မိစောမွန်သည် မွန်ဆင်းရဲသူမတစ်ဦး၏ အလယ်အလတ်သမီး ဖြစ်ပြီး ဖခင်မှာ ပန်းပဲဆရာတစ်ဦး ဖြစ်၏ ။ သူငယ်ရွယ်စဉ်ကပင် မိဘနှစ်ပါး ကွဲခဲ့၍ မိခင်သည် သူရင်းငှားအလုပ်ဖြင့် သားသမီးသုံးယောက်ကို အပန်းတကြီး ရှာဖွေကျွေးမွေးခဲ့ရသည်။ အလွန်ဆင်းရဲလှသဖြင့် မိစောမွန်အား မွန်ဗိုလ်တစ်ဦးထံ အလုပ်အကျွေးပြုရန် ထည့်လိုက်ရရှာသည်။ မဖြူမညို ချစ်စဖွယ် ရုပ်ရည်ရှိသော မိစောမွန်ကလေးအား မြင်သူတိုင်းက ချစ်ခင်ခဲ့ကြ၍ တစ်ဆင့် တစ်ဆင့်နှင့် ယခုအခါ ဗိုလ်မှူး ဗညားအရိန္ဒမ၏ အိမ်တော်သို့ပင် ရောက်ရှိနေသည်။
ဗညားအရိန္ဒမကလည်း သွက်လက်ချက်ချာသော မိစောမွန်အား အိမ်စေအလုပ်များ အချိန်ပြည့် မခိုင်းဘဲ ဓားရေးလှံရေးနှင့် တိုက်ခိုက်ရေး အတတ်များ လေ့လာသင်ကြားစေ၏ ။ လျှို့ဝှက်စစ်ဆင်ခြင်းနှင့် သုတ်သင်ရေးတို့၌ လွန်စွာ ကျွမ်းကျင်လာခဲ့သည်အထိ တစိုက်မတ်မတ် လိုက်စားစေခဲ့သည်။
အိမ်ကျွန် မဖြစ်လိုသော မိစောမွန်ကလည်း ကြိုးစား၏ ။ လူပုံ ပါးပါးလှပ်လှပ်၊ ပြုံးတုံ့ မပြုံးတုံ့ နေတတ်သော မိန်းမငယ်လေးတစ်ယောက်ဟု အထင်သေး နှောင့်ယှက်မိပါက အံ့သြချိန်ပင် မရလိုက်ဘဲ သိစိတ်နှင့် အဆက်ပြတ်သွားရအောင် လုပ်နိုင်ခြင်းသည် မိစောမွန်၏ ထင်ရှားသော အရည်အချင်း ဖြစ်လာသည်။
၄ကို မင်းကြီး ဗညားအရိန္ဒမကလည်း သဘောကျ၏ ။ အားလပ်ချိန်များတွင် မိစောမွန်နှင့် အိမ်တော်စောင့် ရဲမက်များ တိုက်ခိုက်ကြစေ၍ သူလက်သပ်မွေးမြူထားသည့် သူငယ်မကလေး နိုင်လျင် လက်ပန်းပေါက်ခတ် ဂုဏ်ယူလေ့ ရှိသလို ကျရှုံးသော စစ်သည်တို့ကိုလည်း မခံချင်အောင် နောက်ပြောင်လေ့ ရှိတတ်သည်။
သဘောဖြူသော မိစောမွန်ကတော့ မိမိအား ရှုံးနိမ့်သူတို့ကို အပြုံးဖြင့် နှုတ်ဆက်ခြင်း ပြုတတ်၏ ။ အခြားအချိန်များ၌ ကျိုးနွံစွာ နေတတ်ပြီး အိမ်အလုပ်တို့ကို ကူညီနေသလောက် သူ့ကို ထိပါးလာလျင်မူ ဖျတ်လတ်စွာ တုံ့ပြန်လေ့ ရှိရာ မည်မျှ လက်လွန်သွားသည် ဖြစ်စေ ဗညားအရိန္ဒမက အပြစ်မယူ၊ အိမ်တော်ပြင်ပမှ မင်းချင်းတစ်ယောက်ဆိုလျင် စနောက်မိရာမှ ခိုက်ရန်ဖြစ်ပွားပြီး အသက်ဆုံးရှုံးရဖူး၏ ။
