Translate

နန်းစဉ်ရွှေဓား ယိမ်းနွဲ့ပါး (၁)

လဂွန်းအိန်နှင့် သစ္စာပြုရန် အဖက်ဖြစ်ခဲ့သော မြန်မာသူရဲကောင်း သတိုး (မိုးညှင်းသတိုး) နန်းတက်ပြီးနောက် မင်း ၅ ဆက်အရောက်၊ အင်းဝမင်းဆက် ၁၃ ဆက်၊ မိုးညှင်းဆက် ၆ ဆက်မြောက် အချိန်။

အင်းဝခေတ်၌ အကောင်းဆုံးနန်းတော်၊ အနုပညာ ရသအမြောက်ဆုံး လက်ရာဟု ကျော်ကြားလှသည့် မှန်စီရွှေချ နန်းတော်ကြီးရှေ့ တလင်းပြင်ဝယ် ရွှေနန်းကျော့ရှင် နရပတိသည် ကျောက်စာကြီးတစ်ချပ်နှင့် အလုပ်ရှုပ်လျက် ရှိ၏ ။
"ကိုယ်တော်ရဲ့နောက် သားမြေးမြစ်မင်းများ ရွှေနန်းတော် ဆောက်လုပ်လိုပါက မှီငြမ်းနိုင်စေဖို့ ငါကိုယ်တော် တတ်ကျွမ်းတဲ့ ဗိသုကာပညာများ၊ နန်းတော်တည်ဆောက်ပုံများကို မှတ်တမ်းထားရစ်တော်မူမယ် မင်းကြီးများ။ ကိုယ်တော်ဘုရား မိန့်မြွက်သည်များအား ကဗျာလင်္ကာအဖြစ် ဆက်သွင်း၍ တစ်ဖုံ၊ သင်္ချာနည်းဖြင့် တစ်သွယ်၊ ကျောက်စာရေးထုံးဖြင့် တစ်မျိုး ဆီလျော်ညီညွတ်စေရန် ပြုပြင်ရေးထိုးကြရမည်"
ဟု ညီလာခံတွင် မိန့်တော်မူခဲ့သည့်အတိုင်း အမတ်ဒေါဗညား ဟူးရားသုခမိန် ပညာရှိဝန်မင်းများက အထူးအထွေ ဆက်သွင်းကြသည်များကို ကြည့်ရှုတည်းဖြတ်နေခြင်း ဖြစ်၏ ။ ထိုသို့ အလုပ်များနေခိုက် နရပတိ၏ စာတော်ဖတ် ဦးရွှေရထံ လူတစ်ဦး ကပ်လာပြီး
"ရွှေနန်းရှင် ဘဝရှင်မင်းတရား စီရင်စေသော လက်သုံးတော် ရွှေဓား ပြီးစီးကြောင်း သံတော်ဦး တင်ရန် ပန်းပဲဝန်မင်း ရောက်ရှိလှာပါသည်"
ဦးရွှေရက ရွှေနန်းကျော့ရှင် ခေတ္တအနားယူချိန် လျှောက်တင်လိုက်ရာ နရပတိသည် ဝမ်းသာအားရဖြင့်
"ဝလေ့.. မင်္ဂလာ နှစ်ပါး တစ်နေ့တည်း ရောက်ကြောင်းပါလား။ ငရွှေရ၊ ယိမ်းနွဲ့ပါးဓားကို ကြည့်ရှုစစ်ဆေးပြီး လက်ခံယူဖို့ ပြင်လှည့်ချေ"
မင်းပျိုမင်းလွင်ဖြစ်သော နရပတိသည် ပန်းပဲဝန်တစ်ဦး ခန့်၍ သူ၏ အလိုကျ တိုက်ပွဲဝင် ဓားကောင်းတစ်လက် စီရင်စေဟု အမှာတော်ထားရှိခဲ့ရာ ယခု ထိုဓားမှာ ရွှေနန်းတော်နှင့်အတူ ပြီးစီး၍ သူ့ထံ ဆိုက်ရောက်လာပေပြီ။ မင်းစေလုလင်များ တရိုတသေ ယူဆောင်လာခဲ့သော ယွန်းသေတ္တာရှည်ကြီးကို နရပတိဘုရင်က မျက်တောင်မခတ် စူးစိုက်ကြည့်နေမိ၏ ။
ပိတ်စဖြူခင်းထားသည့် စားပွဲပေါ် ယွန်းသေတ္တာကြီး ရောက်သောအခါ ပန်းပဲဝန်က အဖုံးကို အသာအယာ မ ကာ ဖွင့်လိုက်သည်။ ရွှေရောင် ဖိတ်ဖိတ်လက်နေသော ပတ္တမြားကျောက်စီ ဗိန်းဓားကြီးတစ်လက်။ ဓားအိမ်ရှိ ကနုတ်ထွင်း ကြေးသားများက ဝင်းအိနေပြီး ရွှေစင်ရွှေသား အပတ်များနှင့် ပနံရလှ၏ ။
