တကယ်တမ်း အခွင့်သင့်လာသောအခါ ထိုဓားကြီးကို ကိုင်လိုက်ရန်ပင် ကြောက်နေသလို ရင်ခုန်နေသလို ခံစားရ၏ ။ ရွှေနှင့်အနီ ပေါင်းစပ်ထားသော ခမ်းနားမှုက သူ့အား ညှို့ယူဖမ်းစားနေသလို ခြောက်လှန့်နေသကဲ့သို့လည်း ရှိ၏ ။ ရာဇဝင်တွင် အလွန်နာမည်ကြီးခဲ့သည် ဆိုသော ဓား၊ ခေတ်အဆက်ဆက် ရွှေနန်းရှင်များ အမြတ်တနိုး တန်ဖိုးထားရာ နန်းစဉ်ဓားကြီး။
ယခု ထိုဓားကြီးသည် မိစောမွန်၏ လက်တစ်ကမ်းတွင် ရောက်နေပေပြီ။ ဖောင်းအိနေသော ကနုတ်ပန်းခက်များကို တို့ထိကြည့်၏ ။ ဓားအိမ်ထိပ်မှ လက်ရာမြောက် ဘီလူးပန်းကိုက်ရုပ်ကို ပွတ်သပ်နေရင်း အတွေးဝင်လာသည်။ မိမိ သည်ဓားကို ယူပြီး လွတ်အောင် ပြေးနိုင်ပါ့မလား ဟူ၍။
မသိစိတ်က ဓားလက်ကိုင်ကို ကိုင်မိသွားပြီး ဆွဲချွတ်ကြည့်နေပြီ။ သို့သော် တော်တော်နှင့် မရဘဲ အလွန် ကြပ်နေသကဲ့သို့ ရှိ၏ ။ မင်းကြီး မင်းလှမင်းခေါင် သည်လောက်ကြပ်သည့် ဓားကြီးနှင့် ဘယ်သို့များ တိုက်ပွဲဝင်နေပါလိမ့်ဟု အသိဝင်လာပြီး ဓားကိုင်လက်ကို ရုတ်ရန် ပြင်သော်လည်း တစ်စုံတစ်ရာက ဆွဲငင်ထားသလို။
အားစိုက် ဆွဲထုတ်ကြည့်မှ ချပ်ခနဲ ထွက်လာသည်။ ဆွဲယူနေရသည်ကိုက လေးလံနေလျက် အပန်းတကြီး အားထုတ်နေရ၏ ။ ချောမွေ့ပြောင်လက်နေသော ဓားသွားကို ကြည့်ရင်း လောဘတက်လာသကဲ့သို့ ခံစားရပြန်သည်။ အသွားပေါ်မှ ဇဝါပန်းခက်တို့က စိတ်ကို ဆွဲဆောင်နေသဖြင့် ချပ်ခနဲ ပြန်ထည့်လိုက်မိသည်။
သူ့ခေါင်းထဲတွင်တော့ ရှုပ်ထွေးနေ၏ ။ ယူ၍ ပြေးရမည့် လမ်းကြောင်း၊ ပုန်းရှောင်လှည့်ပတ်ရမည့် နေရာ၊ ကြိုဆိုနေမည့် အထောက်တော်များ၊ အဆင့်ဆင့် ပို့ကြဦးမည့် ခရီးနှင့် အန္တရာယ်များ စသည်တို့အပြင် နောက်ဆုံး ဝင်လာသည်က သူလွတ်သွားသည်နှင့် တစ်ပြိုင်နက် ဘွားမေ၊ ဦးပိုက်ထောတို့ ဘေးမကင်းနိုင်တော့မည့် အချက်ပင်။
အာရုံ စေ့ဆော်မှုကြောင့် အနောက်ဘက် ပြတင်းသို့ လှည့်ကြည့်လိုက်မိရာ သူ့ကို လှမ်းကြည့်နေသည့် မောင်ဖြူကို မြင်လိုက်ရ၏ ။ မောင်ဖြူသည် မြင်စက ဝမ်းသာအားရ ဖြစ်သွားလိမ့်မည် ဖြစ်သော်လည်း သူတစ်ယောက်တည်း ဦးတွန်အခန်းထဲ၌ အချိန်ကြာကြာ ရပ်နေသည့် အဖြစ်ကို သတိထားမိသွားပုံ ရသည်။ မျက်နှာမှာ အံ့သြဟန်စွက်နေ၏ ။
