ခေတ်အဆက်ဆက် နှစ်ပေါင်းများစွာ စည်ကား ခမ်းနားခဲ့သော ဟံသာဝတီ နေပြည်တော်ကြီးသည် ယခုအခါတွင်တော့ အုတ်ပုံ သစ်ပုံ မီးလောင်ပြင်များဖြင့် ဖရိုဖရဲ ဖြစ်နေခဲ့သည်။ အလောင်းမင်းတရားက နောင်တွင် ပုန်ကန်သူတို့ အမှီအခိုမရစေရန် မြို့ကို ဖျက်ရမည်ဟု အမိန့်တော် ထုတ်ပြန်ခဲ့၍ ပဲခူးမြို့ ပြင်တပ်ကြီးကိုလည်း ဖြိုလိုက်ကြပြီ။ ကျုံးကိုလည်း မြေဖို့ခဲ့ပြီးပြီ။ မြို့ရိုးများလည်း မရှိတော့၊ မြို့တွင်းမှအိမ်ကြီးအိမ်ကောင်းများပင် အဖျက်ခံလိုက်ရသည်။
သူ့အနားသို့ ရဲမက်တစ်ဦး လျှောက်လာပြီး
"ဟိတ်.. သူငယ်၊ ဘာကိစ္စလဲကွ"
"ဟို.. ကျွန်တော်မျိုး ရှားပါး သစ်ခေါင်းပျားရည် ရလာလို့ သည်က မြို့စောင့် ဗိုလ်ကြီးကို ဆက်သဖို့ လာရောက်ရပါတယ်"
ထိုအခါ ရဲမက်က ရယ်လိုက်ပြီး
"မြို့စောင့် ကျန်ခဲ့တာက ဗိုလ်မှူးကြီး မင်းထင်နော်ရထာနဲ့ စစ်ကဲ မင်းကြီး ကျော်ထင်ရွှေတောင်တို့ပဲ ရှိတာ။ မင်းထင်နော်ရထာက ဒါမျိုးတွေ လက်မခံဘူး။ စစ်ကဲကြီးကလည်း မင့်ပဏ္ဍာကို ယူရင်တောင် ပျားရည်ဖိုးပဲ ရမှာကွ။ ဆုတော်လာဘ်တော်များ မျှော်လင့်နေရင်တော့ အချည်းနှီးပဲကွယ့်"
"အဖိုးအခ မရသည်ဖြစ်စေ ပျားရည် ကောင်းလွန်းလို့ လက်ဆောင်တော် ဆက်ချင်တာပါခင်ဗျ"
"ကောင်းပြီလေ"
ထိုရဲမက်က အိမ်မည်းမည်းကြီးတစ်ဆောင်ပေါ်သို့ တက်သွားသည်။ မကြာမီ ပြန်ဆင်းလာပြီး
"စစ်ကဲကြီးကတော့ မယူလိုဘူး ပြောတယ်။ မင်းထင်နော်ရထာကိုသာ ဆက်လိုက်တဲ့"
ပြောပြောဆိုဆို နောက်အိမ်တော်တစ်ဆောင်ပေါ်သို့ တက်သွားပြန်သည်။ ထို့နောက် အိမ်ပေါ်မှ နှုတ်ခမ်းမွေးစစနှင့် လူလတ်ပိုင်းတစ်ဦး ဆင်းလာ၏ ။
"မောင်မင်းက ပျားရည်ဆက်ချင်သပဆို"
"မှန်ပါ၊ အလွန်ရှားပါးသော ဆေးဘက်ဝင် သစ်ခေါင်း ပျားလေးရည် ရရှိလာပါသဖြင့် ဆင်းရဲသားတို့နှင့် မတန်၊ ဗိုလ်မင်းတပ်မင်းများသာ သုံးဆောင်ထိုက်သည်ဟု လာရောက် ဆက်သခြင်း ဖြစ်ပါသည်"
"အေး.. ပြစမ်းကွဲ့ မင့်ပျားရည်"
ထိုသူက ညာလက်ဖြင့် ကိုင်လာသော ဆောင်ဓားကို ဘယ်လက်သို့ ပြောင်းလိုက်ပြီး ညာလက်က အိုးကို ယူရန် ပြင်သည်။ ကျေးတောသား လူငယ်ကလည်း အိုးကို ပိုက်ထားရာမှ ရှေ့တိုးကာ ကိုယ်ကို ကိုင်းညွှတ်လျက် လက်နှစ်ဖက်ဖြင့် ရိုရိုသေသေ ပေးလာ၏ ။ သို့သော် အိုးကို တစ်ဖက်လူ ကိုင်မိသည်နှင့် တစ်ပြိုင်နက် ထိုသူ့လက်ထဲမှ ဆောင်ဓားကို ကျေးတောသားက ဆွဲချွတ်လိုက်ကာ ခုတ်ပိုင်းပစ်လိုက်လေသည်။
"ဒုတ်"
"အား"
"ဟားဟား၊ ငါ့အဘကို သတ်တဲ့ဗိုလ် ခုတော့လည်း အလွယ်ကလေးပါလား။ ခဲခဲကပ်ကပ် လုပ်ကြံရမယ် မှတ်တာ၊ မင်းတို့ဗမာတွေ တယ်အယုံလွယ်ကြသကိုး"
