သူတို့ ထွက်လာခဲ့သည်မှာ ၃ ရက်ရှိလေပြီ။ ထို ၃ ရက်အတွင်း ရွာဆက်မပြတ်သဖြင့် တည်းခိုနေထိုင်ရသည်မှာ အဆင်ပြေ၏ ။ သို့သော် ၃ ရက်လွန်သောအခါ ညအိပ်ရပ်နားရန်အတွက် ရွာမတွေ့ရတော့။ ခြောက်သွေ့သော တောင်ကုန်းတောင်တန်းများ၊ မျက်စိတစ်ဆုံး ကျယ်ပြန့်သည့် မြေသား အနိမ့်အမြင့်များကိုသာ မြင်ကွင်းတစ်လျှောက် တွေ့ရတော့သည်။
ညနက်လေ လေက တဟူးဟူး ပြင်းလာလေ ဖြစ်သည်။ သူ မအိပ်နိုင်၊ ပုဆိုးခြုံ၍ ကွေးနေရသည်။ ထို့နောက် မနေနိုင်၍ မီးဖိုကာ ထထိုင်နေလိုက်သည်။ တဲပေါ်တွင် ခင်ဘုန်းသည် တစ်ဖက်လှည့်၍ အိပ်နေ၏ ။ တဲငယ်သည် လူနှစ်ယောက် မတက်သာ၊ ခယိုခယိုင် လဲပြိုလုလု။ ကြမ်းများသည် ဖိထောက်လိုက်လျင် ကျိုးနိုင်လောက်အောင် ဆွေးမြည့်နေပြီ။ သူက တဲအခြေအနေကို သုံးသပ်ရင်း ခင်ဘုန်းကို မျက်နှာမလွှဲ ကြည့်နေမိလေသည်။
ဆိတ်ကွယ်ရာအရပ်၌ ယောက်ျားနှင့် မိန်းမ နှစ်ဦးတည်းဖြစ်၍ သူ့စိတ်များ ဖောက်ပြန်လာ၏ ။ လွန်ကျူးလိုစိတ် မရှိသည့်တိုင် ထိုင်ရာမှ ထလိုက်ပြီး တဲအနီး တိုးကပ်ကြည့်မိသည်။ မီးပုံကြောင့် သူ့အရိပ်သည် တဲငယ်ကို အုပ်ထိုးလျက် ခင်ဘုန်းကိုယ်ပေါ် ကျရောက်သွားရာ ခင်ဘုန်းသည် ဓားကို ဆတ်ခနဲ ဆုပ်ကိုင်လိုက်သည်ကို တွေ့လိုက်ရ၏ ။
သူ ဖြည်းညင်းစွာ ပြန်လှည့်လျက် မီးပုံဘေး ထိုင်ရင်း စိတ်မတည်ငြိမ်ဖြစ်ခဲ့သည်ကို နောင်တရမိသည်။ မီးပုံအနီးတွင်ပင် လဲလျောင်းကာ အိပ်ပျော်ရန် ကြိုးစားသော်လည်း အချည်းနှီးသာ။ ခင်ဘုန်းသည်လည်း ပြန်၍မှ အိပ်ပျော်ပါမည်လားဟု တွေးမိလျက် စိတ်မကောင်း ဖြစ်နေရ၏ ။ အမှားအယွင်း မရှိခဲ့သော်ငြား စိတ်အနှောင့်အယှက်ဖြစ်၍ စိုးထိတ်သွားခဲ့မည်မှာ မုချ။ သူ့ကိုယ်သူသာ ကျိန်ဆဲလိုက်သည်။
အတော်နောက်ကျမှ အိပ်ပျော်သွား၍ သူနိုးသောအခါ မိုးစင်စင်လင်းလျက် ရှိပြီ။ ခင်ဘုန်းသည် ခရီးဆက်ရန် ပြင်ဆင်နေ၏ ။ ဆံပင်ကို ထုံးဖွဲ့နေသောကြောင့် သူက ကမန်းကတမ်း ထမည်ပြင်ရာ
"ရှင် ဆက်မလိုက်နဲ့တော့။ ကျွန်မဘာသာပဲ သွားတော့မယ်"
"ဟာ.. ဘယ်ဖြစ်မလဲ။ မိန်းကလေးတစ်ယောက်တည်း"
"တစ်ယောက်တည်းက ပိုစိတ်အေးချမ်းသာတယ်"
