နံနက်စောစောမို့ ချမ်းချမ်းစီးစီး ရှိလှသည်။ မဟာဥပရာဇာသည် ကမ္ဗလာခြုံထည်ကို လွှမ်း၍ နေပြည်တော် ဟံသာဝတီသို့ တက်ရန် ပြင်စဉ် စစ်သည်တော်များ ရုံးစုလျက် ရှိသည်ကို မြင်သဖြင့် ရထားပေါ် မတက်သေးဘဲ ထိုနေရာသို့ လျှောက်ခဲ့၏ ။
"ဘာလုပ်နေကြတာလဲကွ.. စောခံခက်"
"မြန်မာနှစ်ယောက်နောက် လိုက်မလို့ပါ အရှင်"
"မင်းကို ဘယ်သူက လိုက်ခိုင်းလဲ"
"ကျွန်တော်မျိုး မကျေနပ်လို့ အမိဖမ်းပြီး အရှင့်ထံ လက်ရအပ်ချင်လို့ပါ"
ဥပရာဇာက လူများကို ဝေ့ကြည့်ပြီး
"မင်းက ဘယ်ကို လိုက်မလို့လဲ"
"သူတို့ အနောက်ကို ပြေးတာ ဆိုတော့ ပုသိမ် ဟင်္သာတက ရေကြောင်းတက်ကြမယ်လို့ ခန့်မှန်းမိလို့.."
ဥပရာဇာ စုတ်သပ်လိုက်သည်။
"ကျွတ်.. မောင်မင်း ယခုထိ မသိသေးဘဲကိုး။ သင်းက
အယောင်ပြ ထွက်သွားတာဟဲ့။ အနောက်က အစောင့်ကို ရိုက်တယ် ဆိုတာ အနောက်ကို လိုက်စေလိုလို့ လို့ မှတ်ရတယ်။ ဒါဆို ဆန့်ကျင်ဘက်အရပ်ကို ရှာတာ ပိုမမှန်ဘူးလား"
"သည်လိုဆို ကျွန်တော်မျိုး ယခုပဲ အရှေ့ကို..."
"နေဦး၊ နေဦး။ ငါတို့ သည်လို တွက်မိမှာပဲ ဆိုတာ သူလည်း သိမှာပဲ။ ကြံစည်စဉ်က မတွေးမိတောင် ပြေးရင်းလွှားရင်း သဘောပေါက်လာမယ်။ သည်တော့ ခြေဦးမလှည့်လား"
"တောင်နဲ့ မြောက်က ပိုဖြစ်နိုင်ပါသလား ဘုရား"
"အိမ်း၊ တောင်က ရေလမ်းပဲ ရှိတယ်။ အထက်ကို တက်ဖို့ကလည်း မြောက်ကို သွားရမယ်။ မြောက်အရပ်ဟာ အဖြစ်နိုင်ဆုံးပဲ။ သို့ပေမယ့် တကယ်တန္တုလို့ ငါမပြောဘူးနော်။ မင်းလူဉာဏ်များတာ မင်းအသိဆုံး"
"ကျွန်တော်မျိုး အရပ်လေးမျက်နှာလုံးကို တပ်လှန့်ထားလိုက်ပါမယ်ဘုရား။ သူ့ပုံစံကို ကြေညာပြီး တွေ့ရာအရပ်မှာ အသာတကြည် ခေါ်ဆောင် ဖမ်းဆီးထားဖို့လည်း လျှုိ့ဝှက်အမိန့် ထုတ်ပြန်လိုက်ပါမယ်"
"ငါတော့ မထင်ဘူးဟေ့၊ သင်း လမ်းပေါက် သုံးခု ရွေးထားတယ်။ ကြိုတင်ပြင်ဆင်ထားတယ် ဆိုတာကို သိပ်မသင်္ကာဘူး။ ငါတို့ မခန့်မှန်းမိတဲ့ လမ်းကနေ ထွက်လိမ့်မယ်လို့ ငါကိုယ်တော် ယူဆတယ်"
ယင်းသို့ ဥပရာဇာက စောခံခက်အား မိန့်တော်မူသည်ကို အိမ်တော် မြင်းဇောင်းတွင် ကောက်ရိုးသယ် ရေဖြည့် သန့်ရှင်းရေးလုပ်နေသည့် လူတစ်ဦးက နားစွင့်ရင်း ပြုံးလိုက်လေ၏ ။
စောခံခက်က သူ့လူများကို အရပ်လေးမျက်နှာအနှ့ံ့ ခွဲလိုက်ပြီး အမိန့်ထုတ်၊ သတင်းနားစွင့်စေ၏ ။ အမှုထမ်းအချို့မှလွဲ၍ အိမ်တော်အနီး လူသူကျဲပါးချိန်၌ ရှမ်းကုန်သည်တစ်ဦးသည် အိမ်တော်အနီးတွင် တစ်စုံတစ်ရာကို မေးမြန်းစုံစမ်းနေရာ အိမ်တော်မှ စုတ်ပြတ်ပေရေနေသော အစေခံတစ်ဦး ထွက်လာပြီး ထိုကုန်သည်ရှိရာသို့ သွား၏ ။ ကုန်သည်ကလည်း မေးမြန်းနေရာမှ ထွက်လာ၍ လမ်းပေါ်အရောက် အစေခံနှင့် ဆုံမိလျင်