လဲကျသွားသူကို သျှောင်မှ ဆွဲကိုင်၍ ထပ်မံခုတ်နေစဥ် ရဲမက်အများ ပြေးလာကြပြီး ကျေးတောသားအား ဝိုင်းဝန်း ထိုးခုတ်ကြကုန်၏ ။ ကျေးတောသားကတော့ လူအုပ်အလယ်တွင် ဓားကို ဝှေ့ရမ်းရင်း ခုတ်ဖြတ်လာခဲ့သော ဦးခေါင်းကို ဆွဲကာ တိုးထွက်သွားသည်။ ဓားလှံများက သူ့ကို မပေါက်သလို သေနတ်ကျည်စေ့များလည်း မသင့်ချေ။
ဆူဆူညံညံ အသံများ ကြားသဖြင့် ဘုရားခန်းအတွင်း ဝတ်ပြုနေကြသော လက်ျာဘီလူးနှင့် လက်ရွေးစင် သွေးသောက်အချို့ ထကြည့်ကြ၏ ။ တံခါးစောင့်များကို ခုတ်၍ ပြေးသွားသော လူတစ်ဦးကို ကျောမှသာ မြင်လိုက်ကြရသည်။ ကျော်ထင်ရွှေတောင်၏ ရွေးတော်သားတစ်စုနှင့် ဘီလူးတပ်သားအချို့ ပြေးလိုက်သွားကြသော်လည်း လုပ်ကြံသူမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့၏ ။
အိမ်တော်စောင့် ရေဦးဗိုလ် ငမောင်မှာ အချောင် သေသွားရပြီ။ ကျေးတောသားသည် ရေဦးဗိုလ်အား မင်းထင်နော်ရထာ အမှတ်နှင့် သတ်ဖြတ်သွားခဲ့ခြင်း ဖြစ်သည်။ ထိုအရေးကြောင့် စစ်ကဲ ကျော်ထင်ရွှေတောင်နှင့် မြို့စောင့်ဗိုလ်မှူး မင်းထင်နော်ရထာတို့ ခေါင်းချင်းဆိုင် တိုင်ပင်ကြရသည်။
"ကျုပ်က ကြွင်းကျန်တဲ့ မွန်စစ်သည်တွေကြားမှာ အပြီးအစီး ကောင်းသူတွေကို ရှာဖွေ စစ်ဆေးမယ်။ တောသားပုံ ဖမ်းထားပေမယ့် သူ့လက်စွမ်းက စစ်သည်ထဲကပဲ ဖြစ်မှာပဲ။ ရန်ကုန်၊ သန်လျင်တို့ကိုလည်း ပိတ်ဆို့ ရှာဖွေဖို့ အမိန့်ထုတ်လိုက်မယ်"
မင်းထင်နော်ရထာက
"စစ်ဆိုင်နေရတဲ့ ကာလမှာ သည်လိုအဖြစ်တွေကတော့ ကြုံရမှာပဲ။ ကျွန်တော်တို့ သည့်ထက် မျှော်လင့်ထားဖို့ပဲ ရှိတယ်။ မွန်တွေ စုပြီး ပုန်ကန် ထကြွလာနိုင်တာကိုလည်း ကြိုတင် ပြင်ဆင်ထားရမယ်။ ဦးရီးက ရေဦးဗိုလ်အရေးကို စီရင်ပါ။ ကျွန်တော်က မြို့လုံခြုံရေးနဲ့ အေးချမ်းငြိမ်သက်ရေးကို တာဝန်ယူမယ်။ ဦးရီး သတိတော့ ထား၊ သင်းက အပြီးအစီး လုံတယ်ဆိုတော့ အထိအခိုက် အကျအဆုံး အနည်းဆုံးဖြစ်အောင် စီစဥ်နိုင်မှ ဖြစ်မယ်"
"အင်း.. ပျားရည် လက်မခံမိတာ တော်သေးတာပေါ့။ ကျုပ်ကို လူမှား သတ်သွားရင် ခံရဦးမယ်"
သို့သော် နှစ်ရက်သုံးရက် လွန်သည်အထိ လုပ်ကြံသူ ကျေးတောသားလူငယ်အား ရှာဖွေမရဘဲ လုံးဝ အစပျောက်နေ၏ ။ လက်ျာဘီလူးကမူ ထိုသူသည် စစ်သည်တော်များထဲမှ ဟုတ်မည်မထင်၊ သူ၏ ပြောစကားအရ သူ့အဘအတွက် လက်စားလာချေခြင်းသာ ဖြစ်မည်ဟု ယူဆသည်။ သူ့ဖခင်သည် စစ်တွင်း တစ်နေရာတွင် မိမိနှင့် ရင်ဆိုင် ကျဆုံးခဲ့ရသည် ဖြစ်မည်၊ ထို့ကြောင့် လူငယ်က မိမိနည်း မိမိဟန်ဖြင့် တစ်ဦးတည်း ဝင်လာခဲ့ခြင်း ဖြစ်နိုင်သည်ဟု တွေးမိသည်။
တုတ်ပြီး ဓားပြီး ကျည်လွဲသူတစ်ဦးအား သာမန်ရဲမက်များဖြင့် လိုက်လံဖမ်းဆီးရန် အားထုတ်ခြင်းသည် အန္တရာယ်များပြီး အထိအရှ များနိုင်သည်။ ထို့ကြောင့် အစီအရင် ကောင်းသော ကျော်ထင်ရွှေတောင်နှင့် မင်းထင်နော်ရထာတို့သည် တာဝန်များကို ဖလှယ်ယူလိုက်ကြရန် ဆွေးနွေးရပြန်သည်။
