော စစ်သည်များက ကြည့်နေကြလေသည်။
စစ်သူကြီးက ဝင်းထဲ၌ စုဝေးနေကြသော စစ်သည်တော်များထံ မလာမီ မြင်းသည်အား
"မင်းချင့်ချိန်ပြီး ပြန်ခဲ့ပေါ့။ သိပ်မကြာစေနဲ့"
ဟု မှာနေသည်။ မြင်းသည်က အရိုအသေပြုလျက် နောက်ဆုတ် မြင်းပေါ်တက်သွားမှ တိမ်ကြားမင်းခေါင် ရဲမက်များထံ လျှောက်လာလေသည်။ သို့သော် သူ မည်သည့် မိန့်ခွန်းမျှ မပြောရသေးမီ တပ်သားများထံမှ ရယ်သံအချို့ ထွက်လာသဖြင့် သူတို့ ကြည့်နေကြရာဆီ မျက်လုံးရောက်သွား၏ ။
ထွက်သွားသော မြင်းသည်မှာ ဝင်းတံခါးအနီးတွင် မြင်းကို ခက်ခဲစွာ ထိန်းနေရသည်။ သူ၏မြင်းမှာ ဖောက်နေပြီး တစ်စုံတစ်ခုကို ကြောက်ရွံ့ဟန် ခွာတပြင်ပြင် တယမ်းခါခါနှင့် မငြိမ်မသက် ဖြစ်နေ၏ ။ မြင်းသည်က မြင်းပေါ်မှ အမြန်ဆင်းပြီး ဇက်ကြိုးကို ခဲကပ်စွာ ဆွဲလျက် ထွက်သွားရာ ရယ်သံများ ထွက်လာကြပြန်သည်။
ရုတ်တရက်
"သိပ်သဘောကျနေကြသလားကွ.. ဟေ့"
ဟူသော စစ်သူကြီး၏ အော်သံကြားမှ တတစ်စ တစ်စ ငြိမ်သွားကြသည်။ တိမ်ကြားမင်းခေါင်က မျက်နှာတည်တည်ဖြင့် အားလုံးမြင်သာသည့် စင်ပေါ် တက်ရပ်လိုက်ကာ
"ဘာတွေ သည်လောက် အူမြူးစရာ ဖြစ်နေလို့လဲ"
မည်သည့်အသံမှ မကြားရတော့။
"မင်းတို့ သူ ဘယ်သူလဲ.. သိလား"
အဖြေ မကြားရ။ တိမ်ကြားမင်းခေါင်က အရှေ့တွင် ရပ်နေသည့် ဗိုလ်တစ်ဦးအား
"ဟေ့.. အဲဒါ ဘယ်သူလဲ မင်း သိသလား"
"အထက်ဘက် ကင်းစမ်းသွားရမည့် မြင်းသည်ပါ"
"သြော်.. ဟုတ်လား၊ အေး.. မင်းတို့ မှတ်ထားကြ။ မြင်းသည်က မြင်းကို မနိုင်ရင် လူရယ်ခံရတတ်တယ်.. ဟုတ်လား"
"ဟုတ်ပါတယ်"
တညီတညာတည်း ဖြေလိုက်ကြသည်။
"အေး.. သူက မြင်းနဲ့ ကင်းစမ်းထွက်ရမှာတော့ မဟုတ်ဘူး။ လှေနဲ့ သွားရမယ့် လှေတော်သားပဲ"
စစ်သည်များ ငြိမ်သက် နားထောင်နေကြ၏ ။
"လှေတော်သား ဆိုတာ မင်းတို့ထက် တော်လို့ လှေစီးရတာ။ ဟုတ်သလား"
"ဟုတ်ပါတယ်"
ဖြေသံများက ခပ်ပျော့ပျော့။
"မြင်းသည်ဖြစ်ဖြစ် လှေတော်သား ဖြစ်ဖြစ် ငါတို့စစ်သည်တစ်ဦးပါပဲ။ သူ့အမည် လက်ျာဘီလူးတဲ့။ ကြားဖူးကြသလား"
"မကြားဖူးပါဘူး"
"ကောင်းပြီ၊ အဲဒီမြင်းသည်အကြောင်း ငါပြောပြမယ်။ သာမန်မြင်းသည်တစ်ဦးဟာ ရန်သူ့တပ်တွင်း ဝင်ရင် မြင်းတစ်လွှားမှာ ဘယ်နှယောက် ခုတ်နိုင်မလဲ၊ ကျော်ထင် ဖြေစမ်း"
