မြင်းနှစ်စီးသည် လရောင်အောက်တွင် ပြေးလွှားနေကြ၏ ။ လသာသဖြင့် လမ်းမှာ ဖြူးနေသည်။ တစ်ခါတစ်ရံ လူသွားလမ်းမှ လှည်းလမ်းကြောင်း ဖြစ်သွားရာ သူတို့ နှစ်စီးသည် လှည်းလမ်း ဘေးဘက်မှ ပန်းတက်သွားကြ၏ ။ အတန်ကြာသည်အထိ စကားမပြောဖြစ်သေး။ အန္တရာယ်ကင်းလောက်ချိန်မှ ခင်ဘုန်းက စကားစသည်။
သူက ဘာမှ ပြန်မပြောချေ။ ရှေ့လမ်းကိုသာ အာရုံစိုက် ကြည့်နေသည်။
"ကျွန်မ ဖမ်းခံရတာ ဘယ်လိုသိလဲ"
"ကျုပ် ရောက်တော့ မြင်းပဲ တွေ့တယ် လူမတွေ့တော့ဘူး။ အခြေနေ စောင့်ကြည့်ပြီး မထူးခြားတာနဲ့ အနီးနား လိုက်ကြည့်တော့မှ သဲပေါ်မှာ ခြေရာလက်ရာ တွေ့တာ။ မြေအပြင်ပေါ် သဲတွေ ကျနေတဲ့ဘက် လိုက်တော့ သူတို့ကို တွေ့တာပဲ"
သူ၏ အဖြစ်မှာ ဤသို့ဖြစ်သည်။ ခင်ဘုန်းက မလိုက်နှင့် ဆိုသော်လည်း စိတ်မချ၍ အလွန်ဝေးရာမှ ခြေရာခံ၍ လိုက်သည်။ မြင်းကို အပြေးမနှင်ဘဲ တိတ်တဆိတ်သာ စီး၍ ရွာတွေ့လျင်လည်း မဝင်၊ အပြင်၌ မီးမဖိုဘဲ အိပ်၏ ။ ခင်ဘုန်း၏ မြင်းကို ချောင်းမြောင်းရှာ၏ ။ မရိပ်မိစေရန် ထွက်သွား၍ ကြာမှ နောက်ကလိုက်သည်။ ထို့နေက ညနေ ရွာထဲတွင် နားမည်ထင်၍ မြင်းကို ပတ်ရှာသေးသည်။ မတွေ့သော် အလျင်အမြန်ထွက်၍ လိုက်ခဲ့သည်။
ချောင်းအနီး သူရောက်သောအခါ မြင်းသာတွေ့၍ လူမရှိ။ စောင့်ကြည့်သော်လည်း မမြင်သဖြင့် ချောင်းစပ်သွားကြည့်မှ ရိပ်မိသည်။ မြင်းနှစ်စီးကို ဝှက်ခဲ့ပြီး ခြေရာများအတိုင်းလိုက်ရာ အိမ်တစ်လုံးကို တွေ့သဖြင့် ကပ်လျက် နားစွင့်သည်၌ လူလေးဦးအသံကို ကြားရ၏ ။ ထို့ကြောင့် ဖြစ်လိုရာဖြစ်သဘောနှင့် လေတင်မှ မီးရှို့လိုက်ပြီး အိမ်ကို ပတ်ကာ ချောင်းမြောင်းနေခဲ့သည်။
လူလေးဦးတို့ ဆင်းသွားကြလျင် အနောက်မှ ပတ်ဝင်ရန် ကြံသော်လည်း တံခါးမှာ ဖွင့်မရ။ ထို့ကြောင့် အမိုးပေါ် ခိုတက်လျက် အသံမကြားစေရန် တစ်လှမ်းချင်း နင်းပြီး ဘေးဘက်ကျကျ တစ်နေရာကို ဖြတ်၍ ကြည့်ရာ ခင်ဘုန်းကို တွေ့သဖြင့် ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်လေသည်။ သူက အကျဉ်းမျှ ပြောပြလိုက်ပြီး သူ့အား စိတ်ချရန်နှင့် လိုက်ခွင့်ပြုရန် တောင်းဆိုလေ၏ ။
ခင်ဘုန်းက အယုဒ္ဓယ ရောက်လျင် သူနှင့် ခပ်ခွာခွာ နေရမည်၊ မဟန့်တား မနှောင့်ယှက်ရ ဟူ၍ စည်းကမ်း သတ်မှတ်လိုက်ပြီး ခွင့်ပြုလိုက်သည်။ သူတို့သည် တောအထပ်ထပ်ကို တိုး၍ တောင်အသွယ်သွယ်ကို ကျော်ခဲ့ကြပြီး တောနက်ရာတွင် ခင်ဘုန်းက လင့်ထိုးကာ အိပ်လေ့ရှိသည်။ သူကတော့ အပင်အောက်တွင်သာ မီးဖို၍ အိပ်၏ ။ တစ်ညတွင် သူ အိပ်ပျော်နေစဉ် မီးပုံ ငြိမ်း၍ သားရဲတစ်ကောင် ကပ်လာသည်ကို မသိ။ သူ့ခြေကို ဆွဲတော့မှ ခင်ဘုန်းက လေးနှင့် ပစ်သဖြင့် ပြေးသွားသည်။
