Translate

နန်းစဉ်ရွှေဓား ယိမ်းနွဲ့ပါး ( ၇ )

မည်သို့မျှ မျှော်လင့်မထားဘဲ ဒဂုံသို့ ရောက်ခဲ့ရသည့်အတွက် မိစောမွန် ကိုယ့်ကိုယ်ကိုယ် မယုံနိုင်။ မထင်မှတ်ဖွယ် အလှည့်အပြောင်း ဖြစ်ခဲ့ရသည်မှာ အိမ်ရှေ့စံကိုယ်တော်ဘုရားနှင့် ညစာစားပွဲမှ စခဲ့၏ ။ နှံ့စပ် သိတတ်လှသော မဟာဥပရာဇာက ယိမ်းနွဲ့ပါးဓားကို လိုချင်သည် ဆိုမိရာ ဗညားအရိန္ဒမက အလုပ်အကျွေး ပြုနေသော မိစောမွန်ကို မြင်ကာ အကြံရသွားခဲ့ခြင်း ဖြစ်သည်။

စောခံခက်၏ အဆိုအရ ယိမ်းနွဲ့ပါး ဓားရှင် မင်းလှမင်းခေါင်ရော၊ အိမ်ရှေ့မင်း ဥပရာဇာ လိုချင်သည့် မင်းထင်နော်ရထာ ဟူသော တပ်မှူးပါ ဒဂုံမြို့စောင့် ကျန်ရစ်ခဲ့ကြပြီး ရွှေဘိုမင်းနှင့် မိဖုရား သားတော် သူရဲများ ရတနာသိင်္ဃသို့ ပြန်သွားကြသည် ဟူ၏ ။
ထိုအခါ ဗညားအရိန္ဒမက အရှင်အိမ်ရှေ့မင်း လိုသော် နည်းရှိသည် ဟု လျှောက်လျက် မိစောမွန်ကို ပွဲထုတ်လေတော့သည်။ မိစောမွန်လည်း စောခံခက်၏ ဗိုလ်ကို လက်သုံးချောင်းခန့် အလွယ်တကူ ချိုးပြလိုက်ရာ ဥပရာဇာ အလွန်သဘောကျတော်မူ၍ ဆုလာဘ်ချီးမြှင့်ပြီး အထူးတာဝန်တစ်ရပ် ပေးအပ်လိုက်ကြ၏ ။
ယခု မိစောမွန် ရောက်နေသော နေရာမှာ နှယ်နှယ်ရရ မဟုတ်၊ အစွမ်းဆုံး လူကြမ်းကြီး မင်းလှမင်းခေါင်၏ စံအိမ်ကြီး၌ ဖြစ်သည်။ အခွင့်သာလျင် ယိမ်းနွဲ့ပါ ဓားကို ယူ၍ ပြန်ရမည်။ အခွင့်ရလျင် မင်းထင်နော်ရထာ ဆိုသည့် သူရဲကို ဖမ်းဆီးနိုင်ရန် ကူညီရမည်။ အခွင့်ပေးလာပါက မင်းလှမင်းခေါင်ကို လုပ်ကြံရမည်အထိ တာဝန်ကြီး၏ ။
သို့သော် မရမနေကား မဟုတ်၊ မြန်မာတို့၏ ကြံရည်ဖန်ရည် အစွမ်းသတ္တိတို့ကို သိပြီးဖြစ်ရကား မရလျင်လည်း ရှိစေ ဟု မဟာဥပရာဇာ ကိုယ်တော်ကြီးက အမှာတော်ရှိခဲ့သည်။ မိစောမွန်အဖို့တော့ ပေးအပ်သမျှ တာဝန်ကို အစွမ်းကုန်ထုတ် ကျေပွန်ပြလိုက်ချင်သည်သာ။ ထို့ကြောင့် မိပုလဲ အမည်ဖြင့် စားဖိုဆောင်အကူအဖြစ် ဝင်လာခဲ့ခြင်းဖြစ်၏ ။
