ထိုနေ့က သူတို့ ရဲလှေ ၃၀ ဖြင့် ရှေ့ပြေးကင်းထောက် ထွက်လာခဲ့ကြသည်။ မွန်တို့ ချီလာသည့် သတင်းများ ရရှိထားခဲ့သဖြင့် စစ်နီးလာပြီဖြစ်ကြောင်း သိထားရာ သတိအပြည့်နှင့် နားမျက်စိဖွင့် လှော်ခတ်လာကြ၏ ။ ရှေ့ဆုံးမှ ပဉ္စရူပရုပ် ရဲလှေပေါ်တွင် တပ်မှူးနှင့်အတူ ငထင်လည်း ပါလာသည်။
"အနောက်တောင်ထောင့်က မိုးသားတွေ မည်းနေတယ်ကွ၊ မကြာခင် မိုးရွာတော့မှာ"
ဒါကိုတော့ လူတိုင်း သိပြီးသား ဖြစ်၍ မည်သူမျှ ဂရုစိုက်မနေကြ။ လှေကိုသာ မှန်မှန် လှော်နေကြသည်။ တပ်မှူးက အော်၍ အမိန့်ပေးသည်။
"ဖြည်းဖြည်း လှော်ကြဟေ့၊ ရှေ့ တစ်တိုင်လောက်မှာ မြစ်ကွေ့ရှိတယ်"
မြစ်ကွေ့ရှိသည်နှင့် အဘယ်ကြောင့် လှေနှေးရမည်ကို မသိကြသော်လည်း အားလုံး လှော်အားကို လျှော့လိုက်ကြသည်။ ကျားရုပ်အလံ တလွန့်လွန့်ဖြင့် ပြေးလွှားနေသော ရဲလှေများသည် အရှိန်သတ်သွားကြပြီး လူနှစ်ဦးတွင် တစ်ဦးသာ လှော်ခတ်ကြတော့သည်။
"ငါ့အထင် မမှားရင် အဲဒီမြစ်ကွေ့ အကျော်မှာ မွန်တွေ ရောက်နေလောက်ပြီ။ ခုထိ မြစ်ကွေ့ သည်ဘက်ကို လွန်မလာသေးဘူး ဆိုတော့ ချောင်းတွေ လက်တက်တွေထဲ သတိထား ကြည့်ကြစမ်း၊ အရိပ်အချည် တစ်ခုခု မြင်ရင် ချက်ချင်း ပြောကြဟေ့"
တပ်မှူးသည် နောက်သို့လည်း လှည့်ကြည့်၏ ။ နားကို စွင့်ထားသလို ကောင်းကင်ကိုလည်း တစ်ချက်တစ်ချက် ကြည့်သည်။ လေကိုလည်း စမ်းသည်။ ရေကိုလည်း စမ်းသည်။ လှေများကို ဖြန့်လျက် စူးရှိ မရှိ၊ ညှောင့်ထောင် မထောင် ရှာကြရသည်။ မြစ်ပြင်၌ မည်သည့်လှေမျှ မတွေ့ရသည်ကိုပင်လျင် သူ မသင်္ကာ ဖြစ်နေပုံ ရ၏ ။
နောက်ဆုံးမှ ပန်းတက်လာသော လှေကို စောင့်၍ မေးနေပြန်သည်။
"နောက်တပ်တွေ ဘယ်လောက် ကွာသေးလဲ သိသလားဟေ့"
"ခရီး နှစ်တိုင်သာသာတော့ ကွာဦးမယ် တပ်မှူး"
"အင်း.. ငါလည်း ဒီလိုပဲ ထင်တယ်"
မြစ်ကွေ့နှင့် နီးလာသည်နှင့်အမျှ လေက အေးလာ၏ ။ လေထဲတွင် မိုးစက်မှုန်ကလေးများ စပါလာပြီး မြစ်ပြင်၌ ဆူးချွန်များကဲ့သို့ ပေါ်လာကြပြီ။ လေတသွင်သွင် တိုက်နေသောကြောင့် ဖြူဖွေးသော မိုးစက်တို့က သူတို့ နံဘေးကို ရိုက်ခတ်နေကြသည်။ တပ်မှူးသည် ရဲလှေများ၏ အလယ်သို့ ရောက်အောင် နေရာယူလိုက်ပြီး လှေများကို နီးနီးကပ်ကပ် ရှိစေလိုက်သည်။
