Translate

နန်းစဉ်ရွှေဓား ယိမ်းနွဲ့ပါး (၆)

ဆိပ်ကမ်းမြို့အဖြစ် ရွာများ၊ အပိုင်းများ၊ ကုန်းများ၊ စခန်းများဖြင့် ဖွဲ့စည်းလိုက်သည့် ရန်ကုန်မြို့သစ်တွင် မင်းလှမင်းခေါင် နေသော အိမ်မှာ လေးထပ်ရှိပြီး ၃ ထပ်မြောက် ထပ်ခိုးအထိ လူတက်၍ ရသည်။ မျှော်ကြည့်ရန် ပြတင်းငယ်ကလေးလည်း ရှိ၏ ။ ထိုပြတင်းမှ ကြည့်လျင် လမ်းတစ်ဘက်ခြမ်းရှိ မင်းထင်နော်ရထာ နေထိုင်ရာ ခြံဝန်းကျယ်ကြီးနှင့် အိမ်တော်ကို မြင်နိုင်လေသည်။

ပြင်သစ် မွန်ကပြားကလေး ငဖြူသည် ထိုအိမ်ကြီး၌ ဥယျာဉ်တော်ထိန်း ဖြစ်သည့် အားလျော်စွာ အိမ်ရှေ့ အိမ်နောက် ပန်းခင်းများအပြင် ဘေးဘက်ရှိ သီးစားပင်များကိုလည်း ဂရုစိုက် စောင့်ရှောက်ရသည်။ သူသည် နားလည်တတ်ကျွမ်းသူ ဖြစ်၍ အများက လက်ဆိပ်ရှိသည်ဟု သတ်မှတ်ကြသည်။ သူကလည်း ဘာစိုက်စိုက် ဖြစ်ထွန်းအောင်မြင်ခဲ့သည်ချည်း။
ငဖြူမှာ လူချောလူလှတစ်ဦးမို့ ခင်မင်ကြသူ မိန်းမပျိုလေးများ ဝိုင်းနေ၏ ။ ငဖြူကလည်း သဘောမနောကောင်း ချစ်စဖွယ် စကားဆိုတတ်သူ ဖြစ်သည်။ ထိုအချက်ကို အိမ်ကြီးရှင် ဗိုလ်မှူး မင်းလှမင်းခေါင်က မကြိုက်။ သို့ရာတွင် သူ့အိမ်၌ မွန်လူမျိုးများစွာ အမှုထမ်းနေ၍ သူကလည်း နိုင်နင်းနေသောကြောင့် မည်သူ့ကိုမှ အရေးတယူ မပြုဘဲ ခပ်တင်းတင်းသာ နေလေ့ရှိသည်။
ငဖြူတို့ မွန်လူမျိုးများမှာလည်း ကုန်းဘောင်သား ဗမာများနည်းတူ မင်းကြီး မင်းလှမင်းခေါင်အား အလွန် ကြောက်လှပါ၏ ။ စူးရဲစွာ အကြည့်ခံရလျင်ပင် အငွေ့ပျံသွားမတတ် တုန်လှုပ်နေတတ်ကြသည့်အထဲ ငဖြူလည်း အပါအဝင်။ ထို့ကြောင့် ငဖြူသည် ဗိုလ်မင်းနှင့် ဝေးရာမျက်ကွယ် ဥယျာဉ်ထဲတွင်သာ အနေများခဲ့သည်။ ပန်းဝယ် ပန်းတောင်း မိန်းမငယ်လေးများ တရုန်းရုန်းနှင့်။