"ဘာလို့လာသလဲ ငကံ၊ အရေးမရှိရင် မလာနဲ့လို့ ပြောထားသမို့လား"
"တပ်မှူးကို စိတ်မချလို့ လာကြည့်တာပါ။ မိသွားရင် အစီစဉ်အတိုင်း အမြန်လုပ်နိုင်အောင်"
"မမိဘူး၊ စိတ်ချရတယ်။ မြင်းထိန်းကြီးက တကယ့်မျိုးချစ်ပဲ။ မင်းသွားပြီး ငါခိုင်းတာသာလုပ်ထား။ ငါ့ကို မပူနဲ့။ သူတို့ ရိပ်မိလို့ သိသွားရင်လည်း မြင်းထိန်းအပြင် ငါ့ကို ကယ်မယ့်သူ ၂ ယောက် ရှိသေးတယ်"
"ဟုတ်ကဲ့ပါ တပ်မှူး"
သူတို့သည် အရပ်ဒေသကို မေးမြန်းစုံစမ်းဟန်ဖြင့် အစေခံက လက်ညှိုးညွန်၍၊ ကုန်သည်က သူပြရာ လိုက်ကြည့် မှတ်သားနေပုံ ပြုလျက် ပြောဆိုပြီး ချက်ချင်း စကားဖြတ်ကာ အစေခံက ကောက်ရိုးပုံဘက် ဆက်ထွက်သွား၏ ။ ရှမ်းကုန်သည်က အစေခံ ညွှန်ပြသည့်ဘက် လျှောက်သွားလေသည်။
အချိန်မှာ ဟံသာဝတီတွင် အဝရွှေနန်းရှင် မဟာဓမ္မရာဇာဓိပတိ ဟံသာဝတီရောက်မင်းတရားနှင့် ဆွေတော်မျိုးတော် မှူးမတ်အမှုထမ်း လူ ၂၀၀၀ ကျော်တို့အား ပုန်ကန်ရန်ကြံသည်ဟု ဆိုကာ ကွပ်မျက်ပြီးစ ဖြစ်သည်။ ကွပ်မျက်သည့် အထဲတွင် ဟံသာဝတီနန်းတော်၌ အမှုထမ်းနေသည့် ကျော်ထင်နော်ရထာအမတ်နှင့်တကွ မြန်မာများစွာ၊ ထို့နောက် ဆက်လက်၍ ပဲခူး ဒဂုံ အနီးတစ်ဝိုက်ရှိ မြန်မာတို့ကိုပါ အမှုထမ်းရမည်ဟု ခေါ်ယူသတ်နေသည့်အချိန် ဖြစ်သည်။
အစတွင် အောက်ပြည်နေ ဗမာတို့က မသိ၊ မုတ္တမသို့ ဆားချက်လိုက်ရမည်ဟု ခေါ်ဆောင်သွားသည်လည်း သတင်းမကြားရ။ ပဲခူးချောင်းဖျားတွင် အခကြေးငွေနှင့် သစ်ဝါးခုတ်ရမည်ဟု ပါသွားကြသူများလည်း ပြန်မလာ။ အသတ်ခံရချိန် မသေဘဲ မေ့မျောကျန်ရစ်သည့် မြန်မာတစ်ဦး ထွက်ပြေးလွတ်မြောက်လာတော့မှသာ မြန်မာဟူသမျှကို သတ်နေပြီ ဆိုသည့် သတင်းဆိုးကြီးက ပြန့်နှံ့သွားတော့သည်။
ထိုအချိန် ပဲခူး ဒဂုံ သန်လျင်တို့တွင် မြန်မာတို့အား စိစစ်လျက် ဖမ်းဆီးနေရာ အိမ်ရှေ့မင်း ဥပရာဇာက "လုပ်ကြံမည့်သူ မဟုတ်သည့် ကြွင်းသော မြန်မာတို့မှာ အပြစ်မရှိ။ အလဟဿ မသေစကောင်း" ဆိုကာ မြန်မာတို့ကို မွန်ဆံဖြတ်စေလျက် ဥပရာဇာတံဆိပ်ကို နားတွင်လိပ်၍ ပန်ဆင်ခိုင်းမှ အသက်ချမ်းသာရာ ရကြတော့သည်။
ဤသတင်းမှာ အောက်ပြည့်သို့ စုံစမ်းရန် ရောက်နေသည့် လက်ျာဘီလူးတို့ နားမဆံ့အောင် ကြားနေရ၏ ။ အပြစ်မဲ့ သေကြေကြသူများအတွက် မချိတင်ကဲ ခံစားကြရ၏ ။ လက်ျာဘီလူးကတော့ ရင်နာသည့် ကြားမှ ထိုအခြေအနေကို အကောင်းဆုံး အသုံးချရန် ကြံစည်ပြင်ဆင်ခဲ့လေသည်။