မြစ်ကွေ့အရောက်တွင် မိုးစက်များက စူးလာသည်။ မြင်ကွင်း ခပ်မှုန်မှုန်၏ အစွန်း၌ မည်းမည်းအရိပ်များကို မြင်နေရသည်။ သူတို့အားလုံး ထိုအရိပ်များသည် တိုက်လှေကြီးများ ဖြစ်ကြောင်း သဘောပေါက်လိုက်ကြပြီ။ တပ်မှူး ခန့်မှန်းသည့်အတိုင်း မွန်တို့ရေတပ်ကြီးကို အဝေးတွင် မြင်နေရလေပြီ။
သူတို့တာဝန်မှာ ရန်သူတပ်များကို မည်သည့်နေရာ၌ မည်မျှအင်အား ရှိကြောင်း ကင်းစမ်း စစ်ရမ်းရန် ဖြစ်ပြီး ရန်သူကင်းထောက်လှေတပ်နှင့် တွေ့ပါကလည်း တိုက်ဖျက်ပစ်ခဲ့ရန် ဖြစ်သည်။ ထို့ကြောင့် ယခု ရန်သူ့ ရေတပ်မကြီးကို မြင်သောအခါ လှည့်ပြန်ရန် သင့်နေလေပြီ။ သို့သော် တပ်မှူးက လက်သီးကို ထောင်ထားပြီး ရပ်တန့်နေသည်။ ပြန်လှည့်ရန် အချက်မပြသေး၍ အားလုံး ငြိမ်နေကြသည်။
မိုးစက်မိုးပေါက်တို့သည် သူတို့ ကျောပြင်ကို ပြင်းထန်စွာ ထိမှန်လာနေ၏ ။ လှေတော်သားအားလုံးသည် ငြိမ်သက်လျက် လှေဦးထိပ်မှ ရပ်ရင်း အခြေအနေ သုံးသပ်နေသော တပ်မှူးကိုသာ ဝိုင်းကြည့်နေကြသည်။ ခဏကြာလျင် တပ်မှူးသည် မွန်လှေကြီးများကို ငေးမောနေရာမှ ရဲလှေများဘက် လှည့်ကြည့်လာပြီး
"တိုက်လှေကြီးတွေကတော့ မြစ်ပြင်ပြည့် ဆီးဆို့ပြီး အထပ်ထပ် ရံထားပုံ ရတယ်။ အင်အား နှစ်သောင်း သုံးသောင်း ကျော်မယ်။ ရဲလှေ တိုက်လှေ လှေပေါ့လှေလျင်တွေ ရှေ့တင်ထားပုံ မရဘူး။ ကြည့်ရတာ တို့တပ်တွေကို အမြောက်နဲ့ ဆီးပစ်မယ့် ပုံပဲ"
မည်သူကမျှ ထောက်ခံစကား မဆိုကြဘဲ သူ့အပြောကိုသာ စောင့်စားနေကြသည်။
"တို့က အဆီးအပစ်ကို ခံလို့ မတော်ဘူး၊ အခု အနေအထားကလည်း အခွင့်အရေးကြီး ဖြစ်တယ်။ မိုးက သူတို့လှေတွေရဲ့ အရှေ့ကို ပက်နေပြီး လေက တို့အနောက်က တိုက်နေတာ"
ယခုအချိန်ထိ သူ့ဆိုလိုရင်းကို ငထင် မရိပ်မိသေး။ အများစုကလည်း မသိကြသေးဘဲ ငေးကြည့်နေကြဆဲပင် ရှိသည်။
"ငါတို့ ဝင်တိုက်မယ်ဆို တိုက်လို့ရတယ်"
