ဒဂုံကို ဦးတွန်၊ လက်ျာဘီလူးနှင့် အခြား ဗိုလ်မှူး စစ်ကဲများ အစောင့်ကျန်ခဲ့ပြီး ဘဝရှင် အလောင်းမင်းဘုရားနှင့် သားတော် ညီတော် မိဖုရားများ နေပြည်တော် ပြန်သွားကြချိန်။ စစ်ဆိုင်တိုင်း ရမ်းရမ်းကားကား အလွန်အကျွံ ပြုတတ်ကြသော ဗိုလ်မှူးနှစ်ဦး ပေါင်းမိကြသည်ဖြစ်၍ အခြားဗိုလ်မင်းများ စိတ်ညစ်နေကြရသည်။
"ဗိုလ်တွန်ကြီးတို့ လက်ရုံးအားကိုး ဓားအားကိုးနဲ့ ရမ်းချင်တိုင်း ရမ်းနေတာ ကျုပ်တော့ စိုးထိတ်လှသဗျာ မင်းကြီး"
"ငါလည်း ပူတာပဲ ငကြင်ရဲ့။ သူ့ထက်ရမ်းတဲ့ လက်ျာဘီလူးနဲ့ ပြန်ပေါင်းထုတ်မိကြတော့ ထိန်းသိမ်းမြစ်တားလို့ကို မရနိုင်ဘူး ဖြစ်နေသကွဲ့။ သင်းတို့ ဆုံမိရင် ဘာလုပ်ကြဦးမလဲပဲ ပူနေရပါ့ရော"
"အတောင်ပေါက်နေတဲ့ ကျားရိုင်းနဲ့ သင်းကွဲတည်ဆင်ကြီး မိတ်ဖွဲ့မိကြသလိုကိုး။ ဟံသာဝတီကို ရရင် ရ၊ သင်းတို့ရင်လည်း မြန်မြန်သေကြမှ ကျုပ်တို့ အိပ်ပျော်ရတော့မယ် ထင်ရဲ့"
"ဘယ့်နှယ်ဗျာ၊ ရန်သူမြင်ရင် အပျော်ထွက်လိုက်နေကြတာပဲ။ တလိုင်းတွေကလည်း မကြောက်မရွံ့ လာလာသွေးတိုးစမ်းနေကြတယ်။ သည်က နှစ်ယောက်လည်း သူငယ်ကစားသလို လုပ်နေကြတာ ဘယ်တော့ ထိကြမယ်မသိ"
"ဗိုလ်မင်းတို့သာ စိုးရိမ်နေတာ၊ ကျုပ်တော့ သင်းတို့ကို သတ်နိုင်မယ့်သူမရှိ၊ နိုင်မယ့်သူ မမြင်တော့လို့ စိတ်အေးထားလိုက်တာ ကြာပါပြီလေ။ ငတွန်ရဲ့ အစွမ်းကို ငစံရဲ့ အချင်းနဲ့ အုပ်လိုက်ရင် ကျုပ်တို့ ဘာမှ လုပ်စရာ မလိုဘဲ မြို့ကို အေးအေးဆေးဆေး စီမံခန့်ခွဲနေရုံပဲ မဟုတ်လား မင်းကြီးတို့ရဲ့။ သူတို့ဘာသာ လာသမျှ တိုက်လှန်ပစ်လိမ့်မယ်။ မွန်မင်း ဆင်းလာတောင် ဒဂုံကို ရဖို့ မရှိပါဘူး"
စစ်ကဲကြီးနှင့် ဗိုလ်များ ပြောဆိုနေရာသို့ မင်းလှမင်းခေါင် ဝင်လာသဖြင့် စကားစ ပြတ်ပြီး ငြိမ်သွားကြ၏ ။ မင်းလှမင်းခေါင်ကြီးက ယိမ်းနွဲ့ပါး ဓားတော်ကို စားပွဲပေါ် တင်လိုက်ကာ
"မနေ့က ရန်ကုန်ကို ကုန်သွယ်ခွင့် လာတောင်းတဲ့ ကောင်တွေအရေး ဘယ်လိုဖြစ်သွားသလဲ ငကြင်"
"မင်းကြီးလူ မင်းထင်နော်ရထာက ကြိမ်းလွှတ်လို့ ချက်ချင်း ပြန်သွားရပါတယ်။ အခြား ပြင်သစ်လူမျိုး ဒတ်ချ်လူမျိုးတွေလည်း လာဝံ့တော့မယ် မထင်ဘူး"
