နေ့ခင်း၌ မြန်မာတပ်များ ဆက်လက် ထွက်ခွာသွားကြသည်။ အပြန်တွင် သစ္စာတော် ပေးမည်၊ ပြင်ဆင်ထားပါဟု မိုင်းပင်းစော်ဘွားအား မှာကြားခဲ့၏ ။ သူတို့ ထွက်သွားပြီးနောက် မိုင်းပင်းတွင် သားချော့တေးလိုလို တဘောင်တစ်ခု ပေါ်လာသည်။
ရတနာသိင်္ဃ နန်းတွင်း၌ အမှုတော်ထမ်းဖူးသည့် ရှမ်းတစ်ယောက်လည်း ရောက်လာသဖြင့် စော်ဘွားကြီးက ခေါ်မေးသည်။ မဟာသေနာပတိက စာတစ်စောင် ပေးခိုင်း၍ လက်ျာဘီလူးထံ လိုက်ပေးရမည်ဟု သိရလေသည်။ နရဏီက
"မောင်မင်း နန်းတွင်းမှာ အမှုထမ်းဖူးတယ် ဆိုတော့ လက်ျာဘီလူးကို သိမှာပေါ့"
"သိပါတယ် အရှင်မဘုရား၊ မကြာခဏ မြင်ဖူးပါတယ်"
"သူက မြန်မာဘုရင်ထံမှာ ဘာရာထူးလဲ၊ တပ်ပေါင်းဗိုလ်ကြီးလား၊ အတော် နေရာရသလား"
"တပ်ပေါင်းဗိုလ် မဟုတ်ပါဘူး၊ အရှေ့ဝင်းတော်မှူးပါ"
"အလို.."
"အရှေ့ဝင်းတော်မှူး ဆိုတော့ ဘုရင့်အနားကပေါ့။ ဟုတ်လား။ စစ်ထွက်တော့ရော ဘယ်အဆင့်လောက် ရှိလဲ"
"စစ်ထွက်ရင်တော့ မသိပါဘူး အရှင်မ၊ ဗိုလ်ချုပ်အဆင့်လောက် ဖြစ်ပါလိမ့်မယ်။ ဗိုလ်မှူး မင်းထင်နော်ရထာ လို့ သိရပါတယ်"
စော်ဘွားက မေးလာပြန်၏ ။
"အဲဒီ မင်းထင်နော်ရထာက အလွန် ရက်စက် ကြမ်းတမ်းတယ်လို့ ကြားရတယ်။ နေပြည်တော်မှာရော တယ်ကြမ်းသလားကွဲ့"
"ကျွန်တော်မျိုးတော့ ရေမြေ့ရှင်ရှေ့တော်မှောက်မှာ ရပ်နေတာနဲ့ တခြားအချိန်တွေမှာ ကလေးနဲ့ ဆော့ကစားနေတာပဲ မြင်ဖူးပါတယ် အရှင်"
သူတို့ တစ်ဦးမျက်နှာ တစ်ဦး ကြည့်မိကြသည်။
"မင်း လာရာ လမ်းတစ်လျှောက် တို့မြို့ရွာတွေ ဖျက်ဆီးခံထားရတာ၊ မီးရှို့ခံထားရတာ မြင်ခဲ့လား"
"မမြင်ပါဘူး၊ သာယာစွာ လုပ်ကိုင် စားသောက်နေတာပဲ မြင်ခဲ့ပါတယ်"
"တို့များ ကြားထားတာက ပုန်ကန်ချင်တဲ့ ရွာတွေကို မီးတိုက်ခဲ့သတဲ့ ကွဲ့"
အထောက်တော်က မင်းသမီးကို တစ်ချက်မော့ကြည့်ပြီး
"ဘယ်သူက တိုက်တာလဲ အရှင်မ၊ မင်းထင်နော်ရထာတော့ မဖြစ်နိုင်ဘူး"
"သူတို့ တပ်များကပေါ့ကွယ်၊ သူ မတိုက်လည်း သူ့လူတွေ တိုက်ခဲ့မှာပေါ့"
"ဒါဆို ပိုပြီး မဖြစ်နိုင်ပါဘူး။ သူ မတိုက်ရင် သူ့လူတွေက ဘာကြောင့် တိုက်ရမှာလဲ"