တော်သေးသည်က ပြတင်းမှာ မြင့်နေ၍ မိစောမွန် ဓားကိုင်ထားသည်ကို မမြင်နိုင်။ တစ်စုံတစ်ခုကို ကြည့်နေသည်ဟုသာ သိပေလိမ့်မည်။ ထို့ကြောင့် မူလအကြံကို ဖျက်လိုက်ပြီး ဓားကို ပြတင်းမှ မျက်ကွယ်သည့် နံရံပေါ် ပြန်ချိတ်ထားလိုက်သည်။ မောင်ဖြူကို တစ်ချက်ကြည့်လျက် အခန်းထဲမှ ထွက်လာသောအခါ ဦးပိုက်ထောသည် ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေသည်ကို တွေ့ရ၏ ။
မင်းကြီး မင်းလှမင်းခေါင်မှာ ပျင်းနေပုံရသည်။ ယခုရက်ပိုင်း မင်းထင်နော်ရထာ အပါအဝင် ဗိုလ်များ သူ့ဆီ အလာနည်းသွား၏ ။ အရှေ့ဘက် အိမ်တော်နှစ်ဆောင်လည်း အလုပ်များလျက် ရှိသည်။ အချို့က စျာပန ကိစ္စ ဆောင်ရွက်လျက်၊ အချို့က ဝင်လိုက် ထွက်လိုက်။ မြင်းစီးနေကျသူကိုလည်း သိပ်မတွေ့ရတော့။
သို့သော် တစ်မနက် နေမြင့်စ၌ ထိုသူသည် ရှေ့ဝင်ပေါက်မှ မထွက်ဘဲ ဘေးဘက်သို့ လမ်းလျှောက်သွားရင်း သူ့တစ်ရပ်ခန့် မြင့်သည့် ခြံစည်းရိုးကို လက်တစ်ဖက်ထောက်လျက် ခုန်ကျော် ထွက်သွားသည်ကို မြင်ရသည်။ အခြေအနေကြည့်၍ လစ်ထွက်ခြင်းမျိုး ဖြစ်ရာ သုံးထပ်အမြင့်မှ ကြည့်နေသော မိစောမွန်တစ်ယောက်သာ မြင်လိုက်၏ ။
ထူးခြားနေသောကြောင့် လိုက်ကြည့်မည်ဟု ဆုံးဖြတ်ကာ ဘွားမေကို ခွင့်ပန်ရသည်။
"အဘွားရေ.. သမီး စျေးထဲမှာ ဝယ်စရာတစ်ခု မေ့ခဲ့လို့ ပြေးလိုက်ဦးမယ်။ ဘာမှာဦးမလဲ"
'မမှာတော့ပါဘူး' ဆိုလျက် နှစ်မျိုး သုံးမျိုး မှာနေသေး၏ ။ သို့သော် မှာသံမဆုံးမီပင် မိစောမွန် အပြင်ရောက်နေပြီ။ သွားနှင့်သူကို မီရန် မနည်းလိုက်ရသည်။ ထိုသူက မြင်းမပါ လူရံမပါ ဘယ်ကို သွားနေသည် မသိ၊ စိတ်စောနေပုံလည်း ရ၏ ။
ဗဟန်းအရပ်သို့ နီးလျင် ဇရပ်များပေါ်၌ လူအချို့ကို တလှုပ်လှုပ် မြင်သည်။ ထိုသူတို့သည် ရှေ့မှ သွားနေသူကိုသာ အာရုံစိုက်နေကြပြီး အနောက်ဝေးဝေးမှ ပါလာသည့် မိန်းမသူကို စိတ်ဝင်စားဟန်ပင် မပြ။ ရှေ့မှလူ ဖြတ်ကျော်သွားသည်နှင့် အချင်းချင်း အချက်ပြကာ ဇရပ်များပေါ်မှ ဆင်းလာကြသည်ကို တွေ့လိုက်ရ၏ ။
မိစောမွန်လည်း သူတို့နှင့် ပို၍ခွာလိုက်သည်။ မျက်နှာ မမြင်ရနိုင်သည့် အကွာအဝေးမှ လိုက်ခဲ့ရာ ရှေ့ဆုံးမှ လူသည် သစ်ပင်များ ဖုံးနေသော တောင်ကုန်းတစ်ခုပေါ် တက်သွားလေသည်။ ဇရပ်တစ်ဆောင်လျင် နှစ်ယောက် သုံးယောက် ဆင်းလာသော လူအုပ်လည်း နောက်မှလိုက်ကြ၏ ။