"မောင့်အထင်က သင်းဟာ တကယ့် ကျေးတောသား ဖြစ်နိုင်တယ်လို့ ဆိုတယ်နော်။ သူဝတ်လာတဲ့ ကျေးလက်အဝတ်အစားတွေနဲ့ သူနဲ့ အတိုင်းအနေတော် ဖြစ်နေတာရယ်၊ စစ်သည်တွေထဲမှာ ရှာမတွေ့တာရယ်၊ မြို့ကြီးတွေမှာ သတင်းပျောက်နေတာရယ်၊ နောက်.. ဘာလဲ၊ သြော်.. လုပ်ကြံဖို့သက်သက် ပရိယာယ်ဆင်ပြီး ဝင်လာတာရယ်။ ထားပါတော့.. ကျေးတောသား ဆိုတော့ မောင်က ဘယ်လို ရှာမလဲ။ မြန်မာမှန်းသိရင် ရွာတွေကလည်း သတင်းပေးမှာ မဟုတ်ဘူး"
လက်ျာဘီလူးက အနောက်မှ လူတစ်ဦးကို ညွှန်ပြလျက်
"သူက ကျွန်တော် ဒဂုံကို သူလျှိုအဖြစ် ဝင်ရောက်စုံစမ်းခဲ့စဥ် သိကျွမ်းကူညီပေးခဲ့ဖူးတဲ့ မြင်းထိန်းကြီးတစ်ဦးပဲ။ ပဲခူးမင်းညီ မဟာဥပရာဇာ ရွှေဖဝါးတော်အောက် လိုက်ပါသွားလို့ သူ့ကို ကျွန်တော် ခေါ်ထားလိုက်တာ။ သူ့မှာ ရွာသား မွန်အမှုထမ်း များစွာ ရှိတယ်။ အကြောင်းရင်းကို မပြောဘဲ သိချင်တာကို စုံစမ်းခိုင်းဖို့ စဥ်းစားထားပါတယ်"
"အိမ်း၊ မင်းလည်း သတိထားကွဲ့။ အပွဲပွဲ နွှဲလာခဲ့သမျှ နာမည်ရပြီး ဗိုလ်ချုပ်ကြီး ဖြစ်လာတော့မှ ဘာမဟုတ်တဲ့ ကျေးတောသားတစ်ဦးကြောင့် မတော်တဆ ဖြစ်ခဲ့ရင် သမိုင်းလှမယ် မဟုတ်ဘူး"
လက်ျာဘီလူးက ပြုံးနေသည်။
"စိတ်ချပါ၊ ကျွန်တော် သေချာ ပြင်ဆင်ပါ့မယ်"
ထိုသို့ အာမခံခဲ့သော်လည်း နောက် ၅ ရက်ကြာလျင် ဗိုလ်မှူး မင်းထင်နော်ရထာသည် နောက်ပါ လူနှစ်ဦးနှင့်အတူ မြို့မှ ရှောင်တခင်ထွက်သွားကြောင်း ကျော်ထင်ရွှေတောင် ကြားသိလိုက်ရ၏ ။
"အလွန်ပြောရခက်တဲ့ သူပါလား။ လူနှစ်ယောက်တည်း ခေါ်ပြီး ထွက်သွားပြန်ပြီ၊ ခက်တယ်.. ခက်တယ်"
ကျော်ထင်ရွှေတောင်မှာ စိတ်မချ ဖြစ်နေသော်လည်း လက်ျာဘီလူးကတော့ အားထားရသော ငသူရိန်၊ ယုံကြည်စိတ်ချနိုင်သော ငကံတို့ကို ခေါ်လျက် ဒလဘက်ကမ်းသို့ ရောက်ရှိနေခဲ့လေပြီ။ လာကပ်ပုန်း ခေါ် ကျေးရွာတစ်ရွာတွင် လူတစ်ဦး၏ ခေါင်းအား ချိတ်ဆွဲထားခဲ့ကြောင်း သတင်းရရှိခဲ့သည်ဖြစ်၍ ယုံကြည်ရသူ မွန်တစ်ဦးအား စုံစမ်းစေခဲ့၏ ။ ထိုရွာ၌ပင် စုတ်ထိုးဆေးပေါက် နာမည်ကျော်သော ဆရာကြီးတစ်ဦး ရှိသည်ဟု သိရရာ သူတို့ ချက်ချင်း ထွက်ခဲ့ကြပြီး လာကပ်ပုန်း ရောက်သည်နှင့် ထိုဆရာကို မေးမြန်းစုံစမ်းကြသည်။
အလွန် အိုမင်းနေပြီဖြစ်သော စုတ်ထိုးဆရာကြီးမှာ ယခုအခါ စုတ်ထိုးခြင်း မပြုနိုင်တော့ဘဲ တောင်းရက်ခြင်းဖြင့် အသက်မွေးနေ၏ ။ အဖိုးအို၏ ပြောစကားအရ သူဆေးထိုးပေးခဲ့သည့် အပြီးအစီး ပေါက်မြောက်အောင်မြင်သူများအနက် သုံးဦးမှာ သူခိုးဓားပြအဖြစ် ကွပ်မျက်ခံခဲ့ရပြီး တစ်ဦးသည် ရဟန်းဝတ်သွားကြောင်း၊ အခြားတစ်ဦးက အေးချမ်းစွာ နေထိုင်လျက် ရှိကြောင်း၊ စစ်ထဲ လိုက်သွားသူ တစ်ဦးမှာလည်း ကျဆုံးသွားကြောင်း သိရ၏ ။