အားလုံး လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြ၏ ။ လူ ၂ သောင်း ၃ သောင်းနှင့် ဧရာဝတီမြစ်ပြင်ကျယ်ကြီးအပြည့် ပိတ်ဆို့ထားသော တိုက်လှေကြီးများကို ကင်းစမ်းရဲလှေငယ်လေးများဖြင့် ဝင်တိုက်ကြမည်ဟု ဆိုလိုလေသလား ဟု တစ်ယောက်ကိုတစ်ယောက် မေးမြန်းသလို မျက်လုံးများနှင့် ကြည့်မိကြလေသည်။
လက်ျာဘီလူးကိုလည်း ထိုမျှအထိ ရူးမိုက်လိမ့်မည် မထင်ခဲ့ကြ။ သူတို့တပ်မှူးအကြောင်း ကောင်းကောင်းသိကြသော်လည်း မယုံမရဲ ဖြစ်နေကြပြီး တပ်မှူးကို ကြည့်ကြရာတွင် ဆုံးဖြတ်ချက် ချပြီးဟန် အားပါသော ပုံပန်းအား မြင်ကြရသည်။ သူကတော့ မိုးထဲရေထဲတွင် မာန်အပြည့်နှင့် ဆက်ပြောနေ၏ ။
"ငါတို့ တောင်ဘက်က ကပ်ပြီး ရေနဲ့ လေနဲ့ လူအားနဲ့ ကြုံးလှော် လိုက်ကြမယ်ဆို မွန်တွေနဲ့ ငါတို့ကြား တစ်တိုင်စာ အကွာအဝေးက ခဏလေးပဲ။ ငါ ချိန်နေတာက နောက်တပ်တွေ ဟောဒီ မြစ်ကွေ့ကို ရောက်လာမယ့် အချိန်ပဲ။ ငါတို့ ဝင်တိုက်ပြီး မကြာခင်မှာ နောက်တပ်ကူတွေ ရောက်လာပြီး လှမ်းမြင်နိုင်ဖို့ အခု ခဏ မျှောလိုက်ကြတာပေါ့"
တပ်မှူး ဘာတွေ ကြံနေပါလိမ့်ဟု ငထင် စိုးရိမ်စွာ တွေးမိသည်။ မည်သို့ပင် ကြံစည်စေကာမူ မိမိတို့လှေတပ်ကလေး အချည်းနှီး ပျက်စီးသွားမည့် အရေးကိုသာ မြင်နေမိသလို တစ်ဖက်မှလည်း မယုံရဲရဲနှင့် ယုံချင်စိတ်၊ ဟုတ်နိုးနိုး တွေဝေစိတ်က ဖြစ်နေ၏ ။
"မင်းတို့က လှေ ၃၀ ဆိုတာကို နည်းတယ် ထင်နေတာလား။ လှေ ၃၀ ဟာ လူ ၃၀ မဟုတ်ဘူး။ ငါတို့မှာ လူအင်အား လုံလုံလောက်လောက် ရှိတယ်။ အဓိက စစ်ရေး အခြေအနေ ကံကြမ္မာလည်း ငါတို့ဘက်မှာ အပြည့်အဝ ရှိနေတယ်။ ငါတို့ လုပ်ရမှာက မြန်မြန်တက် ရဲရဲတိုက်ပြီး သူတို့ တိုက်လှေ လက်နက် ခဲယမ်းတွေကို ရသလောက် ယူဖို့ပဲ"
သွေးသောက်တစ်ဦးက လှမ်းပြောသည်။
"ကျွန်တော်တို့ အမိန့်မရဘဲ တိုက်ရင် အပြစ်ဒဏ် ခံရမှာပေါ့ တပ်မှူး"
"ငါတို့ ပြစ်ဒဏ် ကြောက်လို့ တပ်မကြီးကို စောင့်နေလိုက်ရင် အားလုံး အမြောက်ဒဏ် ခံရနိုင်တယ်။ မိုးမည်းဆိုတာ မကြာတတ်ဘူး"
ငထင် သဘောပေါက်လိုက်သည်။ မိုးသည် သူတို့အနောက်ဘက်၊ မွန်တိုက်လှေကြီးများ၏ အရှေ့တည့်တည့်မှ ပက်၍ သွန်းရွာနေသည်မှာ ယခုသည် အားအကောင်းဆုံး အချိန် ဖြစ်သည်။ မကြာမီ အားလျော့လာတော့မည်။ အမြောက်ကြီးများ၏ အရှေ့မှ မိုးသည်းထန်စွာ ပက်နေလျင် ပစ်ခတ်ရန် ခက်ခဲမည်ဟု တပ်မှူးက ဆိုလိုနေခြင်း ဖြစ်၏ ။