ရောက်သောနေ့ပင် ဗိုလ်မှူးကြီး မင်းလှမင်းခေါင်နှင့် တိုးခဲ့ရသည်။ သို့သော် ဗိုလ်မှူးကြီးက တစ်ချက်သာ စူးစမ်းဟန် ကြည့်လျက် အလေးမမူ၊ ဂရုမစိုက်ချေ။ သာမန် ကျေးတောသူ မွန်လူမျိုး အစေခံသစ်တစ်ဦးဟုသာ မြင်ပုံရသည်။ မိစောမွန်လည်း သူ့ကို ဤအိမ်ကြီးသို့ ဝင်နိုင်ရန် ကူညီသူ ဦးပိုက်ထော၏ စောင်မမှုဖြင့် တတိယထပ်အား ရှင်းလင်းသုတ်သင်ရန်နှင့် ဘုရားစင်ထား ဝတ်ပြုခွင့် ရရှိခဲ့လေသည်။
ထို့ကြောင့် အချိန်အားသည်နှင့် တံမြက်စည်းတစ်ချောင်း ကိုင်လျက် အမြင့်သို့တက်ကာ အခြေအနေအရပ်ရပ်ကို သုံးသပ်လေ့လာခွင့် ရလာသည်။ မင်းလှမင်းခေါင်သည် အိမ်တွင် နေသည်ထက် လှည့်လည်နေရသည်ကို ပျော်၏ ။ သူ့ထံ လာလိမ့်မည်ဟု ဦးပိုက်ထော ပြောဖူးသော ဗိုလ်မှူး မင်းထင်နော်ရထာကိုမူ မမြင်ရသေး။
သူ မြင်မိသည်မှာ မင်းထင်နော်ရထာ နေသည်ဆိုသော အိမ်ရှေ့ခြံကြီးအတွင်းမှ နံနက်စောစောတိုင်း မြင်းနီကြီးတစ်စ်ီးနှင့် ဆော့ကစားနေတတ်သည့် ဗိုလ်တစ်ဦး ဖြစ်သည်။ မြင်းကြီးက မြင်းရိုင်းကဲ့သို့ လည်ဆံဖြူ တဖွားဖွား ကျော့ကျော့မော့မော့ ရှိပြီး လူကလည်း ကျေးတောသားကဲ့သို့ ဆံစဖားလျားနှင့် ဖျတ်လတ်သန်မာ၏ ။
အခြားမြန်မာများ အားလုံးက သျှောင်ကို ထုံးလျက်၊ ပတ်ပေါင်း ပေါင်းလျက်၊ ခမောက်ဦးထုပ်ဆောင်းလျက် သပ်ရပ်စွာ ဝတ်စားဆင်ယင်ကြသော်လည်း ထိုသူမှာမူ အင်္ကျီရင်ကွဲ၊ အောက်ခံဘောင်းတိုပေါ်အောင် ခါးဝတ်ကျိုက်လျက် မြင်းကို အမျိုးမျိုး ကစားနေတတ်သည်။ သို့သော် နံနက်စောစော တစ်ချိန်သာ မြင်ရပြီးနောက် တစ်နေကုန် မတွေ့ရတော့။
နောက်ထပ် သတိထားမိသည်မှာ ဥယျာဉ်တော်မှူး မောင်ဖြူ ဖြစ်၏ ။ လူပုံလှလှ၊ ချောချောဖြောင့်ဖြောင့်၊ ရိုးသားအေးဆေးပုံ ပေါ်ပြီး အနောက်တိုင်းသားမျက်နှာပေါက်မျိုး ရှိသူ။ နေရောင်အောက် အမြဲနေရသော်လည်း ဖြူဝင်းသော အသားအရေကြောင့် ထင်ရှားနေပြီး လူချစ်လူခင် ပေါလှသူလည်း ဖြစ်သည်။
ထို မောင်ဖြူက သူ့အနားဝန်းကျင်မှ မိန်းမပျိုများထက် မိစောမွန်ကိုသာ ဂရုတစိုက် ကြည့်နေတတ်သူ၊ အခွင့်ကြုံသည်နှင့် စကားစမြည် ပြောဆို နှုတ်ဆက်ရန် ကြိုးစားတတ်၏ ။ မမြင်ရလျင် အိမ်တော်တွင်းသို့ မျှော်ကြည့် ချောင်းနေတတ်ကြောင်း အခြားသူများ စနောက်သဖြင့် သိရပြီးဖြစ်သည်။