လက်ျာဘီလူးက စကားဖြတ်၍
"ခု ရွာမှာ အေးအေးဆေးဆေး နေနေတဲ့ တစ်ယောက်က စစ်ထဲလိုက်သွားသူရဲ့ သားလား"
"ဟုတ်သားပဲ၊ မောင်က ဘယ်လို သိလဲ"
"ကျွန်တော် သူ့ကို လာရှာတာပါ။ သူ့အမည်က ဘယ်သူတဲ့လဲခင်ဗျ"
"မင်းဗညား တဲ့ မောင်၊ ယာအလုပ်ပဲ လုပ်တယ်။ ညနေကျ ခြင်းဝိုင်းမှာ တွေ့ပါလိမ့်မယ်"
လက်ျာဘီလူး ကျေနပ်သွား၏ ။ ရွာထိပ်ရှိ ခြင်းကွင်းတွင် တစ်ရွာသားများအသွင်နှင့် သွားစောင့်နေကြသည်။ မွန်လူငယ်များ တစ်သုတ်ပြီး တစ်သုတ် ရောက်လာပြီး ခြင်းခတ်ကစားနေကြ၏ ။ သူတို့ကိုလည်း ခေါ်နေသဖြင့် ဝင်ရောက် ကစားကြရသည်။ ငကံနှင့် ငသူရိန်မှာ ခြင်းကစားရာတွင် အလွန်ကောင်းပြီး လက်ျာဘီလူးကတော့ နောက်ထိုင်သာ နေလေသည်။ သို့သော် သူကလည်း ပရိယာယ်များပြီး လွတ်ကွက်နေရာများသို့ တိကျစွာ ပို့နိုင်သည်ဖြစ်၍ အနိုင်များနေ၏ ။
ထိုအခါ လူငယ် ၃ ဦး ဝင်လာပြီး သူတို့နှင့် ယှဥ်ပြိုင်ရန် ဖိတ်ခေါ်လာသည်။ ပွဲကြည့်ပရိသတ်လည်း များလာပြီး ခြင်းကွင်းကို ဝိုင်းပတ်မိသည်အထိ။ တစ်ရွာသား မြန်မာများနှင့် ရွာခံ ခြင်းအကျော်အမော်တို့ ကစားကြမည့်ပွဲမို့ ရွာထဲမှ လူအများ လာရောက်ကြည့်ရှုကြလေသည်။
ကွင်းထဲဝယ် မင်ကြောင်အရုပ်ကိုယ်စီနှင့် လူ ၆ ဦးတို့ ဆိုင်မိကြသည်။ လက်ျာဘီလူးက ဘီလူးရုပ်၊ သူရိန်က သိကြားရုပ်၊ ငကံမှာ ဂဠုန်၊ တစ်ဘက်တွင်လည်း ဇော်ရုပ် ကျားရုပ် သစ်ရုပ်များ၊ ထိုးကွင်းများ အပြည့်။ သူတို့ဘက်ကမှ လက်ျာဘီလူးတွင် ထိုးကွင်းမရှိ ပေါင်ဖြူသာ ဖြစ်သဖြင့် ပုဆိုးကို ဒူးအထိ ချထားပြီး အနောက်တွင်လည်း မျောက်မြီးချ (ခါးတောင်းကျိုက်သည့် အစကို နောက်တွင် ရှည်ရှည်ချထားသည့် ပုံစံ) ဝတ်ထားသောကြောင့် ရယ်စရာ ဖြစ်နေသေးသည်။
မွန်ဘက်မှ ဇော်ဂျီရုပ်များ ရင်ဘတ်တွင် ထိုးထားသူသည် လက်ျာဘီလူးနှင့် ငသူရိန်ကို တစ်လှည့်စီ ကြည့်နေ၏ ။ ကျောနှင့် ရင်တွင် ဘီလူးရုပ်များ ထိုးထားသော်လည်း ထိုးကွင်းမရှိသည့် လက်ျာဘီလူးကို အံ့သြနေသလို သိကြားရုပ်နှင့် ထိုးကွင်းပြည့် ခန့်ညားလှသော သူရိန်ကို မသင်္ကာသလို ကြည့်နေကြောင်း တွေ့ရသည်။
စတင် ကစားကြသောအခါ ငသူရိန်က လက်ျာဘီလူး မှာထားသလို အော်ဟစ် ကစားသည်။
"ရော့.. ဟောဒီမှာ မြန်မာဖဝါး"
"ဟိတ်.. ဒါက ဗမာ့ တစ်ပတ်လည်"
"ဒီရိုက်ချက်ကလေးလည်း မြည်းသွား"
သည်တော့ တစ်ဘက်မှလည်း မခံချင်ဖြစ်လာပြီး ပြန်လည် ကြုံးဝါးကြ၏ ။
"ရော့.. ဒီမှာ မွန်ခြေခွင် ခြေဖျား"
"ဖြောင်း"
"မြန်မာဆိုတာ အလကားကွ"
တဖြည်းဖြည်းနှင့် စကားများက လွန်ကျူးလာပြီး အချင်းများတော့မည်သို့ ဖြစ်လာသည်။ ထို့ကြောင့် လက်ျာဘီလူးက ရုတ်တရက် ပွဲကို ရပ်လိုက်ပြီး
"တော်ပြီဗျာ၊ ဆက်ကစားရင် ရန်များလိမ့်မယ်။ ကျုပ်တို့က ဧည့်သည်မို့ တော်လိုက်တာ ကောင်းပါတယ်"