မြင်းသည်ကောင်းဟု သတ်မှတ်ခံရသော သွေးသောက် ကျော်ထင် ထွက်လာ၍ ဖြေသည်။
"လက်ဆကောင်းရင် တစ်ချက် တစ်ယောက်တော့ ကျပါတယ် ဘုရား"
တိမ်ကြားမင်းခေါင် ပြုံးလိုက်သည်။
"မာဃတမန်"
တပ်မှူးတစ်ဦး ရှေ့ထွက်လာပြန်၏ ။
"အလွန်မြန်တဲ့ ဗိုလ်ဆိုရင်တော့ မြင်းတစ်လျားမှာ နှစ်ယောက်လောက် ထိအောင် ခုတ်နိုင်ပါလိမ့်မယ် အရှင်"
"အေး.. အစောက မြင်းကို မနိုင်လို့ မင်းတို့ ရယ်သွမ်းသွေးခံရတဲ့ ကောင်ဆိုရင်ရော"
ရယ်သံများ ကျိုးကျိုးကျဲကျဲ ထွက်လာကြသည်။ အသံတစ်ချက်လည်း ထွက်လာ၏ ။
"မြင်းလည်နေတာနဲ့ သူ့မြင်းသူ ခုတ်မိမှာပါဘုရား"
ရယ်လိုက်ကြသည်။ တိမ်ကြားမင်းခေါင်က ခေါင်းညိတ်လျက်
"အဲသည် လက်ျာဘီလူးအကြောင်း သိသူများစွာကို ငါစုံစမ်းကြည့်တော့ စစ်ပွဲမှာ မြင်းတစ်လွှားကို လူ သုံးလေးယောက်ကျအောင် ထိုးနိုင် ခုတ်နိုင်သတဲ့၊ တစ်ခါတစ်ရံ ဓားတစ်ချက်တည်း ဦးခေါင်း နှစ်လုံးသုံးလုံးကျအောင် ခုတ်တဲ့သူ"
တစ်ချက် တိတ်သွားကြပြီးနောက် ဝေါခနဲ ဆူညံသွားကြသည်။ တိမ်ကြားမင်းခေါင်က ခေတ္တစောင့်၍
"မင်းတို့ တစ်တပ်လုံး သတ်ခဲ့သမျှ လူ ဘယ်နှဦးလောက် ရှိမလဲကွာ.. တစ်ရာလား၊ တစ်ထောင်လား"
တပ်သားများ အဖြေမပေးနိုင်။
"အဲသည်ကောင်ကတော့ တစ်ပွဲတည်းမှာ လူနှစ်ထောင် သုံးထောင် သတ်ပြီး ပြန်လာသတဲ့။ အယုဒ္ဓယမြေမှာ"
အာမေဋိတ်သံများ၊ ငြင်းခုန်သံများဖြင့် ဆူညံသွားကြပြန်သည်။ သာမန် တပ်သားတစ်ဦးကဲ့သို့ ရိုးရှင်းစွာ ဝတ်ဆင်ထားခဲ့သည့်အပြင် မြင်းတွင်လည်း လှလှပပ မည်သို့မျှ တန်ဆာဆင်ထားခြင်း မရှိသူ တစ်ဦး၏ အကြောင်းမှာ မထင်မှတ်စရာ ဖြစ်နေသည် မဟုတ်လား။
"မင်းတို့ သတ်ခဲ့တဲ့ ရန်သူတွေဟာ သူ့မြင်းနီရိုင်း ကြမ်းခဲ့သလောက်ကိုတောင် မီမှာ မဟုတ်ဘူး။ ဒါကို မင်းတို့က လှောင်ရယ်နေကြတယ်.. ဟုတ်လား"
ထိုစဉ် မြင်းခွာသံတဖြောင်းဖြောင်း ကျယ်လောင်လာပြီး မကြာမီကပင် ထွက်သွားခဲ့သည့် လက်ျာဘီလူး ဆိုသော မြင်းသည် ပြန်ရောက်လာသည်။ လည်တခါခါ ဖြစ်နေသေးသော မြင်းနီကြီးကို အိမ်အောက်အရောက် စီးသွားပြီး အမြန်ပြေးဆင်း၍ တိုင်၌ ချည်နေသည်ကို ယခုတစ်ခါ မည်သူမှ မရယ်ကြတော့။