သူတို့ ထိပ်သို့ ရောက်လုချိန်မှ မိစောမွန် ကုန်းအခြေသို့ ရောက်ရာ လူသူမမြင်ရတော့သော်လည်း တိုက်ခိုက်သံများ ကြားနေရပြီ။ အဘယ်ကြောင့် ဤတောအုပ်တွင်း လာရောက် တိုက်ခိုက်ရသနည်း။ ရှေ့ဆုံးလူမှာ မည်သူနည်း။ မိမိကဲ့သို့ သူလျှိုတစ်ဦးပေလော။
မိစောမွန် သတိနှင့် ချောင်းမြောင်းလျက် အသံကြားရာ နေရာအား ပတ်သွား၏ ။ ချုံငယ်တစ်ခုထဲ တိုးကာ မြင်သာရုံ မျက်လုံးတစ်လုံးစာ ဖြဲကြည့်မှ လူနှစ်ဦးနှင့် တိုက်ခိုက်နေသော စစ်သည်ကို မြင်ရရာ သူ့မျက်စိသူ မယုံနိုင်။ ချောင်းဘေးမှသူ၊ စေတီရင်ပြင်၌ စကားစမြည် ပြောခဲ့ဖူးသည့် လုလင် ဖြစ်နေလေသည်။
သူနှင့် တိုက်ခိုက်နေသူများက ပို၍ အံ့သြစရာ ကောင်း၏ ။ တစ်ဦးမှာ ဗညားဒလ ကိုယ်တော်ကြီးနှင့် အမြဲပါလာတတ်သော ကိုယ်ရံတော်တစ်ဦး ဖြစ်နေသောကြောင့်ပင်။ ကျန်တစ်ဦးက ပတ်ချောင်းနေပြီး လုလင်နှင့် ကိုယ်ရံတော်ကြီးတို့သာ သဲကြီးမဲကြီး တိုက်ခိုက်နေကြ၏ ။ အခြားသူများမှာ လဲကျလျက် အများစု အသက်ပျောက်နေကြပြီ။
မကြာမီ ချောင်းနေသူ ဝင်လာပြီး နှစ်ယောက်တစ်ယောက် ဖြစ်သွားသည်။ လုလင်မှာ ခံချနေဆဲ။ ရုတ်တရက် သူတို့ကို ခုန်ကျော်ကာ တောင်အောက်ဘက် ပြန်ပြေးဆင်းသွားသဖြင့် လုပ်ကြံသူနှစ်ယောက်လည်း ထပ်ချပ် လိုက်ကြလေ၏ ။ မိစောမွန်ကတော့ ပုန်းလျှိုး ကွယ်လျှိုးဖြင့်သာ လိုက်ခဲ့နိုင်သည်။
တောင်ပေါ်မှ မဆင်းဘဲ အခြေတွင် ပုန်းကွယ်လျက် ကြည့်နေစဉ် မြင်းခွာသံ ကြားရပြီး လူတစ်ဦး မြင်းစီးလာသည်ကို တွေ့ရ၏ ။ လုလင်နှင့် လေ့ကျင့်ဖက်များထဲမှ တစ်ဦး၊ လုလင်က ကုန်းပိုးရသူ ဖြစ်မှန်းလည်း မှတ်မိလိုက်သည်။ ထိုသူ မြင်းပေါ်မှ ပြေးဆင်းလာချိန်၌ လုလင်အနီးတွင် ဇရပ်များပေါ်မှ ထပ်ဆင်းလာကြသည့် မွန်များစွာ ဝိုင်းနေလေပြီ။
တကယ်တမ်း တိုက်ခိုက်နေကြသည်ကတော့ သူတို့သုံးဦးသာ၊ ကျန်လူများမှာ ပွဲကြည့်သူ သက်သက်။ သို့သော် လုလင် ရှုံးလျင် မည်သို့ ပြုကြမည် ခန့်မှန်းမရနိုင်။ သူ့ဘက်မှ တစ်ဦး ထပ်ရောက်လာ၍သာ တော်တော့သည်။ မဟုတ်ပါက နှစ်ယောက်တစ်ယောက် လက်ညီနေကြပြီး အခက်တွေ့နေကြဟန် ရှိ၏ ။