ဒဂုံမြို့တွင် ရှိသော အိမ်ရှေ့မင်း အိမ်တော်မှ မြင်းထိန်း မြန်မာအဖိုးကြီးတစ်ဦးနှင့် တွေ့သဖြင့် တီးခေါက်ကြည့်ရာ သူသည်လည်း သတင်းဆိုးများကို ဝမ်းနည်းပူဆွေးခဲ့ရကြောင်း သိရသည်။ ထို့ကြောင့် အဖိုးအိုအား ကပ်၍ ဥပရာဇာ၏ တံဆိပ်လက်ဖွဲ့နှင့် မြင်းဇောင်းထိန်းအလုပ်ကို စီစဉ်ပေးပါရန် စည်းရုံးတောင်းဆိုသည့်အခါ အဖိုးအိုမှာ အစတွင် ကြောက်လန့်ကာ ငြင်းသော်လည်း အန္တရာယ်မဖြစ်စေရပါဟု ကတိအထပ်ထပ် ပေးလျက် တောင်းဆိုနေသည်ကို အားနာ၍ သဘောတူခဲ့၏ ။
သူတို့အား စောခံခက်လူများ လိုက်လံဖမ်းဆီးချိန်တွင် ဝေးရာသို့ မပြေးဘဲ လမ်းကြိုလမ်းကြားများမှ လှည့်ပတ်၍၊ အချို့ အိမ်များအတွင်းမှ ဖြတ်၍ အိမ်တော်သို့ သွားကာ အဘိုးအိုထံတွင် ခိုကပ်နေခြင်း ဖြစ်သည်။ ပဲခူးမှ ပြေးလာကြသည့် မြန်မာအများလည်း အရောရော အထွေးထွေး ရှိနေချိန် ဖြစ်ရာ အိမ်တော် အမှုထမ်းများက သူ့ကို ဥပရာဇာလက်ဖွဲ့ နားတွင်ပန်ထားသည့် ပဲခူးသား မြန်မာအစေခံဟုသာ ထင်မှတ်နေကြသည်။ ဥပရာဇာ၏ လူများကလည်း ပဲခူးမှ ရှောင်ရှားပြေးလာသည့် မြင်းဇောင်းအမှုထမ်း ထင်ကြ၏ ။
နေမမြင့်မီ ဥပရာဇာ ပဲခူးသို့ တက်လျင် လက်ျာဘီလူးလည်း မြင်းများကို အစာရေစာ ကျွေးမွေးလျက် ရထားတွင် တပ်ဆင်နေ၏ ။ ပြင်ဆင်ပြီးလျင် ဥပရာဇာက ရထားသို့ အတက် မြင်းကို သပ်နေသည့် သူ့အား တွေ့၍ မည်သူနည်းဟု မေးတော်မူသည်။ မြင်းထိန်းကြီးက ကျွန်တော်မျိုးလူ၊ ဟံသာဝတီမှ ပြေးလာသဖြင့် ခိုလှုံခွင့်ပေးထားပါသည်ဟု လျှောက်လျင် သန်စွမ်းကျန်းမာဟန် ရှိသည်။ လူပြေးဖြစ်သော်လည်း ဝံ့ဝံ့စားစားနှင့် ရဲရင့်ပုံပေါ်သည်။ မြင်းများကို ဂရုစိုက်ပြီး မြင်းအကြောင်း နားလည်ဟန် ရှိသည်ဟု တွေးမိလျက်
"ခိုင်းရမည့်သူဖြစ်သည်၊ မြင်းစာအိတ်ထမ်းလျက် လိုက်ခဲ့" ဟု ခေါ်သွားလေသည်။ လက်ျာဘီလူးလည်း ကျေနပ်စွာပင် လိုက်သွား၏ ။ ဟံသာဝတီ အိမ်ရှေ့မင်းအိမ်တော်တွင် မြင်းများကို အထူးကြပ်မတ် ဂရုစိုက်၍ စောင့်ရှောက်ရ၏ ။ နောက်တစ်နေ့တွင် ဥပရာဇာက အိမ်တော်ရှေ့ ထွက်လာရင်း သတိရ၍ မြင်းဇောင်းဘက် ကွေ့လာသည်။
"မနေ့က ရောက်တဲ့ အစေခံ ဘယ်မှာလဲ"
"မြင်းဇောင်းထဲမှာပါဘုရား"
ဥပရာဇာ အပြင်မှ အကဲခတ်ရာ မြင်းများနေရန် နေရာကို ကောက်ရိုးထူထူ ထည့်၍ ညီအောင် သေသေချာချာ ညှိနေသည့် လက်ျာဘီလူးကို တွေ့၏ ။ စိတ်ပါလက်ပါ လုပ်နေသည်ကို ခေတ္တ စောင့်ကြည့်နေပြီးမှ ခေါ်ခဲ့ချေ ဟု စေခိုင်းလိုက်သည်။ လက်ျာဘီလူး ရောက်လာ၏ ။
"မောင်မင်း ဘဇာကြောင့် မွန်ဆံ မဖြတ်သလဲ"
"ကျွန်တော်မျိုး အစွန်အဖျား နားစားသားမို့ ရဲမက်တော်များ မရောက်လာသေး၍ မဖြတ်မိပါဘုရား"
