Translate

သူရဲကောင်း (၁)

တောင်ကမူ အစွန်းတစ်ခုပေါ်၌ လူနှစ်ယောက် ရပ်နေကြသည်။ သူတို့ ခြုံထားသော ဝတ်ရုံများက မြောက်ပြန်လေတွင် တဖျတ်ဖျတ် လူးလွန့်နေ၏ ။

"ငစံရာ၊ မင်းအကြောင်းတွေ ကြားရတာ မကောင်းလိုက်တာကွာ။ မင်း ဘာလို့.. ဘာလို့များ.."
လူရွယ်တစ်ဦးက ပြောနေရင်း ဆက်မပြောနိုင်ဟန်ဖြင့် အံကြိတ်ထား၏ ။ အခြားတစ်ဦးကမူ မဆုံးနိုင်သော ရေမြေ တောတောင်တို့အား သူ၏ နိုင်ငံတော် တစ်နံတစ်လျားကို ကြည့်ရှုနေဟန်မျိုးဖြင့် မမှိတ်မသုန် ငေးမောနေသည်။
"မင်းသာ ဖြစ်ချင်ခဲ့ရင် ခုလောက်ဆို စစ်သေနာပတိ ဗိုလ်ချုပ်ကြီး ဖြစ်နေမှာပဲ။ မင်းသာ မငြင်းခဲ့ရင် မင့်အရှင် အလောင်းမင်းတရားကြီးကလည်း မင်းကို စစ်သူကြီးရာထူး ပေးမှာ သေချာတယ်။ မင်းသာ လိုချင်ခဲ့မယ် ဆိုရင် မင်းခေါင်နော်ရထာ မရှိတော့တဲ့ တိုင်းပြည်မှာ မင်းထင်နော်ရထာပဲ အကြီးကျယ်ဆုံး ဗိုလ်ချုပ်ကြီး ဖြစ်လာမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲဘူး၊ ငါပြောရဲတယ်"
တစ်ဦးက အံကြိတ်၍ ပြောနေသလောက် အခြားတစ်ဦးက ပြုံးလိုက်သည်ဟု ထင်ရရုံမျှသာ ပြုံးရိပ်သန်းသွားသည်။ မျက်နှာထားကတော့ တည်တည်။
"မင်းဟာ အဲလောက် မိုက်မဲသူ မဟုတ်မှန်း ငါသိတယ်။ မင်းလောက် လိမ္မာ ပါးနပ် သိတတ် နားလည်တဲ့ ကောင်က ဗိုလ်ချုပ်ကြီး ဖြစ်ခဲ့ပြီးမှ ဘာ့ကြောင့် အနိမ့်ဆုံးထိ ရောက်သွားအောင် ရွေးချယ်ခဲ့ရသလဲ ဆိုတာတော့ ငါ မသိဘူး။ ဒါပေမယ့် မင်းအတွက် ငါ နှမြောလိုက်တာ ငစံရာ"
ငေးမောနေရာမှ လူရွယ် လှည့်ကြည့်၏ ။ သူ့အတွက် မချိတင်ကဲ ဖြစ်နေပုံရသော သူငယ်ချင်းဖြစ်သူကို အားပေးနှစ်သိမ့်သည့် အပြုံးဖြင့် ပြုံးပြရင်း
"မင်းကိုယ်မင်းရော မနှမြောဘူးလား ငသိန်းဆောင်"
"ငါက ဘာ နှမြောစရာရှိလဲ၊ ငယ်ငယ်ကတည်းက မင်းလို အရည်အချင်း မရှိဘူး။ စစ်ထဲလိုက်တော့လည်း မင်းလို ကံမကောင်းခဲ့ဘူး။ မင်းက ကံကောင်းတာ မဟုတ်ပါဘူး၊ အဆိုးဆုံး အခြေအနေကို အကောင်းဆုံးဖြစ်အောင် လုပ်နိုင်ခဲ့တာပါ။ ထုံးစံအတိုင်း ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုတာကိုမှ ရအောင် လုပ်ပြသွားခဲ့လို့ အဲဒီနေရာထိ ရောက်ခဲ့တာလေကွာ"
"မင်းနဲ့ငါဟာ ကျောင်းမှာ နေကြကတည်းက အတူတူပါပဲ သူငယ်ချင်း"