"ငစံငယ် တယ် ဆိုးသွမ်းနေပါလား"
ဗိုလ်တွန်က ထိုသို့ ဆိုလိုက်သဖြင့် ငကြင်၏ စိတ်တွင်းဝယ် "သူကဖြင့် မဆိုးလို့လား၊ သာတောင် ဆိုးဦးမယ်" ဟု တွေးမိသည်။ သို့သော် နှုတ်မှ ထုတ်မပြောရဲ။
"ဆိုးတာတော့ မပြောနဲ့ ဗိုလ်မင်းရေ၊ ဟိုနေ့က ကုန်တိုက်တစ်ခုကို ဝင်သိမ်းပြီး ကုန်တိုက်ဗိုလ်ကို ဝါးရင်းတုတ်နဲ့ ရိုက်လိုက်လို့ သင်္ဘောသား မျက်နှာဖြူအများ မကျေမနပ် ဖြစ်နေကြသတဲ့။ သူက အကြီးအမှူးဖြစ်နေတော့ တိုင်လည်း မထူးတာမို့ ငြိမ်နေကြရသတဲ့ဗျာ။ မင်းကြီးလူကို မင်းကြီး ထိန်းပါဦး။ ငယ်ငယ်ရွယ်ရွယ်နဲ့ ရာထူးရာခံကြီးကြီး ရထားတော့ စိတ်ထင်ရာ လျှောက်လုပ်နေတယ်"
"ဒါ့ဖြင့်ရင် မကျေနပ်သူတွေကို ကျုပ်ဆီ လာတိုင်လှည့်ချေ လို့ ပြောလိုက်ကြပေါ့လေ"
ဗိုလ်တွန်စကားကြောင့် စစ်ကဲ ကျော်ထင်သက်တော်ရှည်က
"မောင်တွန်ရဲ့.. မင့်ဆီတိုင်တော့ရော ထူးမတဲ့လား။ မင်းတို့က တစ်ကြိတ်တည်း မဟုတ်လားဟဲ့။ တော်ကြာ တိုင်တဲ့သူပဲ အရေးယူခံနေရပါဦးမယ်"
ဗိုလ်တွန် တဟားဟား အော်ရယ်လိုက်သည်။
"ဟုတ်ပဗျာ.. ဟုတ်ပ ဟုတ်ပ"
ဗိုလ်အများကတော့ စားပွဲပေါ်မှ ရွှေရောင်ဓားအိမ်နှင့် နာမည်ကျော်ဓားကြီးအား တပ်မက်သည့် မျက်လုံးများဖြင့် ကြည့်နေကြသည်။ မည်သူမှလည်း မထိရဲ။ ငတွန်နှင့် ဘုန်းလက်ရုံးချင်း မတူဟု ယူဆသူ များသလို ငါတို့လည်း ကိုင်နိုင်ပါတယ်ဟု ထင်သူအချို့သည်လည်း သားတော်များပင် လိုချင်လျက် မရခဲ့သော ရွှေဓားအား ပိုင်ဆိုင်ခြင်းငှာ စိတ်မရဲ။
"အဲသည်ဓားက ဘယ်ပွဲမှာ အစွမ်းပြနိုင်လို့ ချီးမြှင့်ခံရတာလဲ ဗိုလ်မင်း၊ ဘဝရှင်ထံက ရဲဆု ရခဲ့တာဆို"
မင်းလှမင်းခေါင်က နန်းစဥ်ဓားတော် ယိမ်းနွဲ့ပါးကို ငုံ့ကြည့်လျက်
"ဘယ်ပွဲမှာရယ်လို့ မဟုတ်ဘူး။ တိုက်ပွဲတိုင်းမှာ ရှေ့ဆုံးကနေ စွမ်းစွမ်းတမံ ကြိုးကုပ် အားထုတ်လို့
ရဲဆုအဖြစ် ချီးမြှင့်တာ။ တကယ် တိုက်ပွဲဝင်သူနဲ့မှ ထိုက်တန်တယ် ဆိုပြီး ကျုပ်ကို တမင်ပေးတာပ"
"တခြားသူတွေကရော တကယ်မတိုက်ကြလို့လား"
မေးသူ၏ လေသံတွင် မနာလို မကျေနပ်သံ စွက်သွားသော်လည်း မင်းလှမင်းခေါင်က အရေးမထား၊ ကြည့်ပင် မကြည့်။