"ဒါဆို ဒဂုံကို ဘာလို့ ပြေးတာလဲ"
"ရဲမက်တော်များ ရောက်လာမည်စိုး၍ ပြေးပါသည်"
"အရင်က ဘာအလုပ်လုပ်သလဲ"
"မြင်းဇောင်း သန့်ရှင်းရေး လုပ်ရပါသည်ဘုရား"
"အေး၊ မင်း စေတနာပါတာ ငါတွေ့တယ်။ အမှုတော်ကို သေချာ ကြိုးစားထမ်း။ အရည်အဆကို လိုက်၍ သနားတော်မူမယ် မောင်မင်း"
"ကျေးဇူးကြီးလှပါသည်ဘုရား"
"ကောင်းပြီ၊ သွားတော့။ နေ့ခင်း ငါ သွားစရာရှိတယ်။ မြင်းတွေ အစာရေစာ တိုက်ပြီး သေချာပြင်ထားဖို့ မြင်းထိန်းကို ပြောလိုက်။ ပြီးရင် မင်းပါ နောက်ကလိုက်ဖို့ ပြင်ထား"
ဥပရာဇာ ခေါ်၍ လက်ျာဘီလူး တစ်ခေါက် နှစ်ခေါက် လိုက်ရသည်။ သို့သော် မည်သည့် ခိုင်းစရာမှ မရှိဘဲ ပြန်ခဲ့ရပြီး နှစ်ရက် လွန်ခဲ့၏ ။ ငကံလည်း ဒဂုံတွင် ကျန်ခဲ့သည်။ သူသည် အားလပ်သည့်အချိန်တွင် ဟံသာဝတီမြို့မှ သတင်းများကို စုံစမ်း ကြည့်ရှုနေ၏ ။ ငကံကိုလည်း လိုအပ်လျင် မွန်ဆံဖြတ်၍ မွန်လိုဝတ်ရန် စီစဉ်ထားပြီး ဖြစ်သည်။ ယခုထိတော့ ငကံက ဆံပင် မဖြတ်ပါရစေနှင့်၊ ရှမ်းတဘက်ကြီး အမြဲပေါင်းထားပါမည်ဟု တောင်းပန်ထားလေ၏ ။ သူသည်လည်း အဝတ်အစားများ ထူထူထဲထဲ ဝတ်၍ ခေါင်းပေါင်းပေါင်းကာ ကိုယ်ကို ခန့်မှန်းရခက်အောင် နေသည်။
၃ ရက်မြောက်နေ့တွင် စောခံခက် ရောက်လာသဖြင့် ရှောင်နေရပြန်သည်။ အိမ်ရှေ့မင်း အိမ်တော်မှာ လွန်စွာ ကျယ်ဝန်းပြီး အဆောင်ဆောင် အခန်းခန်း အိမ်အလုံးပေါင်းများစွာ ရှိသဖြင့်သာ တော်တော့သည်။ သို့တိုင် စောခံခက်က မြင်းဇောင်းဘက် ရောက်လာသဖြင့် စားဖိုဆောင်သို့ သွားကာ ရှောင်နေရသေးသည်။
ဥပရာဇာ အပြင်ထွက်သွားသည့် အချိန်တွင် သူသည် ရှောင်တခင် ထွက်ခဲ့၍ အားလပ်ပုံရသည့် မြန်မာတစ်ဦးအား ချည်းကပ်ကာ ဒဂုံသို့ စာတစ်စောင် ပေးရန် စေလွှတ်လိုက်သည်။ အခကြေးငွေ ပိုပိုသာသာ ရသောကြောင့် ထိုသူကလည်း သွားပေးမည်ဟု ကတိပြု၏ ။ သို့တိုင် လက်ျာဘီလူးက နောက်ယောင်ခံ လိုက်ကြည့်သေးသည်။ စိတ်ချရမှ ပြန်လာ၏ ။ အကြာကြီး လျှောက်လည်နေသဖြင့် မြင်းထိန်း၏ အဆူအပြော ခံရသည်။ သူက အမျိုးများထံ သွားတာပါဟုသာ ပြောလိုက်သည်။
နောက်တစ်နေ့ ဥပရာဇာ အပြင်သွားမည် ပြုသောအခါ မြင်းထိန်းကို လူသစ်အကြောင်း မေး၍ အလုပ်ကြိုးစားသည်ဟု သိရသောအခါ သူနှင့် ခေါ်သွားပြန်သည်။ တစ်နေကုန် လျှောက်လိုက်နေရပြီး ညမှ ပြန်ရောက်၏ ။ မည်သည့်အရာမျှတော့ မခိုင်းသေး။ ခိုင်းစရာ မပေါ်သည် ဖြစ်မည်ဟု ထင်စဉ် နံနက် မိုးသောက်လျင် သူ့အား စာတစ်စောင် အမြန်သွားပေးစေ၏ ။ သူမြင်းစီး ထွက်သွားသည်ကို သေချာကြည့်နေသည်။
