ဆူဆူညံညံ အသံများကြောင့် သူ အိပ်ပျော်နေရာမှ နိုးလာသည်။ မြင်းခွာသံများ၊ လူများစွာတို့ ခြေသံများ၊ စကားပြောသံ မြင်းဟီသံများစွာကြောင့် သူ ထိတ်လန့်တုန်လှုပ်နေ၏ ။ အသံများ အားလုံးသည် သူ လဲလျောင်းနေရာ ဇရပ်အား ကျော်လွန်သွားခြင်းမရှိဘဲ ရပ်တန့်သွားကြ၏ ။ ထို့နောက် မြင်းပေါ်မှ ဆင်းလိုက်ကြသည့် ခြေသံ၊ သူရှိရာ ဇရပ်ဘက် လျှောက်လာသံများကြားရပြီး ဇရပ် မျက်နှာစာတွင် နေရောင်ကို ကျောခိုင်းထားသည့် လူတစ်ဦးပုံ ပေါ်လာသည်။
"ဒီနားမှာ ထင်းပေါတယ်၊ ၂ ယောက်ကို ရွာထဲလွှတ်ပြီး ကျန်သူတွေက ချက်ပြုတ်ပြင်ဆင်ကြတော့"
ဦးဆုံး ရောက်လာသူ၏ အသံ၊ ထိုသူက ဇရပ်ထဲ ဝင်မလာဘဲ ခြေကျော်သစ်သားတန်းပေါ် ထိုင်လိုက်ပြီး ညွှန်ကြားနေ၏ ။ နောက်မှ လိုက်လာသူအချို့က ဇရပ်တွင် ဝန်စည်စလှယ်များ လာချသွားကြပြီး ပြန်ထွက်သွားသည်။ သူသည် ထသွားရကောင်းနိုး၊ ဆက်အိပ်နေရ ကောင်းနိုးဖြင့် တွေဝေနေ၏ ။
ရုတ်တရက် ထိုင်နေသူက လှည့်ကြည့်လိုက်ရာ သူ ခေါင်းထောင်ကြည့်နေသည်ကို တွေ့သွားသည်။
"နောင်ကြီးကို အနှောင့်အယှက် ဖြစ်သွားလား"
"ရပါတယ်၊ ကျုပ် နိုးနေပါပြီ"
ထိုသူကို မြင်ဖူးသလို ရှိ၏ ။ ဘယ်မှာ မြင်ဖူးမှန်း မသိ၊ သူက ရဲမက်များနှင့် နီးစပ်သူ မဟုတ်သဖြင့် နီးနားဝန်းကျင် ရွာများမှ တစ်ဦးဦး နေပြည်တော်ရောက်၍ ရာထူးရာခံများ ရနေလေသလား တွေးနေမိသည်။
"ဒီရှေ့က ရွာကပဲလား နောင်ကြီး"
သူ့အား စောင်းငဲ့ကြည့်ကာ မေးလာပြန်၏ ။
"မဟုတ်ဘူး၊ ကျုပ်က ဟိုဘက်ရွာက။ နည်းနည်း လှမ်းသေးတယ်"
"ဟုတ်လား၊ ဒီမှာ ဘာလုပ်နေတာလဲ"
"အဲ.. ဟိုဒင်း"
ရဲမက်တစ်ဦး ပေါ်လာပြီး ထိုသူအား တစ်စုံတစ်ခု တီးတိုး မေးနေသဖြင့် ပြန်မဖြေဖြစ်။ ထိုသူက မြေပုံနှင့် ပေရွက်အချို့ကို ထုတ်ကြည့်နေ၏ ။ သူက ယခုနေ ထပြီး ဇရပ်နောက်ဘက်မှ ထွက်သွားလျင် ရနိုင်သည်ဟု ကြံနေစဉ် သူ့ဘက် လှည့်လာပြန်ပြီး
"နောင်ကြီး၊ မြင်သာရွာကို အတော်လိုသေးသလား"
"အဲ.. ကျုပ် မသိဘူးဗျ၊ ဝေးဝေးလံလံ မရောက်ဖူးဘူး"
"ဒါဆို အတော်ဝေးသေးတယ် ဖြစ်မယ်။ ဒီလိုလုပ်.. ကိုင်းခင်းတွေ တွေ့ခဲ့တဲ့ဆီ သွားပြီး စားလို့ရတဲ့ အသီးအရွက်တွေ ဝယ်ခဲ့ကွာ။ လေးတာတွေတော့ ယူမလာနဲ့နော်၊ အရွက် အညွန့်ပဲ များများသယ်"
ရဲမက် ပြန်ထွက်သွား၏ ။ သူက သူ့ကို မေးဦးမည်စိုး၍ ထမသွားရဲ။ ထင်သည့်အတိုင်းပင်
"အလုပ်အကိုင်များရော ကောင်းရဲ့လား"