နရဏီ ပြောစရာစကားမရှိ ဖြစ်သွား၏ ။ စော်ဘွားကြီးက ပြုံးလိုက်ပြီး
"ငါတို့ အဲသည်လို ကြားမိလို့ပါ မောင်ရယ်။ မဟုတ်ရင်လည်း ကောင်းတာပါပဲ။ အချို့ စော်ဘွားများကတော့ သစ္စာမခံလိုဟန် ရှိကြတယ်"
"မခံဘဲ မနေနိုင်ပါဘူး ဘုရား၊ အခု လာတဲ့ သူတွေက တောကြိုအုံကြား ပြေးပုန်းလည်း လိုက်ဖမ်းပြီး သစ္စာပေးကြမယ့် လူတွေပါ"
"မင့်ဟာက သေချာလှချည်လား"
"ယခု လာတဲ့ နှစ်တပ်ဟာ မြန်မာတပ် ဟူသမျှမှာ အကြံအစည် အများဆုံး၊ ပရိယာယ်ဗျူဟာ အကောင်းဆုံး နှစ်တပ်သား ဖြစ်ပါတယ်။ မြန်မာတပ်မှာ မဟာသေနာပတိသာ အခရာဖြစ်တယ်လို့ တင်စားခံရပြီး မင်းထင်နော်ရထာ ဆိုရင်လည်း လှည့်ကြည့်စရာမလိုအောင် စိတ်ချရသူ ဖြစ်ပါတယ်။ သည်နှစ်ဦးရဲ့ အလုပ်အကြံကို တရုတ်ဧကရာဇ်ပင် ခံနိုင်မည်မဟုတ်ပါဘုရား"
"အိမ်း.. အိမ်း၊ တို့လည်း သူ့ ကြံရည်ဖန်ရည်နဲ့ လက်ရုံး နှလုံးဝမ်းကို မြင်သင့်သလောက် မြင်ခဲ့ပြီးပါပြီ။ သူ့အထက်က မဟာသေနာပတိ ဆိုရင် ဘယ်လောက်များ ထက်မြက်လိုက်မလဲ။ သို့ပေမယ့် တို့ရှမ်းရိုးရာ ဓားရေးလှံရေးနဲ့ မြင်းရေးကို ဘယ်သူတူနိုင်မှာလဲ မောင်"
"သူတို့က ဓားရေးထက် နှလုံးရေး သွက်ကြသူတွေပါဘုရား။ မြင်းစီးမှာလည်း ရှမ်းကိုမီတာ ကသည်းသာ ရှိမည် ဆိုပေမယ့် မြင်းသမားတွေကို ဒုက္ခအပေးဆုံးက မဟာသေနာပတိရဲ့ သေနတ်ဝန်တပ်တွေနဲ့ မင်းထင်နော်ရထာတို့ တင်ကျည်းတပ်တွေပါပဲ။ သူတို့ကို မွန်တစ်သိန်းလည်း တိုးလို့ မပေါက် တိုက်လို့မကြေ ဖြစ်နေကြပါတယ်။ ကုန်းဘောင်တပ်တွေမှာ လက်ရုံးအကောင်းဆုံး သားတော်မြေဒူးမင်းတပ်နဲ့ မုဆိုးခြုံတပ် ဆိုတာလည်း ရှိပါသေးတယ်။ သူတို့ကို မခုခံတာ အကောင်းဆုံးပါ"
"မင်းကတော့ ကိုယ့်အမျိုးထက် မြန်မာတပ်ကို ညွှန်းနေပြီ။ ဗမာဆန်က ပိုစေးလို့လား စစ်သား"
"မဟုတ်ပါ၊ ကျွန်တော်မျိုး ရိုးရာကို သစ္စာမဖောက်ပါ။ သူတို့၏ လက်ရုံးရည် နှလုံးရည်ကို မြင်၍ အမှုတော် ထမ်းခြင်းသာ ဖြစ်ပါတယ် အရှင်မ"
"ခု ဘာကြောင့် သေနတ်ဝန်က လက်ျာဘီလူးကို စာပို့တာလဲ"
"မသိရပါ၊ ချိတ်ပိတ် စာပုလွေ ဖြစ်ပါ၍.."