"ပေးမယ့် အပြစ်ဒဏ်ကို မင်းတို့ ပူပန်စရာ မလိုဘူး။ ငါ တာဝန်ယူတယ်။ မင်းတို့တာဝန်က သူတို့လှေတွေ မခွာစေနဲ့။ ရသလောက် ချိတ်ပြီး ယူဖို့ပဲ။ မီးပေါက် သေနတ်ဟာ ရေကြောက်တယ်၊ ငါတို့က ဘာမှ မကြောက်ဘူး။ အမြောက် ဆိုတာ မိုး ကြောက်ပါတယ်။ ငါတို့ကတော့ သေမှာတောင် မကြောက်ဘူး"
"ဟေး"
"အခု ငါတို့ တစ်စုတည်း မြစ်ဘယ်ဘက်ကမ်းက ကပ်ပြီး အပြင်းချီသွားမယ်။ တောင်ဘက်စွန်း လှေက စတက်မယ်။ မြင်တာ အကုန်ခုတ်၊ ရေထဲပစ်ချကြရမယ်။ နောက်တပ်မကြီး အချိန်မီ ရောက်လာလိမ့်မယ်။ ဘာမှ ကြောင့်ကြနေစရာ မလိုဘူး။ အခုက မင်းတို့ပွဲပဲ။ ပွဲရအောင်သာ ယူကြ။ လူတိုင်း ပွဲရစေမယ့် အခွင့်အရေးကြီးပဲ"
"ဝေးးးးး"
"ကိုင်း.. ငါတို့အစွမ်း ပြလိုက်ကြရအောင်"
လှေတပ်သားများက ဝမ်းသာအားရ အော်ဟစ်ပြီး သူ့ထက်ငါ အလုအယက် တက်သွားကြသည်။ လက်ျာဘီလူးက ရှေ့ဆုံးမှ ဦးဆောင်၍ အလံများကို လှဲစေပြီး ကိုယ်ကို ကျုံ့ဝပ်ကာ လှော်ခတ်ကြစေသည်။ မိုးသည်းသည်း မြစ်ပြင်ကြီးထဲ၌ ရဲလှေငယ်များသည် မြားဦးချွန်သဏ္ဍာန် စုစည်းသွားပြီး တရိပ်ရိပ် လျင်မြန်စွာ ပြေးလွှားနေ၏ ။
မွန်တို့သည်လည်း ကုန်းဘောင် ကင်းလှေများ မြစ်ကွေ့မှ ပေါ်လာသည်ကို မြင်ပြီး ဖြစ်ရာ အတန်ကြာ ရပ်တန့်နေသည်ကိုလည်းကောင်း၊ ထို့နောက် အလံများ လှဲ၍ သူတို့ထံ လာနေသည်ကိုလည်းကောင်း ကြည့်နေကြလေသည်။ ဗိုလ်မှူးပြုလာကြသော ဒေါစွယ်ယစက်၊ တလပန်းတို့လည်း တိုက်လှေကြီးများစွာ၏ အလယ်မှ နေ၍ ကင်းလှေငယ်လေးများ အနည်းငယ်ဖြင့် ချည်းကပ်လာသည်ကို သုံးသပ်နေကြ၏ ။
မြန်မာများ ပရိယာယ် ပြုလေသလားဟု နောက်တပ်မကြီး ပါ မပါ ကြည့်ရာတွင် ကင်းလှေများ အမြောက်တစ်ကမ်း ရောက်လာသည်အထိ မည်သည့်တပ်မျှ မမြင်၊ ပြောင်း အမြောက်များဖြင့် စမ်းပစ်ရာတွင်လည်း တန့်ခြင်း ဆုတ်ခြင်း မရှိဘဲ လာမြဲအတိုင်း လာနေကြသည်။