သို့သော် ဗိုလ်မှူးကြီး ဗညားအရိန္ဒမ၏ အကာအကွယ်ပေးမှုကြောင့် ယခုအထိတော့ မိစောမွန် ပြုသမျှ အရေးယူခြင်း မခံရသေး။ မိစောမွန်ကလေးမှာ အိမ်စေတစ်ပိုင်း စစ်သည်တစ်ပိုင်း ဘဝဖြင့် ကြီးပြင်းလာခဲ့လေသည်။
တစ်ရက်တွင် ဗညားအရိန္ဒမ၏ အိမ်၌ စားသောက်ပွဲကြီး ကျင်းပ၏ ။ အိမ်ရှေ့မင်း ဗညားဥပရာဇာ၊ ဗညားဒလ၊ ဆေးငယ်ဗိုလ်၊ စောခံခက် စသူတို့ ကြွရောက်လာကြသည်။ ယခုကဲ့သို့ ဗိုလ်မှူး တပ်မှူးများ အစုံအလင် ဆုံတွေ့ခဲသဖြင့် စကားစမြည် ပြောမဆုံးနိုင်အောင် ရှိနေကြသည်။
မိစောမွန်သည် ဆေးငယ်ဗိုလ်၏ အနီးဝယ် အလုပ်အကျွေး ပြုနေရသည်။ ထို့ကြောင့် ဗိုလ်မင်းများ အတွေ့အကြုံ ဖလှယ်ကြသည့် အကြောင်းများအားလုံးကို ကြားသိနေ၏ ။ ယခင်ကလည်း ဤသို့ပင် ကြားရမြဲ၊ သူကလည်း စိတ်ဝင်စားစွာ နားစွင့်တတ်မြဲ။ တစ်ချိန်ချိန်၌ မိမိနှင့် သက်ဆိုင်လာနိုင်သည် အမှတ်ဖြင့် လေ့လာထားခြင်း ဖြစ်သည်။
အထက်ပိုင်းမှ ဗမာများနှင့် တိုက်ပွဲများ၊ အောက်ပြည်အောက်ရွာကို ကျူးကျော် ထိပါးလာသည့် ရှမ်းများနှင့် ပွဲများအကြောင်း မကြာခဏ ကြားရဖူး၏ ။ မိစောမွန်က ယိုးဒယားရှမ်းများကို ပို၍ တိုက်ခိုက်ချင်သော်လည်း မြန်မာတပ်များနှင့်အကြောင်းကို ပိုစိတ်ဝင်စားမိသည်။ မိမိတို့မှာ မြန်မာများနှင့် တိုက်တိုင်း အရေးမရတတ်၊ သို့ရာတွင် ထူးခြားဆန်းကျယ်သည့် အဖြစ်အပျက်များ ပါတတ်၍ လူငယ်ပီပီ နားစိုက်နေတတ်၏ ။
အင်းဝကို သိမ်းခဲ့ဖူးသော ဗိုလ်မှူးချုပ် အရိန္ဒမထံမှ အကြောင်းအရာတို့ကိုမူ အများစု သိပြီး ဖြစ်သည်။ ယခု မဟာဥပရာဇာ ပြောနေသော ကိစ္စကိုမူ မကြားဖူးသေး။ ထိုသူ၏ အမည်ကိုပင် တစ်ကြိမ်တစ်ခါမျှ ကြားခဲ့ဖူးခြင်း မရှိချေ။
"အရှင် ဥပရာဇာ ပြောတဲ့ အဲသည် လက်ျာဘီလူး ဆိုတဲ့ သူရဲက သူတို့တပ်တွေရဲ့ ရှေ့ဆုံးကနေ မွှေနေတာ ကြာပြီဗျ။ မုဆိုးချုံဗိုလ်က ကပ်မရတာ တစ်မျိုး၊ သူက အတင်းဝင်ကပ်တတ်တာက တစ်မျိုး။ အလွန် စိတ်အနှောင့်အယှက် ပေးတဲ့ နှစ်ယောက်ပဲ"
ရှေ့တန်းခံတပ်များကို တာဝန်ယူ ရပ်ခံရလေ့ ရှိသော ဆေးငယ်ဗိုလ်၏ စကားကို အခြားသူများ အာရုံမဝင်စားလှသော်လည်း မဟာဥပရာဇာကတော့ အထူး အလေးထားဟန်ဖြင့် မှီထားသည့် ခုံမှ ကျောကြွလျက်