သို့သော် မိစောမွန် စိတ်ဝင်စားမိသူမှာ နောက်တစ်ဦး ဖြစ်နေပြန်သည်။ ထိုသူကိုတော့ ပုံမှန် အတည်တကျ မမြင်ရ။ မိစောမွန် ညနေစောင်း ရေခပ်ချိန် လူသူကင်းရှင်း တိတ်ဆိတ်သည့် ချောင်းကမ်းနား ညောင်ညိုပင်ကြီး၏ မြစ်ပျဉ်းကြီးများပေါ် ထိုင်ကာ ငေးငိုင်နေတတ်သူတစ်ဦး။
သူ့ကိုမူ တစ်ခြား နှစ်ရက်ခြား ဆိုသလိုသာ မြင်တွေ့ရတတ်သည်။ ကျစ်လျစ်တောင့်တင်းသော ကိုယ်၊ ယဉ်ကျေးဖွယ်ရာ မျက်နှာနှင့် မွန်အမျိုးသားအဆွေးသမား လုလင်ငယ် ဖြစ်ပုံရ၏ ။ သူ့ကိုမြင်လျင် မိစောမွန် ရယ်ချင်သလို ပြုံးချင်သလို ရှိသည်။ သူကတော့ မိစောမွန်နှင့် ဆုံတိုင်း တစ်ကြိမ်သာ ဖျတ်ခနဲ ကြည့်တတ်ပြီး နောက်ထပ် မျက်နှာမလှည့်တော့။ ထိုအခါ ယောက်ျားပီသသော သူ့ရုပ်ရည်ကို မိစောမွန် သေချာကြည့်ရှု ဆန်းစစ်နိုင်၏ ။
ငဖြူက မိစောမွန်ကို မိတ်ဖွဲ့ချင်သလောက် မိစောမွန်က ထိုတစ်ယောက်ကို နှုတ်ဆက်စကား ဆိုချင်နေသည်။ အဘယ့်ကြောင့် လူသူဆိတ်သုဉ်းရာအရပ်ကိုမှ သဘောကျနေသည်ကို မေးမြန်းလိုသည်။ လုလင်၏ အသံနှင့် ပြောပုံဆိုပေါက် မည်သို့ရှိမည်ကိုလည်း သိချင်မိပြန်သည်။
ဒဂုံရောက်ပြီး တစ်ပတ်ကျော် ကြာသည်အထိ မင်းလှမင်းခေါင်၏ အလစ်အငိုက်ကို မရသေး။ အိပ်ခန်းဆောင်ကိုလည်း ဝင်ခွင့်မရသဖြင့် ဓား မည်သည့်နေရာ ထားသနည်း ဆိုသည်ပင် မသိရ။ ဗိုလ်တွန်သည် ထွက်လာသည်နှင့် ဓားကို ဆွဲကိုင်ထားပြီး လက်မှမချ၊ ခါးမှ မချွတ်။ ည အိပ်ဆောင်ထဲ ဝင်သည်အထိ ဖြစ်၏ ။
ထိုရက်ထဲ၌ ဗိုလ်မှူး မင်းထင်နော်ရထာ လာသွားသည်ဟု သိရသည်။ စားဖိုဆောင် ကူနေရသည်ဖြစ်၍ မိစောမွန် မတွေ့လိုက်။ အဆိုပါဗိုလ်ကား မင်းလှမင်းခေါင်ကဲ့သို့ မဟုတ်။ ချစ်ခင်သူ များသလို မုန်းသူလည်း များလှသတဲ့။ သူ့အား ချစ်သူရော မုန်းသူတိုင်းကပါ ကြောက်လန့်ကြရသတဲ့။