ပြန်ရောက်လျင် သူ့အား ခေါ်ပြီး
"မင်း မြင်းစီးကောင်းတာပဲ၊ ဘယ်မှာ သင်လာသလဲ"
"ပဲခူးအရှေ့ ကွင်းပြင်များမှာ အဖော်များနှင့် အပျော်စီးရင်း လေ့ကျင့်ခဲ့ပါသည်ဘုရား"
"မင်းတို့ကို သင်ပေးတာ ဘယ်သူလဲ"
"မြန်မာလူကြီးတစ်ယောက်ပါပဲဘုရား၊ ဦးကျော်မှတ်လို့ သိရပါတယ်"
"ထင်သား၊ မင်းမြင်းစီးပုံက မြန်မာစစ်သည်တွေ စီးပုံမျိုး ပေါ်နေတယ်"
"ကျွန်တော်မျိုး သူစီးသည်ကို သဘောကျ၍ တုပ စီးလေ့ ရှိပါကြောင်း"
"ဘယ်လိုတွေ စီးတတ်သလဲ ငါ့ကို စီးပြစမ်း"
သူက မြင်းလိမ္မာတစ်ကောင် ထုတ်ခဲ့၍ အနည်းငယ်မျှ စီးပြ၏ ။ မြင်းမကောင်းလျင် ပို၍ အားထုတ်ရသည်ဖြစ်ရာ အကဲခတ်နိုင်သည်၊ မြင်းက လိမ္မာလေ စီးသူ သက်သာလေ ဖြစ်၍ အစွမ်းထုတ်ရန် မလို။ သာမန်သာ စီးနင်းပြသည်ကို ဥပရာဇာ အိမ်ပေါ်မှ ရှုစားတော်မူသည်။ ထို့နောက် ရပြီ၊ အလုပ်ပြန်လုပ်တော့ ဟု မင်းချင်းတစ်ဦး လာပြောလေ၏ ။
သူသည် ထိုရက်များအတွင်း ဥပရာဇာနောက် လိုက်၍ ဟံသာဝတီ နန်းမြို့ရိုးတံခါးဝသို့လည်း ရောက်သည်။ မင်းစိုးရာဇာအချို့၏ နေအိမ်များရှေ့တွင်လည်း ရပ်စောင့်ရသည်။ အမှုထမ်း အရာထမ်းများစွာ၏ နောက်တွင် မွန်လိုဝတ်၍ ခေါင်းပေါင်းများ ပေါင်းထားရသောကြောင့် စကားမပြောလျင် မွန်ဟုသာ အထင်ခံရသည်။ သူကလည်း ဘယ်တော့မှမပြောဘဲ တည်တံ့စွာသာ ရပ်နေလေ့ရှိသည်။
တစ်နေ့တွင် အမတ်ကြီးတစ်ဦးက ပင့်ဖိတ်သဖြင့် သွားကြစဉ် အိမ်တော်စောင့်က ထွက်လာပြီး သူ့ကို အကဲခတ်နေသည်။ ထို့နောက် သူရှိလာ လျှောက်လာပြီး မြန်မာလို မေးတော့သည်။
"မင်း မြန်မာမဟုတ်လား"
"ဟုတ်ပါတယ်"
"အိမ်ရှေ့မင်း လူလား"
"မြင်းဇောင်းအမှုထမ်းပါ"
"မင်းပုံစံက မြင်းဇောင်းအမှုထမ်းသဏ္ဍာန် မဟုတ်၊ စစ်သည်ရဲမက်ဟန် ပေါက်နေတယ်"
သူ ဘာမှ ပြန်မပြောသဖြင့် ထိုသူကပင်
"ဘာလို့ စစ်မှုမထမ်းသလဲ"
"အေးအေးဆေးဆေး နေချင်လို့ပါ"
"အိမ်ရှေ့မင်းထံ အမှုထမ်းတာ ဘယ်လောက်ကြာပြီလဲ"
"မကြာသေးပါဘူး"
"အေး၊ မကြာခင် ရာထူးတက်မယ့်ကိန်း မြင်တယ်။ မင်း ရာထူးတက်တဲ့အခါ ငါ့ကို မမေ့နဲ့။ နားလည်တယ် မဟုတ်လား"
"ဟုတ်ကဲ့၊ အခုလို နိမိတ်ကောင်း ဖတ်ပေးတာ ကျေးဇူး မမေ့စေရပါဘူး"
"ငါသိပါတယ်၊ မင်း လူတော်ပါလို့.. ဟဲဟဲဟဲ"
ထိုသူ ထွက်သွားသောအခါ အခြားသူများက သူ့ကို ဝိုင်းကြည့်နေကြသည်။ သူကတော့ ခပ်တည်တည်။ အိမ်ရှေ့မင်း ထွက်လာတော့ မြင်းသည်တစ်ဦးကို ခေါ်၍ ကိစ္စတစ်ခု ခိုင်းလိုက်သည်။ သူ့ကိုပါ မြင်းတစ်စီးပေး၍ အဖော်လိုက်စေ၏ ။ သူကလည်း ထိုမြင်းသည်ကို မြင်းဇက်ကိုင်ပေး၊ ဦးစွာ တက်စေပြီးမှ နောက်က လိုက်တက်ပြီး တာဝန်အတိုင်း ဆောင်ရွက်ကြ၏ ။