သူသည် မင်းလှမင်းခေါင်ကို ကြောက်အားပိုရသော်လည်း မကြာခဏ ရောက်လာတတ်သည့်၊ သူ့ထက် အသက်အနည်းငယ်သာ ကြီးမည့် ဗိုလ်မှူး မင်းထင်နော်ရထာကိုမူ အားကျ၏ ။ ငယ်ရွယ်သော်လည်း ရင့်ကျက်တည်ကြည်သည့် သွင်ပြင်၊ ဖျတ်လတ်သွက်လက်သော ကိုယ်ကို ရိုးရှင်းစွာ ဆင်ယင်တတ်ခြင်း၊ ရာထူးကြီး ဗိုလ်မှူးတစ်ဦးဟု မထင်ရအောင် အနေအထိုင် ပေါ့ပါးကျစ်လျစ်လျက် ဟိတ်ဟန်မရှိ လူငယ်တစ်ဦးပုံစံဖြင့်သာ တွေ့ရတတ်သည်တို့ကို သဘောကျခြင်း ဖြစ်သည်။
မြင်စက ဗိုလ်တစ်ဦးဟူ၍ပင် မသိ၊ အထောက်တော် ဆတ်သားတစ်ဦး သတင်းပို့ရန် ဝင်လာသည်ဟု ထင်နေသေးသည်။ နောက်မှ သူလာလျင် ပြေးကြိုတတ်ကြသူများကို သတိထားမိကာ မေးမြန်းကြည့်ရာ မြို့စောင့် ဗိုလ်မှူးကြီး ဖြစ်နေသည်။ အချို့ကဆိုလျင် သူသည် မင်းကြီး မင်းလှမင်းခေါင်ထက်ပင် ရာထူးမြင့်သေးသည်ဟုလည်း ဆိုကြ၏ ။
ဖြစ်တော့ မဖြစ်နိုင်၊ မြန်မာအချို့ ပြောကြသည်မှာ သူသည် မင်းတရား၏ အနားမှ ကိုယ်ရံတော်ခေါင်းဆောင် ဟူ၏ ။ သို့ဆိုလျင် သူတို့ဘုရင်အား မစောင့်ရှောက်ဘဲ အဘယ်ကြောင့် ဒဂုံကို စောင့်နေရသနည်း။ အချို့က အလောင်းမင်းကြီး အလွန်အားထားရသည့် လူစွမ်းကောင်းဟုလည်း ဆိုကြပြန်သည်။ သို့ဖြစ်ပါက ရှင်ဘုရင် သွားလေရာ ခေါ်သွားလိမ့်မည် မချွတ်။
ယခုတော့ ယင်း မင်းထင်နော်ရထာမှာ ဗိုလ်မှူးတစ်ဦးနှင့်ပင် မတူအောင် နေချင်သလို နေ၏ ။ ဗမာတို့၏ အထွဋ် သျှောင်သော်မှ ထုံးလေ့မရှိ။ ဆံပင်ရှည်များသည် အများအားဖြင့် ကျော၌ ကျနေတတ်ပြီး တစ်ခါတစ်ရံသာ ပိုးကြိုးဖြင့် စည်းနှောင်ထားလေ့ ရှိသည်။ ထိုဟန်ပန်ကို မသိစိတ်က နှစ်ခြိုက်နေမိသည်မှာ တွေ့စကပင် ဖြစ်သည်။
သို့သော် မင်းထင်နော်ရထာသည် လူမျိုးခြားတို့ကို အလွန်စက်ဆုပ်သည် ဆို၏ ။ ပြင်သစ်ကပြားဖြစ်သော ငဖြူမှာ မျက်နှာမပြဝံ့။ သူ့ကိုမြင်လျင် ဧကန်တန္တု ရိုက်ပုတ် မောင်းထုတ်လိမ့်မည် မုချဟု မြန်မာများက ပြောထားသဖြင့် မင်းထင်နော်ရထာလာလျင် သစ်ပင် ချုံပင်များကြား တိုးဝင် ပုန်းနေရသည်။
မင်းထင်နော်ရထာ သေနတ်ပစ် အလွန်ကောင်းသည်ကိုတော့ မြင်တွေ့ဖူး၏ ။ အိမ်တော်ထက် အချွန်အတက်များကြား နားနေသည့် ငှက်ကြီးတစ်ကောင်ကို သူတို့အယူအဆ နိမိတ်မကောင်းဟု ဆိုကာ ဝိုင်းဝန်းခြောက်လှန့်နေကြစဉ် သူရောက်လာခိုက်နှင့် ကြုံကြိုက်သောကြောင့် ယမ်းထိုးပြီးစ သေနတ်ဆွဲယူ၍ ပစ်ချလိုက်ရာ တစ်ချက်တည်းနှင့် ကျလာခဲ့သည်။ သူကတော့ ပစ်ပြီးသည်နှင့် သေနတ်ကို တံခါးစောင့်ထံ ပစ်ပေးလိုက်ပြီး အိမ်ပေါ် တန်းတက်သွား၏ ။
