Translate

သူရဲကောင်းမှန်လျင်

ဟံသာဝတီ ပဲခူးမြို့တော်ကြီးကို မြန်မာတပ်များ ဝိုင်းထားကြသည့်အချိန်။ ကျုံးရေကို ပဲခူးမြစ်ထဲသို့ စီးဝင်စေရန် ဖောက်ရာ မြစ်ထဲသို့ သွေးကဲ့သို့ အနီရောင်ရှိသော ကျုံးရေများကို မြင်ကြသဖြင့် ထိတ်လန့်တုန်လှုပ်နေကြချိန်။ မွန်မင်း ကြောက်လန့်သဖြင့် သံဃာများ စေလျက် အရေးတောင်းသော်လည်း မရသောကြောင့် စစ်သူကြီး တလပန်းက မွန်မင်းအား လျှောက်၏ ။

"မြန်မာမင်းသာ ယောက်ျားလော၊ ကျွန်ုပ်တို့လည်း ယောက်ျားပင်။ ရွှေနန်းရှင်မှာ နန်းထက်တွင်သာ စံနေတော်မူ၊ ကျွန်ုပ်တို့ ဓားချင်းယှက်၍ အရှင့်ကျေးဇူးကို အသက်နှင့် ဆပ်ပါမည်"
ထိုစကားကို အလောင်းမင်းတရား ပြန်ကြားရာ သူရဲကောင်း ပီသသော တလပန်းကို တိုက်ပွဲတွင် မသေစေနှင့်၊ အရှင်ရအောင် ဖမ်းကြ ဟု မိန့်တော်မူလေသည်။
အခွန်ရွာရှိ မွန်တပ်ကို အနိုင်တိုက်၍ မင်းလှသီရိကို အခိုင်အလုံ နေစေ၏ ။ အခွန်ရွာရှေ့ မွန်တပ်ကြီးအား ဗိုလ်မှူး မင်းထင်နော်ရထာကို ခန့်၍ တိုက်စေသည်။ မင်းထင်နော်ရထာ ချီသွားပြီး အရပ်အဆိုင်းမရှိ တိုက်လျင် မွန်တို့ ပျက်ပြေးကြ၏ ။ နောက်မှ လိုက်မထပ်ဘဲ မိန့်တော်မူသည့်အတိုင်း တပ်တွင်း ဝင်နေကြလေသည်။
မြို့တွင်းမှ တလပန်းနှင့် ဗညားဒလ၊ စောဗြတို့အစီအမံဖြင့် အခွန်ရွာရှေ့ တပ်စွဲနေသော မင်းထင်နော်ရထာ တပ်ကို နေ့နေ့ညည အကြိမ်ကြိမ် လရောက် လုပ်ကြံကြ၏ ။ အမျိုးမျိုး ကြံစည် ပရိယာယ် ပြုလျက် ချည်းကပ်ကြ၏ ။ အမြောက်ကြီးများ ပစ်ဖောက်၍ တစ်နည်း၊ ညဉ့်ကို အလစ်အငိုက် ဝင်တိုက်လျက် တစ်ဖုံ၊ ပြောင်းသေနတ် လူသူအင်အား မြောက်များစွာဖြင့် တစ်မျိုး လုပ်ကြံကြသော်လည်း မင်းထင်နော်ရထာ အစီအမံ အကွပ်အကဲကောင်း၍ ပါးနပ်လှသောကြောင့် မည်သို့မျှ မရနိုင် ရှိနေကြ၏ ။