"သိပ်မကောင်း.. အဲ၊ ကျုပ်ကို မေးတာလား။ ရွာကို မေးတာလား"
"အကုန်လုံးပေါ့၊ ဒီနယ်မှာ မိုးမှန်လို့ သီးနှံတွေ ရကြရဲ့လား"
"မိုးကတော့ သိပ်မမှန်ဘူး၊ မရွာတာ သီတင်းနှစ်ပတ်လောက် ရှိပြီ။ လုပ်ကိုင်စားသူတွေကတော့ မိုးမျှော်ကြတာပေါ့။ အဆင်တော့ ပြေကြပါတယ်"
ထိုသူ တစ်ချက်ပြုံးလိုက်သည်ကို မြင်ရာ သူ ထိုအပြုံးကို အမှတ်ရသွားသည်။ သူ ရွာမှ ထွက်၍ ခြေဦးတည့်ရာ သွားခဲ့စဉ်က မြို့တော်အသစ်သို့ ရောက်ခိုက် မြင်းခင်းသဘင်ပွဲနှင့် ကြုံသဖြင့် အောက်ဆုံးတန်းမှ ဝင်ကြည့်ခဲ့ဖူးသည်။ တစ်ကွင်းလုံးကို ကျယ်ကျယ်ပြန့်ပြန့် မမြင်ရသော်ငြား ယှဉ်ပြိုင်သူများကိုမူ အနီးကပ် မြင်ခဲ့ရရာ ယခု သူနှင့် စကားပြောနေသူမှာ ထိုစဉ်က စီးချင်းထိုးခဲ့သူ မဟုတ်ပါလား။
ထိုလုလင်သည် သူရှိနေရာ ပွဲကြည့်စင်ဘက် လျှောက်လာ၍ အပေါ်မော့ကာ စကားလှမ်းပြောနေသည်ကို မြင်ခဲ့ရဖူးသည်။ ထိုစဉ်က အပြုံးကို မှတ်မိလိုက်ခြင်း ဖြစ်၏ ။ ယခုလို အလွန်ဝေးလံသော နေရာ၌ ပြန်လည်တွေ့ဆုံရလိမ့်မည်ဟု မည်သို့မျှ မထင်မိ။ သူတို့ စစ်သည်များ မိမိတို့ရွာဘက် အဘယ်အကြောင်းကြောင့် ရောက်လာကြသနည်းဟု တွေးတောနေမိရာ ထိုလုလင်ကလည်း အနှောင့်အယှက် မပေးလိုဟန်ဖြင့် စကားဆက်မပြောဘဲ ရှိ၏ ။
အပြင်မှ ရဲမက် ၂ ဦးနှင့်အတူ ရွာလူကြီးတစ်ဦး ရောက်လာကြသည်ကို တွေ့ရသည်။ ရွာလူကြီးက ရှိခိုးဦးချလျက် ဒူးတုပ်လိုက်ရာ လုလင်က
"ဟာ.. မလုပ်နဲ့၊ မလုပ်နဲ့။ ဟေ့.. ဆွဲကြလေ"
ရဲမက်များက မြေပေါ်ဝပ်ပျရန် ပြင်နေသည့် ရွာလူကြီးကို အလျင်အမြန် ဆွဲထူလိုက်ကြသည်။ ရွာလူကြီးကမူ လက်အုပ်ချီထားရင်းမှ
"အရှင့်သား ကိုယ်တော်တိုင် ကြွရောက်လာမည်ကို မသိပါ၍ ကျွန်တော်မျိုး လာရောက် မကြိုဆိုမိခြင်းအား ခွင့်လွှတ်တော်မူပါဘုရား"
"ခက်တော့တာပဲ။ ဘယ်သူက အရှင့်သားလို့ ပြောလိုက်တာလဲ"
"ကျွန်တော်တို့ မပြောဘူး တပ်မှူး၊ လက်ျာဘီလူးတပ်လို့ပဲ ပြောတာ။ သူ့ဘာသာ ဘယ်သူထင်လို့ လိုက်လာတယ် မသိဘူး"
"ကျွန်တော်မျိုး သံပျင် ကလန်များထံမှ ကြားဖူးပါတယ်။ အရှင်ဟာ အရှေ့ဝင်းတော်မှူးကြီး ဖြစ်ပြီး ဘုရင်မင်းမြတ်က သားတော်များကဲ့သို့ အထူးယုံကြည် အားထားတဲ့သူ ဖြစ်ပါသတဲ့။ နောက်ပြီးတော့ လက်ျာဘီလူး ဆိုတာ လူငယ်ကာလသားတွေ နှုတ်ဖျား ရေပန်းစားနေတဲ့ သူရဲကျော်တစ်ဦးလည်း ဖြစ်ပါတယ်။ အရှင့်သတင်းတွေ ကြားဖူးတဲ့အတွက် ကျွန်တော်မျိုးက သမီးကညာ ဆက်သလိုလို့.."
