Translate

နန်းစဥ်ရွှေဓား ယိမ်းနွဲ့ပါ (၂)

ရွှေနန်းကျော့ရှင်၏ တူတော် မင်းကြီးရန်နောင် ဘွဲ့ခံ အမတ်ကြီးသည် အင်းဝထီးနန်း ပေါက်သောအခါ မြို့တွင်းမှ ထွက်ခဲ့၍ တောရွာများ၌ ရှောင်ရှားနေသည်ကို မိုးညှင်းစလုံက ရှာဖွေခေါ်ဆောင်လျက်

"ငါ့သားတော် သိုဟန်ဘွားသည် မြန်မာမှု အလေ့တို့၌ မလိမ္မာသေး၊ စီရင်ဖွယ် အခင်းရှိလျင် မင်းကြီးက ပဲ့ပြင်ဆုံးမ၍ ထိန်းကျောင်းပေးပါ" ဟု အပ်လေသည်။ မင်းကြီးရန်နောင်လည်း ရှမ်းမင်း သိုဟန်ဘွား၏ အတိုင်ပင်ခံအတွင်းဝန် အမတ်ချုပ်ကြီး ဖြစ်လာပြီး မင်းခမ်းမင်းနား အမှုကိစ္စ ဟူသမျှတို့ကို စီမံကွပ်ကဲရသူ ဖြစ်လာ၏ ။
မင်းကြီးရန်နောင်မှာ မြန်မာအမတ်ဖြစ်သော်လည်း တည်ကြည်ဖြောင့်မတ်သည်။ စိတ်နှလုံး ကောင်းမွန်၍ သီလရှိသူ၊ ထီးရေးနန်းရာ နားလည်ကျွမ်းကျင်သူ ဖြစ်ရာ ရှမ်းမင်းတို့ ယုံကြည်အားကိုးကြလေသည်။ မင်းကြီးရန်နောင်ကလည်း မဖောက်မပြန် သစ္စာခိုင်မတ်စွာ အမှုတော် ထမ်းလေ့ ရှိ၏ ။
သို့သော် အင်းဝကို မင်းပြုလာသော ရှမ်းသိုဟန်ဘွားမူကား ယဥ်ကျေးမှု ခေါင်းပါး၍ ရက်စက်ဆိုးယုတ်သော သဘောရှိ၏ ။ စေတီတို့ကို ဘုရားမဟုတ် ဆိုကာ ဖြိုဖျက်လျက် ဌာပနာ တူးယူသည့်အပြင် ရဟန်းသံဃာတို့ကိုလည်း သားမယားမယူဘဲ နောက်ပါစုဆောင်းနေသည် ဟူသော စွပ်စွဲချက်ဖြင့် လိမ်လည်ပင့်ခေါ် သတ်ဖြတ်လေသည်။ ကျမ်းဂန်တတ် အရိယာသံဃာ ၃၀ ကျော် အပါအဝင် သံဃာတော် ၃၆၀ ကျော် ပျံလွန်တော်မူခဲ့ရ၏ ။
ရွှေနန်းကျော့ရှင် နရပတိ စိုက်ထူခဲ့သော ရွှေနန်းတည် ကျောက်စာကိုလည်း နုတ်၍ အင်းဝ ထီးလှိုင်ရှင်ဘုရားသို့ ပြောင်းရွှေ့ထားစေ၏ ။ မြန်မာတို့ကို နှိပ်ကွပ် သတ်ညှစ်ဖန် များပြီး ရှမ်းတို့သာ အနိုင်အထက် မင်းမူနေကြသောကြောင့် အင်းဝပြည်သူများ တောင်ငူ၊ ပြည်တို့သို့ ပြေးရှောင်ကြရတော့သည်။
၂၅ နှစ်ခန့် ရှိသောအခါ တောင်ငူတွင် မင်းကြီးညို လွန်၍ တပင်ရွှေထီး နန်းတက်ရာ တိုင်းနိုင်ငံ ကျယ်ပြန့်လာပြီး အင်အားကြီးလာသလောက် အင်းဝသည်ကား နိုင်ငံရေး မငြိမ်သက်ဘဲ လိပ်ခဲတည်းလည်း အခြေအနေ ရှိနေ၏ ။ စေတီပြိုပျက်များ၊ စွန့်ပစ်အိမ်ဟောင်းများဖြင့် အကျည်းတန်နေခဲ့သည်။ မြန်မာတို့မှာလည်း စိုးတထိတ်ထိတ် နေကြရ၏ ။