ယင်းသောအခါ အခွန်ရွာရှေ့ တပ်သည် မြို့တွင်းမှ မွန်ဗိုလ်မှူး စစ်ကဲအပေါင်းတို့၏ လက်တည့်စမ်းရာ ဖြစ်လာလေသည်။ အချို့က 'အဘယ်ကြောင့် မရရမည်နည်း၊ အမှန်တကယ် ကြိုးကြိုးကုတ်ကုတ် လုပ်ကြံရလျင် ဘာခံနိုင်မည်နည်း။ လူကောင်းသူကောင်းသာ မစတော်မူ၊ သည်တပ်ကို နေ့တစ်ပိုင်းအတွင်း သိမ်းပြမည်' ဟု ဆိုကာ ဆင်းမြင်းဗိုလ်ပါ တောင်းယူ ထွက်သွား၏ ။ အချို့ ပြန်မလာ၊ ပြန်လာလျင်လည်း ဖရိုဖရဲ တပ်ပျက်၍ ပြေးဝင်လာကြရသည် များ၏ ။
အချို့ ဗိုလ်မှူးများကလည်း သည်တပ်သည် ရှေ့တပ်မျှသာ၊ နောက်မှ အခွန်ရွာကို ဝိုင်းဝန်းဆို့ပိတ် တိုက်လံကြရလျင် နောက်တပ်မရှိက ရှေ့တပ် အလိုလို ပြိုမည်ဟု လူ ၇၀၀၀ ခန့်နှင့် သုံးဘက်သုံးတန် ဝိုင်းရံမည်ဟု သွားကြ၏ ။ မကြာမီ အခွန်ရွာတွင်းမှ ပစ်ခတ်ကြသည်ကို မခံနိုင်၍ အကျအဆုံး များစွာနှင့် ဆုတ်ခွာသွားကြရပြန်သည်။
ဗိုလ်မှူးတစ်ယောက်၊ တပ်ငယ်တစ်တပ်ကိုမျှ ရအောင် မယူနိုင်ဟု တလပန်းကိုယ်တိုင် ဆင်နှင့်လိုက်၍ ကြပ်မတ်ရာတွင်လည်း တစ်ဘက်မှ မင်းထင်နော်ရထာနှင့် မြင်းသည်များ တပ်တွင်းမှ ထွက်ကာ လှံတိုလှံရှည် တင်ကျည်း သေနတ် ပစ်ခတ်ကြေညာ၍ လိုက်ကြသဖြင့် တပ်နားသို့ပင် မကပ်နိုင်။ အထိအပါး များသောကြောင့် ခွာ၍ နေကြရ၏ ။
မြန်မာတပ်များ ဝင်လျင် တပ်ကို ရံကြပြန်သည်။ နှစ်ဘက်ပစ်ခတ်ကြစဉ် ဗိုလ်မှူး မင်းထင်နော်ရထာ မြင်းတပ်နှင့် ဘေးက ထွက်လျက် တလပန်းဆင်ကို အမိဖမ်းမည် ပတ်လာသည်ကို ဆင်ခြေဖုံး သူရဲများ ထိုးခုတ် ပစ်ခတ်ကြ၏ ။ မြင်းသည်များကလည်း အနာခံ၍ ဇွတ်ဝင်ကာ ဆင်ကို လှံချက်နာအောင် ထိုးပစ်ကြသည်။ နားရွက်ကို ကပ်၍ လှီးဖြတ်သည်။ ခွာကို ရွယ်၍ ထိုးကြ၏ ။ ဆင် မခံနိုင်၊ ကျီကျီကျာကျာ အော်လျက် လှည့်ပြေးသည်၌ မြင်းအများနှင့် ဝိုင်းလိုက်ကြ၏ ။
နှစ်ဘက် အထိအခိုက် ရှိကြပြီး တလပန်း ဆင်က ဆင်း၍ မြင်းနှင့် ပြေးသောကြောင့် လွတ်လေသည်။ ဆင်သည် မြင်းသည်များ တကွဲတပြား ပြေးကြသော်လည်း မလိုက်၊ တလပန်းကိုသာ အရှင်ဖမ်းလိုသည်ဖြစ်ရာ လွတ်သော် ပြန်ကြလေသည်။ တလပန်းလည်း တပ်နား မချည်းဝံ့၊ သူ့ကို ဦးတည်၍ သဲသဲမဲမဲ လိုက်လံဖမ်းဆီးကြသည်ကို စိုးရွံ့နေ၏ ။