"ကောင်းပြီ၊ လက်ျာဘီလူးအကြောင်း မင်းသိသမျှ တင်စမ်း။ သူ့အကြောင်းဟာ ပြောင်းပြန်တွေချည်းပဲ၊ တို့ ကြားထားတာနဲ့ အလွန်လွဲနေလို့"
"ကျွန်တော်မျိုး သိသလောက်ကတော့ မင်းတရားကြီးက အထူးယုံကြည် အားထားတော်မူလေ့ ရှိတယ်။ သားတော်များထက် ရင်းရင်းနှီးနှီး ပြောဆို ဆက်ဆံတတ်တယ်။ သူက စိတ်နှလုံး သိမ်မွေ့ပြီး သဘောကောင်းပုံ ရပါတယ်။ တစ်ခါတလေတော့ ပြတ်ပြတ်သားသား လုပ်တတ်တယ်။ နန်းတွင်းမှာ လူချစ်လူခင်များတာ သူနဲ့ အနောက်ဝင်းမှူးပါ။ သူ့အစွမ်းကိုတော့ မျက်ဝါးထင်ထင် မမြင်ဖူးပါဘူး။ လူပြောများတာနဲ့ မင်းချစ်တာလောက်ပဲ သိပါတယ်"
"ကြည့်ရတာ မင်းဆွေမင်းမျိုးများ တော်သလား"
"မုဆိုးဖိုက မဟုတ်ဘူး၊ တကောင်းနယ်ကလို့ ပြောသံကြားပါတယ်။ အမျိုး မတော်ပေမယ့် ရှင်မိဖုရားခေါင်ကြီးက သူ့ကို သား လို့ ခေါ်တတ်တာတော့ ကြားဖူးပါတယ်ဘုရား"
စော်ဘွားကြီးနှင့် နရဏီတို့ တစ်ယောက်ကို တစ်ယောက် ကြည့်မိကြပြန်သည်။ လက်စသတ်တော့ ထိုလူရွယ်က အလွန် အရေးပါ အရာရောက်သူ တစ်ဦးပါလား။ မြင်စက မထင်ရသည်ကို အစွမ်းပြလျက် သူတို့ လက်ခံစေခဲ့ပြီး ဖြစ်ရာ ယခု အရှေ့ဝင်းတော်မှူး မင်းထင်နော်ရထာ၊ မိဖုရားခေါင်ကြီးက သား ဟု ခေါ်သည်ကို သိရသောအခါ...။
"ငါ့သမီး သည်ရဲမက်နဲ့ ကျိုင်းတုံကို လိုက်သွားပြီး သည်စာကို ကိုယ်တိုင် သွားပေးသင့်တယ်ကွဲ့"
xxxxxxxxxxxxxxxxxxxxxxxxxxx
"ခုတစ်လော တဘောင်တစ်ခု ပေါ်နေတာ ငါ့မောင် ကြားရဲ့လား"
"မကြားမိဘူး အစ်မတော်"
မြန်မာတပ်များ ကျိုင်းတုံ မရောက်မီ တစ်စခန်းတွင် နရဏီတို့ မီလာ၍ လက်ျာဘီလူးနှင့် တွေ့ပြီး ညဘက် ဝိုင်းဖွဲ့ စားသောက်နေစဉ် နရဏီက မေးလိုက်ခြင်း ဖြစ်သည်။ တဘောင်မှာ မိုင်းပင်းတွင်သာ သီဆိုနေကြသည်ဖြစ်ရာ တောတောင် ကျေးရွာများကို ဖြတ်သန်းလာသည့် ကုန်းဘောင်တပ်များ ကြားမည်မဟုတ်။ နရဏီက ရွတ်ပြလိုက်သည်။ လက်ျာဘီလူးက မျက်မှောင်ကြုံ့လျက်
"မနေ့က နံနက် မြစ်တစ်ဖက်မှာ တံငါမယား တေးဆိုသံကိုတော့ ကြားမိတယ်။ အနောက်မှလာ၊ ရွှေနေကြာ၊ နေမင်းပြည်ရွာ ပွင့်လိမ့်မည် တဲ့။ သည်နှစ်ခု ဆက်လိုက်တော့ အကျွန် ထင်တာက..."