ထို့ကြောင့် လှေငယ်လေး တစ်စုသည် သူတို့ မနိုင်နိုင်သည့် တိုက်လှေကြီးများ အင်အားကို မြင်၍ ကြောက်ရွံ့ခန့်ညားသောကြောင့် အလံလှဲလျက် မွန်တို့ထံ ဝင်စားရန် လာသည် ဖြစ်လိမ့်မည်ဟု တွေးထင်မိကြသည်။ မိုးရွာနေသဖြင့် အမြောက်များမှာ နောက်တစ်ကြိမ်ပစ်ရန် မလွယ်၊ အပေါ်မှ မိုးကာ၍ ပြင်ဆင်သည့်တိုင် ယမ်းအိတ် ယမ်းမှုန့်တို့ကို ရေစိုနေရာ မပစ်ခတ်စေတော့ဘဲ ဝင်လာမည့် လှေတို့ကိုသာ စောင့်ကြိုနေကြလေ၏ ။
အမြောက်တစ်ကမ်းကို ကျော်လာသည်နှင့် လှေငယ်များသည် ပိုမိုမြန်ဆန်စွာ နီးကပ်လာကြပြီးလျင် ဗိုလ်မှူးများရှိရာ အလံထောင်ပြထားသည့် အလယ်ကြောသို့ ဝင်မလာဘဲ ညာဘက်စွန်း တိုက်လှေကြီးများဆီ ဦးတည် ဖြန့်ခွဲသွားကြသည်ကို မြင်ကြရသည်။ ထိုအခါမှ တိုက်ခိုက်ရန် လာကြသည်ကို ရိပ်မိရလေသည်။
မြန်မာတို့ ဤမျှအထိ မိုက်ရူးရဲလိမ့်မည် မထင်သဖြင့် ဗိုလ်မှူးများ အံ့သြနေကြသလို အများက ရယ်သွမ်းသွေးကြ၏ ။ သေနတ်ဖြင့် ဆီးကြို ပစ်ခတ်ကြ၏ ။ သို့သော် ဒိုင်းငယ်ဝိုင်းကလေးများ ကိုယ်စီပါသော လှေတော်သားတို့က ပစ်ခတ်သမျှကို ကာကွယ်ရင်း ချိတ်များ၊ ကြိုးများ၊ လှံလျင်များဖြင့် ပစ်ခတ် ချည်းကပ်လာကြသည်။
လက်ျာဘီလူးက အချက်ပြသဖြင့် တိုက်လှေကြီး တစ်စင်းလျင် ရဲလှေ နှစ်စင်း ဘယ်ညာကပ်၍ ဦးမှ ချိတ်ငင် တက်ကြသည်။ တက်သူတို့ တက်နေခိုက် နောက်လူတို့က ကာပစ်ပေးကြ၏ ။ တိုက်လှေကြီးများပေါ်မှလည်း မြားတံ လှံတံများစွာက မိုးစက်များနှင့်အပြိုင် တဖွဲဖွဲ ကျဆင်းလာသည်။
သူတို့ရဲလှေသားများ တိုက်လှေကြီးများကို တက်မိချိန်၌ မိုးသည် အတော်ပင် စဲသွားခဲ့ပြီ ဖြစ်ရာ ဒေါစွယ်ယစက်တို့သည် လက်ယာဘက်လှေများ တိုက်ပွဲကို ထင်ထင်ရှားရှား မြင်နေရသည်။ ဘီလူးသရဲ စီးနေသကဲ့သို့ လှေပေါ် တက်လာသူများသည် အသားစားတော့မည့် သွင်ပြင်များနှင့် ဝမ်းသာအားရ အော်ဟစ်နေကြ၏ ။ လူများကို အလုအယက် ထိုးခုတ်နေကြ၏ ။
နှစ်ဘက် အကျအဆုံး များသလောက် ပြင်းထန် ရက်စက်သော တိုက်ပွဲ ဖြစ်သည်။ တိုက်ပွဲသည် တဖြည်းဖြည်း အလယ်ဘက်သို့ ကူးစက်လာသည်။ ခုန်နင်းလာသော ကျူးကျော်သူများက လှေကြီးများပေါ်သို့ တစ်စင်းပြီးတစ်စင်း ခပ်မြန်မြန် ရောက်ရှိလာပြီး မူလထက် ပိုများလာသည်ဟုလည်း ထင်ရသည်။ သူတို့သည် အလယ်လှေများသို့ စုပေါင်း၍ ဦးတည် လာနေကြခြင်းကြောင့် ဖြစ်၏ ။