ခင်ဘုန်းသည် သူ့ကို မကြည့်၊ အိပ်ရေးပျက်ဟန်ဖြင့် နွမ်းလျနေ၏ ။ သူ့ကိုယ်သူ ကြိတ်၍ ကျိန်ဆဲနေရင်း ခင်ဘုန်းကိုလည်း တောင်းပန်သည်။ ဘာမှ မဖြစ်စေရပါဟု အထပ်ထပ် ကတိပေးသည်။ သို့သော် မရတော့။ ခင်ဘုန်းက မြင်းပေါ်တက်လျက် ချက်ချင်း ဒုန်းစိုင်းသွားတော့သည်။
သူလည်း မြင်းတွင် အထုပ်အပိုးများ ချည်နှောင်၍ အမြန်လိုက်ပါ၏ ။ သို့သော် မြင်းစီးကျွမ်းကျင်၍ ခြေသွက်သော ခင်ဘုန်းနှင့် မြင်းကို မမီ၊ တဖြည်းဖြည်း ဝေးသွားသည်။ ထို့နောက် အသံသဲ့သဲ့သာ ကြားရတော့၏ ။ သူကလည်း ဆက်လိုက်နေမိသည်။ တောင်အမြင့်တစ်ခုသို့ အတက်တွင် မြင်းပေါ်မှ ဆင်း၍ ဇက်ကြိုးဆွဲကာ ခြေလှမ်းလိုက်စဉ် သူ့ရှေ့သို့ မြားတစ်စင်း ကျလာသည်။
သူ မျှော်ကြည့်ရာ သူ့ဘက်သို့ လေးကို ချိန်ရွယ်ထားသည့် ခင်ဘုန်းကို ပျပျလေး မြင်ရ၏ ။ ခင်ဘုန်းက လေးညှို့ကို အားကုန်ဆွဲ၍ လွှတ်လိုက်သည်။ နောက်ထပ် မြားနှစ်စင်းက ပထမမြား၏ ဘေးတစ်ဘက် တစ်ချက်တွင် စိုက်ဝင်သွားကြသည်။ ခင်ဘုန်းသည် မြားများဖြင့် စည်းတားလိုက်ပြီတည်း။ နောက်တစ်ချောင်းကိုလည်း ငင်ရန် အသင့်ပြင်ထားလိုက်သည်ကို တွေ့ရသဖြင့် သူ ဆက်မတက်ဘဲ ရပ်ကြည့်နေမိသည်။
ခင်ဘုန်းက မြားကို လေးတွင် တပ်ကိုင်ထားရင်း နောက်ကို ဆုတ်သွား၏ ။ သူ ရှေ့တစ်လှမ်းတိုးလျင် မြားကို ဆွဲငင်လိုက်၏ ။ ထို့ကြောင့် ရပ်၍သာ နေရလေသည်။ တဖြည်းဖြည်းနှင့် ခင်ဘုန်း သေးငယ် ပျောက်ကွယ်သွားသည်အထိ နေရာမှ မရွေ့ဘဲ ကြည့်နေခဲ့ရ၏ ။
ခင်ဘုန်းသည် ထိုတောင်ကို လွန်လျင် မြင်းကို ပုံမှန်အတိုင်း စီးနင်းလာခဲ့သည်။ အနောက်မှ မြင်းခွာသံ မကြားရတော့။ စားကျက်ကွင်းတစ်ခုအရောက် မြင်းကို အနားပေး၍ အတန်ကြာ ထိုင်နေသော်လည်း နောက်က လိုက်မလာမှ ခရီးဆက်ထွက်ခဲ့သည်။ ထိုနေ့ညတွင် ကရင်ရွာတစ်ရွာ တွေ့၍ လက်ဟန်ခြေဟန်နှင့် ပြောဆိုပြီး တည်းခိုခွင့် ရခဲ့၏ ။ နောက်တစ်နေ့ တစ်နေကုန် မည်သည့်ရွာမှ မတွေ့ရတော့ဘဲ ညနေစောင်းမှသာ ရွာငယ်တစ်ရွာသို့ ရောက်လာသည်။