တစ်ဘက်မှ ပြေရာပြေကြောင်း ပြောသူများ ရှိသလို ခနဲ့စကားဆိုသူလည်း ရှိ၏ ။
"ဟာ.. ဘာမှ မဖြစ်ပါဘူးဗျာ။ အိမ်ရှင်နဲ့ ဧည့်သည် မဖြစ်ရအောင် ထိန်းမှာပါ"
"ဆက်ကစားလည်း မနိုင်မှာသိရင် ရပ်လိုက်တာ ကောင်းပါတယ်လေ"
သူရိန်က ကြုံးဝါးတိုင်း မြန်မာဆိုတာ အလကားဟု ပြန်လည်တုံ့ပြန် အော်ဟစ်တတ်သူကတော့ လက်ပိုက်ပြီး လှောင်ပြုံးဖြင့် ကြည့်နေ၏ ။ သူရိန်က
"ကျုပ်တို့က အပျော်ပဲ ကစားတာ၊ အပျက်ဖြစ်သွားရင် မကောင်းဘူး။ ရွာကိုလာပြီး အနိုင်ကျင့် စော်ကားတယ်လို့ အပြစ်တင်ခံရလိမ့်မယ်"
"အံမယ်လေးကွာ၊ မင်းတို့လောက်တော့ မမှုသေးဘူး"
ဇော်ရုပ်နှင့် လူငယ် ဝင်ပြောလာသည်။ လက်ျာဘီလူးက ဓားကို ကောက်ကိုင်လိုက်ပြီး
"လာပါ ငသူရိန်ရာ၊ ကိုယ်နဲ့ အဖက်မဟုတ်သူတွေကို စကားခွန်းတုံ့ ဆိုမနေပါနဲ့။ သွားကြရအောင်"
လက်ျာဘီလူးက ငသူရိန်ကို ဆွဲခေါ်သော်လည်း တစ်ဖက်က လူက
"နောင်ကြီး ဘာစကားဆိုတာလဲ။ ကျုပ်နဲ့ စမ်းချင်သလား။ ကြိုက်ရာ ကြိုက်ကြေး စမ်းလို့ရတယ်နော်"
"မစမ်းချင်ပါဘူးကွာ။ ကျုပ်တို့က စစ်သည်တွေပါ။ ရွာငယ်လေးကို အလည်လာတုန်း ရွာသားတွေကို လက်စွမ်းပြ ဓားစမ်းသွားတာမျိုး မလုပ်ချင်ဘူး"
"ဟက်ဟက်.. နောင်ကြီးတို့ဓား အကယ် ထက်ရဲ့လားဗျ"
လက်ျာဘီလူးက ပြန်မဖြေဘဲ ပြုံးကြည့်နေရာ လူငယ်မှာ ကွင်းဘေးမှ ပုဆိုးတစ်ထည်ထဲတွင် ရှိနေသော ဓားတစ်လက်ကို ထုတ်ယူလာသည်။
"သည်ဓားလောက် ထက်ပါ့မလား ကြည့်စမ်းပါဦး"
ထိုဓားမှာ ရေဦးဗိုလ်၏ ဓားဖြစ်ကြောင်း လက်ျာဘီလူး မှတ်မိနေသည်။ အိမ်ကို ဝါးဖြင့် အသစ်လုပ်ထားပြီး ကြိမ်ကြိုးတပ်ထား၏ ။ ကြေးနီ ကြေးဝါ လုံးဝ မသုံးကြောင်းလည်း သတိပြုမိလိုက်သည်။
"ဓားက ဓားကောင်းပဲ၊ ထက်မည့်ဟန် ရှိပေတယ်"
"ကောင်းပြီ၊ အဲဒီဓားနဲ့ ကျုပ်ကို ပြတ်အောင် ခုတ်စမ်းဗျာ"
လူငယ်က ဝံ့ကြွားစွာ စကားဆိုပြီး ငသူရိန်လက်သို့ ဓားအပ်လျက် လက်ပိုက် ရပ်နေလိုက်သည်။ ငသူရိန်က ဓားကို ကိုင်ထားရင်း လက်ျာဘီလူးဘက် လှည့်ကြည့်၏ ။
"ကိုယ့်လူက အပြီးအစီး လုံပုံရပါရဲ့။ ဒါပေမယ့် တကယ်တမ်းတော့ အပြီးအစီးဆိုတာလည်း အလကားပါပဲ"
ထိုစကားက လူငယ်အား ရှူးရှူးရှားရှား ဖြစ်သွားစေလျက် သူရိန်လက်ထဲမှ ဓားကို ပြန်လု၏ ။ သူရိန်က ကျင်လည်စွာ လှည့်ပတ်ယူရင်း လူငယ်၏ လက်ကို ဓားဖြင့် ဆတ်လိုက်သည်။ မပြတ်မရှ၊ လူငယ်က ဟက်ခနဲ လှောင်ရယ်လိုက်ပြီး သူရိန်ကို ဝင်လုံးသည်။ ထိုစဥ် ထင်မှတ်မထားသော လက်ျာဘီလူးက တည်ငြိမ်စွာ ရပ်နေရာမှ ဖျတ်ခနဲ ရောက်ရှိလာပြီး လူငယ်၏ သျှောင်အရိပ်ကို နင်းလျက် နားအုံကို ရိုက်ထည့်လိုက်၏ ။
"ဟိတ်"
"ဖြောင်း"
လူငယ် ထူပူသွားစဥ် ဓားအိမ်မှ ဓားကို ဆွဲချွတ်ပြီး ဓားနှောင့်ရှိ ဘီလူးရုပ်ဖြင့် ငယ်ထိပ်ကို ထုလိုက်ပြန်သည်။