"အင်း.. ဆိုပါဦး"
"နရဏီရွှေပန်း ဆိုတာတော့ တိုက်ရိုက် အစ်မတော်ကို ဆိုလိုတာပဲ။ သည်အတိုင်းဆို ရွှေနေကြာ ဟာလည်း အစ်မတော်ပဲ ဖြစ်မယ်။ တံငါတေးအရ တဘောင်ထဲက အရှင့်သား ဆိုတာ အစ်မတော် မြန်မာမင်း ပြည်ရွာကို ပါမယ် မထင်ဘူး၊ အနောက်မှ လာ.. အခု ကျွန်တော်တို့ရဲ့ အနောက်အရပ်ကနေ အစ်မတော် လိုက်လာတာနော်၊ နေမင်းပြည်ရွာ.. နေကြာပန်း ဦးလှည့်ရာ အရှေ့အရပ်မှာ အခြေကျမယ်၊ ဘုန်းတန်ခိုး တောက်ထွန်း ထင်ရှားမယ်လို့ ယူဆရတာပဲ"
"ဟုတ်မလား၊ မသိတော့ဘူး။ မြန်မာပြည်ကိုတော့ မလိုက်ချင်တာ အမှန်ပါပဲ။ မြန်မာမင်းသားတွေနဲ့လည်း လက်မဆက်လိုဘူး။ သို့ပေမယ့် အရှေ့ ကျိုင်းတုံမှာ အသိအကျွမ်းလည်း တစ်ဦးတစ်ယောက်မှ မရှိပါလား"
"ကံဆိုတာ သူ့ဘာသာ ဖန်လာမှာပါဗျာ၊ ထိုင်စောင့်နေစရာလည်း မလိုပါဘူး။ ရောက်လာတာကို ရင်ဆိုင် ဖြေရှင်းရမှာပဲ"
"မောင်ငယ်မှာရော ရည်မှန်းထားသူများ ရှိသလား"
"စစ်အတွင်းမှာ သေမယ်လို့ ဆုံးဖြတ်ထားသူအဖို့ မည်သူ့ကိုမှ မုဆိုးမ မဖြစ်စေလိုတော့ပါဘူးဗျာ"
ထိုစဉ် အနောက်တပ်ဆီမှ ရုတ်ရုတ်သဲသဲ အသံများ ကြားရသည်။ လက်ျာဘီလူး ထထွက်သွားသဖြင့် နရဏီလည်း စားသောက်ခြင်းကို လက်စသတ်ကာ လိုက်သွား၏ ။ လူတစ်ဦးကို ဖမ်းမိထားခြင်း ဖြစ်သည်။ ထိုသူမှာ ဖုန်၊ သဲများ ပေကျံလျက် ဦးခေါင်းကို ဖိထားခြင်း ခံရသဖြင့် လက်ျာဘီလူးက ဆွဲမော့စေလိုက်၏ ။
"ဟင်... စဝ်ခွန်ဖ ပါလား"
"သည်လူ ဟိုးတောင်ကုန်းပေါ်ကနေ ဝပ်ပြီး တပ်မှူးတို့ကို ချောင်းနေလို့ တက်ဖမ်းရာမှာ ခုခံထွက်ပြေးတာကြောင့် ဝိုင်းဖမ်းလာရကြောင်းပါ"
"အဲဒါ မိုင်းပင်းစော်ဘွားရဲ့ လူပဲ၊ ဘာလို့ သည်လို လုပ်တာလဲ။ တပ်တွင်း ဝင်ချင်ရင် ပြောပြီး ဝင်လာလို့ ရတာပဲ"
"သူ့မှာ အကြောင်းရှိပါလိမ့်မယ်။ အစ်မတော် မေးပါရစေဦး"
နရဏီ ခွင့်တောင်းသဖြင့် စဝ်ခွန်ဖအား လွှတ်ပေးလိုက်ပြီး နရဏီနှင့် သီးခြားတွေ့ဆုံ မေးမြန်းစေသော်လည်း ဘာမှ မေးမရ။ နှုတ်ပိတ် မျက်နှာလွှဲနေရာ နရဏီလည်း မတတ်သာဘဲ စဝ်ခွန်ဖကို ဘီလူးတပ်သို့ ပြန်အပ်လိုက်ရသည်။
နောက်တစ်နေ့ ကျိုင်းတုံသို့ ဆက်လက်ထွက်ခွာကြရာ၌ စဝ်ခွန်ဖအား ကြိုးဖြေပေးလျက် အသာတကြည် လိုက်လာစေသည်။ ပြန်တော့ လွှတ်မပေး။ မယုံရသူ ဖြစ်သဖြင့် အစောင့်အကြပ်နှင့် ထားလေသည်။ နရဏီ အမျိုးမျိုး ချော့မေးသော်လည်း မရ။ စဝ်ခွန်ဖ မည်သည့်အတွက် လိုက်လာသည်၊ မည်သို့သော အကြောင်းကြောင့် ချောင်းမြောင်းနေရသည်ကို လက်ျာဘီလူးကတော့ သိသလို ရှိနေ၏ ။