ထို့ကြောင့် အလယ်ရှိ လှေများနှင့် လက်ဝဲဘက်ကပ်လျက် တွဲထားသည့် လှေများပေါ်မှ စစ်သည်များကို လက်ယာဘက်သို့ သွားရောက် တိုက်ခိုက်ရန် ဗိုလ်မှူး တလပန်းက ညွှန်ကြားနေစဉ် မြစ်ကွေ့မှ မြန်မာလှေများ ထွက်ပေါ်လာကြသည်ကို မြင်ရလေပြီ။ မြန်မာလှေတပ်ကြီးကလည်း အစ၌ တစ်တိုင်ခန့် အကွာအဝေးမှ တိုက်ပွဲကို အံ့သြစွာ ကြည့်နေကြသည်။
နောက်မှ စည်မောင်းခရာ တီးမှုတ်ကာ အလျင်အမြန် ချီလာကြလေသည်။ မွန်တို့သည် မြန်မာရေတပ်ကြီး ထပ်ချီလာနေသည်ကို မြင်လျင် 'လှေပေါ့လှေလျင်များကိုပင် မခံနိုင်ဘဲ တိုက်လှေတပ်ကြီး ကစီကရင် ရှိသည်၊ ယခု နောက်တပ်မကြီး ချီလာသည်မှာ မည်မျှ အင်အားများသည်မသိ၊ မြန်မာတို့ အကြံအစည် ရှိလိမ့်မည် မချွတ်' ဟု ကြံကာ တပ်ဆုတ် ခွာရန် ပြင်ကြကုန်၏ ။
ရဲလှေ ၃၀ သားတို့က မခွာရ၊ ကြိုးမျှ အဖြည်မခံ။ ချိတ်ငင် ထိုးခုတ်ပစ်ကြရာ လှေပေါ်မှ ခုန်ချပြေးရသူတို့ မနည်းလှ။ တိုက်လှေကြီးများစွာ လှေဦးလှည့်မရ၊ စိစိထပ်ထပ် ရှိသည်နှင့် ကျောက်ကြိုးဖြတ်၍ နောက်မှ ဆွဲယူ ထွက်ကြရသည်။ မွန်ဗိုလ်မှူး တပ်မှူးများလည်း အနောက်ဘက်တွင် စီထားသော လှေကြီးများဖြင့် ဦးလည် ပြေးကြ၏ ။ သူတို့အနောက်ရှိ ရဲလှေငယ်များမှာ ဖရိုဖရဲ။
မိုးကား တိတ်ချေပြီ။ မြစ်ပြင်ပြည့် ပိတ်စောင့်နေခဲ့သော တိုက်လှေကြီးများ နေရာတွင် လှံများ ထိုးထိုးထောင်ထောင် စူးနေသော တိုက်လှေအချို့နှင့် ရဲလှေငယ်များ၊ အပျက်အစီးများ၊ ဟိုတစ်စ သည်တစ်စ လူသေအလောင်းများ၊ အမြောက်ဒဏ် ထိထားသည့် တိုက်လှေပျက်အချို့သာ ကျန်ရစ်သည်။
ကုန်းဘောင်လှေတပ်များ ရောက်ရှိလာချိန်၌ မွန်တိုက်လှေကြီးများပေါ်ဝယ် ကင်းထောက်တပ်သား အချို့သည် ဓားများ မြှောက်ပြ ဟစ်ကြွေးနေကြပြီး အချို့မှာ ပြေးသည့်နောက် လိုက်သွားကြသည် ဆို၏ ။ ရန်သူကို မြင်လျင် မတိုက်နှင့်ဟု အမိန့်ထုတ်ခဲ့ပါလျက် ဝင်တိုက်ခဲ့သော တပ်မှူးမှာမူ လှေတစ်စင်း၏ ဦးဖျားတွင် ခြေချလျက် ခွထိုင်နေ၏ ။
No comments:
Post a Comment