"ဒုတ်"
"အ"
လူငယ် ခေါင်းစိုက်သွား၏ ။ လက်ကတော့ အပေါ်သို့ ယမ်းကာ လက်ျာဘီလူး၏ ဓားကို လိုက်ဖမ်းနေသည်။ လက်ျာဘီလူးက ထိုလက်ကို ဓားဦးဖြင့် ထောက်လိုက်ရာ လက်တစ်ဆစ်စာမျှ စူးနစ်သွားလေသည်။
လူငယ်သည် သူ့လက်ဖျံမှ စီးကျလာသည့် သွေးများကို မယုံနိုင်ခြင်း ကြီးစွာဖြင့် မျက်လုံးပြူး ကြည့်နေသလို သူ့အား ကူရန် ဝိုင်းလာကြသော အဖော်အပေါင်းများမှာလည်း ယင်းအခြင်းအရာကြောင့် ရပ်တန့်သွားကြသည်။
"ဟာ.. ဗညားကို ဓားထိပြီဟေ့"
"ဆန်းလှချည်လား.. ဗညား အပြီးအစီး ပျောက်သွားတာလား"
ထိုအခါမှ ဓားကို ခုတ်ရန် မိုးထားသော လက်ျာဘီလူးက သူ့အား ပြူးကြည့်နေသည့် လူငယ်အား မခုတ်တော့ဘဲ လက်ပြန်ရုတ်လိုက်ပြီး လူငယ်၏ ပေါင်မှ ဝက်ကုန်းရုပ်ထိုးကွင်းတည့်တည့် ဓားဦးဖိထောက်ထားရင်း
"မင်း အပြီးအစီးကောင်းတယ်.. ဟုတ်စ။ တကယ်တော့ အပြီးအစီး ဆိုတာ အလကားပဲလို့ ငါပြောသားပဲ။ ဆေးအားကိုးတာ တကယ်စွမ်းတာမှ မဟုတ်ဘဲ။ မင်းသတ္တိကောင်းရင် ငါ့လူနဲ့ လက်ဗလာ ယှဥ်မလား"
လူငယ်က ယှဥ်မည်ဟု ဆိုသည်။ သဲတစ်ဆုပ်ကို ဓားဒဏ်ရာပေါ် အုပ်လိုက်ပြီး ဖိသိပ်ထည့်ကာ ခြင်းကွင်းလယ်သို့ သွားရာ သူရိန်က ပြုံးစေ့စေ့နှင့် လိုက်သွား၏ ။ ထို့နောက် ရွာသားလူငယ်ကို အလွယ်တကူပင် ချုပ်ကိုင် ကိုင်ပေါက် ကစားပြလိုက်သည်။ လူငယ်မှာ လက်ချင်းတွင် မည်သိို့မှ အရေးမရသဖြင့် ရှက်ရမ်းလျက် ဓားကို ပြေးဆွဲလေသည်။ သူရိန်ကလည်း ငကံပစ်ပေးသော ဓားကို ဖမ်းကာ ခြေကို ချဲကားလျက် စောင့်နေ၏ ။
လူငယ်၏ ဓားချက်များစွာသည် လေထဲတွင် အချည်းနှီး၊ သူရိန်က ပွတ်ကာ သီကာ ဝေ့ဝိုက် ယိမ်းနွဲ့ပြနေသည်။ ထို့နောက် လက်ကို ဖမ်းလိမ်၍ ဓားကို ရိုက်ချလိုက်ပြီး လူငယ်၏ လည်ကို ဓားနှင့် ထောက်ထားလိုက်လေရာ လူငယ်မှာ ငြိမ်သွားလေပြီ။ သူရိန်က လက်ျာဘီလူးကို ကြည့်သည်။
"တန်သင့်ပြီ ငသူရိန်"
လူအများ ဝိုင်းအုံနေသည့်ကြားထဲ လက်ျာဘီလူး လျှောက်ဝင်သွားပြီး ဗညား၏ လက်ပေါ်မှ ဓားဒဏ်ရာပေါ်သို့ ဓားတင်၍ ကန့်လန့်ဖြတ် ခြစ်လိုက်သည်။
"မင်းကိုယ်မင်း တုတ်ပြီး ဓားပြီးတယ်လို့ ကြွားဝါချင်စိတ် ပေါ်လာတိုင်း သည်အမာရွတ်တွေကို ကြည့်ပြီး တစ်နေ့မှာ မင်းကို နိုင်မယ့်သူ ပေါ်လာမှာပဲလို့ ဆင်ြခြင်ပေါ့ကွာ။ ပြီးတော့ သည်ဓားနဲ့ မြန်မာဗိုလ်တစ်ဦးကို သတ်ခဲ့တယ် မဟုတ်လား။ မင်း လုပ်ကြံနိုင်ခဲ့တဲ့ လူရဲ့ ဓားကို မင်းပဲ ဆောင်ထားတာ သဘာဝ ကျပါတယ်။ ဒါပေမယ့် ငါတို့လို ရဲမက်တွေကိုတောင် မနိုင်ဘဲ မင့်ကိုယ်မင်း အဟုတ်ကြီး ထင်နေတာကို မဖျောက်နိုင်ရင်တော့ မကြာခင် မင်း သေရလိမ့်မယ်။ အေး.. မြန်မာဆိုတာ ဘာမှ မဟုတ်သလို တုတ်ပြီး ဓားပြီးတယ် ဆိုတာလည်း ဘာမှမဟုတ်ဘူး"