သို့သော် ည မှောင်ရီရီတွင် တလပန်းနှင့် ဘယ်ကျော် ဗိုလ်မှူးသုံးဦး ရံလျက် တပ်ပြင်မှ လာဟစ်ကြပြန်သည်။
"သည်တပ်မှ ဗိုလ်ငယ်၊ ငါတို့ ပဲခူးမြို့ ပြင်တပ်ကြီးကိုလည်း လာမတိုက်ဝံ့။ ငါတို့က တိုက်လံသမျှကိုလည်း မလိုက်ဝံ့။ နင်တို့ တပ်တွင်းက ခံသည် မည်မျှကြာအောင် ခံနိုင်မည် ထင်၍ အခိုင်နေသနည်း။ ငါတို့ အကြိမ်ကြိမ် လုပ်ကြံရလျင် လူအင်အားနည်းပါးလျက် နွမ်းနယ်သဖြင့် တပ်ကို ထား၍ ခွာကြရတော့မည် မဟုတ်လော"
မကြာမီ တပ်ထိပ်မှ မင်းထင်နော်ရထာ ပေါ်လာပြီး ရယ်ကျဲကျဲနှင့်
"ကျွန်ုပ်ကို အခွန်ရွာရှေ့ မွန်တပ်အား အနိုင်တိုက်ပြီး ဝင်နေရမည် ဟုသာ မိန့်တော်မူ၍ မတိုက် မလိုက်၊ စည်းကြပ်နေရသည်။ ပဲခူးကို ယခုညပင် ဝင်တိုက်တော့ ဟူသော အမိန့်တော်ကို အချိန်တိုင်း မျှော်လင့်နေရပါသည် ဦးရီးတော်"
တလပန်းကလည်း
"နင်တို့ သည်တပ်ကလေးမျှ လုံအောင် စောင့်နိုင်ရုံနှင့် ပဲခူးမြို့ကြီးကို ရမည် မှတ်သလော။ ငါတို့တွင် မင့်ထက် မြို့ခံကောင်းလှသည့် ဗညားဒလ၊ ဆေးငယ်ဗိုလ်တို့ ဟံသာဝတီ ပြင်တပ်ကြီးကို စောင့်နေသည်။ နင်တို့ မြန်မာတပ်များ၌ ပါသမျှ လူ ၈၀၀၀ လုံး တစ်ပြိုင်တည်း ဝင်လျင်ပင် မြို့မကျ မပေါက်ရောက်နိုင်"
ဟု ဆိုသည်။ မင်းထင်နော်ရထာက
"ဆေးငယ်ဗိုလ် ဆိုသည်မှာ ကျွန်ုပ်တို့ ဒေါပုံတပ်ကို လူအနည်းငယ်နှင့် ရံစဉ်က မနေဝံ့၍ အရေးတောင်းကာ တိုးဝှေ့ထွက်ပြေး ကိုယ်လွတ်ရုန်းသွားသည့် သူ မဟုတ်လော"
ပြုံးကာ ပြောသော စကားကို ဘယ်ကျော် မခံနိုင်။ လက်ျာဘီလူးအား ကြိမ်းဝါးလေသည်။
"မင့်ကို တိုက်ပွဲတွင် တွေ့လျင် ငါ့လှံနှင့် ထိုး၍ သီမည်၊ ဥပုသ်သီလ ထိန်း၍ စောင့်နေတော့"
"ရောင်းရင်းကိုလည်း မင်းကြီး မင်းလှမင်းခေါင်က သတိတရ ရှိကြောင်း စကားပါးလိုက်တယ်။ နောင် ဆုံကြလျင် ဦးပေါင်း ခါးစည်းများ ထား၍ မသွားစတမ်း တဲ့"