တိမ်ကြားမင်းခေါင်က သူ့ကို လှည့်ကြည့်နေသည်။ မြင်းကို ပွတ်သပ် ချော့နေတော့မှ သူ့လူများဘက် ပြန်လှည့်၏ ။ မည်သူမှ မရယ်ကြသောအခါ လက်ျာဘီလူးကို ကြည့်ပြန်သည်။ လက်ျာဘီလူးသည် သူတို့ဘက် လျှောက်လာပြီးမှ မိန့်ခွန်းပြောနေကြောင်း တွေ့သဖြင့် ရပ်စောင့်နေ၏ ။
"ဘာလဲဟေ့.. မောင်မင်း ဘာကျန်ခဲ့လို့လဲ"
"ဝန်ကြီးက မင်းကြီးကို နေ့လယ် သူ့ဆီလာခဲ့ပါဦးလို့ မနေ့ညက ပြောခိုင်းလိုက်တာကို မေ့သွားတဲ့အတွက် ပြန်လာပြောတာပါ"
တိမ်ကြားမင်းခေါင်က စစ်သည်များကို တစ်ချက် ကြည့်လိုက်ရာ အချို့ ပြုံးစေ့စေ့ ဖြစ်နေကြသည်ကို မြင်သွားသည်။
"အိမ်း.. မင်းလာခဲ့ပါဦး၊ သည်နားကို"
လက်ျာဘီလူး ရောက်လာသည်။
"မင်းကို သူတို့ ရယ်နေကြတာ မြင်သလား"
"မြင်ပါတယ်၊ ကြားလည်း ကြားလိုက်ပါတယ်"
"ဒါဆို မင်းက ပျော်တော်ဆက်ဖို့ ပြန်လာတာပေါ့လေ"
"ကျွန်တော် လျှောက်တင်ပါရစေ၊ ခုနက ကင်းထွက်ဖို့ပဲ စိတ်ရောက်နေလို့ ဝန်ကြီးအမှာကို မေ့သွားပါတယ်။ မြင်းလန့်လို့ သူတို့ ရယ်သွမ်းသွေးကြတာ သိပေမယ့် စစ်ထဲမှာ ပျော်စရာကို ရှာတတ်ကြတာဟာ ဖိစီးမှုနည်းတဲ့အတွက် တိုက်ရည်ခိုက်ရည် ပိုမိုတိုးတက်စေကြောင်းမို့ ကောင်းတဲ့အချက်ပါ။ ဒါ့ကြောင့် ကျွန်တော် ပြန်လာပါတယ်"
"သြ.. သူတို့ကို ပျော်စေချင်တယ် ဟုတ်လား"
လက်ျာဘီလူးက ကြောင်ကြည့်နေ၏ ။
"ဒါဖြင့်ရင် သူတို့ပျော်အောင် ပုံပြင်လေး ဘာလေး ပြောပြလိုက်ပါဦး.. လာ"
"ကျွန်တော် မပြောတတ်.."
တိမ်ကြားမင်းခေါင်က စင်ပေါ်မှ ဆင်းလာရင်း သူ့လူများကို ထိုင်ကြစေပြီး လက်ျာဘီလူးကိုပါ လက်ဆွဲ ခေါ်လာ၍ ကန့်လန့်ကန့်လန့် ပါလာရသည်။
"ငါ့အစား မင်းပြောတတ်တာ ပြောပြလိုက်"
လက်ျာဘီလူးကို ရှေ့သို့ တွန်းပို့လိုက်ပြီး သူက နောက်မှ ရဲမက်အချို့ကို တစ်နေရာသို့ လက်ညှိုးညွှန်ကာ လက်နှစ်ဖက် ဝိုင်းပြလိုက်သည်။ ရဲမက်နှစ်ဦးက ခူးချထားသည့် အုန်းသီးများကို ကိုင်ပြရာ ခေါင်းညိတ်ပြီး လက်နှစ်ချောင်း ထောင်ပြသဖြင့် အုန်းသီးနှစ်လုံး ကောက်ယူလိုက်ကြ၏ ။
လက်ျာဘီလူးလည်း ဘာပြောရမည် မသိဟန်ဖြင့် တိမ်ကြားမင်းခေါင်ကို ပြန်လှည့်ကြည့်သည်။
"ပြောကွာ.. စစ်သည်တော်များ လိုက်နာသင့်သည့် စည်းကမ်းများအကြောင်း"