ထိုရွာမှ လူများ၏ ပုံပန်း ဟန်ပန်မူရာတို့ကို မနှစ်သက်သဖြင့် မနားတော့ဘဲ အခြားတွင်သာ အိပ်တော့မည်ဟု ဆက်ထွက်လာခဲ့သည်။ ရွာပြင် ကွပ်ပျစ်ကြီးတစ်ခုပေါ်မှ လူလေးဦးက လိုက်ကြည့်နေကြသည်ကို တွေ့သော်လည်း မသိကျိုးကျွံပြုကာ ခပ်မှန်မှန် ကျော်ဖြတ်လာပြီး ထိုရွာနှင့် အတော်ဝေးဝေး ရောက်သည်အထိ လေးဘက်ကျ စီးလာခဲ့ရာ စမ်းချောင်းငယ်တစ်ခုအနီး ရောက်မှ မြင်းရေတိုက်ရင်း နားတော့သည်။
မြင်းမှာ ခြေလေးလျက် ရှိပြီ။ ထို့ကြောင့် မြေမာပေါ် ပေါက်နေသည့် သစ်ပင်ကြီးတစ်ပင်၏ အကိုင်းတွင် ချည်ထားခဲ့ပြီး သဲသောင်စပ်သို့ ပြန်လာလျက် လူတစ်ကိုယ်စာ မြေကျင်းတစ်ခု ယက်လေသည်။ ချောင်းမှာ ခြေမျက်စိခန့်သာ ရေရှိသော်လည်း အနီးတွင် တူးလျင် ရေစိမ့်ထွက်မည်စိုး၍ ကုန်းမြေနှင့် သဲစပ်ရာ သဲမွမွအား ကျင်းတစ်ခုတူးပြီး ဝင်နေရန် ကြံခြင်း ဖြစ်၏ ။
နေကျပြီ ဖြစ်သော်လည်း မမှောင်သေး။ ခင်ဘုန်းသည် သဲများကို ယက်ပြီး လှဲအိပ်ကာ ကိုယ်ကိုဖုံးလျက် မျက်နှာပေါ် ကျွန်းရွက်ကြီး တစ်ရွက်ကို အုပ်လိုက်သည်။ ထို့နောက် ဓားကိုင်ထားသော လက်နှင့် အခြား အစိတ်အပိုင်းများကို သဲဖုံးပြီးမှ နောက်ဆုံး ပေါ်နေသည့် လက်တစ်ဖက်ကို သဲထဲ ထိုးနှစ်လိုက်၏ ။ ယခုအခါ သဲမြေထဲတွင် လူတစ်ယောက် ရှိနေသည် ဆိုသည်ကို မည်သူမျှ မသိနိုင်တော့။
သို့သော် သူ မသိလိုက်သည်မှာ ရွာသား လေးဦးသည် နောက်ယောင်ခံ လိုက်လာကြလျက် သူ မြေတူးပြီး ဝင်အိပ်သည်ကို အဝေးမှ ချောင်းနေကြခြင်းပင်။ ထိုသူများသည် တစ်ဦးကိုတစ်ဦး ပြုံးကြည့်လျက် သူ အိပ်သွားသည်အထိ ချုံကွယ်တွင် စိတ်ရှည်လက်ရှည် စောင့်နေကြသည်။ နေကျလာပြီး ခင်ဘုန်း ပင်ပန်းစွာ အိပ်ပျော်နေချိန် ရောက်မှ ခြေသံလုံလုံဖြင့် တိုးကပ်လာခဲ့ကြပြီး ရုတ်တရက် ခုန်အုပ် ဝိုင်းဖမ်းကြတော့၏ ။
မြောက်တက်လာသော ဓားကိုင်လက်ကို ဦးစွာချုပ်ကိုင်ခံလိုက်ရပြီး ခြေလက်များမှ ဝိုင်းမလျက် တဟီးဟီးတဟားဟားဖြင့် ဆွဲခေါ်သွားကြသည်။ ခင်ဘုန်း ရုန်း၏ ။ ကုတ်ဖဲ့၏ ။ သို့သော် မထိရောက်။ သန်မာသော ယောက်ျားကြီး လေးယောက်ကို မနိုင်။ လူပြတ်သော တောအုပ်တစ်ခု အလွန်မှ တဲကြီးတစ်လုံးပေါ် ဖမ်းချုပ်ခေါ်သွားကြလေသည်။