နောက်ဆုံးစကားသံနှင့်အတူ ဗညားလက်တွင် စူးခနဲ ဖြစ်သွားပြီး သွေးများ ယိုကျလာပြန်၏ ။ အမှန်တော့ ထိုအနက်ရောင်ဓားသွားသည် သူ၏ လက်၌သာမက နှလုံးသားတွင်ပါ စူးသွားခဲ့ခြင်း ဖြစ်လေသည်။
အပြန်လမ်းတွင် ငသူရိန်က မနေနိုင် မထိုင်နိုင် ဖြစ်နေသော စိတ်ဖြင့် မေးလာ၏ ။
"ပြီးစီးသူကို ဘယ်လို ပေါက်အောင် ထိုးလိုက်သလဲဗျ တပ်မှူး"
လက်ျာဘီလူး ငဲ့ကြည့်ကာ ပြုံးရုံပြုံးသည်။ ငကံက ဆိုသည်။
"ငသူရိန်ကလည်း သင်းကို အခွင့်ရတုန်း ထိုးလိုက်ပါလား။ ခုတော့ ဗိုလ်တစ်ဦးကို လုပ်ကြံသူက ဘာမှမဖြစ်ဘဲ ကျန်ရစ်ခဲ့ပြီ"
"ငါက သူ့အဘကို သတ်ခဲ့လို့ သူက ငါ့ကို ပြန်လုပ်ကြံလာတာ။ တို့က သူ့ကို သတ်လိုက်ရင် သံသရာ ရှည်နေဦးမယ်။ ကျူငုတ်မကျန် စီရင်ပြန်ရင်လည်း အပြစ်မရှိသူတွေပါ သေကြရဦးမယ်။ စစ်အတွင်းမှာတော့ သတ်တာ သေတာတွေက အမြဲ ကြုံနေရမှာပဲလေ ငကံ"
"တပ်မှူးသဘောကို ကျုပ် နားလည်ပါတယ်။ ငသူရိန်ကိုသာ ပြောတာပါ"
"ငသူရိန်လို ရည်မှန်းချက်ကြီးမားသူက ဒါမျိုး ဘယ်လုပ်ပါ့မလဲကွာ။ ဒါ့ကြောင့် သူ့ကို ခိုင်းတာပေါ့။ သူ့နေရာမှာ ငါဆို နောင်ရေးကို တွေးပြီး လည်မြိုကို ထိုးချင် ထိုးမိဦးမယ်။ ငသူရိန်ကတော့ ငါက သတ်လို့ မပြောမချင်း ကျော်လွန် လုပ်မယ့်သူ မဟုတ်ပေဘူး"
"ဒါနဲ့ ကျုပ် ထိုးလိုက်ရင်ရော သူ့ကို ပေါက်ပါ့မလား"
"မပြောတတ်ဘူး သူရိန်၊ မပေါက်ဘူး ထင်တာပဲ"
"ဒါဆို မထိုးလိုက်တာ ကံကောင်းသွားတာပေါ့"
"ဒီလိုလည်း မဟုတ်ဘူး။ မင်း မထိုးမှန်းသိလို့ မင်းကို ခိုင်းတာပဲ။ သူ့ဓားနဲ့ခုတ်လည်း မပြတ်ဘူး၊ မင့်ဓားနဲ့ ခုတ်လည်း ပြတ်မှာမဟုတ်ဘူး ဆိုတာက ဓားချင်း မတူဘူးကွ။ မင်းဓားကို ဘယ်ကရလဲ"
"ကျုပ် စိတ်တိုင်းကျ အလေးချိန် အရှည် ဗျက် ပုံစံတွေ ရအောင် အထူးအပ်ပြီး လုပ်ထားခဲ့တာ တပ်မှူး"
"မင်းစိတ်တိုင်းကျ လုပ်ထားတဲ့ ဓားက ပြီးစီးသူကိုရော ပြတ်ရှလား"
"အဲ.. ဒါတွေတော့ မပါဘူး၊ ဓားလုပ်တုန်းက ဘာအစီအရင်မှ မလုပ်ခဲ့ဘူး"
"အဲဒါလည်း ကွာတာပေါ့။ ငါ့ဓားက မင်းသုံးဆက်လောက် ရှိပြီ။ ဓားကို ကြည့်တာနဲ့ အသေအချာ စီရင် လုပ်ထားကြောင်း သိနိုင်တယ်။ အပြီးအစီး ကောင်းသူတွေကိုလည်း စီရင်ခဲ့ဖူးလိမ့်မယ်။ ဒီတော့ မင်းဗညားကို ပြတ်နိုင်မယ်မှန်း ငါ ခန့်မှန်းမိတယ်"
"ကျုပ် ရွာမှာတုန်းက တပ်မှူးအကြောင်း ကြားဖူးတာ၊ ဘယ်လိုမှ သတ်မရနိုင်တဲ့ ဝိဇ္ဇာဓိုရ် ဆရာကြီးကို သတ်ပြီး သူရဲကောင်း ဖြစ်လာတယ် ဆိုတော့ ယုံတမ်း ထင်နေခဲ့တာဗျ။ ခုလို မျက်မြင် ကြုံတော့မှပဲ ယုံတော့တယ်ဗျာ"
"အဲဒီက ရတဲ့ အတွေ့အကြုံလည်း ပါတာပေါ့ ငသူရိန်ရာ"
"သြော်"
"တပ်မှူးက ဘာလို့ သူ့ကို လွှတ်ပေးခဲ့တာလဲ။ နောင်တစ်ချိန်မှာ အန္တရာယ်ကြီးသူ ဖြစ်မလာနိုင်ဘူးလား"