ကျိုင်းတုံရောက်သောအခါ စော်ဘွား၏ သားနှစ်ဦးမှာ အညံ့မခံလို၍ လူသူဆင်မြင်းနှင့် ချောက်ကမ်းကြီးရာ တိမ်းရှောင်သွားသည်ဟု သိရသည်။ မြန်မာတပ်များ ကျိုင်းတုံ၌ တပ်မချဘဲ ချက်ချင်း လိုက်ရာ သားအငယ်ကို အရှင် ဖမ်းဆီး ရမိသည်။ အကြီးနှင့်မူ တိုက်ပွဲကြီးစွာ ဖြစ်ပွားပြီးမှ ဆင်ထက် ကျည်သင့်သဖြင့် ဆုံးရချေ၏ ။
စော်ဘွား၏ သားငယ်သည် အစ်ကိုကြီး ကျဆုံးကြောင်း သိလျင် ဖခင်ရှေ့မှောက်တွင် မိမိကိုယ်ကိုယ် သတ်သေသွားပြန်သည်။ စော်ဘွားကြီးမှာ ပူဆွေး ဝမ်းနည်းလှ၏ ။ မြန်မာကို သစ္စာခံရမည့်အပြင် သားနှစ်ဦးပါ ဆုံးရှုံးရသည့်အတွက် မဖြေနိုင်ဖြစ်လျက် အိပ်ရာထဲမှ မထတော့။ မြန်မာတပ်များနှင့် နရဏီတို့က ပြန်၍ အားပေးနေရသည်။
ထိုအချိန်တွင် စဝ်ခွန်ဖ က ကျိုင်းတုံစော်ဘွားအား တွေ့ခွင့်တောင်းလာ၏ ။ မိမိမှာ စော်ဘွား၏ မထင်ရှားသော သားဖြစ်ကြောင်း၊ မိမိကို မြင်ပါက စော်ဘွားကြီး အားတက်လိမ့်မည်ဖြစ်ကြောင်း ပြောလာသောကြောင့် လက်ျာဘီလူးက တွေ့ခွင့်ပြုလိုက်လေသည်။
စဝ်ခွန်ဖကို မြင်လျင် စော်ဘွားကြီး ပြစ်တင်မောင်းမဲ၏ ။ ဆိုးသော၊ မိုက်သော၊ မနာခံတတ်သော သားမိုက်အား စွန့်ပစ်လိုက်ပြီဖြစ်ကြောင်း ဆိုနေသဖြင့် လက်ျာဘီလူးကပင် ဖျောင်းဖျ ပြောဆိုရလေသည်။ စော်ဘွားကြီးမှာ ဆက်ခံသူ မရှိတော့သည်ဖြစ်ရာ မြန်မာတပ်မှူး၏ အစီအမံကို မပယ်ရှားနိုင်ဘဲ ဆိုးသွမ်းသည့်သားအား ပြန်လည် လက်ခံခဲ့ရ၏ ။ သားတစ်ဦး ပြန်ရောက်လာ၍ ထူထူထောင်ထောင် ဖြစ်လာသည်ကတော့ အမှန်။
ထို့နောက် လက်ျာဘီလူးက စဝ်ခွန်ဖကို နှစ်ဦးချင်း ခေါ်၍ မေးလေသည်။
"အစ်ကို အဘယ်မျှ ဆိုးခဲ့၍ အစ်ကို့ခမည်းတော် အမျက်မပြေ ဖြစ်ခဲ့ရပါသလဲ"
"ကျုပ် ထူးထူးခြားခြား ဆိုးတာ မရှိပါဘူး။ အနည်းအပါး သောက်စားတတ်တာနဲ့ နေချင်သလို နေတာပဲ ရှိတာပါ။ ဒါကလည်း ကျုပ်က အရေးစိုက်ခံရတဲ့ သားမဟုတ်တော့ အပြင်မှာ နေရတာကြောင့်ပဲ"
"ဒါပေမယ့် စော်ဘွားကြီး အတွက်တော့ သူ့သားတစ်ယောက်ဟာ သောက်စားနေပြီး သူ့သားနှင့်မတူ၊ သူ့ကို အရှက်ရစေတယ်လို့ ယူဆပေလိမ့်မယ်"
"အမှန်ပါပဲ"
"ဘာကြောင့် ကျိုင်းတုံက စွန့်ခွာခဲ့သလဲ"
စဝ်ခွန်ဖက မပြောချင် ပြောချင်၊ တုံ့ဆိုင်းစွာနှင့်
"နရဏီကြောင့်ပဲ"
