နောက်တစ်နေ့ နေ့ခင်း၌ အင်္ဂလိပ်သံ ဝီလျံဟော့ဘတ် ဦးဆောင်သော အဖွဲ့တစ်ဖွဲ့က ဗိုလ်မှူး မင်းလှမင်းခေါင်ထံ လာတွေ့၏ ။ အိမ်တော် ဧည့်ခန်း၌ အမျိုးသမီးငယ်များက ဧည့်ခံရာတွင် မိစောမွန်လည်း မီးဖိုဆောင်မှ ထွက်၍ ကူရသည်။
သံအမတ်သည် မဟာဓမ္မရာဇာဓိပတိမင်း လက်ထက်ကပင် အင်းဝသို့ ရောက်ခဲ့ဖူးသဖြင့် ယိမ်းနွဲ့ပါးဓားတော် အကြောင်းကို သိနေသည်။ အင်းဝရွှေနန်းထက်မှ ပုရပိုဒ်တစ်စောင်တွင်လည်း ဓားလုပ်ပုံ အစီအရင်များကို ဖတ်ခဲ့ဖူး၏ ။ သို့သော် ဓားကိုမူ မမြင်ဖူးခဲ့။ ရတနာပူရ ရွှေနန်းရှင်ကလည်း မကိုင်စွဲခဲ့။
ယခုမှသာ မင်းကြီး မင်းလှမင်းခေါင်ထံ ယိမ်းနွဲ့ပါးဓား ရောက်နေကြောင်း ကြားသိ၍ ပုသိမ်ဘက်မှ လာခဲ့သည် ဆို၏ ။ သူက ထိုဓားအကြောင်းကို ဗိုလ်တွန်ထက်ပင် ပိုသိနေသေးသည်။ ရှေးဟောင်းပစ္စည်းများကို စိတ်ဝင်စားသူလည်း ဖြစ်ရာ တန်ဖိုးကြီး နန်းစဉ်ဓားတစ်လက်မှာ ယခုထက်ထိ အသုံးပြု၍ ရသေးကြောင်းနှင့် အလွန်အစွမ်းထက်သေးကြောင်းကို ကိုယ်တွေ့ မြင်ရရန် တကူးတက ရောက်လာခြင်း ဖြစ်တော့သည်။
မိစောမွန်ကလည်း ယိမ်းနွဲ့ပါးဓားအကြောင်း သိလိုသောကြောင့် ဝတ်ဖြည့်ရန် အသင့်စောင့်နေသည့် ဟန်ဖြင့် အနောက်နားမှ နားစွင့်နေလေသည်။ သူတို့ ပြောသော အကြောင်းအရာများမှာ စိတ်ဝင်စားစရာ ကောင်းလှသော်လည်း အနောက်နှင့်အရှေ့ ကူးသန်းဝင်ထွက်နေရခြင်းကြောင့် လုံးစေ့ပတ်စေ့ မကြားသိရချေ။
"သံအမတ်ကြီးက ပြောပါတယ်၊ သည်ဓားဟာ ပြုလုပ်ပုံရော အစွမ်းသတ္တိအရာမှာရော ထိပ်တန်းမှာ ရှိနေတဲ့ သမိုင်းဝင် တန်ဖိုးကြီး ဓားတစ်လက်မို့ နိုင်ငံ့ရတနာပစ္စည်းအနေနဲ့ အထွဋ်အမြတ် သိမ်းဆည်းထားသင့်ပါပြီ တဲ့။ ယခုလို တိုက်ပွဲတွေမှာ ခုတ်ဖြတ် အသုံးပြုနေခြင်းက ဓားသက်တမ်းအရ မလုပ်သင့်တော့ပါဘူး တဲ့"
စကားပြန်က မင်းလှမင်းခေါင်အား လျှောက်ရာ မင်းကြီးက ပြုံးလိုက်သည်။