"မင်းတို့ ရှင်ဘုရင်နဲ့ ငါ ငယ်စဥ်ကပင် သိကျွမ်းခဲ့ဖူးတယ်။ ငါ စဥ့်ကိုင်မှာ ပညာသင်တုန်း အောင်ဇေယျလည်း ငါနဲ့ ရွယ်တူ ကျောင်းကို လိုက်လာဖူးတာ။ နှစ်ရက် သုံးရက် အတူကစား၊ ပညာချင်းယှဥ်ကြတော့ ငါကတောင် သာသေးကွ။ ကြီးမှ သူက အလွန်ချွန်သွားပြီး ဘုန်းကံကြောင့် ထီးဆောင်းဘုရင် ဖြစ်လာတယ်။ ပြန်တွေ့ကြတော့ အစဦး မမှတ်မိကြသေးဘူး၊ နောက်မှ ပြောရင်း သိလာတယ်။ အရှင်နဲ့ကျွန် ဆိုပေမင့် မုဆိုးဘိုက ထွက်လာစမှာ သူနဲ့ ငါ အဖက်တွေပဲ။ ဒါ့ကြောင့် သွေးသောက် ညီအစ်ကိုချင်း ပေးတဲ့ သဘောပေါ့"
"ဗိုလ်မှူး မင်းထင်နော်ရထာနဲ့လည်း မင်းကြီးက အဖက်ပဲ မဟုတ်လား"
"ဟုတ်တော့ ဟုတ်ပေရဲ့။ ငစံငယ်က ခုမှ လိုက်လာတာ။ အရင်က ငါ့လက်အောက် လက်ထောက်ပဲ"
"ခုတော့ သူကတောင် ပိုကြီးနေသလိုပဲဗျ"
မင်းလှမင်းခေါင် ဆတ်ခနဲ လှည့်ကြည့်သည်။ ယင်းစကားကို မည်သည့် သဘောနှင့် ပြောသည် ဖြစ်မည်နည်းဟု စောကြောနေပြီးမှ
"ငါတို့အရှင်က ငါ့ထက် သူ့ကို ပိုသဘောကျတာ မင်းတို့လည်းအသိ။ သူကလည်း တို့ထက် နှလုံးရည် သာတာပ။ တို့သခင်နဲ့မှ ကြံရည်ဖန်ရည်တူ ရှိမယ်။ ဒါ့ကြောင့်လည်း သူ့ကို စိတ်ချလက်ချ လွှဲထားခဲ့ခြင်း ဖြစ်လိမ့်မယ် မင်းကြီးတို့"
"မှန်တာပေါ့ မောင်တွန်။ သူစီစဥ်တာဆို တို့လည်း ကန့်ကွက်စရာ မမြင်ပါဘူး။ ဒါမဲ့ကွဲ့.. တိုင်းတစ်ပါးသားတို့နဲ့ အရေးတွေမှာတော့ သင်းကလေးဟာ တဆိတ် ရိုင်းပျ လွန်ကျူးနေတယ်ကွဲ့။ ဒါကို မင်းက ထိန်းရမယ်။ သင်းကို မြှောက်ပေးနေ.. ပိုဆိုးကုန်မယ်"
"ဟုတ်ပါတယ်.. မင်းကြီး၊ ကျုပ် မမြှောက်ပါဘူး။ ဘယ်အခံကြောင့် သူ သည်လို ဆက်ဆံနေတယ် ဆိုတာ မေးပါဦးမယ်။ ခုတော့ စီးပွားဖွံ့ဖြိုးဖို့ အရေးမှာ နှောင့်နှေးရပြန်ကော"
ထိုစဥ် အမြောက်ပစ်သံ ကြားရ၏ ။
"ဒိန်း"
"ဟော"
"ဘယ်သူပါလိမ့်"
နားစွင့်နေကြစဥ် နောက်တစ်ချက် ကြားရပြန်သည်။ တစ်ဦးက စကားစမည် ကြံခိုက် မင်းလှမင်းခေါင်က လက်ကာပြထား၏ ။ မကြာမီ နောက်တစ်ချက်။
"ဒိန်း" ............. .............. "ဒိန်း"
"အမြောက်ကြီး သုံးချက် ဆင့်ပစ်တာ ဆိုရင်တော့ မင်းထင်နော်ရထာပဲ ဖြစ်လိမ့်မယ်"