မြင်းစီးသမား ဝင်လာသောအခါ လုလင်သည် တိုက်နေရာမှ သူနှင့်မဆိုင်တော့သကဲ့သို့ ဓားကို မြေတွင် ထိုးစိုက်လိုက်ပြီး ထိုင်ချလိုက်၏ ။ ထို့နောက် အေးအေးလူလူ အနားယူနေလေတော့သည်။ မွန်နှစ်ဦးမှာ သူ့ကို တိုက်ခိုက်ရန် ကြိုးစားချင်ကြသော်လည်း နောက်မှ ရောက်လာသူကို မကျော်နိုင်သည့်အပြင် တစ်ဦးပင် ဓားချက်ထိကာ လဲကျသွား၏ ။ လုလင်က
"ငသူရိန်ရေ.. မင်းပဲ တာဝန်ယူလိုက်တော့ဟေ့"
ဟု လှမ်းအော်ကာ အနည်းငယ်သာ ရှိသည့် မြက်ဖုတ်ပေါ် ပက်လက် လှန်ချလိုက်လေသည်။ ထိုသူကား မြင်းစီးခြင်း၊ အနေအထိုင်၊ အဝတ်အဆင်၊ အပြောအဆို စသည်တို့သာ ထူးဆန်းသည် မဟုတ်။ ယခုကဲ့သို့ အပြုအမူများသည်လည်း ထူးခြား၍ ကြောင်တောင်တောင်နိုင်ကြောင်း တွေ့ရသည်။
ထိုထက် ထူးခြားသည်ကို ထပ်တွေ့လိုက်ရပြန်သည်။ မြေ၌ ထိုးစိုက်ထားသည့် အနက်ရောင် ဓားသွား၊ ငဖြူ၏ အပေါ်မှ မိုးခုတ်လိုက်ရန် ပြင်ခဲ့သည့် ဓားသွား မှိုင်းမှိုင်းကို သတိရသွားလျက် ထိုစဉ်က ခုန်လိုက်ချိန် ဆံပင်များ ဝေ့ဝဲသွားသည်ကိုပါ ယခုမှ စဉ်းစားမိ၏ ။ ထိုဗိုလ်ကရော သူပဲလား။
"ဟုတ်ကဲ့ တပ်မှူး၊ ကောင်းစွာ နားပါတော့"
သူရိန်ဆိုသူက ခုတ်ခံနေရသည့်ကြားမှ နောက်သို့လှည့်ကာ ပြန်ပြောနေသေးသည်။ သို့သော် သူ့အတွက် အခက်အခဲ အနည်းငယ်မျှ ရှိပုံမပေါ်ဘဲ ရန်သူ့ဓားချက်များကို အလွယ်ကလေး ခုခံနေ၏ ။
လုလင်က တပ်မှူး ဆိုပါလား ဟု မိစောမွန် တွေးမိရသည်။ မြင်းစီးနေသည့် အချိန်က မြင်ရသည်မှာ အိုးစားကြီး အကြပ်လောက်သာ ထင်သည်။ ချောင်းဘေးနှင့် ဘုရား၌ စစ်သည်ဟုပင် မထင်မိ။ ယခုတော့ ထိုနှစ်ယောက်သည် တစ်ဦးတည်း ဖြစ်နေပြီး တပ်မှူးကြီးလည်း ဖြစ်ပြန်သတဲ့။
ပက်လက်လန်နေသည့် တပ်မှူးကြီးကတော့ တစ်ချက် ခေါင်းထောင်ကြည့်သည်မှ အပ နောက်ထပ် လှုပ်ပင်မလှုပ်တော့ဘဲ အသက်ကိုသာ ဖုတ်လှိုက်ဖုတ်လှိုက် ရှူနေလေသည်။ ငသူရိန်က ဝိုင်းကြည့်နေသည့် မွန်များ ခန့်ညားလောက်အောင် အစွမ်းပြပြီးမှ လှပစွာ ခုန်ပျံတက်လျက် လည်ကုပ်ထဲ ဓားထိုးသွင်းကာ ပွဲသိမ်းလိုက်လေပြီ။
"တပ်မှူး မပြောမဆိုနဲ့ ဘယ်ထွက်သွားတာလဲ၊ ကံကောင်းလို့ပေါ့။ ငကံတော့ မြောက်ဘက် လိုက်သွားတယ်"
လုလင်က သွားဖြီးပြရင်း လူးလဲ ထလာသည်။
"ငါ့ကို ညာခေါ်တာကွ သူရိန်၊ ငါလည်း ညာခေါ်တယ် ထင်တာနဲ့ တစ်ယောက်တည်း ထွက်လာလိုက်တာ"
"တပ်မှူး အရဲကိုးပုံနဲ့ ရန်သူအင်အားသာ များရင် မခက်လား"
"မများဘူးကွ၊ သေချာတယ်။ ဆယ်ယောက် ဆယ့်ငါးယောက်ထက် မကျော်မှန်း သိလို့ မင်းတို့ မခေါ်တာပေါ့"