"ငါတို့မှာ သည်ဓားတစ်လက်သာ ရှိတာ မဟုတ်ပါဘူး။ ဓားတိုင်းကတော့ ကောင်းတာချည်းပါပဲ။ သည်ဓားကို အသုံးပြုရမှ နိုင်မယ်လို့လည်း မဟုတ်ဘူး။ ဒါဟာ အဆောင်အယောင်တစ်ခု၊ ဂုဏ်ထူး ဝိသေသ တစ်ခု၊ ဘွဲ့တံဆိပ်လိုပဲ ထိုက်တန်ကြောင်း ပြသဖို့ ချီးမြှင့်ခံထားရတဲ့ အလေးအမြတ်ပြုစရာ ပစ္စည်းတစ်ခုပဲ ဖြစ်တယ်။ ဒါ့ကြောင့် တိုက်ပွဲတွေမှာ ခုတ်သည်ဖြစ်စေ၊ အသုံးမပြုသည်ဖြစ်စေ သည်ဓားကို ကိုင်စွဲပြီး တိုက်ပွဲ ဝင်ပါတယ်"
"သုံးလို့ ရနေသေးတာဟာ ကံကောင်းခြင်းတစ်ခုပါ"
ဟု သံအမတ်ကြီးက ဆိုရာ
"မှန်ပါတယ်၊ သုံးမရရင်လည်း အဆောင်အဖြစ် ခါးမှာ ချိတ်ဆွဲထားမှာပါပဲ။ အထိမခံ၊ ကျိုးပဲ့နိုင်လောက်တယ် ဆိုရင်တော့ အိမ်မှာပဲ ဘွဲ့တံဆိပ်ပြားတွေ၊ ဆုတော်လာဘ်တော်တွေနဲ့အတူ သိမ်းထားမှာပေါ့ဗျာ။ ဒါပေမယ့် သုံးလို့ မရတဲ့ ပစ္စည်းဟောင်းမျိုးကို ချီးမြှင့်လေ့ မရှိကြသလို အသုံးပြုလို့ ရလို့သာ ကျုပ်လက် အပ်တာပ.. ဒါကို သူနားလည်အောင် ပြန်ရှင်းပြလိုက်ပါ"
"မှန်ပါ၊ အမတ်ကြီးက ပြောပါတယ်။ သည်လို ဓားတွေကို စီရင် ပြုလုပ်ရပုံဟာ တခြား ဘယ်နိုင်ငံနဲ့မှ မတူဘဲ သံနှင့် အရာဝတ္ထုတွေတင် ရွေးချယ်သုံးစွဲတာ မဟုတ်၊ ပြုလုပ်သူတွေကိုပါ စိစစ်သန့်ထုတ်ပြီး ကျွမ်းကျင်သူ သူတော်စင်တွေကိုသာ အပ်လေ့ရှိတယ် လို့ မှတ်သားဖူးတာ ဟုတ်ပါသလားတဲ့။ အဲသည်ဓလေ့ ယခုရော ရှိသေးလား တဲ့"
"ရှိပါတယ်။ ကျုပ်ဓား လုပ်တုန်းက သာမန် ပန်းပဲဖိုမှာ အပ်တာပေမယ့် ဘဝရှင်ရဲ့ ဓားသန်လျက်ကိုတော့ အဓိဋ္ဌာန်ဝင် သီလဆောက်တည်ထားတဲ့ လူပေါင်း ၉၀ ကျော်က ၂၇ ရက်အတွင်း အဆင့်ဆင့် ပြုလုပ်ခဲ့ကြတာ။ ဗေဒင်နက္ခတ် တွက်ချက်ပြီး မန္တာန်စုတ် အင်းပေါက် သူ့အခါအတိုင်း လုပ်ကြရတာ ဖြစ်တယ်"
"ဟုတ်တယ်.. ဟုတ်တယ်၊ ကျုပ် ဖတ်မှတ်ဖူးတာလည်း အဲသည်အတိုင်းပါပဲ။ ဒါပေမယ့် ယိမ်းနွဲ့ပါးဓား လုပ်ရတာ အများကြီး ပိုကြာပါတယ်လို့ တွေ့ရတယ်"
"သုရှင် နရပတိဟာ ယိမ်းနွဲ့ပါးဓားနဲ့ တစ်ချိန်တည်း ရွှေနန်းတော်ကြီးကိုပါ ပူးတွဲလုပ်ဆောင်ခဲ့တာပ အမတ်ကြီး။ ပြီးစီးချိန်လည်း အတူတူပါပဲ။ ဒါ့ကြောင့်..."