ထို့ကြောင့် မခံရပ်နိုင်သည့် မြန်မာအမတ်တို့က မင်းကြီးရန်နောင်အား ကယ်မပါရန် ဝိုင်းဝန်းလျှောက်တင်ကြကုန်၏ ။ မင်းကြီးရန်နောင်လည်း ဝန်ခံ၍ စီရင်ဖွယ်တို့ကို ပြင်ဆင်ကြစေသည်။ ဦးစွာ သိုဟန်ဘွားအား ဇာတာတော်မသန့်သဖြင့် ယာယီနန်း၌ စံမြန်းနေတော်မူသင့်ကြောင်း လျှောက်ထားကြသည်။
နန်းတော်ဥယျာဥ်တွင်း၌ ယာယီတဲနန်း ဆောက်လုပ်ပြီးစီးသောအခါ မြန်မာအမတ်တို့ကို မိမိတို့ ခစားရမည့် နေရာတို့တွင် သဲမြေကို တူး၍ ကြိုတင် ဓားမြှပ်ထားကြစေ၏ ။ ထို့နောက် ရှမ်းတစ်စု မြန်မာတစ်စု ညီတူညီမျှ လက်နက်မပါ ယဥ်ကျေးစွာ ဝတ်ဆင် ခစားကြရမည်ဟု အမိန့် ထုတ်လိုက်ပြန်သည်။
သိုဟန်ဘွားလည်း မင်းတိုင်ပင် အမတ်ကြီး ရန်နောင် စီရင်ခန့်ထားသည့်အတိုင်း ယာယီနန်းသို့ ကြွလေသည်။ ထိုအခါ မင်းကြီးရန်နောင်က အကြံအစည်ဖြင့် ဓားကောင်းများအကြောင်းဆီ ရောက်အောင် စကားစကို ဆွဲယူလာ၏ ။ အင်းဝနန်းတွင်း၌ ထီးသုံးနန်းစဥ် ဓားကောင်းအများပင် ရှိနေကြောင်း လျှောက်တင်လေရာ သိုဟန်ဘွား စိတ်ဝင်စားလာပြီး
"အစ်ကိုတို့ မြန်မာဓားတွေမှာ လူကိုပြတ်၍ ဆင်ကိုပင် ထိသည် ဟူသည့် ဓားအကြောင်း ကြားမိသည်။ အချို့လည်း ဆင်လည်အကွင်းလိုက် ပြတ်သည် ဆိုကြ၏ ။ ယခု ထိုဓားများ နန်းတွင်း၌ ရှိသလော"
"ရှိပါသည်၊ ဘေးလောင်းတော် နော်ရထာမင်းစော၏ သီလဝံရွှေဓားသာ ပျောက်ဆုံးခဲ့ပြီ ဖြစ်ပြီး အခြား ဓားကောင်း အကျော်အမော် ၉ စင်းခန့် နန်းစဥ်ဓားများအဖြစ် ကျန်ရှိနေပါ၏ ။ စစ်ကိုင်း အသင်္ခယာစောယွန်း စွဲကိုင်သော ညိုရောင်ဓား၊ သုရှင် မင်းခေါင်ကြီး လက်ကသုံး စိန်သွားရောင်ဓား၊ ဦးရီးတော် နရပတိ၏ ယိမ်းနွဲ့ပါးဓား စသည်တို့ သိမ်းဆည်းထားရှိပါကြောင်း"
ဟု လျှောက်ရာ သိုဟန်ဘွားက
"ငါတို့ အဝကို ချီမလာမီက ရွှေနန်းတော်နှင့်အတူ တစ်ချိန်တည်း စီရင် ပြီးစီးသည် ဆိုသော ဓားတစ်လက်အကြောင်း ကြားခဲ့ရသည်။ အလွန် အစွမ်းထက်၍ ဘုန်းတန်ခိုး ကြီးမားသူတို့သာ ကိုင်ဆောင်နိုင်သည် ဆို၏ ။ ဓားတို့ခေါင်ဖျား ယိမ်းနွဲ့ပါး ဟုလည်း ကြားဖူးသည်။ ဆင်လည်ကို တစ်ချက်တည်းပြတ်၏ ဆိုသည်မှာ