"ဗျာ.. သမီးကညာ၊ ဟုတ်လား။ ကျွန်တော်တို့က စစ်ချီနေတာဗျ။ တော်ကောက်ချင်လို့ တိုင်းခန်းလှည့်လာတာ မဟုတ်ဘူး။ စစ်သွားတိုက်မှာ။ ဦးရီးသမီးကို ဘယ်လို ခေါ်သွားရမလဲ"
"ဘယ်လိုပဲ ခေါ်ခေါ် ခေါ်မယ်ဆိုရင်ကို ကျွန်တော်မျိုးတို့က ဝမ်းမြောက်ဝမ်းသာ.."
"တော်.. တော်၊ စကားအဖြစ် ပြောတာခင်ဗျ။ ဘယ်ကိုမှ ခေါ်သွားလို့ မရဘူး။ နေပြည်တော် သွားပို့ထားမယ်လည်း မလုပ်နဲ့နော်။ ကျွန်တော်က ပြန်လာချင်မှ လာနိုင်မှာ။ တော်ကြာ ဦးရီးသမီး ယောက်ျားမရဘဲ မုဆိုးမ ဖြစ်နေဦးမယ်"
"ဒါဖြင့်ရင်.."
"ဘာမှ မပြောနဲ့တော့ဗျ။ ကျွန်တော် ပြောခိုင်းတာ ရဲမက်တွေ ပြောရဲ့မဟုတ်လား"
"ပြောပါတယ်၊ အဲဒီအတွက် မပူပါနဲ့။ ကျွန်တော်မျိုး နောက်ထပ် တောင်းဆိုလိုတာ တစ်ခု ရှိပါသေးတယ်"
"မဟုတ်တာတွေတော့ မပြောနဲ့ဗျ နော်"
လူကြီးက ပြုံးလိုက်သော်လည်း ချက်ချင်း ပြန်တည်ပြီး
"အရှင်က လက်မခံလိုဘူး ဆိုတာကို ထပ်မပြောဝံ့ပါဘူး။ ခု ပြောချင်တာက ရပ်ရေးရွာရေးပါ"
"အင်း.. ဆိုပါဦး"
"ခုတစ်လော အနီးနား ရွာတွေမှာ သူခိုးအတော်ပူပါတယ်။ ငါးရက်ခြား တစ်ခါ၊ ဆယ်ရက်ခြား တစ်ခါ ဆိုသလို ဟိုရွာမှာ ပါသွားလိုက်၊ ဒီရွာက ခိုးခံရလိုက် ဖြစ်နေပါတယ်ဘုရား။ မြို့နဲ့ အလှမ်းဝေးတော့ အချို့လည်း လူစုပြီး ဓားပြတိုက်ချင်ပါတယ်။ လှည်းတွေကို တားတိုက်တာ၊ ညဘက် အစွန်အဖျားအိမ်တွေ ဝင်စီးတာမျိုး ရှိပါတယ်။ အရှင့်သား တတ်နိုင်ရင် ဖြေရှင်းပေးစေလိုပါတယ်"
"ခက်တော့နေပြီ၊ ဟုတ်ပြီလေ။ ဟေ့.. အကြပ်နှစ်ဦး သွေးသောက် နှစ်ဦး လာစမ်း။ ရွာလူကြီးနဲ့ လိုက်သွား၊ သူတို့ရွာက မလုံမခြုံ ဖြစ်နေတာတွေကို ကြည့်ရှုပြီး လိုအပ်တာတွေ လုပ်ထားဖို့ ပြခဲ့။ ဦးရီးက သူတို့ပြောသလို လုပ်ပြီးရင် အခြားရွာတွေကိုလည်း အဲသလို လုပ်ထားဖို့ အကြောင်းကြားရမယ်။ မင်းထင်နော်ရထာ အမိန့်ဆိုပြီး မလုပ်မနေရ၊ မကြာမီ ပြန်လာစစ်မယ်လို့ အသိပေးလိုက်ပါ။ ဒီအနီးနားက ရဲမက် ဆယ်ယောက်လောက်ပါ ခေါ်သွား။ လိုတာ ဝိုင်းကူလုပ်ပေး။ တင်ကျည်းလုပ်နည်းလည်း တစ်ခါတည်း ပြခဲ့လိုက်"