"ဖြစ်နိုင်ပါတယ် ငကံ။ ဒါပေမယ့် ဒီနေ့ သူ တစ်ခဏပဲဖြစ်ဖြစ် ဘာကြောင့် အပြီးအစီး ညံ့သွားရတာလဲလို့ သူ့တစ်သက် သိမှာမဟုတ်ဘူး။ သူနဲ့ တွေ့ခဲ့တာက သာမန်ရဲမက်လေးတစ်ဦးလို့ပဲ ထင်နေမှာ။ သူသတ်ခဲ့တာကလည်း မြန်မာဗိုလ်မှူး မင်းထင်နော်ရထာလို့ပဲ ထင်နေမှာပဲ"
"ဟုတ်တယ်"
"သူက စစ်တိုက်ချင်တဲ့သူမျိုး မဟုတ်ဘူး။ သူ့အဘ အသတ်ခံရတာတောင် လက်တုံ့ပြန်ဖို့ စစ်ထဲ မလိုက်ဘူးဆိုတာ မွန်ဆံမဖြတ်တာပဲ ကြည့်။ ရွာမှာပဲ အေးအေးဆေးဆေး နေနေတယ်။ အခွင့်သာတော့ သူ့ကိုယ်သူ ယုံပြီး လာလုပ်ကြံတယ်။ ပြီးတော့ အောင်မြင်သွားပြီ အထင်နဲ့ ကျေနပ်ပြီး ပြန်သွားတယ် မဟုတ်လား"
"ဟုတ်မှာပဲ"
"ခုတော့ သူ့ကိုယ်သူ မယုံတော့ဘူး။ ဘာ့ကြောင့် အပြီးအစီး ညံ့သွားလဲ သူ မသိဘူး။ သိသည့်တိုင်အောင် သူ့ကို နိုင်သူရှိသေးကြောင်း သဘောပေါက်သွားပြီပဲ။ သိပ်ပြီး ဆိုးသွမ်းထကြွမယ် မထင်ပါဘူး"
"အင်း..."
"အိမ်တော်စောင့် ရေဦးဗိုလ်က ကြားက ကြမ္မာငင်သွားတာပဲ။ အဲသည် ငမောင် အလွန်ထောင်လွှားချင်တယ်။ တံစိုးလက်ဆောင် မက်တယ်။ ခုလည်း မင်းထင်နော်ရထာလိုလိုနဲ့ ဝင်ပဏ္ဍာယူရင်း အချောင် အသက်ဆုံးသွားရတာ"
"ဟုတ်တယ်၊ မြန်မာအချင်းချင်းတောင် သူ့ကို သိပ်မကြည်လင်ချင်ဘူး"
"ဒါ့ကြောင့် သူ့ထိုက်နဲ့ သူ့ကံ စီရင်ခံရတယ်ပဲ ယူရမှာပေါ့။ လာကပ်ပုန်း ဆိုတဲ့ရွာလေးဟာ အလွန်ခေါင်ပါတယ်။ အင်းဝမင်းသား မင်းရဲကျော်စွာ လှံထိလို့အုန်းနှဲပင်အောက်ကို ကပ်ပုန်းနေခဲ့ဖူးတဲ့ နေရာမို့ လာကပ်ပုန်း လို့ ခေါ်သတဲ့။ တို့လည်း မကြာခင် နေပြည်တော် ပြန်ကြရတော့မယ်။ မင်းထင်နော်ရထာ တကယ် သေ မသေဆိုတာ ပဲခူးက လူတွေတောင် သိဖို့ခက်ပါတယ်ကွာ။ သည်ရွာက ကောင်လေးကိုတော့ သူ့ရဲ့ အဖော်မခေါ် တစ်ဦးတည်း လုပ်ကြံရဲတဲ့သတ္တိနဲ့ သူလုပ်နိုင်ခဲ့ပြီထင်လို့ ပြန်သွားတာတွေ ထောက်ပြီး ခွင့်လွှတ်ပေးလိုက်ပါ။ သူလည်း မြန်မာဗိုလ်မှူးတစ်ဦးကို အိမ်ထဲအထိ ဝင်ပြီး သတ်ရဲတဲ့ သူရဲကောင်းတစ်ဦးပါပဲ"
ငကံ ငြိမ်သက်သွားသည်။ ငသူရိန်ကတော့ ယခု မွန်လူငယ်လေး ဗညား နှင့် သူတို့တပ်မှူး လက်ျာဘီလူးကို ယှဥ်ကြည့်နေမိသည်။ ဦးမင်းသိုက်ကို လုပ်ကြံနိုင်ခဲ့သည့် လက်ျာဘီလူး၊ မင်းထင်နော်ရထာကို ဝင်ရောက်လုပ်ကြံခဲ့သည့် မင်းဗညား၊ ထိုသူနှစ်ဦး တူမျှကြသည်ဟု ထင်လာသည်။ မဆီမဆိုင် သန်လျင်မြို့ကို အုပ်ချုပ်ရစဥ်က တပ်မှူးအား အင်္ဂလိပ်အမြောက်ဗိုလ်ကြီးတစ်ဦး တင်စားပြောခဲ့ဖူးသည့်
"He is a one man army"
ဟူသည့် စကားနှင့်အတူ အိမ်တော်ထဲမှ ဓားလွတ်ကိုင်ကာ ပြေးထွက်သွားခဲ့သော ကျေးတောသားလေး၏ ပုံရိပ်ကိုလည်း ပြန်လည် မြင်ယောင်နေမိလေ၏ ။
"သြော်.. သူရဲကောင်းတွေဆိုတာ ဒီလိုပါလား"
Written by သင်္ခရာဇာ
End date: June 12, 2021
No comments:
Post a Comment