တလပန်းနှင့် ဘယ်ကျော် နှစ်ဦးစလုံး မျက်နှာပျက်သွားကြ၏ ။ မအူရွာအနီး စီးချင်းထိုးကြစဉ် မင်းလှမင်းခေါင်က တလပန်း၏ ဦးပေါင်းအား ထိုးမိပြီး ဘယ်ကျော်မှာမူ ခါးစည်းကို လှံထိသဖြင့် ကျကျန်ရစ်ခဲ့ကြရသည်ကို ဆိုလိုခြင်းဖြစ်၍ အရှက်ကြောင့် ရှုံ့မဲ့သွားကြခြင်း ဖြစ်သည်။
"မင်းတို့ ရှင်ဘုရင်က ငါ့ကို အရှင်ဖမ်းဖို့ အမိန့်ထုတ်ထားသလား"
တလပန်းက မေးရာ လက်ျာဘီလူးက
"လက်ရသာ မဖမ်းခိုင်းလျင် နေ့ခင်းက ကျွန်ပ်တို့ ဆင်ကို ရန်ရှာနေစရာ လိုမည်မဟုတ်။ ဦးရီးယခုကဲ့သို့ ကျွန်ုပ်ကိုလည်း စကားပြောနေနိုင်မည် မဟုတ်ဘဲ ကျွန်ုပ်တို့က ပြောသမျှကိုသာ တလားထဲမှ နားစွင့်နေရပေလိမ့်မည်"
"သည်မြန်မာ စကားပြော ရင့်သီး ရိုင်းစိုင်းသည်။ မဟာဆွေတော်မျိုးတော် ဟုတ်မည်မထင်။ နင် မည်သည့်ဗိုလ် ဖြစ်သနည်း"
"ကျွန်ုပ် ဗိုလ်ချုပ် မင်းထင်နော်ရထာ"
"ငါ့ကို အလွန်မုန်းသလား"
"မုန်း၍ တိုက်နေရသည် မဟုတ်။ တကွဲတပြား မင်းပြုနေကြသည့် မြို့ပြနိုင်ငံများကို စုစည်း၍ ပြည်ထောင်စုကြီး တည်မည်ဟူသော ရည်ရွယ်ချက်ဖြင့် လာရောက်ကြခြင်းသာ။ စစ်ပွဲတွင် အပြစ်ပြုမိသော် အာဃာတ ရှိ၍ မဟုတ်ပါ ဦးရီး"
တလပန်းက သူ့အား လှံနှင့်ရွယ်လျက်
"မင်းစကား မြဲပါစေ မင်းထင်နော်ရထာ။ ငါက ရလျင်လည်း မုန်းလို့ သတ်သည်မဟုတ်၊ ရန်သူအမှတ်ဖြင့်သာ စီရင်ရခြင်း ဖြစ်သည်။ နင့်လိုလူ များစွာ စီရင်ခဲ့ရဖူးပြီ။ အင်းဝ မင်းတရားပင် ငါတို့ကို မခံနိုင်သည်ကို နင်တို့ စိတ်ကြီးဝင်နေလျင် မှားချိမ့်မည်။ ငါတို့က အလုံးအရင်းနှင့် ထွက်မတိုက်မီ ပြန်ဖို့ မြန်မာမင်းကို လျှောက်တင်ချေတော့"
"ကျွန်ုပ်ကို ခန့်ထားသည်မှာ အစောင့်အနေသာ ခန့်သည်။ သူ့အမှာကို ယူခဲ့ရမည်ဟု ခန့်တော်မမူ။ ဦးရီးတို့ အချည်းနှီး အပင်ပန်းခံ၍ အကြိမ်ကြိမ် လာရောက်လုပ်ကြံနေကြမည့်အစား အင်အားမွေးကာ မြို့ခံနိုင်ရန်သာ ပြင်ဆင်ထားပါ။ ဘဝရှင်မင်းတရား မကြာမီ ချီလာပြီး ဟံသာဝတီကို သိမ်းတော်မူလိမ့်မည်။ သူရဲကောင်းမှန်လျင် သူ့လက်သို့ အရှင်မမိစကောင်း။ ယခု မပြန်လျင်တော့ ကျွန်ုပ်တို့ ထွက်ကာ ဖမ်းကြရပါမည်။ နောင်ကိုလည်း မထွက်လာပါနှင့်"