လက်ျာဘီလူး ပြန်လှည့်သွားပြီး စပြောချိန်တွင် တိမ်ကြားမင်းခေါင်က လက်နှစ်ချောင်းဖြင့် လက်ယက်ခေါ်လိုက်၍ အုန်းသီးကိုင်ထားသူများ လှမ်းလာကြလေသည်။ စစ်သည်များမှာ စိတ်ဝင်စားစွာ စောင့်ကြည့်နေကြ၏ ။ စစ်သူကြီးက လက်ျာဘီလူးအနားမှ ဘေးဘက်သို့ ခွာသွားပြီး သူ့အား ညွှန်ပြကာ ပစ်ပေါက်ဟန် ပြလိုက်သည်။
ရဲမက်တစ်ဦးသည် ရှေ့တစ်လှမ်းနင်းလိုက်ပြီး အားနှင့် ချိန်ရွယ် ပစ်လိုက်သကဲ့သို့ အခြားတစ်ယောက်ထံမှလည်း ရှေ့ဆင့်နောက်ဆင့် အုန်းသီးတစ်လုံး ထွက်လာ၏ ။ လက်ျာဘီလူးက ပြောနေရင်း အုန်းသီးများ အနီးရောက်ချိန်မှ ထိုင်ချလိုက်ပြီး ဓားထုတ်ကာ လက်ပြန်ခုတ်လိုက်လေသည်။
"ဒုတ်"
တစ်ဆက်တည်း အခြားတစ်ဘက် ပြန်လှည့်လျက် ဓားလွယ်ခုတ် ပိုင်းလိုက်သဖြင့် နောက်တစ်လုံးသည် ထက်ပိုင်းပြတ်၍ ထိုင်နေကြသူများထံ ကျသွား၏ ။ လက်ျာဘီလူးကတော့ နောက်ထပ် လာမည့် အလုံးများကို ခုတ်ရန် ဓားရွယ်ထားပြီး ဖြစ်နေသည်။
ထိုအခါမှ စစ်သူကြီးက လက်ခုပ်နှစ်ချက်တီးလျက် ကပ်လာပြီး
"ကဲ.. မင်းတို့ ကိုယ်တိုင် မြင်ကြပြီ။ သူလို ခုတ်ပြမယ့်သူ ရှိသလား"
"ရှိပါတယ်"
ဗိုလ်အချို့ လက်ထောင်ကာ ဆိုသည်။
"ဟုတ်ပြီ၊ မင်းတို့ ဒီတစ်နေ့လုံး ဒါမျိုး ခုတ်ကြရမယ်။ တစ်ပြိုင်တည်း နှစ်လုံး အနည်းဆုံး ခုတ်ရမယ်။ သူခုတ်ပုံကို ကြည့်၊ ပထမတစ်ချက်မှာ အားကုန်မထုတ်ဘူး။ တစ်ဝက်ပဲ ပြတ်ရုံ ခုတ်ပြီးတာနဲ့ ဓားပြန်သိမ်းသွားတယ်။ နောက်တစ်ချက်ကိုတော့ ကိုယ်လှည့်အားနဲ့ ပေါင်းပြီး လွှဲခုတ်တယ်"
တိမ်ကြားမင်းခေါင် စကားကို အားလုံး အာရုံစိုက် နားစွင့်နေကြ၏ ။
"ဒါပေမယ့် ဒါလည်း အဆုံးခုတ်ပစ်လိုက်တာ မဟုတ်ပြန်ဘူး။ သေချာကြည့်မှ မြင်တတ်မယ်။ သူခုတ်လို့ ပြတ်တာနဲ့ အရှိန်ကို ချက်ချင်း ထိန်းယူပြီး လွှဲနေတဲ့လက်ကို ရပ်တယ်။ နောက်တစ်ချက်အတွက် အသင့် ထပ်ဖြစ်နေတယ်။ ပြောရရင် နောက်တစ်ချက်လည်း ဒီလိုပဲလို့ တွက်ဆရမယ်"
လက်ျာဘီလူးကပါ သူ့ကို ငေးနေ၏ ။
"ငါပြောတာကို သဘောပေါက်ကြရဲ့လား။ မင်းတို့ကို နေ့တိုင်း စောင့်ကြည့်နေတာ သူလို ပြတ်ရုံခုတ်ပြီး တန့်သွားတဲ့လူ တစ်ယောက်မှ မတွေ့သေးဘူး။ အားနဲ့ လွှဲခုတ်နေကြတာချည်းပဲ။ ငှက်ပျောတုံးလောက်ပဲ သာသာခုတ်တယ်"