"ဒါဆို ကျန်တဲ့သူတွေရော"
"တောင်ပေါ်မှာ ကျန်ရစ်တယ်"
"အားလုံး ဘယ်နှယောက်ရှိလဲ တပ်မှူး"
"အဲလောက်ပါပဲ.. တစ်ချက်၊ နှစ်ချက်၊ သုံး.. လေး.. ငါး.. ခြောက်.. ခေါင်းက ၃ လုံး၊.. အင်း.. ဆယ့်သုံးယောက်ဖြစ်မယ်"
"ဟိုလူတွေရော ပါသလားဗျ"
ကြောက်လန့်စွာ အုံကြည့်နေသည့် လူများကို ဓားဦးဖြင့် ညွှန်၍ မေးရာ တဝုန်းဝုန်း ပြေးကုန်ကြသည်။ လုလင်က
"မပါလောက်ဘူး၊ ပါလည်း တိုက်ခိုက်ရေးသမား မဟုတ်.. သတင်းပေးလောက်ပဲ ကျန်မယ်"
"လွှတ်ပေးရမလား၊ ဖမ်းပြီး စစ်မေးမလား"
"မေးစရာမလိုဘူး။ ပဲခူးကလူတွေ ဆင်းလာတာပဲ"
"ဘာလို့ပါလိမ့်"
"ငါ့ကို လာလုပ်ကြံတာ ငါမသေမှန်း သိသွားလို့ ထင်ပါရဲ့"
'ဟင်' ဟု မိစောမွန် ရင်တွင်း လှုပ်ခတ်သွားရပြီ။ လုပ်ကြံခံရသည် ဆိုတော့ သူက မင်းထင်နော်ရထာ များလား။ သို့သော် မည်သို့မျှ မဖြစ်နိုင်ဟု သူ့ရင်တွင်းမှ ပြန်ငြင်းနေ၏ ။ သူသည် ဗိုလ်မှူး အကြီးအကဲဟန် လုံးဝ မပေါက်ချေ။ သည်ပုံစံနှင့် အရာရှိတစ်ဦး ဖြစ်နေခြင်းကပင် လွန်လှပြီ။
အိမ်ပြန်ရောက်သောအခါ မျက်နှာတစ်မျိုး ဖြစ်နေသော မောင်ဖြူက သူ့ကို ဆီးကြိုနေ၏ ။
*
"ဘယ်ကိုများ အဲလောက်အကြာကြီး ထွက်သွားရတာလဲ နှမရယ်။ အဘွားမေလည်း ပြန်မလာလို့ဆိုပြီး လိုက်မေးနေတယ်။ မောင်ကြီးလည်း ပူရတာ နှလုံးတွေတောင် ကျက်နေပါပြီ။ မသွားတတ် မလာတတ်နဲ့ နှမရာ"
မိစောမွန်ကို ဒဂုံဇာတိမှန်း မသိ၍ ပြောနေသူ ငဖြူအား ဖြတ်မေးလိုက်သည်။
"ရှင် မင်းထင်နော်ရထာကို မြင်ဖူးလား"
"အွန်း.. မြင်ဖူးသားပဲ၊ ဘာဖြစ်လို့လဲ"
"ဘယ်လိုပုံစံလဲ"
"အသက်ငယ်ငယ်.. မောင်ကြီးထက် နည်းနည်းပဲ ကြီးမယ်"
"ဒီမယ်.. ကျွန်မ မေးကြည့်ပြီးပြီ၊ ရှင်က ကျွန်မထက် တစ်နှစ်လောက် ငယ်တယ်ရှင့်။ ဒါ့ကြောင့် ကျွန်မကို နှမလို့ မခေါ်ပါနဲ့။ ရှင့်ကိုယ်ရှင်လည်း မောင်ကြီးလို့ မသုံးပါနဲ့လား"
"ဟုတ်ကဲ့ပါ မမရယ်၊ အစ်မတော်ဘုရား စိတ်တိုင်းကျ ပြောဆိုနေထိုင်မယ့် မောင်ပါ"
မိစောမွန် ငဖြူအား မျက်စောင်းထိုးလိုက်၏ ။ သူတို့သည် အနောက်ဘက် ဥယျာဉ်တွင်းမှ အပင်ကြီးတစ်ပင်အောက် ထိုင်နေကြခြင်း ဖြစ်သည်။ ဘွားမေအား မျက်စိလည် လမ်းပျောက်သွားခဲ့သည်ဟု ရှင်းပြ နှစ်သိမ့်ခဲ့ပြီး ပြန်ထွက်လာခြင်းလည်း ဖြစ်၏ ။
"နောက်ရော.."