အိမ်တော်ပေါ်သို့ ရဲမက်သုံးဦး အပြေးတက်လာသဖြင့် မင်းလှမင်းခေါင် စကားရပ်ထားပြီး လှည့်ကြည့်သည်။ ရဲမက်များက ဝင်ခွင့်တောင်းပြီးနောက် အမြန်ဝင်ကာ လျှောက်တင်ကြ၏ ။
"အလံပြဘုရား အနီးမှာ ရွှေတပ်တော်သားတွေနဲ့ သင်္ဘောကုလား ဂေါ်ရာစစ်သားတွေ အချင်းများနေပါတယ်။ ပစ်မယ် ခတ်မယ် ကြိမ်းဝါးနေကြပြီး နှစ်ဘက် အထိအခိုက် ရှိနေကြောင်းပါ"
"ဘယ်သူတွေလဲဟေ့၊ ဘယ်က စဖြစ်တာလဲ"
"မင်းကြီး မင်းထင်နော်ရထာ လူတွေ ရုံးတစ်ရုံးကို ဝင်သိမ်းတာက စတာပါ။ မျက်နှာဖြူတွေ မကျေနပ်ဘဲ အဝင်မခံ လက်နက်တွေ ပြင်ထားကြလို့ တင်းမာကုန်ပါတယ်"
"ထင်တယ်.. ထင်တယ်၊ အရေးတော့ စပြီ"
"ဘာဖြစ်ပါသလဲ.. ဗိုလ်မှူးကြီး"
"သင်တို့ သင်္ဘောကုလားတွေနဲ့ အရေးပေါ်လာလို့ သွားရဦးမယ်။ ကျုပ်ကို ခွင့်ပြုပါဦး"
"ဖြစ်နိုင်ရင် ကျုပ်ကို ယိမ်းနွဲ့ပါး ဓားတော် ကြည့်ရှုစစ်ဆေးဖို့ ခေတ္တ ငှားစေချင်ပါတယ်။ သည်အိမ်တော်မှာပဲ ကြည့်မှာပါ"
"မဖြစ်နိုင်ပါဘူး၊ ဓားကို ထားပြီး သွားဖို့ ဆိုတာ ကျုပ်တို့ မြန်မာအရာရှိတွေအဖို့ ဦးခေါင်းမပါဘဲ လမ်းလျှောက်ရသလို ဖြစ်လိမ့်မယ်။ နောက်မှ လာခဲ့ပါ အမတ်ကြီး"
မင်းလှမင်းခေါင် အိမ်ပေါ်မှ ဆင်းသွားသည်။ မြင်းရထားဖြင့် အခင်းဖြစ်ပွားနေရာသို့ ထွက်ခဲ့၏ ။ ပြင်သစ်ရုံးကြီးတစ်ခု ရှေ့တွင် ဂေါ်ရခါး ပန်ချာပီ စသော ကြေးစားစစ်သားများ ဒူးထောက် တန်းစီနေကြပြီး မြန်မာတပ်သားများက သေနတ်နှင့်ချိန် ဓားမိုးထားကြ၏ ။ မည်သူမျှတော့ လက်မလွန်သေး။ သို့ရာတွင် သူတို့ရှေ့၌ ကြေးစားသုံးဦး မြန်မာ နှစ်ဦးတို့၏ အလောင်းများကို ပုံထား၏ ။
"မင်းတို့ တပ်မှူးရော"
"အပေါ်တက်သွားပါတယ် မင်းကြီး"
ရုံးတွင်းသို့ ဝင်ခဲ့ရာ ခမ်းနားလှသော ဧည့်ခန်းဆောင် အလယ်၌ မြင်းနီ တိမ်ပျံကို အစောင့်တစ်ဦးနှင့် တွေ့ရသည်။ ဗိုလ်တွန် မေးငေါ့ပြရာ အစောင့်က ကျွန်းလှေကားထစ်များဘက် လက်ညှိုးထိုးပြ၏ ။ အပေါ်ထပ်မှ ဝုန်းခနဲအသံ ကြားလိုက်ရသဖြင့် ထိုလှေကားထစ်များအတိုင်း တက်လာခဲ့သည်။