ထိုသူ၏ အဆက်မပြတ် စီမံညွှန်ကြားနေပုံများကို သူက ဇရပ်ထောင့်မှ ခွေခွေကလေး ကြည့်ရင်း အံ့သြနေမိသည်။ ဇရပ်အနီးမှ အားလပ်နေကြသော ရဲမက်များ စုရုံး၍ ထွက်သွားကြလျင် ထိုသူ သူ့ဘက် လှည့်လာပြီး
"နောင်ကြီးတော့ ကံကောင်းတယ်။ ရွာလူကြီးက နောင်ကြီးကို မမြင်တာလား။ နောင်ကြီးအလုပ်ကို မသိလို့ပဲလား မသိဘူး၊ တိုင်မသွားဘူး။ သူကသာ လက်ညှိုးထိုးပြီး ဟိုလူက သူခိုးပဲ လို့ ပြောရင် ကျွန်တော်လည်း မဖမ်းလို့ မရတော့ဘူး။ ဖမ်းပြီး အပြစ်ပေးရတော့မှာ"
သူ အံ့သြရုံမျှမက အလွန်လည်း ထိတ်လန့်သွားသည်။ ထ ပြေးလိုက်ချင်သော်လည်း ကြောက်စိတ်ကြောင့် ဒူးများတုန်ကာ ရပ်ပင် မရပ်နိုင်။
"မင်း.. မင်းက ဘယ်လိုသိလဲ"
"အစက မသိပါဘူး။ တဖြည်းဖြည်း အကဲခတ်မိတာပါ"
သူ ပါးစပ်အဟောင်းသား ဖြစ်နေသည်ကို ကြည့်ပြီး ရယ်သည်။ ပြီးမှ
"ဒီလိုပါ၊ နောင်ကြီးပြောစကားအရ နောင်ကြီးကတော့ လုပ်ကိုင်စားသူ မဟုတ်ဘူးလို့ ယူဆရတယ်။ ကြုံရာကျပန်းသမားပေါ့။ ရွာလူကြီးကို မြင်တော့ နောင်ကြီး မျက်နှာလွှဲနေတာ တွေ့တယ်။ မကြည့်ဘဲ နားစွင့်ထားဟန်လည်း ပေါ်နေတယ်။ ဒီလို တည့်တည့် မကြည့်ဘဲ နားထောင်တတ်တာ မဟုတ်တာလုပ်ဖို့ ကြံစည်တတ်သူတွေ များတယ်။ ဟုတ်တယ်မဟုတ်လား"
"ဒါ.. ဒါနဲ့ပဲ ကျုပ်ကို သူခိုးလို့ စွပ်စွဲရောလား"
"မစွပ်စွဲရသေးပါလား။ သူကြီးက အဲလိုပြောရင် ဝတ္တရားအရ ဖမ်းဆီး စစ်ဆေးရတော့မယ် ပြောတာပါ။ ပြစ်မှုထင်ရှားရင်တော့ ကားစင်တင်ခံရမှာပဲဗျ"
သူ ပို၍ ကြောက်လာသည်။ ဆက်လည်း မမေးရဲအောင် ရှိ၏ ။ သို့သော် သိချင်နေသဖြင့်
"မင်းကတော့ ကျုပ် ဘာဆိုတာ သိနေတယ်လား"
"တဖြည်းဖြည်း သိလာတာပေါ့ဗျာ။ စမေးကတည်းက တစ်မျိုးတော့ ထင်သား၊ သူကြီးက သူခိုးပူနေတယ် ဆိုတော့ သတိထားမိတာ နောင်ကြီး တစ်ချက် တွန့်သွားတာပဲ။ ဓားပြတွေအကြောင်း ဆက်ပြောမှ သက်ပြင်းချတာ တွေ့တယ်။ ဒီတော့ ဓားပြတော့ မဖြစ်နိုင်ဘူး။ ဖြစ်ချင်းဖြစ်.."