နရပတိ၏ ဓားကျော် ယိမ်းနွဲ့ပါးလော"
"မှန်ပါတယ် အရှင်၊ ဓားချင်းမှာ သူမတူအောင် ပြတ်ပါတယ်။ အားကောင်းလျင် ကောင်းသလောက် ဆင်သာမက သံချပ်ဝတ်များပါ ပြတ်နိုင်ကြောင်းပါ"
"ဒါဆို သည်ဓားနဲ့ ယှဥ်ရလျင် ခံနိုင်မည့်သူ မမြင်။ အလွန်ကောင်းသည့် ဓားပါပေ။ သင်ပြောသည့် ယိမ်းနွဲ့ပါးဓားကို ငါ မြင်လိုသည်။ အစ်ကို မှတ်မိပါမည်လား"
"ဦးရီးတော်၏ ဆောင်ဓားဖြစ်၍ မကြာခဏ မြင်တွေ့ဖူးခဲ့ပါသည်။ အခြား နန်းစဥ်ဓားများနှင့်လည်း သိသိသာသာ ကွဲပြားသည်။ မြင်လျင် မှတ်မိပါလိမ့်မည်"
"ကဲ.. ငါ့အစ်ကိုပြောသည့် နန်းစဥ်ဓားများကို ဆောင်ယူခဲ့ပြီး ရှေ့တော်သို့ သွင်းစေ"
မကြာမီ ဓားများ ရောက်လာ၏ ။ စုစုပေါင်း ၉ လက် ၁၀ လက်ခန့် ရှိသည့်အနက် မင်းကြီးရန်နောင်က သိုဟန်ဘွားအား ယိမ်းနွဲ့ပါးမှာ မည်သည့်ဓား ဖြစ်နိုင်သနည်းဟု ရွေးချယ်ကြည့်စေ၏ ။ သိုဟန်ဘွားက အိုမင်း ဟောင်းနွမ်းနေသော ဓားနှင့် အိမ်များ၊ ပုံသဏ္ဍာန် မထူးခြားလှသည်များ၊ ခေတ်ဟောင်းလက်ရာများကို တစ်ခုပြီးတစ်ခု ပယ်ခဲ့ပြီး သစ်လွင် ဝင်းလက်နေသော ရွှေဓားကို လက်ညှိုးညွှန်လျက်..
"သည်ဓား မဟုတ်တုံလော"
မင်းကြီးရန်နောင်က ရွှင်လန်းဟန် ပြုံးလိုက်ကာ မှူးမတ်ဗိုလ်ပါများဘက် လှည့်၍
"ငါတို့အရှင်သည် ငယ်ရွယ်သော်လည်း ပညာရှိ၏ ။ မမြင်မတွေ့ဖူးသော ဓားကိုပင်လျင် မှန်ကန်စွာ ရွေးချယ်နိုင်ပါပေသည် မင်းကြီးတို့"
ဟု ဆိုရင်း မြန်မာအမတ်တို့ဘက်သို့ မျက်ရိပ်ပြလေသည်။ ရင်တထိတ်ထိတ် စောင့်စားနေကြသည့် သူ၏ ဘက်သား အမတ်များလည်း ဝမ်းသာစွာ ထောက်ခံဟန်ပြုရင်း သဲကို မသိမသာ လက်နှိုက်ထားလိုက်ကြသည်။ သိုဟန်ဘွားက မင်းကြီးရန်နောင်အား ဆိုသည်။
"အစ်ကို ငါ့ကို သည်ဓား ဆက်ပါဘိ"
မင်းကြီးရန်နောင်ကလည်း ခါးကိုညွှတ်ကာ အရိုအသေပြုရင်း ယိမ်းနွဲ့ပါးဓားကို ယူလိုက်၏ ။ ထို့နောက် ဓားအိမ်မှ ဓားကို ဆွဲချွတ်ပြီး ပရိသတ်ဘက်သို့ ပြလိုက်သေးသည်။ ဖြူဝင်းသော အသွားမှာ နေရောင်၌ ဖွေးနေ၏ ။ သူက သိုဟန်ဘွားဘက်သို့ လှည့်ကာ ခါးကို ကိုင်း၊ ခေါင်းကိုငုံ့ထားရင်း လက်နှစ်ဘက်ဖြင့် ရွှေဓားကို ဆက်လိုက်သည်။