အခြား ထူးခြားချက် များစွာလည်း ကြားနေရသေးသည်။ ဗိုလ်မှူးကြီးလောက် ကြောက်ရသလား ဆိုတော့ မဟုတ်ပြန်၊ သူ့လောက်တော့ ကြောက်စရာ မဟုတ်ဘူးပေါ့ ဆိုပြန်တော့ သူ့ထက် ကြောက်စရာကောင်းပြန်သတဲ့။ အထူးသဖြင့် စိတ်အမှန်မရှိ ထင်ရာစိုင်းတတ်ချိန် မည်မျှ ရက်စက်မည်ကို ခန့်မှန်းမရတတ် ဆို၏ ။
မိမိ တာဝန်များ အလွန်ခက်ခဲလိမ့်မည် ထင်ခဲ့သော်လည်း ယခုမှ ထင်သည်ထက် ခက်နိုင်ကြောင်း သိလာရသည်။ သူ့အရည်အချင်းများနှင့်ဆိုလျင် မြန်မာဗိုလ်တစ်ဦးကို အနိုင်သတ်နိုင်သည် ထင်ခဲ့ရာ ဗိုလ်မှူးကြီးကို လုပ်ကြံရန်ဝေးစွ၊ မြင်သည်နှင့် ရှိန်နေရပြီး မော်မကြည့်ဝံ့။ မင်းလှမင်းခေါင်သည် အစေအပါး မည်သူ့ကိုမှ ပြစ်တင်မောင်းမဲခြင်း မပြုဖူးသော်လည်း အားလုံးက ကြောက်နေကြ၏ ။
သူတို့ ကျေးကျွန်များသာမက ရောက်လာသမျှ ဗိုလ်မင်း တပ်မင်းအားလုံးလည်း အလွန်ကြောက်ရွံ့ ရိုသေကြသည်ကို တွေ့ရသည်။ သူတို့ ရှင်ဘုရင်ထက်ပင် ကြောက်ကြသေးသော ဟူ၏ ။ မင်းလှမင်းခေါင်ကို မကြောက်သူမှာ သေနတ်ဝန်နှင့် မင်းထင်နော်ရထာသာ ရှိသည်ဟု သိရသည်။
လမ်းတစ်ဘက်ရှိ မြက်ခင်းပြင်ကျယ်နှင့် နှစ်ဆောင်ပြိုင်အိမ်ကြီးမှာ ဗိုလ်မှူး မင်းထင်နော်ရထာ နေထိုင်သည် ဆို၍ မိစောမွန် သတိထား ကြည့်တတ်သည်။ သို့ရာတွင် လူအဝင်အထွက် များလွန်း၍ မည်သူက မင်းထင်နော်ရထာမှန်းမသိ ဖြစ်နေရ၏ ။ ပုံမှန် ဝင်ထွက်တတ်သူများတွင် ထီးတော်မိုးများ၊ နောက်ပါအများနှင့် ထွက်လာတတ်သော စစ်သူကြီးဝတ်စုံနှင့် လူမှာ မင်းထင်နော်ရထာ ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိသည်။ အနီးကပ်တော့ မမြင်ဖူးသေး။
တစ်ရက်တွင်တော့ သူ့ဆန္ဒတစ်ခု ပြည့်ဝရန် ဖြစ်လာခဲ့သည်။ အာလူးများ ထောင်းနေစဉ် ဦးပိုက်ထောက မြင်းစာတောင်း သွားယူချေဟု တကူးတက လာခိုင်းနေသဖြင့် မိစောမွန် နောက်ဖေးပေါက်မှ ထွက်ကာ အိမ်အောက်မှ ပတ်လာခဲ့၏ ။ လှေကားမှ ဖိနပ်သံများနှင့်အတူ ဗိုလ်မင်းများ ဆင်းလာကြရာ မင်းထင်နော်ရထာ ပါလိမ့်မည်ဟု အတပ်သိလိုက်လေပြီ။