ခင်ဘုန်း ကံကောင်းသည်မှာ ထိုသူများသည် ချက်ချင်း အဝေမတည့်ကြခြင်း ဖြစ်၏ ။ ခေါင်းဆောင်လုပ်သူက ငယ်ရွယ်ချောမောသည့် မိန်းမပျိုအား သူ သိမ်းပိုက်မည်ဟု ဆိုရာ အခြား သုံးဦးတို့က လက်မခံ။ ညီတူညီမျှ ဖြစ်ရမည်ဟု ဆိုနေကြသည်။
"ဘာလုပ်လုပ် မင်းတို့ကို အမြဲ ဝေပုံကျ ခွဲပေးနေကျပဲ စောသာ၊ ဒီတစ်ခါတော့ ကောင်မလေးကို ငါပဲ ယူပါရစေ။ နောက် မင်းတို့ကို ဦးစားပေးမှာပေါ့ကွ"
"ဘယ်ရမလဲကွ။ ရွက်ကြမ်းရေကြိုတွေကိုတော့ ချဉ်ချဉ်တူးတူး မူးပြီးရော ပေးပြီး ဒါမျိုးလေးကျမှ မင်းတစ်ယောက်တည်း အပိုင်စားယူလို့ ရမလားကွ"
"ဟုတ်တယ်၊ မင်းပြောသလိုဆို သူ့ကို ငါယူမယ်။ နောက်အလှည့်တွေကျ မင်းတို့ယူကြလေ"
"ဟ.. ငါက အမြဲတမ်း ခေါင်းဆောင်လုပ်ရတာ။ မင်းတို့ မလုပ်ဝံ့တိုင်း ငါပဲ လက်စသတ်ရတာ မဟုတ်လား။ ဒါ့ကြောင့် ငါ့ကို ဒီတစ်ခါတော့ အခွင့်အရေး ပေးသင့်တယ်။ သူ့ရုပ်က မင်းတို့နဲ့ မတန်ဘူး။ ဗိုလ်ကတော်ရုပ်ကွ၊ ဉာဏ်ကလေးလည်း ထက်တော့ နောင်တစ်ချိန် အားကိုးရမယ့် မိန်းကလေးပဲ"
"မင်း ဒီလိုမပြောနဲ့ ငမောင်၊ ငါတို့နဲ့လည်း ဆိုင်တယ်။ ဒီတစ်ခါလည်း သာတူညီမျှပဲ ဖြစ်ရမယ်"
"သာတူညီမျှဆို ကိစ္စပြီးရင် ဖျောက်ပစ်လိုက်ရမှာလားကွ၊ သမျှောစရာ"
"နောက်မှ မင်းလိုချင်ရင် ယူပေါ့"
"ဘာ"
လူနှစ်ယောက် အချင်းများတော့မည့်ဟန် ရှိသဖြင့် အခြားတစ်ဦးက ဝင်ခွဲပေးရသည်။ သူတို့သည် ထိုအတွက် ငြင်းခုန်နေကြရာ မှောင်လုလု ဖြစ်လာသည်အထိ။ ခင်ဘုန်းသည် အိမ်အလယ်တိုင်တွင် တင်းကြပ်စွာ ချည်နှောင်ခံထားရသဖြင့် မည်သို့မျှ ရုန်းမရ ရှိနေ၏ ။ ခေါင်းဆောင်လုပ်သူကလည်း သူရည်မှန်းထားသည့် မိန်းကလေးကို အခြားသူများ အထိမခံသဖြင့် ခက်နေကြသည်။
"ဟေ့.. ဟိုဟာ ဘာလဲ"
"မီးရောင်တွေကွ၊ ဘယ်ကပါလိမ့်"
"ဟာ.. တောမီး၊ တောမီး လောင်နေတာဟ"
သူတို့သည် အိမ်ပေါ်မှ ဆင်း၍ အမှောင်သန်းစတွင် အလင်းရောင်များ ပျို့နေသည့် ဘက်ကို ပြေးကြည့်ကြသည်။
"လေက ဒီဘက်တိုက်နေတာပဲ။ မကြာခင် တို့ဘက် ရောက်လာတော့မယ်။ ဘယ်လိုလုပ်ကြမလဲ"
"ကောင်မလေးကို ခေါ်ပြီး လွတ်ရာ သွားကြတာပေါ့"
ခေါင်းဆောင်လုပ်သူက စဉ်းစား၍