အလွန်လှပသော ကျွန်းဗီရိုတစ်လုံး လှေကားထိပ်မှ လိမ့်ဆင်းလာ၏ ။ ဗိုလ်တွန်က ဓားထုတ်၍ နှစ်ခြမ်း ခွဲလိုက်သည်။ လူတစ်ယောက် ဒလိမ့်ခေါက်ကွေး ကျလာပြီး အပေါ်မှ လက်ျာဘီလူး၏ မျက်နှာ ပေါ်လာသည်။ တစ်ခဏချင်း ပြန်ပျောက်သွားကာ သေနတ်သံတစ်ချက် ကြားလိုက်ရ၏ ။
"ဒိန်း"
"ဟာ.. ဆော်ကုန်ပြီဟေ့"
နောက်အသံတစ်ချက်နှင့် အတူ လက်ျာဘီလူးက လှေကားခွင်ကို ခုန်ကျော်သွားကြောင်း တွေ့ရသည်။
"ဒိန်း"
"အား"
ဗိုလ်တွန် ပြေးတက်ကြည့်ရာ ဓားထိုးသွင်း ဒဏ်ရာနှင့် အရာရှိတစ်ဦး ပြတင်းမှ ပြုတ်ကျသွားသည်ကို လှမ်းမြင်လိုက်၏ ။
"ဘုန်း"
အောက်မှ လူများက ကျလာသူကို ဝိုင်းကြည့်နေကြသည်။ လက်ျာဘီလူးက ဒုတိယထပ်ရှိ အခန်းတစ်ခုထဲ ဝင်ပြီး ကြောက်လန့်နေသူတစ်ဦးအား ဆွဲ၍
"မင်းတို့ အကြီးအကဲ ဘယ်မှာလဲ"
ထိုသူမှာ နားမလည်၊ လက်ကာပြနေသဖြင့် ဆောင့်တွန်းလိုက်ပြီး နောက်တစ်ဦးကို ဓားနှင့် ချိန်လိုက်ရာ ထိုသူက
"မရှိတော့ပါဘူး၊ ဟိုဘက်က ဆင်းပြီး ထွက်သွားပြီ"
"ငစံ.. ဟေ့ ငစံ"
"ဗျာ"
"တရားလက်လွတ် မလုပ်နဲ့ကွ"
"ဟုတ်ကဲ့.. မလွတ်ပါဘူးဗျ"
"ဒါဖြင့် ဘာတွေ လုပ်နေတာလဲ"
"ကျွန်တော် စစ်ကြည့်ပြီးပြီ မင်းကြီး။ သည်ကောင်တွေ ဒီနေ့ ထွက်သွားတဲ့ သင်္ဘောမှာ အခွန်တော်မထမ်း ခွင့်ပြုချက် မယူတဲ့ သစ်တွေ အတော်များများ ပါသွားတဲ့အကြောင်း လာဘ်ယူပြီး လွှတ်ပေးလိုက်သူတွေဆီက သိရပြီးပြီ"
"ဟုတ်လား၊ ဘယ်သူတွေဆီကလဲ"
"အများကြီးပဲ။ ကွင်းဆက်လိုက်ရရင် ရန်ကုန်မှာ အမှုထမ်း အရာထမ်းတောင် ကျန်ပါ့မလားပဲ။ အကုန်လုံး ဒီလို လုပ်စားနေကြတာ။ သင်္ဘောကုလားတွေနဲ့ ပေါင်းပြီး ရှိသမျှ အချောင်ခိုးထုတ် ရောင်းစားနေကြတာဗျ"
"ဒါဆို အဆင့်ဆင့် တင်ပြပြီး လုပ်ရမယ် မဟုတ်လား။ မင်း သည်လိုလုပ်တော့ မင်းအလွန်ပဲ ဖြစ်ပြီ"
"သည်လိုမလုပ်ရင် နှစ်နဲ့ချီ ကြာသွားမယ်၊ လုပ်ရေးကြံရေးတွေနဲ့ ပျောက်သွားမယ်။ ရန်သူတွေ ပြေးသွားမယ်၊ သူခိုးတွေ လွတ်ပြီး ဓားပြတွေ ကြီးလာမယ်။ အခု ဓားနဲ့ ရှင်းလိုက်တာကို နောင်ဆို စစ်နဲ့ ရှင်းနေရတော့မှာ"