သူ၏ ကျိုးနွံမှု၊ အလိုက်သိမှု၊ ခိုင်းစရာမလိုဘဲ အဆင်သင့် လုပ်ပေးတတ်သည်များကြောင့် နောက်တော်ပါလူများက သူ့အား နှစ်လိုကြ၏ ။ မြင်းထိန်းကြီးကသာ အမြင်ကြည်ဟန် မရှိဘဲ ရောက်သည်နှင့် တစ်ခုပြီးတစ်ခု ဆက်တိုက်ခိုင်းတော့သည်။ သူသည် အပြင်လိုက်ရလျင် လျှောက်လိုက် ရပ်လိုက်နှင့် နေရသလောက် အိမ်တော်ပြန်ရောက်လျင်မူ အလုပ်နှင့်လက် ပြတ်သည်မရှိတော့ချေ။
နှစ်ရက်ကြာလျင် ဒဂုံသို့ သူစေလွှတ်လိုက်သူ ပြန်လာလေသည်။ ငကံထံမှ စကားလည်း ပါလာသည်။ စကားအသွားအလာအရ ငကံ လိုက်လာမည့်ဟန် ရှိသည်။ သူ့မှာ တားလို့လည်း မရ၊ အခြေအနေကြည့် ထွက်ရန်သာ ပြင်ထားရတော့၏ ။
မကြာမီ စောခက်ထံမှ ခြေမြန်သားတစ်ဦး ရောက်လာသည်။ လက်ျာဘီလူး ဖြစ်ဟန်ရှိသည့် လူကို အဖော်နှင့် မြောင်းမြတွင် မိထားသည် ဟူသည့်သတင်းကို လူလွှတ်အကြောင်းကြားစေခြင်း ဖြစ်မည်။ စင်စစ် သူက သူ့အရွယ်လူတစ်ဦး ဆံပင်ဖြန့်ချထားစေလျက် အဖော်တစ်ယောက်နှင့် ပုသိမ်သို့ လွှတ်ရန် ငကံအား စေခိုင်းထားခြင်းတည်း။
စောခံခက်တို့ မြောင်းမြ လိုက်သွားကြသည် ဖြစ်မည်။ အိမ်ရှေ့မင်းလည်း ဒဂုံမှ ကြိုရန် ပြင်သည်။ သူက ပဲခူးတက်လာမည့် ငကံနှင့် လွဲသွားမည်ကို စိုးရိမ်နေ၏ ။ အိမ်ရှေ့အိမ်တော်သို့ အလွယ်တကူ ဝင်နိုင်သည်မဟုတ်။ သူလည်း ယခင်ကလို ထွက်ခွင့်မရတော့။ ဒဂုံတွင် ဆုံရလျင် အကြောင်းမဟုတ်သော်လည်း ငကံ ပဲခူးရောက်နေလျင် သူ့ကို မမြင်မချင်း ပြန်လာမည်မဟုတ်။ လူချင်းလွဲပါက အချိန်ပိုကြာတော့မည်။
သည်ကြားထဲ စောခံခက်နှင့် တွေ့လျင် မကောင်း။ အိမ်ရှေ့မင်း လူများနှင့် ရောနှောနေရသဖြင့် ရုပ်ဖျက်၍လည်း မရတော့။ အိမ်ရှေ့မင်းကတော့ နောက်တစ်နေ့တွင် ဒဂုံသို့ ထွက်လာပြီဖြစ်သည်။ သူလည်း နောက်တော်ပါးမှ လိုက်ရသည်။ ဟံသာဝတီမှ ထွက်ထွက်ချင်း ဝင်လာသူတို့ကို ကြည့်၍ သူက ခဲလုံးကလေးများ ကောက်ယူ ထည့်ထားလိုက်သည်။
လမ်းတစ်လျှောက် လူများ လှည်းများကို ကြည့်သွားရသည်။ မြင်းရထားတွေ့လျင် နောက်ချန်နေခဲ့၍ ခဲနှင့် ပေါက်လေသည်။ ရထားထဲမှ ပြူကြည့်သူကို ကြည့်နေရ၏ ။ ကံကောင်းထောက်မ၍ ငကံ လိုက်ပါလာသော လှည်းတစ်စီးကို တွေ့သဖြင့် ခဲနှင့်ပေါက်ကာ အချက်ပြရသည်။ ငကံက အိမ်ရှေ့မင်း၏ ရထားနှင့် လူများကို လိုက်ကြည့်နေသည်မို့ ခေါင်းကုတ်နေဟန်နှင့် သူ့ကိုအကြည့်စောင့်ကာ လက်ပြလိုက်သည့် လက်ျာဘီလူးအား မြင်သွား၍ တော်တော့သည်။