နရပတိဘုရင်က ယင်း ဓားအိမ်မှ ဆုပ်ယူလျက် ကျစ်လျစ် လှပသော ရွှေသားလက်ကိုင်ကို ဆွဲထုတ်လိုက်သည်နှင့် ဖွေးဖွေးဖြူသော ဓားသွား ထွက်ပေါ်လာလေသည်။ အသွားမှာ သန့်ရှင်း ချောမွတ်နေပြီး အရိပ်ကျရာတို့၌ ပြာမှိုင်းမှိုင်း အရောင်ရှိ၏ ။ သွေးစီးကြောင်းခွက်ထဲ ရေးထွင်းထားသည့် ဇဝါကနုတ်တို့မှာလည်း ညီညာပြတ်သား တိကျ လှပလွန်းပေသည်။
"သံကတော့ အေးစက်ပြီး မာတင်း ကောင်းမွန်မယ့်ပုံပဲ ဝန်မင်း။ လက်ရာများလည်း ချောလှပါရဲ့။ သို့ပေမယ့် ခုတ်တိုင်းရော ပါပါ့မလား"
"အရှင်မင်းကြီးကိုယ်တော်တိုင် ကျွန်တော်မျိုး၏ ဓားကို ခုတ်စမ်းတော်မူပါ ဘုရား"
"ဟုတ်ပါပေ့၊ ကိုင်း.. ရဲမက်တော်တစ်ဦး လာစမ်း။ မင့်ဓားကို ဝန်မင်းလက် အပ်ပါလေ့။ ငါ ဓားစမ်းတော်မူမယ်"
နရပတိက ယိမ်းနွဲ့ပါးဓားကို မြှောက်ကာ ပန်းပဲဝန် ကိုင်ထားသော ကိုယ်ရံတော်၏ဓားအား ခုတ်ချလိုက်သည်။
"ချွမ်း"
အောက်မှ ခံသော ဓားသည် ဓားကောင်းဖြစ်သော်လည်း ရွှေနန်းကျော့ရှင်၏ ရွှေဓားကိုမူ မခံနိုင်ဘဲ မာန်စွယ်ကျိုးကျသကဲ့သို့ ပြတ်တောက် လွင့်စင်ကာ မြေသို့စိုက်နေ၏ ။ ရွှေနန်းကျော့ရှင် နရပတိက ခုတ်ချက် ထိမိသည့် နေရာအား သေချာစွာ စစ်ဆေးကြည့်ရှုလေသည်။
"ပဲ့ခြင်း တွန့်လိပ်ခြင်း မရှိ၊ ပကတိ ညီညွတ်ပြတ်ရှစေရန် ပြုလုပ်ထားပုံဟာ အလွန် နှလုံးမွေ့စရာ ဖြစ်တယ်။ သည်လောက်ကောင်းတဲ့ ရွှေဓားတော် သွန်းလုပ်စီရင်နိုင်တဲ့ ဝန်မင်းကို ဆင်ပေါက်တစ်စီးနဲ့ ပုဆိုး နှစ်အုပ် ဆုလာဘ်တော် ချီးမြှင့်မည်ဗျား"
ထိုနေ့မှ အစပြု၍ ရတနာပူရ နေပြည်တော်တစ်ဝန်းဝယ် သုရှင် နရပတိ တည်သော မှန်စီရွှေချ ရွှေနန်းတော်၏ တင့်တယ်အံ့မောဖွယ် ဗိသုကာလက်ရာနှင့် သူ၏ ပတ္တမြားကျောက်စီဓား ယိမ်းနွဲ့ပါးအကြောင်းမှာ ပြောမဆုံးနိုင် ဖြစ်နေကြရသည်။ အမည်ကသာ ယိမ်းနွဲ့ပါး၊ မာကျော ထက်မြလိုက်သည်မှာ သံ.. သံချင်းတွင် ဗိုလ်မထားဟု ဆိုရလောက်သည် ဟူ၏ ။
မည်သည့် တိုက်ပွဲမျှ မဝင်ရသေးမီ ကာလ၌ပင် ရွှေနန်းကျော့ရှင်၏ လက်သုံးတော်ဓားအကြောင်းသည် အနယ်နယ် အရပ်ရပ်ဝယ် နာမည်ကျော်လျက် ရှိချေပြီ။ ယင်းအချိန်က အင်းဝမှာ ရန်သူပတ်လည်ဝိုင်းလျက် မတည်ငြိမ်လှ။ မြောက်ဘက်တွင် မိုးညှင်းစလုံက အင်အားတောင့်တင်းနေပြီး ပြည်ကို ဘုရင်ခံ ခန့်ထားသည့် သတိုးမင်းစောသည်လည်း မြို့တွင်းသို့ လူသူလက်နက်ရိက္ခာ သွင်းကာ အခိုင်နေနေသည့် အချိန်။