"မင်းပြောတာ ငါ နားလည်သလိုလို ရှိပါရဲ့။ ဒါပေမယ့် ငစံရဲ့၊ မင်း ဒီလိုတွေ လုပ်တာကို သူတို့တင်မက တို့ဘက်က အရာရှိတွေကပါ မကြိုက်ကြဘူး.. သိတယ်မဟုတ်လား။ တချို့က မင်းကို တိုင်ထားတယ်လို့ ကြားရတယ်"
"ဝုန်း"
လက်ျာဘီလူးက ထိုင်ခုံရှည်ကြီးတစ်ခုံကို ကန်လှဲပစ်လိုက်သည်။
"ရေရှည် ဝါးချင်ရင် သည်လို အရိုးနဲ့ တူတဲ့ ကောင်တွေ၊ အမှုကိစ္စတွေကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ရတယ်ကွဲ့။ ပါးနပ်စွာနဲ့ လျှော့သင့်လျှော့ တင်းသင့်တင်း အန္တရာယ်လည်း ကင်းအောင် စီမံတတ်ရတယ်။ မင်းလုပ်နေပုံက ငါတို့ နောက်တစ်လတောင် ခံပါဦးမလား"
"ဦးတွန် မသိလို့၊ တစ်လ တစ်လ ပါသွားတဲ့ ရတနာတွေ ကျွန်းသစ်တွေ သူတို့ လိုချင်တာတွေက မနည်းလောက်ဘူး။ ပတ္တမြားနဲ့ ကျောက်စိမ်းလည်း သည်နယ်ကနေ တရားမဝင် ထိုင်ဝယ်နေတာပဲ"
"ဒါကတော့ တို့ဘက်က ညံ့တာ မနိုင်တာလည်း ပါတယ်။ ဟုတ်ပြီ.. အခု အရေးကို ငါကိုင်လိုက်မယ်။ မင်း ပြန်တော့ချေ"
"ကောင်းပြီ"
"အထိအရှ ဘယ်လောက်ရှိလဲ"
"သေနတ်မှန်လို့ ကျွန်တော့်လူ ၂ ဦး ကျသွားတယ်။ ဒါ့ကြောင့် သူတို့ဘက်က ၃ ယောက် ထည့်ပေးလိုက်ပြီးပြီ။ ခုနက အောက်ကျသွားတဲ့ အရာရှိက ကျွန်တော့် အကြပ်တစ်ယောက် ဆုံးသွားလို့ လျော်ကြေးပေါ့။ ဒဏ်ရာရသူ ၈ ယောက်မှာ ၂ ယောက် စိုးရိမ်ရတယ်။ သေနတ်နဲ့ အရမ်းပစ်တဲ့ ၃ ကောင်ပဲ ဆုံးမရသေးတယ်။ ကလန်ကဆန် လုပ်တဲ့သူတွေ အများကြီး ကျန်နေတုန်း"
"သဘောပေါက်ပြီ၊ မင်း နားတော့"
လက်ျာဘီလူး ပြတင်းမှ ခုန်ချသွားလျင် ဗိုလ်တွန်က ယိမ်းနွဲ့ပါးဓားကို ဆွဲထုတ်လိုက်၏ ။
"မင်းတို့ သေနတ်တွေလိုပဲ မင်းတို့ ကိုယ်တွေ စိတ်တွေ မာရဲ့ မဟုတ်လား"
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
(ဆက်ရန်..) နန်းစဉ်ရွှေဓား ယိမ်းနွဲ့ပါး (၁၅)
Written by သင်္ခရာဇာ
End date: September 16, 2021
No comments:
Post a Comment