"ဖြစ်နိုင်တယ်။ မြစ်တွင်းကို ပစ်သလား၊ မွန်တွေ ကပ်လာလို့ ပစ်သလား မဆိုနိုင်ဘူး"
ကျော်ထင် သက်တော်ရှည်က
"ကျုပ်သိတယ်၊ အဲဒါ ဒဂုံမြစ်ထဲကို လှမ်းပစ်နေတာ။ မနေ့က ကောင်တွေဆီက သိရတာ ဒီနေ့ နောက်တစ်ဖွဲ့ လာလိမ့်ဦးမတဲ့။ ဒါကို အကပ်မခံဘဲ အဝေးက ဆီးဆော်နေတာ ဖြစ်မယ်"
ဗိုလ်တွန်ကြီး ပြုံးသွားသည်။ ဓားကို ကောက်ကိုင်၍ "ကျုပ်သွားကြည့်လိုက်မယ်" ဆိုကာ ထွက်သွား၏ ။ သူသွားမှ ဗိုလ်မင်းများထံက အသံအချို့ ပြန်ထွက်လာသည်။
"နောက်ထပ် အတွဲလိုက် ပစ်သံ ကြားရရင်တော့ လက်ျာဘီလူး မဟုတ်တော့ဘူး။ သူပဲ ဖြစ်ရမယ်ဗျ"
သူ့စကားကြောင့် အများက ပြုံးရယ်မိကြလေသည်။ တကယ်လည်း သန်လျက်စွန်းထိပ်မှ ဗိုလ်မှူး မင်းထင်နော်ရထာက မြစ်တွင်းရှိ သင်္ဘောတစ်စင်းကို လက်ညှိုးညွှန်ကာ ပစ်ခိုင်းနေခြင်း ဖြစ်၏ ။
မြစ်လယ်ရှိ ရွက်သင်္ဘောကြီးမှ လှေငယ်များ ချလျက် ဆင်းရန် ပြင်နေသူများမှာ သူတို့သင်္ဘောအနီးသို့ အမြောက်ဆံများ ကျလာသဖြင့် ကပျာကယာ ထွက်ခွာရန် ပြင်ဆင်ကြရတော့သည်။ သန်လျက်စွန်း ကျောက်များစီထားသည့် တာပေါ်သို့ မင်းလှမင်းခေါင် မြင်းနှင့်ရောက်လာပြီး ထီးဆောင်းထားသည့် လက်ျာဘီလူးထံ လှမ်းမေး၏ ။
"အဲဒါ ဘာကောင်တွေလဲဟိတ်"
"သင်္ဘောနဲ့ အလံ ကြည့်ရတာတော့ ဒတ်ချ်တွေလားပဲဗျို့၊ ရန်ကုန် ပိတ်ထားတယ် ဆိုတဲ့ သတင်း သင်းတို့ဆီ မရောက်လို့ ဖြစ်မှာ"
"အဲဒါနဲ့ပဲ အမြောက်နဲ့ ထုရောလားဟ"
"မဝင်ခင်က ထုထားမှ ဦးတွန်၊ သူတို့နဲ့ ပတ်သက်တိုင်း ရေရှည်မှာ ကောင်းတာ ဘာတစ်ခုမှ မရှိဘူး။ ကျွန်တော် လေ့လာမိသလောက် သူတို့တွေပဲ အမြတ်ထွက်သွားပြီး ဆက်ဆံမိတဲ့ နိုင်ငံတိုင်း အရှုံးနဲ့ ကျန်ခဲ့တာချည်းပဲ"
"ကောင်းတာတွေလည်း ရှိပါ့ ငစံရ၊ သင်းတို့ဆီက အမြောက် စိန် သေနတ် မြတံပူတွေ၊ နည်းပညာသစ်တွေ ရတာ မကောင်းဘူးလား"
"ဦးတွန်တို့က ရတာပဲ မြင်နေတာကိုး။ သူတို့ ပံ့ပိုးပေးတာက အချင်းချင်း သတ်ဖြတ်ကြမယ့် လက်နက်တွေ၊ သူတို့ ပြန်ယူတော့ နယ်မြေ၊ ပိုင်နက်၊ အုပ်စိုးခွင့်၊ ကုန်သွယ်ခွင့်နဲ့ တိုင်းပြည်ထွက် ရတနာတွေ၊ သယံဇာတတွေ၊ လှေဆောက်ဖို့ သစ်ကြီးတွေ အလုံးအရင်းနဲ့ ယူတာ။ ပြီးရင် တစ်နေရာစာ ခြေကုပ်ရသွားလို့ကတော့ တောင်ငူခေတ်က Syriam လို့ ခေါ်ကြတဲ့ သန်လျင်လို သူတို့ ကုန်သွယ်ရေးခံတပ်မြို့ကြီး ဖြစ်သွားရော။ အများကြီး ရှိပါသေးတယ်.. မဆက်ဆံတာ အကောင်းဆုံး"