"ထင်သားပဲ၊ ပြောပါဦး။ အစ်ကိုတို့ ဇာတ်လမ်းကို"
"ကျုပ် သူ့ကို ဘုန်းကြီးကျောင်းတစ်ခုမှာ စတွေ့ခဲ့တယ်။ စုံစမ်းကြည့်တော့ မိုင်းပင်းစော်ဘွား သမီးတော် ဖြစ်နေတယ်။ မြတ်နိုးလှပေမယ့် အဖကို တောင်းရမ်းခိုင်းရင် ကျုပ်အတွက် မဖြစ်ဘဲ အစ်ကိုကြီးအတွက် ဖြစ်သွားမှာလည်း သိနေတယ်။ ခုတောင် သူ့မှာ မိန်းမ ၃ ယောက် ဖြစ်နေပြီ။ ပြီးရင် သူပဲ စော်ဘွားဖြစ်မယ်"
"ဒါနဲ့ ထွက်လာရောလား"
"ဒါကြောင့် ထွက်တာ မဟုတ်ပါဘူး။ အစ်ကိုလတ်နဲ့ အချင်းများပြီး ပြေးလာတာပါ။ ပြန်ရင် အစ်ကိုလတ်က ကျုပ်ကို ကွပ်ချင် ကွပ်မှာ။ ဒါနဲ့ ရနောင်းက လာတယ် ပြောပြီး သူရှိရာ မိုင်းပင်းမှာ အမှုထမ်းရင်း ဝင်နေတယ်"
"ဒီတော့ အစ်မတော် နရဏီနဲ့ နီးစပ်ရောလား"
"မနီးစပ်ပါဘူး။ နရဏီက ထက်လွန်းတယ်။ သူ့ကိုယ်သူ လက်ရုံးရော နှလုံးပါ ပြည့်စုံတယ်လို့ ထင်ပြီး မာနထောင်လွှားနေတော့ ကျုပ်လည်း သူ့အနား မကပ်ခဲ့ဘူး။ အဝေးကနေပဲ ကြည့်နေခဲ့တာ"
"တခြားသူ ဦးသွားမှာ မစိုးရိမ်ဘူးလား၊ ဥပမာ ကျွန်တော်"
"စိုးရိမ်မိပါတယ်။ အမှန်အတိုင်း ပြောတာပါ။ နရဏီကို ကျုပ် မရနိုင်ပေမယ့် သူတစ်ပါး လက်ထဲ ရောက်သွားမှာကိုလည်း ကြောက်လှလို့ ညတိုင်း အိပ်မက်ဆိုးတွေ မက်တဲ့အထိ ဖြစ်ခဲ့ရတယ်"
"အခုရော ကြောက်သေးလားဗျာ"
"အခုတော့.. ကြောက်တော့ ကြောက်ပေမယ့်.."
"အင်း"
"ငါ့ညီကိုတော့ မယှဉ်နိုင်ပါဘူး။ ငါ့ညီ ရောက်လာမယ် ဆိုကတည်းက သတင်းတွေကို စုံစမ်းပြီး စိုးရိမ်ခဲ့ရတာ။ မယုံမကြည် ဖြစ်အောင် သတင်းလွှင့်၊ စော်ဘွားကြီးကိုလည်း သွေးထိုးခဲ့မိတယ်။ တကယ်တမ်း ငါ့ညီရဲ့ နှလုံးကို မြင်ရတဲ့အခါ နရဏီ နဲ့ ထိုက်တန်သူပါလား လို့ သဘောပေါက်လာခဲ့ပါတယ်"
လက်ျာဘီလူးက ပြုံးလိုက်သည်။
"သည်လိုဆိုတော့ အစ်ကိုက နရဏီနဲ့ မထိုက်တန်ဘူး ဆိုတဲ့ သဘောပေါ့"
စဝ်ခွန်ဖ သူ့ကို အတန်ကြာ ငေးကြည့်နေသည်။
"မထိုက်တန်ဘူး... လို့ပဲ၊ ဆိုရမှာပါ။ သူက သိပ်ပြီး"
"လက်ရုံးရော နှလုံးပါ ကောင်းတယ်မဟုတ်လား"
"ဟုတ်တယ်"
"အစ်ကိုနဲ့ လက်ရုံးချင်း မကွာဘူး မဟုတ်လား"
"အင်း.. ကျုပ်ကိုတော့ သူ မနိုင်နိုင်ပါဘူး"
"နှလုံးရည် ဗဟုသုတမှာ သူက များတယ်ပေါ့"
"ဟုတ်တယ်"
"အစ်ကိုက ဘာဖြစ်နေလို့တုန်း"
"ဟင်"
"သူ့ထက် အစစ နိမ့်ကျနေတာလား။ မိန်းမသားတစ်ယောက်ထက် ယောက်ျားမပီမသစိတ် ရှိသလား"
"မရှိပါဘူး.. ဒါပေမယ့် ကျုပ်က မထင်မရှား.."