ဒဂုံရောက်၍ ဥပရာဇာ အိမ်တော်သို့ တက်လျင် သူက အရိပ်အခြေ ကြည့်ကာ အပြင်ထွက်လာသည်။ ခပ်ဝေးဝေး သစ်ပင်ရိပ်၌ ငကံကို ထိုင်လျက် တွေ့ရသည်။ ငကံက သူ့ကိုမြင်လျင် ထရပ်လိုက်သည်။ သူက ငကံကို ကျော်သွားပြီး ငကံနောက်က ပါလာရာ လှည့်မကြည့်ဘဲ
"တို့ သိချင်တာတွေ စုံစမ်းလို့ ရလား"
"အများအပြား ရပါတယ်"
"မနက်ဖြန် ထွက်မယ်၊ ရိက္ခာထုပ်နဲ့ မြို့အထွက် ညောင်ပင်ပေါ် တက်ပြီး ပုန်းနေပေတော့"
ငကံ လမ်းခွဲသွားသည်။ သူပြန်၍ မရိပ်မိအောင် နေနေရသည်။ မြင်းထိန်းအဖိုးအိုကတော့ ဘေးမသီ ရန်မခံ ပြန်တွေ့ရ၍ ဝမ်းသာနေ၏ ။
နံနက်လင်းလျင် စောခံခက် ပြန်ရောက်လာသည်။ ဖမ်းဆီးမိသူကို သွားယူသော်လည်း လူသာတူ၍ လက်ျာဘီလူး မဟုတ်ကြောင်း စိတ်ပျက်လက်ပျက် ပြန်လည် လျှောက်တင်နေ၏ ။ အခြားသတင်းလည်း မည်သည်မျှ မကြားရ၊ သူတို့မသွားခင်က ရှမ်းဝတ်စုံတစ်စုံ၊ မွန်ဝတ်စုံတစ်စုံ ဝယ်သွားသည်ဟု သိရ၍ မွန်နှင့်ရှမ်း တွဲလာပါက သေချာစွာ ကြည့်ရှုကြရန် မှာထားကြောင်းလည်း ဆိုသည်။
နေ့လယ်တွင် ဥပရာဇာက စေလွှတ်နေကျ မြင်းသည်ကို ခေါ်၍ ကိစ္စတစ်ခု စေလွှတ်ပြန်သည်။ မြင်းသည် သွားခါနီးတွင် လက်ျာဘီလူးက မြင်းဇောင်းမှ ထွက်ခဲ့၍ ကျွန်ုပ် အဖော်လိုက်ရမည်ဟု ဆိုရာ မြင်းသည်ကလည်း ဥပရာဇာ ထည့်သည်မှတ်၍ ခေါင်းညိတ်၏ ။ လက်ျာဘီလူးက အကြံနှင့် ဆွဲလာသော မြင်းလိမ္မာကို မြင်းချည်တိုင်တွင် ဦးစွာ ချည်ပြီးမှ မြင်းသည်ကို တက်ရန် ကူပေးပြီး သူက နောက်မှ လိုက်တက်သည်။
ဥပရာဇာကလည်း အိမ်တော်တွင်းမှ လှမ်းကြည့်နေ၏ ။ မြန်မာလူငယ်က လိုက်ရဦးမလား မေး၍ မြင်းသည်က ခွင့်ပြုကာ ခေါင်းညိတ်သည် ထင်နေသည်။ သူ့အမိန့်မရဘဲ လိုက်သွားသည့် လူငယ်အား ပြန်ရောက်လျင် မေးမြန်းမည်ဟု တွေးနေစဉ် စောခံခက်က အပြင်သို့ ထွက်သွားသည့် မြင်းနှစ်စီးကို ကြည့်၍ အိမ်တော်အစောင့်တစ်ဦးကို မေးလိုက်၏ ။
"အဲဒါ ဘယ်သူလဲ"
"တပ်မှူး အဲကောင်ပိန်လေ"
"အဲကောင်ပိန်ကို ငါသိတယ်။ နောက်တစ်ယောက်ကို မေးတာ၊ မြန်မာ"
"မသိဘူး၊ အိမ်ရှေ့မင်း လူပဲ"
အိမ်ရှေ့မင်းနှင့် ပါလာသည့် အမှုထမ်းတစ်ဦးကို ခေါ်၍
"ခုနက မြင်းနဲ့ ထွက်သွားတဲ့ မြန်မာ ဘယ်သူလဲ"
"ငညိုသူတဲ့၊ ဒီအိမ်ကပဲ အိမ်ရှေ့မင်း ခေါ်လာတာ"
"ဒီက.. ဟုတ်လား"
စောခံခက် ပြန်တက်သွားသည်။ အိမ်ရှေ့မင်းရှေ့ ဒူးထောက်လျက်
"ယခု မြင်းလျင်စေလိုက်သည့် မြန်မာကို မြင်ဖူးသလို ရှိပါတယ်။ အရှင် ဘယ်က ခေါ်လာပါသလဲ"
"ဒီ မြင်းဇောင်းကပဲလေ။ နေပြည်တော်က လာတဲ့ လူပြေးပဲ။ ဒါပေမယ့် သူ့ကို ငါ မစေဘူး။ သူ့ဘာသာ လိုက်သွားတာ"
"ဒီမှာ ဟံသာဝတီက လာတဲ့သူတွေထဲ သူ့ကို မတွေ့မိပါဘူး ဘုရား။ ပြီးတော့ မြင်းစီးဟန်ဟာ..."
