"ဟေ့.. ငစံ၊ သုရှင်က မင့်ကို ဓားကောင်းတစ်လက် ချီးမြှင့်လိုက်တယ်ဆို။ ပြစမ်းပါဦး"
ခရီးရောက်မဆိုက် ဝင်လာသော မုဆိုးချုံ ဗိုလ်မှူး ဦးတွန်က လက်ျာဘီလူးရှိရာ ကုန်းထက်မှ တဲအိမ်အတွင်းသို့ မရောက်မီ လှမ်းပြောလိုက်ခြင်းဖြစ်သည်။ လက်ျာဘီလူးသည် ခြေချိတ်လှဲလျက် စဉ်းစားခန်းဝင်နေရာမှ ဗိုလ်တွန်၏ အသံကြောင့် လူးလဲထလိုက်ပြီး
"ဟာ.. ဦးတွန်၊ လာ.. ထိုင်ပါဦး ဒီမှာ"
သူလှဲနေသည့် ခုံတန်းလျားတွင် နေရာပေးရင်း သောက်ရေကမ်းလိုက်သော်လည်း ဗိုလ်တွန်က စိတ်မဝင်စား၊ သူ့ကျောဘက် နံရံ၌ ချိတ်ထားသော ဓားကို ကြည့်လျက်
"ဟိုဓားလားဟိတ်၊ ကြည့်ရတာတော့ သိပ်အကောင်းကြီး မဟုတ်သလိုပဲ။ ငါက မင့်ဆိုရင် ရွှေနန်းရှင်က အလွန့်ဓားကောင်းမျိုး ပေးလိမ့်မယ် ထင်ထားတာ"
သစ်ကို ကြေးပတ်များ ကွပ်ထားသည့် ဓားအိမ်ကို ကြည့်ကာ ဗိုလ်တွန် အားလျော့သွားသည်။ သူ မျှော်လင့်ထားသည်က ကျောက်စီဓား မဟုတ်သော်မှ ဆင်စွယ်ရိုးတပ် ဗိန်းဓားကြီးတစ်လက် ဖြစ်လိမ့်မည်ဟု၊ ယခု သူမြင်နေရသည်က သာမန် ဓားတစ်လက်နှင့် မခြားနား။ အချို့ဗိုလ်များ၏ ဆောင်ဓားကြီးတို့သည်ပင် လက်ျာဘီလူးအား အလောင်းမင်းကြီး ချီးမြှင့်တော်မူသည့် ဓားထက် များစွာ ခမ်းနားကြီးကျယ်နေသေးသည်။
လက်ျာဘီလူးကတော့ အမြင်မတင့်တယ်သေးသော သူ့ဓားကို ထရံမှ ဖြုတ်လိုက်ပြီး ရယ်ကျဲကျဲနှင့် ဦးတွန်ထံ ကမ်းပေးလိုက်သည်။ ဗိုလ်တွန်က မထိုင်သေးဘဲ ဓားကို အိမ်မှ ဆွဲထုတ်ကြည့်၏ ။ မည်းနက်သော သံသား မာကျောကျောကို အံ့သြဟန်ဖြင့် ကြည့်ကာ
"မင်းဓားက တစ်မျိုးပါလား"
ဟု မှတ်ချက်ချသည်။
"သံတော့ ကောင်းသားပဲ"
ဟု ဆိုပြန်သည်။ ထို့နောက် သံသားကို ပွတ်သပ် အာရုံခံကြည့်နေရင်းမှ ရုတ်တရက်
"သံမဟုတ်ဘူးကွ။ သံတော့ သံပဲ၊ ဘယ်လိုသံမျိုးပါလိမ့်"
သူ့စကားများကြောင့် လက်ျာဘီလူးက စနောက်လို၍
"ဦးတွန်ရဲ့ ပတ္တမြားကျောက်စီဓားလိုတော့ ဘယ်ကောင်းပါ့မလဲဗျာ"