သူ သလုံးသား စုတ်ပြဲသွားပြီး လမ်းကောင်းစွာ မလျှောက်နိုင်တော့။ မြင်းပေါ်မှသာ လိုက်ရပြီး ခင်ဘုန်းက ပြန်ပြုစုနေရ၏ ။ သူတို့နှစ်ဦးလည်း တူဝရီးကဲ့သို့ ရင်းနှီးလာကြသည်။ ခင်ဘုန်းက ဆေးပင်များ သိ၍သာ တော်တော့သည်။ သူ့ဘာသာ ဆိုလျင် အနာကျက်လွယ်မည်မဟုတ်။ ယခုတော့ ဆေးအုံ ပုဆိုးစည်းလျက် အတော်အတန် သက်သာစ ပြုပြီ။
သည်လိုနှင့် ယိုးဒယားမြေသို့ ရောက်ခဲ့ကြ၏ ။ ဘာသာစကား မတူ၍ ပိုခက်ခဲကြရသော်လည်း မြန်မာစကား တတ်ကျွမ်းသူအချို့ ရှိနေသဖြင့် အားထားရသည်။ မြို့တစ်မြို့ ရွာတစ်ရွာရောက်တိုင်းလည်း မြန်မာတိုင်းရင်းသားများကို ဦးစွာ ရှာရပြီး သူတို့ ညွှန်ပြသည့်အတိုင်း အမြန်ထွက်ခဲ့ကြရသည်။ ရှမ်းတို့သည် သူတို့ကို နှစ်လိုဟန် မရှိချေ။
အယုဒ္ဓ မြို့တော်ကို ဝင်လျင် သူသည် ခင်ဘုန်းနှင့် လူချင်းခွဲလျက် မလှမ်းမကမ်းမှသာ လိုက်တော့၏ ။ ခင်ဘုန်းသည်လည်း နောက်ဆုံးကျန်သည့် ဆွဲကြိုးလေးအား ရောင်းချပြီး အစွန်အဖျား အိမ်တစ်အိမ်၌ တည်းခိုနေရင်း စုံစမ်း၏ ။ မည်သည့်ထောင်တွင် ရှိမည် ဆိုသည်ကိုပင် စုံစမ်းမရ။ လက်ျာဘီလူး သတင်းသည် အစပျောက်လျက် ရှိသည်။ ရှိနေသေးသည်ဟုပင် မသိကြရတော့ဘဲ သေဆုံးသွားသလိုလို ကြားရလေ၏ ။
သို့သော် ခင်ဘုန်းမှာ အားမလျှော့။ ထောင်ထွက် ဆိုသူတို့ကို စုံစမ်း၍ လိုက်လံမေးမြန်းနေဆဲ။ ထောင်ထွက်များကလည်း မကြားစဖူးဟုသာ ဖြေမြဲ။ တစ်ကြိမ်တွင်တော့ ထောင်ကြီးတစ်ခုမှ ထွက်ပြေးလွတ်မြောက်လာသည့် ရွာသားတစ်ဦးက ထောင်သားများစွာကို သတ်လိုက်သည့် မြန်မာတစ်ဦးအကြောင်း ပြောလာသဖြင့် ထိုသူမှာ လက်ျာဘီလူးပင် ဖြစ်မည်ဟု ယူဆကာ ထိုထောင်ကြီးဆီ သွားရောက် စုံစမ်းလေ၏ ။
ထောင်မှာ ပိတ်ထားသဖြင့် အနီးနားမှ စျေးသည်တစ်ဦးကို မေးရာ ဘုရင့်ထောင်တွင် အကျဉ်းသားအချို့ကို လွှဲပြောင်းထားကြောင်း သိရလေသည်။ ခင်ဘုန်းလည်း နီးစပ်ပြီ ဟူ၍ ဘုရင့်ထောင်တွင်း ဝင်ရန် အမျိုးမျိုး ကြိုးစား၏ ။ ထောင်ကျတို့၏ မိသားစုများကို ကပ်၍ စုံစမ်းစေရာ ယခင်က မြန်မာတစ်ဦးရှိကြောင်း ကြားသိရပြန်သည်။ အခြေအနေကို ကြည့်၍ ကယ်တင်မည်ဟု အကြောင်းအမျိုးမျိုးဖြင့် ၃ ကြိမ်တိုင် ဝင်သော်လည်း မတွေ့ခဲ့ရ။ မည်သည့်နေရာတွင် ထားမှန်း မည်သူမျှ မသိကြဘဲ ဖြစ်နေသည်။