"ခင်ဗျာ"
"သြော်.. ဟိုဗိုလ်မှူးအကြောင်းလေ"
"လူကတော့ လူတော်ပဲဗျ"
"မဟုတ်ဘူး.. ပုံသဏ္ဍာန်ကို သိချင်တာရှင့်"
"ပုံစံက.. အသားလတ်လတ် အကောင်သေးသေး မျက်လုံးမျက်ဖန် ကောင်းကောင်းနဲ့ပဲ။ ရိုးရိုးရှင်းရှင်းပဲ နေထိုင် ဝတ်ဆင်တတ်တယ်။ သျှောင်တောင် သိပ်မထုံးတတ်ဘူး။ ကျောမှာ အမြဲ ချထားတာပဲ"
ရင်တွင်းမှ တလှပ်လှပ် ဖြစ်လာသည်ကို မသိသာအောင် နေရင်းမှ
"သူ့မှာ တခြားအမည် ရှိသေးလား"
"ရှိတာပေါ့။ မင်းထင်နော်ရထာဆိုတာ မသိသူတွေကပဲ ခေါ်ကြတာ။ သိသူတိုင်းကတော့ သူ့ကို လက်ျာဘီလူး လို့ပဲ ခေါ်ကြသတဲ့။ နာမည်အရင်းက ငစံတဲ့"
"လက်ျာဘီလူး" "ငစံ"
စိတ်ထဲမှ အထပ်ထပ် ရေရွတ်နေရင်း မဟာဥပရာဇာတို့ ပြောခဲ့သော အမည်နှင့် မင်းထင်နော်ရထာဟု ထင်ခဲ့သူကြီးက ခေါ်လိုက်သော အမည်ကိုပါ အမှတ်ရလာခဲ့သည်။ လက်စသတ်တော့ သူသည် ငဖြူအား ဓားနှင့်ခုတ်ရန် ရွယ်ခဲ့သေးသည့် သူလည်း မှန်နေပါရော။
"တတ်လည်း တတ်နိုင်ပါ့ရှင်"
"ဟင်"
"ဟိုတစ်ခါ ရှင့်ကို ဓားနဲ့ခုတ်မယ် လုပ်တာ သူပဲပေါ့၊ အဲဒီ လက်ျာဘီလူးပေါ့.. ဟုတ်လား"
"ဟာ.. ဟုတ်တယ်၊ ကျွန်တော် ခလုတ်တိုက်လဲတာကို လန့်ပြီး ဓားထုတ်ရွယ်တာ ခုတ်ပြီမှတ်လို့ ထိတ်သွားတာပဲ။ မမ မြင်တယ်ပေါ့"
မိစောမွန်က မျက်စောင်း ထပ်ထိုးလိုက်ပြီး
"မြင်တယ်ရှင့်၊ ကျွန်မက အဲဒီအချိန် အိမ်အောက် ရောက်နေတာ"
"အဲ.. ဒါနဲ့ ဟိုနေ့က မင်းကြီးအခန်းထဲမှာ ဘာဝင်လုပ်နေတာလဲ။ တော်တော်ကြာတယ်"
မိစောမွန်က ပြောသင့် မပြောသင့် ချင့်ချိန်ရင်း ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
"ဒီမယ်၊ မင့်ကို တစ်ခု ပြောပြမယ်။ ဘယ်သူ့ကိုမှတော့ ပြန်မပြောရဘူးနော်"
"စိတ်ချပါ မမ"
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
(ဆက်ရန်..) နန်းစဉ်ရွှေဓား ယိမ်းနွဲ့ပါး (၁၀)
Written by သင်္ခရာဇာ
End date: September 13, 2021
No comments:
Post a Comment