အဆိုးဆုံးမှာ ကေတုမတီတောင်ငူမြို့ ဖြစ်ပြီး မဟာသီရိဇေယျသူရ ဘွဲ့ခံ မင်းကြီးညိုသည် လက်ရုံးရည် နှလုံးရည် ကြံရည်ဖန်ရည်အပြင် ဗေဒင်လက္ခဏာလည်း ကျင်လည်လှသဖြင့် တန်ခိုးထွားလာ၏ ။ သို့သော် ပါးနပ်လိမ္မာသော တောင်ငူဘုရင်က အင်းဝနှင့် မိတ်မပျက်စေရဘဲ တစ်ဘက်မှ အင်အားသိမ်းသွင်းကာ တောင်ငူမင်းဆက်ကို စတင် ထူထောင်နေသည်။
ပြည်နှင့် မိုးညှင်းတို့မှာ မဟာမိတ်ပြုလျက် အင်းဝကို အာခံလာသည်။ နရပတိမှာ စစ်ရေး ကျွမ်းကျင်သူ မဟုတ်သဖြင့် အားထားရသော အုန်းဘောင်စော်ဘွားကိုသာ ဆင့်ခေါ်လျက် ဦးစီးဦးရွက် ပြုစေရ၏ ။ သို့ရာတွင် အုန်းဘောင်ခုံမှိုင်းသည် အဝ၌ ကာလရှည် နေနိုင်သူ မဟုတ်၍ သူမရှိချိန် ပြည်နှင့် မိုးညှင်းတပ်များ ဝင်ရောက်တိုက်ခိုက်လာရာ နရပတိ မခံနိုင်တော့ချေ။ အင်းဝနန်းကို စွန့်ကာ ပြေးရလေတော့သည်။
မကြာမီ အုန်းဘောင်စော်ဘွား အကူအညီဖြင့် နရပတိ နန်းတက်လာပြန်သည်။ အင်းဝတွင် ဘုရင်မဲ့နေစဉ်က တောင်ငူဘုရင် မင်းကြီးညိုသည် အင်းဝ၏ နယ်စပ်မြို့ရွာများကို သိမ်းယူလိုက်၏ ။ ထိုအကြောင်းကို မိုးညှင်းစလုံ ကြားသိသောအခါ အင်းဝသို့ ချီလာပြန်လေသည်။ နရပတိလည်း အုန်းဘောင်ခုံမှိုင်းကို စောင့်၏ ။ မရောက်လာ၊ မိုးညှင်းတပ်များ အင်အားကောင်းပြီး အင်းဝမှာ ပြန်လည်ထူထောင်စ ဖြစ်ခြင်းကြောင့် ထွက်မတိုက်နိုင်ချေ။ မြို့တွင်းမှသာ ခံရသည်။
မိုးညှင်းတပ်များသည် ရတနာပူရအား ရက်သတ္တတစ်ပတ်ကျော်မျှ ရံနေပြီးနောက် ဆင်မြင်းဗိုလ်ပါ အလုံးအရင်းနှင့် ဝင်တိုက်ကြသည်။ မြို့ရိုးပေါက်၍ ဘုရင်နရပတိ မနေသာတော့ဘဲ ဆင်တော် ရွှေစာတိုက်ကို စီးကာ ထွက်လာရသည်။ မိုးညှင်းစလုံ၏ သား ရှမ်းမင်းသား သိုဟန်ဘွားနှင့် ဆင်ချင်း တိုက်ကြလေသည်။
သိုဟန်ဘွားက ဆင်နှင့် ခံရာ နရပတိ လိုက်၏ ။ ရွှေစာတိုက်ဆင်က ကြီး၍ သိုဟန်ဘွား အကပ်မခံ၊ ရှောင်လျက် တိုက်သည်။ ထိုသို့ လိုက်စဉ် အဝေးမှ ပစ်လိုက်သော အမြောက်ဆံ ဦးခေါင်းကို ထိမှန်သဖြင့် ရွှေနန်းကျော့ရှင် နရပတိမှာ ဆင်တော်ထက်တွင်ပင် နတ်ရွာစံလေ၏ ။ ထက်လှစွာသော လက်သုံးဓားတော်ကိုမျှ မထုတ်လိုက်ရပေ။
မိုးညှင်းစလုံလည်း အင်းဝကို ရပြီးနောက် သားတော် သိုဟန်ဘွားကို နန်းအပ်ခဲ့၍ ပြန်လေသည်။

Written by သင်္ခရာဇာ

End date: September 10, 2021

No comments:

Post a Comment

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...