"ဟ.. ကောင်ရ၊ ငါ့ဓားက နာမည်ကျော် နန်းစဉ်ဓား ယိမ်းနွဲ့ပါး ကွ။ ငါ့ဓားနဲ့တော့ ယှဉ်လို့ ရမလား မောင်။ ဒါပေမယ့် ထူးခြားတဲ့ ဓားတစ်လက် ဆက်လာတယ်ကြားလို့ နန်းစဉ်ဓားတွေထဲကပဲလား ထင်မိတာ။ မင်းဟာက ပုံစံ ထူးခြားတဲ့ သာမန်ဓားမျိုးပဲ"
"ဝင်းမှူးဖြစ်တာနဲ့ ကျောက်စီဓားနက် ရပြီးသားပဲ ဦးရီးရဲ့။ ကျွန်တော်တော့ ဓားနက် ကျောက်စီဓားထက် ယခု သံသားအနက်နဲ့ ဓားလျင်လေးကိုသာ ပိုနှစ်သက်မိတယ်ဗျ"
"အင်း.. မင်းဟာက သာမန်ဓား ဆိုပေမယ့် သံက ထူးထူးခြားခြား မာကျောပေါ့ပါးတယ်။ လုပ်ထားပုံကလည်း သပ်ရပ် လှပပြီး နွဲ့နွဲ့လေးပဲ။ ပေါ့လွန်းတာတော့ ငါ မကြိုက်ဘူး"
ဦးတွန်က ဓားနက်ကို တဝှစ်ဝှစ် ဝှေ့ရမ်းကြည့်ရင်း ပြောသဖြင့် လက်ျာဘီလူးကလည်း
"အဲဒီ ပေါ့တာကိုပဲ ကြိုက်နေတာဗျ။ ဝင်းဓားကြီးက ဆောင်ဓားမျိုး ဝင်တော့ လေးလွန်းတယ်။ တကယ်တမ်း လုပ်ကြံသူသာ များရင် ဓားလေးနေတာနဲ့ နှေးမှာ။ ဒီဓားကတော့ သူ့အလေးချိန်နဲ့သူ ကြိုက်သလောက်ခုတ် လက်မညောင်းဘူးဗျ"
"မင်းနဲ့တော့ အံကိုက် စရွေးကိုက်ပေါ့။ ငါကတော့ ဓားဆို ဒါမျိုးမှ ကိုင်ချင်တော့သဟိတ်"
ဆို၍ ကျောတွင် လွယ်ထားသော ကျောက်စီရွှေဓားကို ဆွဲချွတ် လှည့်ယမ်းပြသည်။ လက်ျာဘီလူးက အရိပ်များ ပြေးနေသော အသွားကို ကြည့်နေရင်း လက်လှမ်းလိုက်၏ ။
"မှန်း.. နာမည်ကျော် ယိမ်းနွဲ့ပါးကြီး ဆ ကြည့်ရအောင်"
ဗိုလ်တွန်က လက်ကိုင်ရိုးကို သူ့ဘက် ထိုးပေးသည်။ ခပ်သွယ်သွယ် မဟုတ်တော့သည့် လက်ကိုင်ရိုး တုတ်တုတ်ကြီးကို လက်ျာဘီလူး လက်နှစ်ဘက်ဖြင့် ဆုပ်လိုက်၏ ။
"ဓားကို ကြည့်ရတာ အရင်က လက်ကိုင် သည်လောက် မကြီးဘူး။ ကျောက်တွေလည်း သည်လိုစီတာ မဟုတ်လောက်ဘူး။ ဓားသွားရဲ့ အရင်းကို အကဲဖမ်းမိသလောက် ရွှေနန်းကျော့ရှင်ဟာ ဦးတွန်လို လူကောင်တုတ်တုတ် မဖြစ်နိုင်ဘူး။ ကျောက်တွေလည်း ဓားရိုးအလယ်မှာ ပတ်စီထားတာမျိုး ဖြစ်လိမ့်မယ်"
"တယ်ကျွမ်းကျင်ပါလား ကောင်လေးရ"
"ခန့်မှန်းကြည့်တာပါ။ ကျွန်တော့်အတွက်တော့ လက်ကိုင်တုတ်ပြီး ဓားလေးနေတယ်။ သံလည်း ကောင်းလွန်းတယ်။ ဒီဓားမျိုး ကျွန်တော်နဲ့ဆို မတန်ဘူး၊ ဦးတွန်တို့နဲ့မှ အတော်ပဲ"