အမှန်ပင် ရှေ့ဆုံးမှ ဆင်းလာသူမှာ မင်းထင်နော်ရထာ ဖြစ်ပေမည်။ ခန့်ညားလှသော စစ်ဝတ်စုံ ဆင်ယင်ထားပြီး သူ့နောက်မှ မင်းလှမင်းခေါင်ကြီး ကပ်ပါသွား၏ ။ သူတို့ စကားပြောဆို ဆွေးနွေးလျက် မြင်းများစုဝေးချည်ထားရာ သွားသည့်နောက်သို့ အခြားဗိုလ် ၅ ဦးခန့်လည်း လိုက်ပါသွားကြသည်ကို တွေ့ရသည်။
ရုတ်တရက် သူတို့ကို ငေးလာသော ငဖြူသည် မြေစာတောင်း ထမ်းထားရင်းမှ သူ့ခြေသူ ချိတ်မိကာ လဲလေသည်။ မြေစာတောင်းလည်း ဘုန်းခနဲ ပြန့်ကျဲလွင့်စင်ကျ၏ ။ သူ လဲသွားသည်မှာ နောက်ဆုံးမှ လိုက်ပါလာသူ ဗိုလ်တစ်ဦး၏ အနောက်တွင် ဖြစ်ရာ ထိုဗိုလ်သည် လဲပြိုသံနှင့်အတူ စွေ့ခနဲ ခုန်ထွက်သွားပြီး လေထဲ၌ပင် ခါးမှဓားကို ဆွဲထုတ်ကာ ငဖြူအား ခုတ်ရန် ပြင်ပြီး ဖြစ်နေသည်။
ငဖြူက လဲနေရာမှ မော့ကြည့်ပြီး ကြောက်လန့်တကြား လက်ကာထားသည်။ မြန်မာဗိုလ်ကလည်း ခုတ်မည် ရွယ်ထားပြီးမှ ငဖြူကို ငုံ့ကြည့်နေ၏ ။ အသံကြားသည်နှင့် နေရာတွင် မရှိတော့ဘဲ ဘေးသို့ ခုန်ရှောင်ကာ ချက်ချင်းတုံ့ပြန်တတ်သော မြန်မာအရာရှိတစ်ဦး၏ စွမ်းရည်အား ပထမဆုံးအဖြစ် မိစောမွန် မြင်လိုက်ရခြင်းတည်း။ အရိပ်ကဲ့သို့ လျင်မြန်ပြီး ရန်သူ၏ ရှေ့မှ အနောက်နားသို့ ရောက်သည်အထိ ခုန်ထွက်သွားသော အကွာအဝေးမှာ အံ့သြစရာ။
ရှေ့ဆုံးမှ ဗိုလ်မှူးနှစ်ဦးတို့လည်း လှည့်လာကြပြီး အဖြစ်သနစ်ကို မြင်သောအခါ ရယ်သွမ်းသွေးကြ၏ ။ နှုတ်ခမ်းမွေးကျင်စွယ်နှင့် မင်းထင်နော်ရထာဟု ယူဆရသည့် ဗိုလ်မင်းက ဓားကိုင်ထားသည့် ဗိုလ်အား
"ငစံကတော့ ခုတ်မယ် ထစ်မယ် ဆိုတာချည်းပဲဟေ့"
ဟု ပြောလိုက်မှ မိစောမွန်အား ကျောပေးထားသူက ဓားကို အိမ်ထဲသို့ ပြန်သိမ်းသည်။ သူ့ဓားသည် အရောင်အဆင်းမရှိ အလွန်မွဲတေကြောင်းကို သတိထားမိလိုက်သည်။ လျင်မြန်ဖျတ်လတ်သည့် မြန်မာအရာရှိ၏ မျက်နှာကိုမူ မမြင်လိုက်ရ။ မင်းထင်နော်ရထာကို ဖမ်းလိုလျင် သည်လိုလူများကို ရှောင်ရှားရမှာပါလားဟု မိစောမွန် မှတ်ချက်ချလိုက်၏ ။

Written by သင်္ခရာဇာ
End date: September 11, 2021

No comments:

Post a Comment

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...