သိုဟန်ဘွားလည်း ဓားကို ယူမည်ဟု ကိုယ်ကို ငုံ့ကိုင်းလိုက်စဥ် ရုတ်တရက် မင်းကြီးရန်နောင်က လျင်မြန်စွာ ဓားကို ရုတ်သွားပြီး အားအပြည့်နှင့် လွှဲခုတ်ချလိုက်တော့သည်။ သိုဟန်ဘွားလည်း ကြောက်လန့်တကြား နောက်သို့ ယိမ်းလှန် ရှောင်လိုက်ပါသေးသည်၊ သို့သော် လျင်မြန်လှသော အရှိန်၊ ထက်လှသောဓားနှင့် များလှသော အားကြောင့် သိုဟန်ဘွား၏ ဦးခေါင်းနှင့်တကွ နောက်မှီ ဝါးပိုးဝါးစိမ်း၊ ထိုင်နေသော ကြမ်းခင်းမှ ဝါးစိမ်းကြမ်း ၅ ချောင်းခန့် ပြတ်ရှသွားလေသည်။
ရှမ်းတို့လည်း ရုတ်ရုတ်သောသော ထကြ၏ ။ မြန်မာအမတ်တို့က သဲတွင်းမှ ဓားများ ဆွဲလိုက်ကြပြီး ရှမ်းတို့ကို ခုတ်လေသည်။ မင်းကြီးရန်နောင်မှာမူ ယိမ်းနွဲ့ပါး ရွှေဓားကို ဆုပ်ထားလျက် သိုဟန်ဘွား၏ အကောင်ကို စိုက်ကြည့်နေသည်။ ဓားတစ်ချက်တည်းနှင့်ပင် နန်းလုခြင်း နန်းသိမ်းခြင်းအမှု ပြီးစီးခဲ့ပြီတကား။
သိုဟန်ဘွား မရှိသောအခါ အင်းဝထီးနန်းအား မင်းကြီးရန်နောင်သာ ဆက်ခံပါရန် မှူးမတ်တို့က ဝိုင်းဝန်းတောင်းပန်ကြ၏ ။ မင်းကြီးရန်နောင်က
"ငါသည် မတရားသော မင်းကို လုပ်ကြံ နန်းချခြင်း ဖြစ်သည်။ ရွှေနန်းစည်းစိမ်ကို လို၍ လုပ်ကြံသည်မဟုတ်။ ရှုပ်ထွေးလှသော ထီးရေးနန်းရာများကိုလည်း စိတ်မဝင်စားတော့၊ အရည်အချင်းပြည့်ဝသော အုန်းဘောင်ခုံမှိုင်းကိုသာ ခေါ်၍ နန်းတင်ကြလော့"
ဟု ဆိုလျက် သိန္နီစော်ဘွားကို ပင့်ဖိတ်စေလေသည်။ ခုံမှိုင်းလည်း စံမြန်းမြဲဖြစ်သော သီပေါနန်းတော်မှ အင်းဝနန်းတော်သို့ ပြောင်းရွှေ့လာ၏ ။ အုန်းဘောင်ခုံမှိုင်းထံတွင် တစ်နှစ်ကျော်ကြာ အမှုထမ်းပြီးနောက် မင်းကြီးရန်နောင်သည် လောကီမှုတို့ကို သံဝေဂရကာ တောထွက် ရဟန်းပြုသွားလေတော့သည်။

Written by သင်္ခရာဇာ

End date: September 10, 2021

No comments:

Post a Comment

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...