ဗိုလ်တွန်က နန်းစဉ်ဓားကြီး ကိုင်ကြည့်နေသော လူငယ်လေးကို ပြုံးကြည့်သည်။
"မင်းပြောတာ အမှန်ပါပဲ။ ဒါ မူလပုံံ မဟုတ်တော့ဘူး။ မင်းတစ်ပါးပါးကိုင်ဖို့ ပြုပြင်ထားပုံရတယ်။ ပြန်လုပ်ထားတဲ့ သဲလွန်စတွေ တွေ့ရတယ်"
"အင်းဝမင်းအစဉ်အဆက် အမြတ်တနိုး ထားခဲ့တဲ့ ရွှေဓားကို ဘဝရှင်က ဘာလို့ ဦးတွန်ကို ချီးမြှင့်ခဲ့တာလဲ"
"ဒါကတော့ အကြောင်းတွေ အများကြီးပေါ့ကွာ၊ အဓိက အကြောင်းကတော့ ငါက သူ့ရဲ့ တိုက်ဖော်တိုက်ဖက် ရဲဘော်အရင်း၊ ကနဦးကတည်းက ဝင်လာတဲ့ သွေးသောက် ဗိုလ်တစ်ယောက် ဖြစ်နေလို့ကွ။ ငကောင်းလို အိမ်တော်ပါ ငယ်ကျွန်ရင်း မဟုတ်ဘူး။ ငါ့မှာလည်း ငါ့လူတွေနဲ့ တစ်စင်ထောင်လို့ ရနိုင်ပေမယ့် မင်းလောင်းမှန်သူဆီ ဝင်စားတာက သင့်တော်လိမ့်မယ်ဆိုပြီး ရောက်လာသူကိုး"
"ဒါပေမယ့် သားတော်ကြီးနဲ့ မြေဒူးမင်းသားတို့လည်း ဒီဓားကို သိပ်လိုချင်ကြတယ် မဟုတ်လား"
"ဘယ်သူ မလိုချင် ရှိမလဲဟ၊ သာမန်ဓားမှ မဟုတ်တာ။ ဘုန်းကြီးသူ ခွန်အားကြီးသူ ထိုက်တန်သူတွေသာ ကိုင်စွဲရနိုင်တဲ့ အစွမ်းထက်ဓားကြီးပဲ။ ငါ့အတွက်တော့ ကိုင်ကြည့်ဖူးသမျှ ဓားတွေထဲမှာ ယိမ်းနွဲ့ပါးလောက် လက်ဆကောင်းတာ မရှိသေးဘူး မောင်"
"ကျွန်တော့်အတွက်လည်း ဒီဓားနက်လေးလောက် လက်ဆကောင်းတာ မတွေ့ဖူးသေးပါဘူး။ တစ်နေကုန် ခုတ်နေတာတောင် မအောင့်မစူး ကိုင်နိုင်တုန်း။ ဓားမပါဘဲ လွှဲနေရင် လက်ညောင်းလာပေမယ့် ဒီဓားကိုင်ထားရင် မညောင်းအောင် တွက်ချက် လုပ်ထားတာ ဖြစ်မယ်"
"ညွှန်းလှချည်လား ငစံရ၊ ဘယ်လို တွက်ချက်ထားတာမျိုးလဲ။ ဆိုစမ်းပါဦးတော့"
"ဓားအလျားနဲ့ အနံတွေကို တိုင်းကြည့်တော့ အကုန်လုံးကို ရှိသင့်တဲ့ အတိုင်းထက် လက်မတစ်ဝက်စီ တစ်စိတ်စီ သေချာစီစဉ် လျှော့ထားတာ တွေ့ရတယ်။ အားလုံးပေါင်းတော့ ၃၆ လက်မပဲ။ အရိုး ၁၀ မထားဘဲ ၉ ခွဲပဲ ရှိသလို အသွား ၂၆ လက်မခွဲ ထားတာမျိုး၊ ဗျက်မှာ တစ်မတ်လောက် အထိ လျော့နေတာမျိုး ဖြစ်နေတယ်"