ပြောပြောဆိုဆို နောက်သို့လှည့်၍ 'မြင်းတွေ ပြင်ကြဟေ့' ဟု အော်လိုက်သဖြင့် တလပန်းတို့ မနေဝံ့ဘဲ မကျေမချမ်း ပြန်ခဲ့ကြရသည်။ ဘယ်ကျော်မှာ မောက်မာလှသည့် မြန်မာဗိုလ်အား လှံဖြင့် ထိုးချင်စိတ်ကို ချုပ်တီးထားရ၏ ။ အရေးမသာ၍ မလုပ်ရသော်လည်း အခွင့်ကြုံပါက လက်စားလှလှချေလိုက်မည်ဟု စိတ်တွင်းမှ ကြုံးဝါးခဲ့ရ၏ ။
နောက်တစ်နေ့ နံနက်တွင်လည်း မွန်အများ လာရောက်ပစ်ခတ် တိုက်ခိုက်ကြပါသေးသည်။ သို့သော် တပ်ပြင်ထွက်၍ မြင်းနှင့် လိုက်ကွပ်နေသော ဗိုလ်မှူးနှင့် သူ့တပ်အား မည်သို့မျှ မထိုးဖောက်နိုင်ဘဲ ခွာခဲ့ရပြန်ပါ၏ ။ မွန်တို့ကလည်း ဇွဲမလျှော့၊ မေ့လောက်သည့် အချိန်များ၌ ချက်တဖြုတ် တိုက်လာလေ့ ရှိ၏ ။ မင်းထင်နော်ရထာကလည်း အခိုင်နေ ဆိုသည့်အတိုင်း တစ်ဖဝါးမှ မခွာ၊ တစ်လက်မမှ မရွေ့စေဘဲ ကြံ့ကြံ့ခံနေလေသည်။
တဖြည်းဖြည်းနှင့် မြန်မာတပ်များ ဟံသာဝတီ မြို့တော်ကြီးကို ဝိုင်းမိလာကြပြီး အပြင်းအထန် လုပ်ကြံကြသောကြောင့် ပြင်တပ်ကြီး ပေါက်၍ လူသူအများ ရခဲ့သည်။ ထိုအခါ တလပန်း မနေဝံ့၍ ပဲခူးမင်းထံ တိုက်မည့်အဟန်နှင့် လူသူအလုံးအရင်း တောင်းယူပြီး စစ်တောင်းသို့ ပြေးလေ၏ ။
စစ်ပွဲတွင် မသေစေနှင့် ဆိုသော်လည်း ပျက်စီးရမည်ကို ကြောက်သောကြောင့် ထွက်ပြေးရာတွင် တားဆီးသည့် တံခါးမှူးကိုပင် ခုတ်၍ ထွက်သွားသည် ဟူသော သတင်းကို ကြားရသောအခါ မင်းထင်နော်ရထာသည် စိတ်မကောင်းစွာ ခေါင်းခါရမ်းလိုက်ရင်း သူ့နောက်မှ သွေးသောက်အား စကားတစ်ခွန်း ပြောလိုက်၏ ။
"ငသူရိန်ရာ၊ တလပန်းကို ငါ.. သူရဲကောင်းမှန်ရင် ရန်သူ့လက်မှာ အရှင်မမိစကောင်း လို့ ပြောခဲ့တာ ဒီလိုမျိုး မဟုတ်ဘူးကွာ"



Written by သင်္ခရာဇာ

End date: December 24, 2020

No comments:

Post a Comment

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...