လှည့်ပြန်သွားသော သင်္ဘောကြီးပေါ်မှ အမြောက်ကြီးများကို ငေးကြည့်နေရင်း လက်ျာဘီလူးက လက်ညှိုးညွှန်ပြသည်။
"မင်းကြီး မြင်လား၊ သူတို့ သင်္ဘောတစ်စီးမှာ စစ်အင်အား အလုံအလောက် ပါတာ"
"မြင်တယ်လေ၊ ကြေးစား စစ်သည်တွေ"
"ကုန်သွယ်ရေးအဖွဲ့ လို့ ဆိုတဲ့ သူတွေဆီက ကြေးစားစစ်သားတွေ လိုသလောက် ငှားရမ်းလို့ ရနိုင်ပြီး လက်နက်တွေလည်း စိတ်ကြိုက် ဝယ်ယူနိုင်တယ် ဆိုတာကို တစ်ခုခု မတွေးမိဘူးလားဗျ"
"ဟုတ်ပါပေ့၊ မင်းပြောမှ စဥ်းစားမိတယ်။ သူတို့အင်အား မနည်းလှပါလား။ တကယ်သာ ဝင်လာရင် ကြောက်စရာ ကောင်းအောင် ဒုက္ခပေးနိုင်တဲ့ သူတွေ ဖြစ်လာနိုင်တာပ"
"သူတို့ကတော့ သင်္ဘောတစ်စီးမှာ အမြောက် ၄ လက်ကနေ ၁၀ ကျော်အထိ ပါတာကို ပင်လယ်ဓားပြ ကြောက်လို့ပါ အကြောင်းပြသတဲ့။ တကယ်တမ်း ဝယ်မယ်ဆိုတော့ ဘယ်လောက်လိုချင်လဲ ပြောတဲ့။ ဒါကို ကျွန်တော်တို့သခင်လည်း မတွေးမိဘဲ နေမှာ မဟုတ်ဘူး။ ဒါ့ကြောင့် အကန့်အသတ်နဲ့ ထားပြီး လိုသလောက်ပဲ ကုမ္ပဏီတွေ ခွဲဝယ်နေတာ ဖြစ်မှာပဲ"
"စိတ်ဝင်စားစရာတော့ ကောင်းသားပဲ၊ မင့်အမြင်ကရော ငစံငယ်"
လက်ျာဘီလူးက တာဘောင် အနောက်သို့ ပြန်လျှောက်လာပြီး
"သင်းတို့ ကုမ္ပဏီ ဆိုတာတွေက တကယ်တမ်း စစ်တပ်တွေ ဝင်လာနေတာပဲ။ လိုသလောက် ထပ်ပို့လာမယ့် ရှေ့တော်ပြေး ကင်းထောက်တပ်တွေလို့ စဥ်းစားကြည့်၊ နောက်တပ်မကြီးတွေ ဘယ်လောက် များနိုင်မလဲ။ လိုသလောက် ငှားရမ်းလို့ရတဲ့ စစ်သားတွေနဲ့ ခေတ်မီစစ်လက်နက်အပြည့်အစုံ ရှိနေတဲ့ သူတွေ ဘာလုပ်နိုင်မလဲ"
"ငါတောင် ကြောက်ချင်လာသဟေ့.. ဟဟ"
"ဒီကောင်တွေ စကတည်းက ယဥ်သဗျ၊ အစက မင်းတရားရွှေထီးကို အောက်ကျို့ဝင် ချက်ပြုတ် ကြော်လှော်ကျွေးပြီး သေရည်နဲ့ ဖျက်ဆီးတယ်။ ပြီးရင် လိုသလို ချယ်လှယ်ကြရော။ နောက်ပိုင်း ဝင်လာကြတော့ နန်းတွင်းထဲ ဖိနပ်စီးခွင့် တောင်းတာ ကြည့်၊ အရေးများ ပေးမိရင် အခု မခစားနိုင်ပါဘူး ဆိုတဲ့ ကောင်တွေက ရှင်ဘုရင်ကိုပါ မောက်မာရိုင်းပျ ဆက်ဆံလိမ့်မယ်"