"ဒါ့ကြောင့် မင်းဓား သေးလှပါတယ် ထင်နေတာ"
"သေးတာပေါ့၊ အသွားမှာ အဓိက ခုတ်ချက်ထိမယ့် ခါးဆင်းရေသောက် နေရာလောက်ပဲ အကျယ်ဆုံး၊ ဒါတောင် အနောက်မှာ ကျောက်ကုန်းမြွေရိုး ပြန်ဖော်ထားတာ အရှည်ကြီး"
"အေး.. ငါကြည့်နေတာ မင့်ဓားဦးက နဂါးမောက်နဲ့ ဟင်္သာစလုတ်ကြား တယ်ပိန်သွယ်ပါလား လို့၊ ချပ်ကို ထိုးမိရင် ကွေးမှာတောင် စိုးရတယ်"
"ဒီကောင် ကွေးလို့ ဆန့်လို့ ရတယ်ဗျ ဦးတွန်၊ အသားမနာဘူး.. ဒါပေမယ့် မပျော့ဘူး အမာပဲ၊ မာတင်းနေတာ"
"ငါတော့ ငါ့ဓားငါပဲ ကြိုက်သဟေ့။ အားလုံး ဒင်ပြည့်ကျပ်ပြည့် တစ်ရွေးသား မလျော့ဘူး။ သံကလည်း ကောင်းလိုက် ညီလိုက်တာ လွန်ပါရော၊ ယှဉ်ကြည့်စမ်း"
ဓားနှစ်လက်ကို ပူးကပ် ယှဉ်ကြည့်မိကြရာ လက်ျာဘီလူး၏ ဓားက ယိမ်းနွဲ့ပါးထက် သိသိသာသာ သေးငယ်နေပြီး ယိမ်းနွဲ့ပါးဓားက တစ်ဆခွဲခန့် ပိုထူနေကြောင်း တွေ့ရသည်။
"ငါ့ဓားက သာမန်ထက် မဆိုစလောက်လေး ထူတာနဲ့ မင်းဓားက နည်းနည်း ပါးချင်တာနဲ့တော့ ကြောင်နဲ့ကျားလို ဖြစ်နေလေရော"
လက်ျာဘီလူးက မပြောမဆိုနှင့် ဗိုလ်တွန် ကိုင်ထားသော ယိမ်းနွဲ့ပါးဓားကို သူ့ဓားဖြင့် ပေါက်ခုတ် ခုတ်ကြည့်လိုက်၏ ။ ဖျင်းခနဲ မီးပွင့်သွားပြီး သူ့ဓားသာ အပ်ထိပ်ခန့် ပဲ့သွားလေသည်။
"တကယ် မိုက်တဲ့ ကောင်ပါလားဟရို့၊ ယိမ်းနွဲ့ပါးကိုမှ စမ်းခုတ်ကြည့်ရတယ်လို့"
"ဦးတွန် မသိပါဘူး။ ကျွန်တော့်ဓားက သေးသေးမွှားမွှား ပဲ့တာလောက်ကို ပြန်တင်စရာ မလိုဘူး။ တစ်ညအိပ်လောက်ဆို ဖာထားသလို ပြည့်သွားတတ်တာ"
"ဟေ.. မင့်ဟာက သံရှင်တွေများလား။ မဖြစ်နိုင်ပါဘူး၊ သံရှင်က ဓားလုပ်လို့မှ မရတာ။ တစ်ခုရှိတာက အဲသည်ဓားကို ငါ ဆွဲထုတ်ကြည့်ချိန်မှာ တစ်စုံတစ်ယောက်ကို သတိရမိသွားတယ်။ ခံစားချက်က မကောင်းဘူး၊ ဘာတွေနဲ့ ဘယ်လို စီရင်ထားတာပါလိမ့်"
"ဘာဆိုင်လို့ တစ်ယောက်ကို သတိရတာလဲဗျ။ ဓားလုပ်တဲ့သူလား ပညာသည်လား"
"မဟုတ်ဘူး၊ ငါ သတိရမိသူက မင်းနဲ့လည်း ဆိုင်တယ်။ ဒီပ တဲ့.. သိသလား"
"ဒီပ...!"