ဆက်မပြောဘဲ ရပ်ထားရာ သူ မနေနိုင်တော့ဘဲ
"ဟုတ်ပါတယ်။ မင်းထင်သလိုပါပဲ။ ဒါပေမယ့် ကျုပ် အခု ဘာမှ မလုပ်ရသေးဘူးနော်"
"ဒါလည်း သတိထားမိလို့ မဖမ်းလိုက်တာပေါ့ဗျာ။ ခိုးမှု ဆိုတာ လက်ပူးလက်ကြပ်မိမှ စီရင်ရတာ မဟုတ်လား။ ခင်ဗျားက ညက ဒီရွာကို ကူးလာပြီး အခြေနေ ကြည့်တယ်။ သိပ်မဟန်လို့၊ မဝံ့လို့ ဘာမှ မရခဲ့ဘဲ အိပ်ရေးပျက်တာပဲ အဖတ်တင်သွားတယ်။ မနက်ကျ ဒီဇရပ်မှာ လာအိပ်နေတယ် မဟုတ်လား"
"ဟုတ်တယ်"
"ခင်ဗျားပုံစံကို ကြည့်ရင် သိသာပါတယ်။ ဓားပြတိုက်ရဲတဲ့ သတ္တိလည်း မရှိ၊ အတော်ကြီးကို လစ်မှ နည်းနည်းပါးပါး ရတဲ့ ငတ်တစ်လှည့် ပြတ်တလှည့်သမားဆိုတာ"
သူ စိတ်ညစ်ညစ်နှင့် ပြုံးမိသည်။ ပစ္စည်းမရဘဲ ပြစ်ဒဏ်ရမယ့်ကိန်းပါလား ဟုလည်း သဘောပိုက်မိ၏ ။
"ခင်ဗျား ပုံစံကို ကြည့်ပြီး ကျွန်တော် မဖမ်းရက်တော့ဘူး။ ဒါပေမယ့် ရွာလူကြီးက တိုင်သွားပြီ ဖြစ်လို့ ဆက်ကျူးလွန်နေရင်တော့ ဖမ်းပြီး ကားစင်တင်ရလိမ့်မယ်။ ကျွန်တော့်အကြောင်း ကြားဖူးရဲ့လား"
"ကျုပ် သိပါတယ်"
"ဘယ်လိုသိလဲ၊ ဘီလူးဝင်စားတဲ့သူလို့ သိတာလား။ သိပ်ရက်စက်တဲ့ သူလို့ သိထားလား"
"မြင်းစီး လှံပစ်ကောင်းပြီး ရန်သူကို တစ်ချက်တည်းနဲ့ မြင်းပေါ်က ဆွဲချနိုင်တာတော့ မြင်ဖူးတယ်"
"အလို.. ခင်ဗျားက ဘယ်ဆိုးလို့လဲ။ ရွှေဘိုထိ ရောက်ဖူးတာပေါ့။ ပြောတော့ ဝေးဝေးလံလံ မသွားဖူးဘူးဆို"
"အဲဒီတုန်းက ကျုပ်ကို မြင်လိုက်သူ ရှိလို့ ကြောက်လန့်ပြီး ရွာက ပြေးလာချိန် နေပြည်တော်မှာ အခြေချမလားလို့ ရောက်နေတာ"
"သြော်.. သြော်၊ ဒါဆို ကျွန်တော် သိပ်ပြီး ခြောက်လှန့်နေစရာ မလိုဘူးပေါ့။ အခု စစ်ချီသွားပြီး ပြန်လာရင် ဒီလမ်းကပဲ ပြန်မယ်။ ဒီရွာကို ဝင်ပြီး သူခိုးပူသေးလား မေးမယ်။ ပူသေးတယ် ဆိုရင်တော့.."