"မောင်မင်းတို့က ကပ်မရသူကိုမှ ရချင်နေကြပြီး အတင်းဝင်ကပ်သူကိုကျ ဝိုင်းပိတ် မဖမ်းချင်ကြလို့လား"
"အို.. ငတွန်တစ်ယောက်ကိုသာ လိုတာတော့ မဟုတ်ပါဘူး။ ရရင် အကုန် သတ်ညှစ်ပစ်မှာပါပဲ။ သို့ပေမဲ့ ကျွန်ုပ်တို့က ကပ်ရတယ် မရှိလှဘဲ သူက ပြေးကပ်လာပြီး တပ်ကို ပေါက်ထွက်သွားတဲ့အထိ ဘီလူးသရဲစီး ဝင်လာကြတာဗျ။ လက်ျာဘီလူးဆိုတဲ့ကောင် အဆိုးဆုံး"
ဗညားဒလက ကြားဖြတ်ကာ
"နေကြပါဦး၊ မင်းတို့ ပြောနေကြတာ ဘယ်သူလဲ"
"ဗိုလ်တစ်ဦးပဲ၊ သူ့လူတွေက တပ်မှူးလို့ ခေါ်ကြပေမယ့် တကယ်တမ်း ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးလို့ သိရတယ်။ မြန်မာတပ်တွေရဲ့ ရှေ့ဆုံး တပ်ဦးထိပ်မှာ အမြဲပါတတ်တယ်။ သူပါရင်လည်း သိသာတယ်။ မရပ်မဆိုင်းနဲ့ ရှေ့တပ်ကို မမြင်သလို ကျော်ခွနင်းသွားတာချည်းပဲ"
"ဘာလဲဟ၊ မောင်မင်းက အနင်းခံနေသလား"
"ဘယ်နေပါ့မလဲ မင်းကြီးရာ၊ ဆီးပစ်တာပေါ့။ သူတို့က ရှောင်တခင် ရောက်လာပြီး သေနတ်တစ်ချက် ဖောက်ပြီးရင်ကို ဝေါခနဲ ပြိုဆင်းလာတာမျိုး။ ဝင်လာပုံလည်း မထပ်ဘူး၊ မှန်းလို့မရဘူးဗျ။ ပစ်မှာကိုတောင် ကြိုသိနေကြပြီး ကျွန်ုပ်တို့ ပြောင်းအမြောက် ပစ်ဖောက်ချိန်မှာ အချိန်ကိုက် ဝပ်နေလိုက်ကြတာက ပါသေး"
ဗညား ဥပရာဇာ သဘောကျလျက် ရယ်နေသည်။ မိစောမွန်လည်း သေရည်တကောင်းကို ကိုင်ထားရင်းမှ ဆေးငယ်ဗိုလ်၏ နောက်တစောင်း၌ အမေ့အလျော့ ရပ်နေမိ၏ ။ ဥပရာဇာက
"မောင်မင်းက သည်လောက် ခံနေရတာကို မသိသေးဘူးလား၊ အဲဒါ သာမန်သူရဲမှ မဟုတ်ဘဲဗျ။ ငတွန်တို့နဲ့ တန်းတူ အဆင့်မြင့် ဗိုလ်မှူးကြီးတစ်ဦးပဲ၊ အရွယ်ငယ်နေလို့ တပ်မှူးလောက် ထင်နေ မဟုတ်လား"
"မှန်ပါ့ အရှင်၊ ငတွန်လို ထိပ်တန်းခေါင်းဆောင်တစ်ယောက်လို့တော့ မထင်မိရိုးပါ"
"ဟိတ်.. ဆေးငယ်ဗိုလ်၊ ဗိုလ်မှူးကြီးတစ်ဦးက တပ်ရှေ့ဖျားက လိုက်တယ် ဟုတ်စ"
ဗညားအရိန္ဒက မေးရာ ဥပရာဇာက