လက်ျာဘီလူးက သေချာစဉ်းစားလျက်
"မသိဘူးဗျ၊ ကြားဖူးသလိုလိုတော့ ရှိတယ်"
ဗိုလ်တွန်က ဓားကို သိမ်းရင်း
"ထင်ပါတယ်၊ ငါ မင်းတို့နယ်ဘက်ရောက်တုန်း သူနဲ့ တွေ့တာ။ ခု ဓားသွားအမည်းရောင်ကို မြင်ချိန်မှာ သူ့ကို မြင်လိုက်ရတုန်းက ခံစားမှုမျိုး ပြန်ခံစားလိုက်ရတယ်"
ဘယ်လိုခံစားချက်လဲ ဟု မေးမိမလို ဖြစ်ပြီးမှ မသင့်ဟုထင်၍ မေးခွန်းပြောင်းလိုက်ရ၏ ။
"ကျွန်တော်နဲ့ ပတ်သက်တယ် ဆိုတာက.."
"ဟဟ.. သူပြောတာ၊ မင်းက သူ့ညီငယ်တစ်ဦးတဲ့။ ငါတော့ မထင်ဘူး။ မင်းကို တွေ့တာနဲ့ ဘာမှ မဆိုင်ဘူးဆိုတာ တန်းသိတယ်"
"ကျွန်တော့်မှာ အစ်ကိုမှ မရှိဘဲ၊ ညီတစ်ဦးသာ ရှိတယ်။ ဘာတဲ့၊ သူ့နာမည်က.. ဒီပ၊ ဟုတ်လား"
ရုတ်တရက် လင်းချင်းလှစွာ လျှပ်ပြက်သွားသဖြင့် နှစ်ဦးသား ကောင်းကင်ကို မော့ကြည့်မိကြသည်။
"အေး.. တကယ့် လူထွားကြီးပဲ၊ မင်းနဲ့ ဘယ်နေရာမှကို မတူလို့ ငါ မပြောတော့တာ။ သူကပဲ မင်းကို လာခေါ်ဖို့ တိုက်တွန်းတာလေ"
လက်ျာဘီလူးက ဓားသွားအား ကျောက်နုဖြင့် ခေတ္တ ပွတ်တိုက်နေပြီးမှ အသွားကို သပ်ကြည့်ပြီး အိမ်ထဲသို့ ပြန်သွင်းလိုက်သည်။
"ကျွန်တော်တော့ မသိတာ အမှန်ပဲ"
"မိုးရွာတော့မယ် ထင်တယ်ကွ.. ငစံ လျှပ်တွေ ပြက်နေလိုက်တာ။ ငါ သွားဦးမယ်။ မင်း ဓားရတယ်ဆိုလို့ ဝမ်းသာအားရ လာကြည့်တာ"
"ဟုတ်ကဲ့.. ဦးတွန်၊ မြန်မြန်သွားပါ"
ဗိုလ်တွန်က လှည့်ကြည့်လျက် ပြုံးသည်။ မန်ကျည်းစေ့ရောင် ညိုဖျော့ဖျော့ မြင်းချောကြီးပေါ် လွှားတက်လိုက်ကာ ခြေနှင့် ဆတ်ပြီး
"အကျိုးပေးတဲ့ လိုက်ဖက်ဓားကောင်းတစ်စင်း ဖြစ်ပါစေကွာ"
ဟု ပြောဆို ထွက်ခွာသွား၏ ။ စောင့်နေကြသော နောက်လိုက်နောက်ပါများလည်း တန်းစီ စီးနင်းသွားကြရာ လက်ျာဘီလူး တဲတွင်း ပြန်ဝင်ခဲ့ပြီး တင်ကျည်းတစ်ချောင်းကို ဆွဲယူ၍ ထိပ်ချွန်အား လက်မဖြင့် စမ်းကြည့်လိုက်လေသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
No comments:
Post a Comment