"မင်းတို့ အဲဒါပြောတာပေါ့။ ငါမပါရင် ဘာမှ မလုပ်တတ်ဘူး။ ငါတို့ အခု ထွက်သွားရင် နောက် ဘယ်မှာ ဝေစုခွဲကြမလဲ။ ဘယ်မှာ စခန်းချကြမလဲ။ အရေးရှိတော့ ဘယ်သွားပြီး ရှောင်ကြမလဲ။ အသစ်ထပ်ဆောက်ကြရမှာလား"
"ဒါဆို ဘယ်လိုလုပ်မလဲ။ မီးက မဝေးဘူး။ ဒီနေရာက မြက်ခြောက် အပင်ခြောက်တွေ များနေတာ"
"အေးလေ၊ မီးကလည်း သေးသေး မဟုတ်ဘူး။ ပြန့်လာတာ၊ သတ်ဖို့ခက်မယ်"
"ငါပြောသလိုလုပ်။ မင်းဒင်က ကောင်မလေးကို စောင့်နေ၊ ငါတို့ သုံးယောက်က ဒီရှေ့ကနေ မြက်ခြောက်တွေ၊ အပင်တွေကို ကြိုရှို့ကြမယ်။ ငါနဲ့ စောသာ မီးသွားယူပြီး ရှို့နေချိန် မင်းက အိမ်အနောက်မှာ မီးသတ်ဖို့ ရိုက်ပုတ်စရာ ပြင်ဆင်ထား။ ခေါင်းက ပုဆိုးတွေ ဖြုတ်ပြီး သူ့ကို ပေးလိုက်ကြ။ အဲဒီပုဆိုးတွေ ချောင်းထဲ ရေစိမ်ပြီး အမြန်ယူခဲ့။ သွား.. သွား"
တစ်ယောက်မှာ ချောင်းဘက် ပြေးသွားပြီး နှစ်ဦးက တောမီးလောင်သည့်ဆီ ပြေးသွားကြ၏ ။ မင်းဒင်ဆိုသူက အိမ်ပေါ် ပြန်တက်မလာသေးဘဲ ကြိုးချည်ထားသော ခင်ဘုန်းကို တစ်ချက် လှမ်းကြည့်ပြီး မီးလောင်သည်ကို မျှော်ကြည့်နေ၏ ။ ထိုအခိုက် ခေါင်ပေါ်မှ ကြိုးတစ်ချောင်း ကျလာသဖြင့် ခင်ဘုန်း မော့ကြည့်သည်။
အမိုးဓနိများကို လူတစ်ကိုယ်စာ ဝင်သာရုံ ဖြတ်လျက် လူတစ်ယောက် ဆင်းလာ၏ ။ ထိုသူက တိတ်ဆိတ်စွာ၊ သို့သော် ဖြတ်လတ်စွာ ခင်ဘုန်းကို ကြိုးဖြည်ပေးပြီး လက်ကို ဆွဲ၍ သူခိုးခြေလှမ်းမျိုးဖြင့် ပြတင်းကို ငြင်သာစွာ ဖွင့်လျက် ဆင်းသွားသည်။ ခင်ဘုန်း လိုက်ဆင်းသောအခါ အောက်မှ အသံမကြားရအောင် ထိန်းထားပေးပြီး အမှောင်ကို အကာအကွယ်ပြုကာ တိတ်တဆိတ် ပြေးသွားကြသည်။
လူလေးဦးသားကတော့ မသိ၊ သူတို့ နားခိုရာ စုရပ်ကလေး မီးထဲ ပါသွားမည်စိုး၍ တက်ညီလက်ညီ ကာကွယ်နေကြသည်။ နှစ်ဦးက မီးလောင်နေသည့် ထင်းချောင်းများ ယူလာပြီး မြက်ခြောက်တောကို ထိပ်နှစ်ဘက်မှ မီးရှို့၏ ။ အစောင့်ကျသည့် တစ်ဦးက တဲအိမ်အနီးမှ မြက်ခြောက်များ၊ အပင်ငယ်များကို ရှင်းနေပြီး အခြားတစ်ဦးက အနောက်ဘက် ပြေးကာ ကြိုတင် ခုတ်ထွင် ရှင်းလင်းနေသည်။