စောခံခက် ဆက်မပြောဘဲ သူ့အရှင်သခင်ကို မော့ကြည့်သည်။ ဥပရာဇာကလည်း ကိုယ်ကိုမတ်လျက် ပြန်ကြည့်နေသည်။ အကြည့်ချင်း ဆုံနေပြီးမှ
"အဲသည် မြန်မာ နဖူးမှာ အကွဲကြောင်းတစ်ခု ပါပါသလား ဘုရား"
"အေး.. ပါတယ်"
ဟု ဆိုလျက် မျက်လုံး ပိုပြူးလာ၏ ။
"မေးစေ့တစ်ဖက်မှာ အမာရွတ်ငယ်တစ်ခု.."
"အေး.. ရှိတယ်"
ဟု ပြောရင်း ခုံကို လက်ဝါးနှင့် ရိုက်လိုက်၏ ။
"ဒါဆို သူက..."
"အေး.. ဟုတ်တယ်။ အဲသည်ကောင်ပဲ ဖြစ်မယ်။ ကြည့်စမ်း။ အနီးဆုံးမှာတောင် ခိုဝင်နေလိုက်ပါကလား။ အတော် အတင့်ရဲသည့်ကောင်။ နေပစေ၊၊ ပြန်လာပစေဦး။ သင်းကို ဟန်မပျက် ခေါ်မေးရမယ်။ မင်းက လူတွေကို လက်နက်အပြည့်နဲ့ အဆင်သင့် စောင့်ခိုင်းထား။ မသိသာစေနဲ့"
"မှန်ပါ့ဘုရား၊ အမြန်ဆုံး ပြင်ဆင်လိုက်ပါ့မယ်"
စောခံခက် ဝုန်းခနဲ ပြေးဆင်းသွားသည်။ မဟာဥပရာဇာမှာ ပြုံးရမလို ဒေါသထွက်ရမလို ဖြစ်ကျန်ခဲ့၏ ။ သူ့ဘာသာ တွေးလိုက်၊ ခုံကို လက်နှင့် ထုလိုက်၊ ပြုံးမိလိုက် ဖြစ်နေသည်။
ထိုအချိန်တွင် လက်ျာဘီလူးက စေလွှတ်သည့် ကိစ္စပြီးနှင့် ရုတ်တရက် မြင်းကို လှည့်၍
"ရောင်းရင်း.. ဟိုမှာ လူ.... လူ"
ဟု အော်ဟစ်ကာ ပြေးသွားသည်။ အဲကောင်ပိန်က သူ့နောက်မှ ပါလာသော မြင်း ရုတ်တရက် လှည့်ပြေးသွားရာသို့ လိုက်ကြည့်သော်လည်း ဖုန်တထောင်းထောင်းနှင့်မို့ ရှေ့မှလူကို မမြင်ရ။ လက်ျာဘီလူးနောက်သို့သာ လိုက်ရတော့သည်။
"ဘယ်သူလဲ"
အော်ဟစ်မေးသည်ကို အရှိန်မလျော့ဘဲ ဖြေသွား၏ ။
"မြန်မာ.. မြန်မာ၊ လိုက်.. လိုက်"
မြင်းနှစ်စီး ပြေးလိုက်ကြသည်မှာ မြို့ပြင်ရောက်သည်အထိ ဖြစ်၏ ။ ညောင်ပင်ကြီးတစ်ပင်အောက်မှ ဇက်သတ်၍ ရပ်သွားသည်။ အဲကောင်ပိန်က မြင်းကို လှည့်ပတ်နေရင်း
"ဘယ်မှာလဲ.. မြန်မာ၊ မတွေ့ပါဘူး"
"ညောင်ပင်ပေါ် တက်သွားတယ်"
"ဘာ"
မယုံနိုင်စွာဖြင့် ညောင်ပင်ပေါ် မော့ကြည့်တော့ အကယ်ပင် မြန်မာတစ်ယောက်က ခွကြားမှ ပေါ်လာပြီး ရယ်ပြနေသည်ကို တွေ့ရ၏ ။
"ဟိတ်.. မင်း အဲသည်မှာ ဘာလုပ်နေတာလဲ"
"ရောင်းရင်းကို စောင့်နေတာလေ"
"ဘာ"
"ဟုတ်တယ်၊ ရောင်းရင်း မြင်းလာပေးတာကို စောင့်နေတာ"
လက်ျာဘီလူးက ပြောရင်း လမ်းမှ ဆွဲလာသည့် ဝါးလုံးဖြင့် အဲကောင်ပိန်ကို ရိုက်ချလိုက်လေသည်။ အဲကောင်ပိန် မူးဝေကာ မြင်းပေါ်မှ ပြုတ်ကျသွားပြီး လဲနေစဉ် သူ့မြင်းက နင်းမိသဖြင့် အတော်နှင့် မထနိုင်။ မြင်းစီးသွားသူနှစ်ဦး၏ အော်သံကိုသာ ကြားလိုက်ရ၏ ။
"ကျေးဇူးပဲဗျို့၊ မဟာဥပရာဇာကိုလည်း ပြောလိုက်ပါ။ စောင့်ရှောက်ကျွေးမွေးခဲ့တာ ကျေးဇူးမမေ့ပါဘူးလို့"
Written by သင်္ခရာဇာ
End date: September 28, 2021
No comments:
Post a Comment