"ဗိုလ်မင်းတော့ ကြုံဖူးမှာ မဟုတ်လောက်ဘူး၊ နောက်ပေါက်တွေထဲမှာ ကျုပ်သိရသလောက် သူတစ်ယောက်ဟာ အင်မတန် သတိထားရမယ့် သူရဲကောင်းပဲတဲ့။ လက်ရုံး နှလုံး သတ္တိ ဗျတ္တိမှာ ပြောစရာ မရှိဘူးလို့ ဟောသည်က စောခံခက် ကိုယ်တွေ့ သိခဲ့ရတယ်"
ဟု ဆိုရင်း စောခံခက်ကို လက်ဝါးဖြန့် ညွှန်ပြရာ ဗညားဒလက
"မင်းက ဘယ်လို ကြုံခဲ့တာတုန်း စောခံခက်"
"ကျွန်တော်မျိုး ရှေ့တန်းရောက်ခိုက် ရဲမက်တော်တွေကြားမှာ ပြောဆိုနေကြသံ ကြားတာနဲ့ မေးမြန်းစုံစမ်းကြည့်တော့ နတ်ဘီလူး အကြီးကြီးတွေနဲ့ တိုက်တဲ့ကောင် ဆိုပြီး ကြောက်လန့်နေကြလို့ အဲသည်ဗိုလ်ကို တပ်တွင်း ခေါ်တွေ့ပါတယ်"
"ဘာရယ်.. ရန်သူကို တပ်တွင်း ဖိတ်လိုက်တာလား၊ မင်းက မင်းရဲကျော်စွာလား"
"နားထောင်ပါဦး အရိန္ဒမရဲ့။ သူခေါ်တာ တပ်အနေအထား ပြဖို့ မဟုတ်ပါဘူး။ လူအုပ်နဲ့ ဝိုင်းပြီး သွင်းတာပါ။ ဟိုကလည်း သူ့တပ်လောက်ကို စိတ်မဝင်စားပါဘူး။ ဝေ့ဝိုက်တောင် မကြည့်၊ တန်းတန်းဝင်လာ တည့်တည့် ထွက်သွားသတဲ့"
ဥပရာဇာ စကားကြောင့် အခြားသူများ ငြိမ်သွားကြ၏ ။ မိစောမွန်က အနည်းငယ်သာ လျော့သေးသော ခွက်ထဲသို့ သေရည်ထပ်ဖြည့်လိုက်ပြီး နောက်တစ်လှမ်းဆုတ် ရပ်နေလိုက်သည်။
"ကျွန်တော် ဆက်ပြောရမလား"
"အေး.. ပြောလေ"
ဗညားဒလက အခွင့်ပေးရာ စောခံခက် လည်ချောင်းရှင်းလိုက်ပြီး
"သူက ဟန်မဆောင်တတ်ဘူး၊ ပွင့်ပွင့်လင်းလင်းပဲ ပြောတတ်တယ်။ စကား ပရိယာယ်၊ စစ်ရေးပရိယာယ်တော့ ကောင်းတယ်။ အကွပ်အညှပ်ကောင်းပုံ ပေါ်တယ်။ ထင်ရှားတဲ့ အချက်က စစ်မှုစစ်ခင်းမှာ ပါးနပ်လွန်းတယ်"
"မင်းကို သူက ပြောပြတာလား"
"မပြောပါဘူး ဘုရား၊ မေးတာဖြေပြီး အပိုမပြောဘဲ ချက်ချင်း ပြန်သွားတာပါ။ ဘယ်သူ့ကိုမှလည်း ကြောက်ပုံမရ၊ ရန်သူရော သူ့အရှင်သခင်ရော သူ့အသက်ကိုပါ ဂရုမစိုက်တဲ့ အကောင်ပါ"
အဲဒါ ဘယ်သူပါလိမ့် ဟု မိစောမွန် တွေးနေသည်။ အမည် ကြားခဲ့သော်လည်း အမှတ်တမဲ့ ရှိခဲ့၏ ။ ထူးခြားသည့် အမည်နှင့် ထူးခြားသော သူတစ်ဦးဟုသာ သတိပြုမိလိုက်သည်။ ဘီလူးတောင် သာမန်မဟုတ်၊ နတ်ဘီလူးဆိုပါလား။ လူကလည်း လူရဲ၊ ဘီလူးများပင် သူ့ဘက်ပါကြသည်ဆိုတော့ ကြောက်၍ ဆိုမိဆိုရာ ပြောကြခြင်းဟု ယူဆလိုက်၏ ။
No comments:
Post a Comment