"ယောက်ျားကောင်းရင် မိန်းမမြတ်တာထက် သာရမယ် မဟုတ်ဘူးလား"
".........."
"အစ်ကို အရင်က ဆိုးခဲ့တယ်၊ မိုင်းပင်းရောက်တော့ ထူးချွန်လို့ ဒါမှမဟုတ် အားကိုးရလို့ပဲ စော်ဘွားကြီးအနား ရောက်လာတာ မဟုတ်လား"
"အဲဒါက ကျုပ်ရဲ့ အစွမ်းအစကို နှစ်သက်လို့ ကိုယ်ရံတော် ခန့်ပြီး ယုံကြည်စိတ်ရချသူ အဖြစ်နဲ့ အနားမှာ ထားတာပဲ"
"ယုံကြည်စိတ်ချရသူ၊ စော်ဘွားရဲ့ ကျေးကျွန်တွေကို အနိုင်အထက် နှိပ်စက် ညှင်းပန်းခဲ့တာ လုပ်ဖူးလား"
"မလုပ်ဖူးဘူး ထင်တယ်"
"တရားနဲ့အညီ ကျင့်သလား"
"သူတို့အပေါ်မှာလား"
"အားလုံးအပေါ်မှာ"
"ကျုပ်.. မပြောတတ်ဘူး"
"အရင်က မကျင့်မိဘူးပဲထား။ အခု ကျိုင်းတုံ စော်ဘွားရဲ့ အမွေဆက်ခံသူ ဖြစ်နေပြီ။ နယ်သူနယ်သား အားလုံးအပေါ် အစ်ကို့ဖခင်ထက် ပိုပြီး ကောင်းအောင် မနေနိုင်ဘူးလား"
"အဲ.. အဲဒါက.."
"မိုင်းပင်းစော်ဘွား ယုံသလို ကိုယ့် ဖခင်အရင်းက ယုံကြည်လာအောင်ရော နေမပြချင်ဘူးလား"
"နေချင်တာပေါ့ဗျာ"
"တကယ်တော့ ကျွန်တော်က နေပြစေချင်တာ မဟုတ်ဘူး။ နေကို နေရတော့မယ် လို့ ဆိုလိုတာ"
"ကျုပ် နားမလည်ဘူး။ ဘာလို့ နေကို နေရမှာလဲ"
"ကျွန်တော့်အမိန့်ကြောင့်ပဲ အစ်ကို။ မနက်ဖြန်မှာ အစ်ကို့ကို အမိန့်တော်မှတ်ပါမယ်။ အစ်ကိုဟာ ကျွန်တော် အမိန့်ချတဲ့အတိုင်း နေခဲ့ရလိမ့်မယ်"
စဝ်ခွန်ဖ နှုတ်ခမ်း တလှုပ်လှုပ်။ လက်ျာဘီလူးက ဆက်တိုက် ပြောချလိုက်သည်။
"အစ်ကို့ကို မကျန်းမာတဲ့ စော်ဘွားကြီးကိုယ်စား ကျိုင်းတုံနယ်ကို စောင့်ရှောက်ဖို့ အစောင့်ထားခဲ့ရလိမ့်မယ်။ သုရှင်က လိုလို့ ခေါ်ရင် ရတနာသိင်္ဃကို အရောက်လာရမယ်။ ကျိုင်းတုံနယ်တစ်ဝိုက်ရဲ့ ကိုယ်စား အစ်ကိုက လူသူလက်နက် စုစည်း ဦးဆောင်ပြီး အောက်ပြည်ကို လိုက်သင့် လိုက်ရလိမ့်မယ်"
"ဒါဆို.. ကျုပ်က"
"နေပါဦး.. ဆုံးအောင် နားထောင်ပါဦး။ အစ်ကို မဆိုးမသွမ်းတော့ဘဲ ဖခင်ကလည်း ကျေနပ်၊ နယ်သူနယ်သားတွေကလည်း လိုလားတယ် ဆိုရင် စော်ဘွားကြီး မရှိတော့ရင် ကျိုင်းတုံနယ်ဟာ အစ်ကို့အတွက်ပဲ။ ထောင်ထားခြားနားဖို့ ကြံတာပဲ ဖြစ်ဖြစ်၊ တရားပျက်တာပဲ ဖြစ်ဖြစ် အစ်ကို့လမ်းကို အစ်ကို ရွေးရမှာပါ"