"ဒါပေမယ့် ကျုပ်မှာ လုပ်ကိုင် စားစရာ ယာမြေ ကျွဲနွား ဝေးလို့ ပေါက်ပြားတစ်လက် ပုဆိန်တစ်ချောင်းမှ မပိုင်ပါကော"
"ခင်ဗျား နေဖို့စားဖို့ အလုပ်ရရင်ရော"
"ဒါဆိုရင်တော့ တစ်မျိုးပေါ့"
"ဟုတ်ပြီ၊ ကျွန်တော် စီစဉ်ပေးမယ်။ ခင်ဗျားနဲ့လည်း အံကိုက်တာ ဖြစ်ရမယ်။ ခင်ဗျားရွာကို လုံခြုံအောင် ပြုပြီးရင် ညဘက် တစ်ရွာလုံးကို ပတ်ပြီး ကင်းစောင့်ဖို့ ခင်ဗျားကို တာဝန်ပေးခဲ့မယ်။ ဒီအတွက် ရပ်ရွာက စုပြီး ခင်ဗျားကို အခကြေးငွေ ပေးရလိမ့်မယ်။ ခင်ဗျားလည်း ညဉ့်လူဆိုတော့ ပင်ပင်ပန်းပန်း လုပ်စရာမလိုဘူး။ ညဘက်တွေမှာ ကိုယ့်ရပ်ရွာကို လှည့်လည့်ကြည့်ရှု စောင့်ရှောက်ပေးရုံပဲ။ ဘယ်လိုလဲ"
သူ ပါးစပ်အဟောင်းသားဖြင့်သာ ငေးကြည့်နေမိသည်။ အံ့သြလွန်း၍ ဘာမှ မပြောနိုင်။
"ခင်ဗျားရဲ့ ဝါသနာ ဗီဇကိုတော့ အတတ်နိုင်ဆုံး ကြိုးစား စောင့်ထိန်းပြီး ဖျောက်ရမှာပဲ။ မဖျောက်နိုင်ရင် နောက်တစ်ကြိမ် ကျွန်တော်လာတဲ့အခါ ကိုယ်တက်မယ့်ကားစင် ကိုယ့်ဘာသာ ပြင်ထားပေတော့"
"တကယ်လို့ ကျုပ် မခိုးပေမယ့် တခြားသူက ခိုးနေရင်ရော"
"ဒါ ခင်ဗျားတာဝန် ဖြစ်သွားပြီလေ။ ခင်ဗျား စောင့်ကြပ်နေတဲ့ရွာ ခိုးခံရရင် ခင်ဗျားမှာ အပြစ်ရှိတယ်။ ဓားပြလာရင် ခင်ဗျားက တပ်လှန့်ရမယ်။ ခင်ဗျား မသိလိုက်လို့ ပါသွားရင် ကိုယ့်ဘာသာ ရအောင်လိုက်ပေတော့။ မရရင် ပြန်မလာနဲ့တော့။ အဲလိုစိတ်နဲ့သာ စောင့်ရင် ခင်ဗျားရွာ ဘယ်သူမှ မကပ်ရဲဘူး စိတ်ချ။ ခင်ဗျား ကိုယ့်ဘာသာလည်း ထိန်းနိုင်လိမ့်မယ်"
သူ တုန်တုန်ရီရီ ဖြစ်လာလျက် ဒူးများ ခွေယိုင်ကာ ရှိခိုးမိလျက်သား ဖြစ်သွားသည်။
"ဟော.. လုပ်ပြန်ပြီ။ ကျွန်တော့်ကို မကန်တော့နဲ့ဗျ။ ကိုယ့့်ဘာသာ ကန်တော့ခံရတဲ့သူဖြစ်အောင် နေ"
"ကျုပ်က ဘာ့ကြောင့် ကန်တော့ခံရမှာလဲ"
"ကျွန်တော်ပြောသလို တာဝန်ကိုသာ မလစ်ဟင်းစေနဲ့၊ လူတွေက ခင်ဗျားကို ရှိခိုးလာလိမ့်မယ်"
လုလင်၏ စကားကို သူ နားမလည်လှသော်လည်း ခိုင်မာသည့် ဆုံးဖြတ်ချက်တစ်ခုကတော့ သူ့ရင်ထဲမှာ စွဲမြဲသွားခဲ့ပြီ ဖြစ်သည်။
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
(ဆက်ရန်...) ေစာရအရှင်မ(၂)
Written by သင်္ခရာဇာ
End date: November 28, 2020
End date: November 28, 2020
No comments:
Post a Comment