သူတို့သည် တောမီးလောင်သည့်ဘက်မှနေ၍ အိမ်မရောက်မီ ကြိုတင်ကာ ရှို့လိုက် ငြှိမ်းလိုက် လုပ်လာကြပြီး အိမ်ကို လွန်သွားသည်အထိ မီးရှို့ထားလိုက်ကြသည်။ ကျယ်ပြန့်စွာ လောင်လာသည့် တောမီးကို လိုက်ထိန်းရန် မလွယ်၍ အိမ်အနီးတစ်ဝိုက်ကို နိုင်နိုင်နင်းနင်း ရှင်းလင်းလိုက်ခြင်း ဖြစ်သည်။ တောမီးသည် လေကြောင့် အိမ်ရှိရာ ကွင်းစပ်ရောက်သောအခါ လောင်စရာ မြက်ခြောက်၊ အပင် မရှိတော့သည်ဖြစ်၍ သူတို့ဂေဟာကို ကွင်းသွားတော့သည်။
ထိုအခါမှ သူတို့က အိမ်အနီးဝန်းကျင်ကို နိုင်သလောက် လိုက်ငြှိမ်းသတ်ကြရသည်။ ဝေးသွားသည်တို့ကို ကြည့်နေလိုက်ရ၏ ။ ပုဆိုးများမှာ မည်းညစ်၍ ပြာအလူးလူး ဖြစ်နေကြသလို လူများသည်လည်း မီးခိုးကြောင့် လူရုပ်ပင် မပေါ်တော့။ သူတို့ကိုယ်သူတို့ ပြန်ကြည့်ကြလျက် မကြာမီ လင်တော်ရမည့် သူများကို မယားပြုရမည့်သူက ကြောက်လန့်နေတော့မှာပဲ ဟု ရယ်မော ပြောဆိုကြကာ အိမ်ပေါ်အတက်..
"ဟာ.. ဘယ်ရောက်သွားလဲ"
"ကြိုးကို ဖြည်သွားတာပဲ။ သူ့ဘာသာတော့ မဖြည်နိုင်ဘူး။ ငါ သေချာချည်ခဲ့တာ လှုပ်လို့တောင် မရဘူး"
ဆို၍ ခေါင်းဆောင်က မင်းဒင်ကို လှည့်ကြည့်လိုက်သည်။ မင်းဒင်က
"ခုနက ကြည့်တုန်းကတောင် ရှိသေးတယ်။ ကျုပ်ကို ဂြိုဟ်ကြည့် ပြန်ကြည့်နေသေးတာဗျ"
"ဟေ့ကောင် မင်းဒင်၊ မင်း မညာနဲ့။ ငါတို့ အလုပ်ရှုပ်နေတုန်း ကောင်မလေးကို ဘယ်မှာ သွားဝှက်လိုက်သလဲ"
"ဒီလိုကြံလို့ ရရိုးလားကွ ဟင်၊ မိန်းမတစ်ယောက်အတွက်နဲ့ ငါတို့ကိုတောင် သစ္စာဖောက်တော့မယ်ပေါ့.. ဟုတ်လား မင်းဒင်"
"ဟာ.. ဘာတွေ ပြောနေတာလဲ၊ ကျုပ် မလုပ်ဘူးဗျ။ အိမ်နားက မြက်တွေ ရှင်းနေတာ ခင်ဗျားတို့ မြင်သားပဲ"
"အဲဒါ နောက်မှပါ။ မင်း ကုန်းကုန်း ကုန်းကုန်း လုပ်နေတာ ငါတွေ့တယ်။ ကောင်မလေး ဒီနားမှာပဲ ရှိရမယ်။ တွေ့လို့ ဟုတ်နေရင်တော့ မင်းမလွယ်ဘူး"
ခေါင်းဆောင်က ရှူးရှူးရှဲရှဲဖြင့် ကြိမ်း၍ အိမ်ပေါ်မှ ဆင်းသွားရာ ကျန်သူများလည်း အနီးတစ်ဝိုက် ပတ်ရှာနေကြ၏ ။ မွှန်ထူနေကြ၍ ခေါင်မိုးမှ အပေါက်ကို မမြင်ကြသကဲ့သို့ မော့ကြည့်ရန်လည်း သတိမရကြ။ ကြိုးမှာမူ အမိုးပေါ် ပစ်တင်ခဲ့သည်ဖြစ်၍ အပေါ်တက်ကြည့်မှသာ တွေ့ရပေလိမ့်မည်။ မီးရောင်တွင် လူမည်းမည်း ၄ ဦးသည် ယောက်ယက်ခတ် သွားလာနေကြလေသည်။
No comments:
Post a Comment