"ဒါတော့ ဟုတ်သဟေ့"
"ပြီးရင် အခြား တိုင်းရင်းသား လူမျိုးတွေလို မဟုတ်ဘူး၊ ပေကပ်ကပ်နဲ့ အလွန် ညစ်တာ။ အပိုင်ချည်တတ်တဲ့ နေရာလည်း သူတို့အပြင် မရှိ၊ ပရိယာယ်မှာ မွန်ထက် သာတယ်။ အကောက်မှာ ကုလားထက် ဉာဏ်များတယ်။ အကြိုက်ပေး ပေါင်းရင် သိနေတဲ့ ကျွန်တော်တောင် မခံနိုင်လောက်ဘူး။ ဒါ့ကြောင့် ကိုယ်လုပ်နိုင်တုန်း လုပ်ပိုင်တုန်းမှာ ရသလောက် တားထားတာပဲ ဦးတွန်၊ ရေရှည်တော့ မရပါဘူး။ ကျွန်တော့်ဘက်မှာ ကျွန်တော်တစ်ယောက်တည်း ရှိတယ်"
"ဟ ကောင်ရ၊ ငါ့ကို ထည့်မတွက်ဘူးပေါ့"
"ဦးတွန်က မင်းတရားဘက်ကပဲ။ ကျွန်တော့်ဘက်က ဝင်ငြင်းပေးမှာတဲ့လား"
"အေးဟေးဟေး.. ဟုတ်သဟ။ ကဲ.. သည်တော့ မျက်နှာဖြူတွေ အင်အားမစုမိအောင် မင်း ဘယ်လိုလုပ်မယ် စိတ်ကူးသလဲ"
"အကုန်လုံးကို ရေပိုင်နက်ထဲက အပြီးအပိုင် မောင်းထုတ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် ကျွန်တော်တို့မှာ စစ်မျက်နှာ သုံးဘက် ရှိတယ်။ ရာမညတိုင်းဘက်ပဲ အားလုံးလှည့်နေတယ်။ အခု ကျွန်တော့်ပိုင်နက်က ရန်ကုန်မြစ်ဝကလေးပဲ။ ပြီးတော့ လက်ရှိ အခိုက်အတန့်လေးပဲ လုပ်နိုင်တာ။ သုရှင် ပြန်ကြွလာရင် အတိုင်ခံရမှာ ရှိသေးတယ်။ ဆိုတော့.. ဘာမှ မလုပ်နိုင်ဘူး ဆိုပါတော့"
"ဘာမှ မလုပ်နိုင်ဘူး ဆိုတာက ဝါးရင်းတုတ်နဲ့ရိုက် အမြောက်နဲ့ ဆော်တာမျိုးလား ငစံ"
"အဲဒါက မလုပ်နိုင်လို့ စိတ်နာနာနဲ့ ရမ်းနေတာဗျ၊ ပြီးရင် မကြာဘူး အမိန့်တော် ကျလာတော့မှာ။ သောင်းကျန်း ရမ်းကားသူ မင်းထင်နော်ရထာအား ရာထူးအဆောင်အယောင် သိမ်းလျက် အကျဥ်းထားစေ၊ နယ်နှင်စေ.. ဘာညာ"
သူ့စကားသူ သဘောကျလျက် လက်ျာဘီလူး ဟက်ခနဲ ရယ်လိုက်သည်။ ဗိုလ်တွန် မရယ်နိုင်၊ ပြုံးရုံသာ ပြုံးပြီး အားပေးသည့် အနေဖြင့် ပခုံးပုတ်လိုက်၏ ။
"နယ်နှင်တော့လည်း အနားရတာပ မောင်ရာ"
"အဲဒါဆိုရင်တော့ ကမ္ဘောဇတိုင်းကို တန်းပြေးမှာဗျ"
'ဟေ.. ဘာလို့' ဟူသော အမေးကို မဖြေဘဲ မျက်စိမှိတ်ပြသွားသည့် လက်ျာဘီလူး၏ ဟန်မှာ ခက်ထန်မှုများ မရှိတော့ဘဲ ကလေးတစ်ယောက် ပျော်ရွှင်ကြည်နူးနေသည်သို့။
No comments:
Post a Comment