သားကောင်ကို ပစ်ပြီးလျင် ဟိတ်ကြီးဟန်ကြီးနှင့် ဂုဏ်ယူဝံ့ကြွားနေတတ်သည့် လူမျိုး အသိုင်းအဝိုင်းမှ လာသူ ငဖြူသည် ချီးကျုးသည်တို့ကို မသိကျိုးကျွံပြု လျစ်လျူရှုကာ သူနှင့် မဆိုင်သလို ထွက်သွားသည်ကို မြင်ရသောအခါ အစ၌ အံ့သြမိသည်။ နောင်တွင် မင်းထင်နော်ရထာဆိုတာ ဒီလိုလူပဲဟု သိလာကာ လေးစားမိခဲ့၏ ။
ငဖြူကတော့ စွန့်ပစ်ခံရသူ မျက်နှာမွဲ ဖြစ်သည့်အလျောက် အားကျရုံသာ တတ်နိုင်ပြီး ပန်းပင် သီးပင်များနှင့် မိန်းမငယ်များကြားတွင်သာ ကျင်လည်နေခဲ့ရလေသည်။
""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""
*
"သင်းက ကျုပ်ထံတောင် ဝင်လာခဲ့သေးတယ်။ ဒဂုံမှာ လိုက်ဖမ်းတာကို မခံဘဲ ပြေးယောင်ပြုပြီး ကျုပ်စံအိမ်တော်မှာ ဝင်နေတာ"
မဟာဥပရာဇာ စကားကြောင့် အားလုံး အံ့အားသင့်သွားကြ၏ ။
"အရှင် မဖမ်းလိုက်ဘူးလားဘုရား"
"သိလိုက်တဲ့အချိန်မှာ လက်မတင်လေး နောက်ကျသွားပြီး ထွက်ပြေးလွတ်မြောက်သွားလို့ပေါ့။ ကျုပ်က သူ့ကိုသာ ရနိုင်ရင် ထောင်တပ်ကြီးတစ်တပ်နဲ့ လဲရမယ် ဆိုတောင် မတုံ့မဆိုင်း လဲမိမှာ"
"ဒါတော့ အိမ်ရှေ့ကိုယ်တော်ကြီး မို့လို့ပါဗျာ၊ ကျွန်ုပ်ကိုသာ သည်အချိုးနဲ့ ဝင်လာရင် ကုန်းဘောင်တပ်တွင်းထိ လိုက်ဆွဲတာပေါ့"
ဗညားဒလစကားကြောင့် မဟာဥပရာဇာ မျက်နှာ တင်းသွားသော်လည်း ခနဲ့ပြုံး ပြုံးလိုက်ပြီး
"မောင့်တပ်တွေကို ကြိမ်ဖန်များစွာ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက်နေတုန်းကတော့ ဘာလို့ မဆွဲလိုက်သလဲ မောင်ရဲ့"
ဗညားဒလ မျက်နှာ ပျက်သွားသည်။
"ကျွန်ုပ် တတ်နိုင်သလောက် ခံနေပါသေးတယ်။ ရဲမက်တွေက မကောင်းဘူးဗျ၊ ဒလဗန်းလိုပဲ ဟိုက ကျား ဆိုတာနဲ့ ပြေးဖို့လှည့်ချင်နေကြပြီ။ အသေခံချမယ် မရှိဘူး"