"မဟုတ်ပါဘူး၊ ထားပါ။ မင်းနဲ့ ပြိုင်မငြင်းချင်ဘူး။ မင်းအတွက် ငါ ဘယ်လောက် ဂုဏ်ယူခဲ့ရတယ် ထင်လဲ။ မင်းသတင်းတွေ နားစွင့်ရင်း သူများတွေ မင်းကို နားမလည်တိုင်း ငါ နားလည်တယ်ကွ လို့ ဘယ်လောက် ဝမ်းသာ ပီတိဖြစ်ခဲ့ရသလဲ။ မင်းကို ဘယ်သူမှ မယုံကြည်ချိန်တွေမှာတောင် ငါက အဝေးကနေပြီး ဘယ်လောက် ယုံကြည်နေခဲ့လဲ ဆိုတာ မင်း မသိဘူး ငစံ"
"ဒါနဲ့များ ငါ့ဆီ ဘာလို့ မလာသလဲ"
"မင်းအရှိန်အဝါကို မှီပြီး မနေချင်လို့၊ မင်းကိုလည်း ငါ့ကြောင့် ဝန်မရှိလာစေချင်လို့ပေါ့ကွာ။ မင်း အမြင့်ဆုံးအချိန် ရောက်မှ ရွာပြန်မယ်၊ ငမဲလုံးတို့ကို မင်းအကြောင်း တဝကြီး ပြောပြပြီး ဝမ်းသာအားရ ဖြစ်ကြမယ် လို့ပဲ ငါ ရည်မှန်းထားခဲ့တာ။ ခုတော့.."
"မင်းက ငါ မင်းထင်နော်ရထာ မဖြစ်တော့ရင် မခေါ်ချင်တော့ဘူးလား၊ ဂုဏ်ငယ်တယ် ထင်လို့လား"
"မဆိုင်ဘူးကွ။ မင်းဘာကောင်မှ မဟုတ်တော့ရင်လည်း ငါ မင်းကို အထင်ကြီးလေးစားမှုက တစ်ရွေးသားမှ လျော့မှာ မဟုတ်ဘူး။ ဒါပေမယ့် ငါ နှမြောတယ် ငစံ၊ မင်း ဘာကို အနစ်နာခံလိုက်ရတာလဲ။ ဘာ့ကြောင့် အလားအလာတွေကို စွန့်လွှတ်လိုက်ရတာလဲဆိုတာတော့ ငါ့ကို ​ပြောပြစမ်းပါကွာ"
ငစံသည် သူငယ်ချင်းဖြစ်သူ၏ မျက်နှာကို စေ့စေ့ကြည့်၏ ။ သူ့အား အလွန် မျှော်လင့်ချက် ထားနေသည့် မျက်လုံးများနှင့် မခံမရပ်နိုင်ဖြစ်နေသည့် ရင်ကို မြင်ရလေပြီ။ အားလုံးကို ချုပ်သိမ်း ငြိမ်းအေးသွားစေမည့် စကားလုံးတို့ကို ရွေးချယ်ရင်း
"ဒီလိုကွ.. ငသိန်းဆောင်"
"အေး.."
"ငါတို့အရှင် မင်းတရားကြီးရော ငါတို့တွေပါ ရာဇဝင်မှာ မှတ်တမ်းရေးနိုင်လောက်တဲ့ သူတွေဖြစ်အောင် ကျင့်ကြံနေထိုင်ခဲ့ကြတယ် မဟုတ်လား"
"ဟုတ်တယ်"
"ငါက သမိုင်းမှာ ကြီးကျယ်တဲ့ ဗိုလ်ချုပ် စစ်သူကြီး အဖြစ်ထက် ငါတို့လူတွေအတွက် တကယ့် သူရဲကောင်းတစ်ယောက်ပဲ ဖြစ်ချင်ခဲ့တယ် ဆိုရင်ရော"
ငသိန်းဆောင် စကားမပြန်နိုင်တော့ဘဲ ဆွံ့အ သွားသည်။ ငယ်သူငယ်ချင်းဖြစ်သူ၏ စိတ်ဓာတ်အမှန်ကိုလည်း ပြန်လည်ထိတွေ့ ခံစားမိလိုက်ရသည်ဟု ထင်လာ၏ ။ သူသည် လက်သီးကို တင်းနေအောင် ဆုပ်ရင်း လေးလေးနက်နက် ဆို၏ ။
"ဟုတ်တယ်၊ ဒါမှ ငါ့သူငယ်ချင်း ငစံ အစစ်ပဲ"
××××××××××××××××××××××××××××××××××
(ဆက်ရန်...)   သူရဲကောင်း (၂)

Written by သင်္ခရာဇာ

End date: December 2, 2020


No comments:

Post a Comment

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...