စဝ်ခွန်ဖ မျက်ရည်များ ဝဲလာသည်။
"ကျေးဇူးတင်ပါတယ် ငါ့ညီ။ ကျုပ် လူဆိုးလူသွမ်းတစ်ယောက် မဟုတ်ပါဘူး။ ပေါ့ပေါ့နေပြီး သောက်စားခဲ့မိတာပါ။ မိုင်းပင်းမှာတော့ သူ့တာဝန် ဝတ္တရားတွေကို မလစ်ဟင်းစေခဲ့သလိုပဲ အခု ဒီမှာလည်း ကိုယ့်နယ်လို သဘောမထားဘဲ ငါ့ညီတို့ နယ်မြေကို စောင့်ရှောက်ရသလို သတိဝီရိယရှိရှိ ကောင်းမွန်စွာ ထားပါ့မယ် ငါ့ညီ"
"ဒါပေမယ့် အစ်ကို့မှာ အရည်အချင်း မပြည့်သေးပါဘူး"
စဝ်ခွန်ဖ မျက်လုံးပြူးသွားပြန်သည်။ သူ့အတွက် ထိတ်လန့်ရမည်လား၊ ဝမ်းသာရမည်လား၊ အံ့သြရမည်လား မသိသော အခိုက်အတံ့များစွာကို တစ်ချိန်တည်းမှာ စဉ်ဆက်မပြတ် ကြုံတွေ့နေရခြင်း ဖြစ်ရာ ထူပူ၍ နားမလည်နိုင်တော့။
"မနက်ဖြန် ကျိုင်းတုံ ကျိုင်းတောင်းနယ်များကို သစ္စာတော်ပေးမယ်။ ယုံကြည်ရသူတစ်ဦးကို အစောင့်အနေ ခန့်ခဲ့ဖို့လည်း အမိန့်စာ ရထားတာ ရှိတော့ ကျွန်တော့်လူထဲက မထားခဲ့တော့ဘဲ အစ်ကို့ကိုပဲ ထားခဲ့တော့မယ်။ သို့ပေမယ့် အုပ်ချုပ်ရေးမှာ အစ်ကိုတစ်ယောက်တည်း မဖြစ်တာကြောင့် သည်ဘက်မှာ ကျွမ်းကျင်တဲ့ အစ်မတော် နရဏီကို ခေတ္တ ထားခဲ့ရလိမ့်မယ်။ အစ်မတော်ကိုတော့ ကျွန်တော်ပဲ ရှင်းပြလိုက်ပါမယ်။ အစ်ကိုကသာ အစ်မတော်ရဲ့ ယုံကြည်မှု ရဖို့ ကြိုးစားပါ"
စဝ်ခွန်ဖသည် သူ့အား ပြူးကျယ်သော မျက်လုံးများ တလက်လက်ဖြင့် ကြည့်နေသည်။
"ယုံကြည်ဖို့ ဆိုတာ ကျေးကျွန်တစ်ယောက်လို၊ အစောင့်အနေ တစ်ဦးလို၊ ဒါမှမဟုတ် စော်ဘွားလောင်းလျာတစ်ဦးအဖြစ် ယုံကြည်ဖို့ ကြိုးစားခိုင်းတာ မဟုတ်ဘူး။ အစ်ကိုဟာ ယောက်ျာကောင်းတစ်ယောက်၊ ဘယ်အချိန် ဘယ်အခြေအနေမှာ ဖြစ်ဖြစ် ယောက်ျားပီသနေသူ တစ်ယောက်အဖြစ် လူတိုင်းက စွဲမြဲ ယုံကြည်အောင် ကြိုးစားစေချင်တာ၊ ဘယ်သူမှ မယုံရင်တောင် ကိုယ့်ကိုယ်ကိုယ်တော့ ယုံနေရမယ်"
စဝ်ခွန်ဖသည် ဒူးများ ခွေညွှတ်လျက် လက်ျာဘီလူး၏ ပခုံးအား ပုတ်လိုက်သည်။ စကားသံတော့ ထွက်မလာနိုင်သေး။ မည်သို့ ပြောရမည်မသိ ဖြစ်နေပုံ ရ၏ ။ လက်ျာဘီလူးက နားလည်စွာ အားပါးတရ ပြုံးပြပြီး ထွက်လာခဲ့လိုက်၏ ။
*ပြီးပါပြီ*
Written by သင်္ခရာဇာ
End date: July 28, 2021
No comments:
Post a Comment