ထိုင်နေကြသည့် အလယ်ထဲမှ စစ်သည်အချို့ ရယ်ကာ အချင်းချင်း လွှဲချနေကြပြီ။
"ဒီနေ့ တစ်ချီကို အုန်းသီးသုံးလုံး ခုတ်ချနိုင်သူသာ နားရမယ်။ ကဲ.. လူခွဲ အုန်းသီးရှာ ခုတ်ကြပေတော့"
ဗိုလ်များက စည်းကြပ်၍ သူ့အုပ်နှင့်သူ တရုံးရုံး ထသွားကြလေသည်။ တိမ်ကြားမင်းခေါင်က လက်ျာဘီလူးအား
"မင့်အကြောင်း သိချင်လို့ စုံစမ်းနေတာ။ ရူးနေတာတောင် လုပ်ကြံလို့မရတဲ့သူ ဆိုကြတော့ လက်တွေ့ စမ်းကြည့်တာ အဟုတ်ပဲ"
"ကျွန်တော် မရူးပါဘူး"
"ဟုတ်လား၊ အကုန်လုံးကတော့ ရူးတယ် ထင်ကြတာပဲ"
"ထိန်းချုပ်နိုင်စွမ်း လွတ်လွတ်သွားတာပါ မင်းကြီး"
"မင်းစိတ်မင်း မနိုင်ဘူးလား"
"မနိုင်တော့ပါဘူး"
"အဲဒါ ကြောက်စရာကောင်းတယ်။ အားလုံးအတွက် အန္တရာယ်ရှိတာပဲ"
"အန္တရာယ်ဖြစ်ရလောက်တဲ့အထိ စိတ်လွတ်တာ မှန်ပေမယ့် မဖြစ်အောင် ထိန်းနိုင်တယ်လို့တော့ ကျွန်တော် ယုံကြည်ပါတယ်"
"မင်း တာဝန်ယူနိုင်ရဲ့လား"
"ဟုတ်ကဲ့"
"ဖြစ်လာသမျှ အကျိုးဆက်အားလုံးကိုလေ"
"ဟုတ်ကဲ့"
"မှန်ပါ့လို့ ပြောရတယ် မောင်မင်း"
"မှန်ပါ့၊ ကျွန်တော် တောသားနားမလည်မို့ အားရသလိုပဲ ပြောပါရစေ၊ လျှာယားအောင် မပြောတတ်တာ ခွင့်လွှတ်ပါ အရှင်"
"ဟေ"
"မရိုမသေ စိတ်ထား မဟုတ်ပါဘူး၊ ထီးသုံးနန်းသုံးနဲ့ အကျွမ်းမဝင်လို့ပါ"
"မင်း အရင်က ဝင်းမှူးဆိုကွ"
"ဖြစ်ခဲ့ပါတယ် မင်းကြီး၊ အဲသည်ကာလ စကားကို မမှားအောင် ထိန်းပြောနေရတာဟာ ပိုပြီး စိတ်ပင်ပန်းရပါတယ်"
"သြော်.. အေး အေး၊ ကောင်းပြီ။ ပြောတတ်သလိုပဲ ပြောပါ။ မင်းနဲ့ငါ အဆင့်တူ ဖြစ်ခဲ့တာပဲ"
လက်ျာဘီလူးက တိမ်ကြားမင်းခေါင် ကိုယ်မှ သံမဏိများဖြင့် ရက်လုပ်ထားသည့် ချပ်ဝတ်ကို ကြည့်ကာ
"မင်းကြီးက ပိုစွမ်းမှာပါ"
ဟု ဆိုလိုက်ရာ တိမ်ကြားမင်းခေါင်က ထိုအကြည့်ကို သတိထားမိပြီး ခေါင်းခါသည်။
"မင့်ဓားက ပိုထက်ခဲ့လိမ့်မယ်လို့ ငါမြင်တယ်"
"ယခုတော့ တုံးနေပါပြီ မင်းကြီး"
တိမ်ကြားမင်းခေါင် လက်ျာဘီလူး၏ ပခုံးကို ဖက်ကာ မြင်းဆီ လျှောက်သွားသည်။ စကားတစ်ခွန်းကိုလည်း ဆို၏ ။
"ငါသွေးပေးပါ့မယ်လေ"
Written by သင်္ခရာဇာ
End date: October 1, 2021
No comments:
Post a Comment