"ဒါ မောင်အကွပ်မနာလို့ပေါ့။ နိုင်အောင်တိုက်မယ် မရှိဘူး၊ အသေခံချရမယ် ဆိုမှတော့ ဘယ်သူမပြေးချင် နေပါ့မလဲ။ မောင့် ဦးတည်ချက် မှားနေတယ်"
အချင်းများတော့မည်ကဲ့သို့ ရှိသဖြင့် ဗညားအရိန္ဒမက ဝင်ခွဲကာ လမ်းကြောင်းပြောင်း ပြောလိုက်ရ၏ ။
"ကျုပ်ကလည်း အဝက အပြန် မော်လမြိုင် မုတ္တမ 'မွန်စ' ဒေသတွေကို ထိပါးလာတဲ့ ရှမ်းတွေဆီ စစ်ချီနေရတော့ ပုသိမ် မြောင်းမြ 'မွန်ည'တိုင်း ကျသွားတာလည်း မကူနိုင်၊ ကျုပ်တို့ 'မွန်တိ'နယ်အထိ စစ်ရောက်တော့မှပဲ နေပြည်တော် ပြန်ခဲ့ရတယ်။ ဗမာတွေ တယ်ထောင်လွှားလာတာပဲ"
"အို.. သူတို့ဘက်မှာ သူရဲကောင်းဆိုလို့ သေနတ်ဝန်နဲ့ မုဆိုးချုံဗိုလ်လောက် ပါတာပါ။ ကျုပ်တို့ဆီမှာ လူစွမ်းလူတော် အမြောက်အမြား ရှိတယ်၊ အပေါ့အလျော့ နေကြလို့သာ သူတို့ သည်အထိ တက်လာနိုင်တာ"
ဗညားဥပရာဇာကတော့ ဆေးငယ်ဗိုလ် ဆိုစကားကို အပြုံးကလေးဖြင့် ကြည့်နေ၏ ။
"သေနတ်ဝန် ထားပါဦး၊ ငတွန်တောင် မကပ်နိုင်ဘူးဆို။ တစ်ယောက်တည်းကို လူတစ်ထောင်ကျော် ဝိုင်းညှပ်ဖမ်းတာကို မရခဲ့ကြဘူးဆို"
"သူကတော့ တကယ့် လူစွမ်းကောင်း ဖြစ်လိမ့်မယ်"
"လူစွမ်းတာလည်း မပြောနဲ့လေ၊ ကိုင်တဲ့ဓားကလည်း ဓားဘုရင် ယိမ်းနွဲ့ပါး ဆိုပဲ မင်းကြီးရဲ့။ ကြားဖူးသမို့လား"
"ပေမူမှတ်တမ်းတစ်ခုမှာ တွေ့ဖူးတယ်။ ဓားကျော်ပဲ၊ ငါ့ဓားလောက် ကောင်းပါ့မလား"
ဗညားဒလက မခံချင်သံနှင့် မေးသောကြောင့် ဆေးငယ်ဗိုလ် လျှောချလိုက်ရသည်။
"ကြုံတော့ ယှဉ်ခုတ်ကြည့်ပေါ့ ဗိုလ်မင်းရယ်"
"ဟဲ့.. ဟဲ့၊ ဘယ်လိုပြောလိုက်တာလဲ ဆေးငယ်၊ ဗညားဒလ မရှိရင် ဘယ်သူ မြို့ခံပါ့မလဲကွဲ့"
မဟာဥပရာဇာ၏ အသောဖောက်သော သရော်မှုကို အခြားသူများ တွေး၍ ရယ်လိုက်ကြသော်လည်း ဗညားဒလ မျက်နှာကြီးက မည်းခနဲ ဖြစ်သွားသည်ကို မိစောမွန် သတိထားမိလိုက်သည်။

Written by သင်္ခရာဇာ


End date: September 11, 2021


No comments:

Post a Comment

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...