အထူးအရေးကြီးသည့် အကျဉ်းသားမို့ လက်ျာဘီလူးမှန်း သေချာလေ ခင်ဘုန်းမှာ ကြိုးစားလေ ဖြစ်သည်။ သူနှင့် ပါလာသူမှာ အယုဒ္ဓတွင် ရေရှည် ရပ်တည်နိုင်ရန် ခိုးဝှက်စားနေရသည်။ ထို စောရ၏ အကူအညီယူ၍ ဝင်ရန် ကြိုးစားသော်လည်း မရ၊ ခင်ဘုန်းအား မှတ်မိနေသည့် ထောင်တာဝန်ရှိသူများက ထောင်ပိုင်မင်းသားကို တိုင်တန်းသဖြင့် မင်းသားကိုယ်တိုင် လာစောင့်ရာ ခင်ဘုန်းအား တွေ့သွားသည်။
မင်းသားက ဥပါယ်နှင့် ခင်ဘုန်းကို သူ့ထံ ခေါ်သည်။ မြန်မာဗိုလ်ကို အဘယ့်ကြောင့် ရှာသနည်းဟု မေးမြန်း၏ ။ သူ၏ အစ်ကိုတော် ဖြစ်ပါသည်ဟု လျှောက်သောအခါ ယခု မရှိတော့ဆို၍ ခင်ဘုန်းကို ပြန်လွှတ်မပေးတော့ချေ။ ကိုစောရမှာလည်း မင်းသားအိမ်တော်သို့ မည်သို့မျှ ဝင်မရ ကပ်မရ ဖြစ်နေသည်။ ခိုးမှုငယ်လေးများ ကျူးလွန်၍ အမိခံသော်လည်း ဘုရင့်ထောင် မရောက်ဘဲ အခြားထောင်များ ရောက်လိုက်၊ ကြိမ်ဒဏ်ပေးခံလိုက်ရ ဖြစ်နေရသည်။ လူသတ်မှု စသော အမှုကြီးများကိုမူ မကျူးလွန်ဝံ့။ ဘုရင့်ထောင်ကြီး မရောက်ဘဲ ကိစ္စချောသွားနိုင်၏ ။
တစ်ညနေတွင်တော့ ခင်ဘုန်း ထွက်လာပြီး သူ့အား ပြန်ရန် ပြောသည်။ လက်လျှော့လိုက်ပြီ ဟုလည်း ဆိုလာသည်။ သူသည် အံ့သြခြင်းကြီးစွာနှင့် ကသည်းမင်းသမီးအား ကြည့်နေရာ ခင်ဘုန်းက သူ ပြန်နိုင်ရန် လက်ကောက်နှစ်ကွင်း ချွတ်ပေးပြီး လှည့်ထွက်သွားသည်။ ညှိုးငယ်လှသော ခင်ဘုန်းအား ကြည့်၍ သူ စိတ်မကောင်း။ ခင်ဘုန်းကိုလည်း မကယ်နိုင်တော့။ ခင်ဘုန်းကလည်း ပြန်မည့် အရိပ်အယောင် မပြတော့။ နောက်ပါ နှစ်ဦးလည်း အစဉ်စောင့်ကြပ်နေသဖြင့် မည်သို့မျှ မတတ်နိုင် ဖြစ်နေရသည်။
နောက် အတော်ကြီးကြာမှ ခင်ဘုန်းမှာ ထောင်မှူး မင်းသား၏ မိဖုရားငယ် ဖြစ်နေသည်ဟု ကြားသိလာရသည်။ သူသည် မပြန်ဘဲ လက်ျာဘီလူးကိုသာ တွေ့ရရန် ကြိုးစားနေ၏ ။ ယိုးဒယားရဲမက်တို့၏ အနှိပ်အစက်ကို ပြင်းစွာခံခဲ့ရ၏ ။ သို့သော် ဘုရင့်ထောင်ဖြစ်၍ လုံခြုံလှသလို မြန်မာတပ်မှူး၏ သတင်းကိုမျှ မကြားရ ရှိလေသည်။ သူ စိတ်ပျက် အားလျော့မည် ကြံတိုင်း အယုဒ္ဓယတွင် ရှိနေသေးသော ခင်ဘုန်း၏ မျက်နှာကို မြင်ယောင်မိလျက် သူတို့နှစ်ဦးအား တွေ့ဖြစ်အောင် တွေ့ပေးမည်ဟု ကြံစည်ကာ သူ ရှိနေသည်ကို ခင်ဘုန်းအား အကြောင်းမကြားတော့ဘဲ နေလိုက်သည်။
ထို့ကြောင့် လက်ျာဘီလူး ပြန်သွားသည်ကို နောင်အခါ ခင်ဘုန်း သိရှိသွားသော်လည်း သူကမူ မသိသေး။ အခွင့်သင့်တိုင်း ဝီရိယထုတ်မြဲ ဖြစ်သည်။ သို့သော် မြန်မာနှင့် စစ်ကြီး ဖြစ်လာ၏ ။ မြန်မာတို့သည် ယိုးဒယားနယ်ပယ်တို့ကို တစ်မြို့ပြီးတစ်မြို့ လျင်မြန်စွာ သိမ်းပိုက်လိုက်ပြီး အယုဒ္ဓယသို့ ရောက်လာကြသည်။ သူကလည်း အတွင်းမှနေ၍ လက်ျာဘီလူးကို တွေ့ရှိ ကယ်ထုတ်နိုင်ရန်သာ အားထုတ်နေသည်။ အပြင်တပ်များတွင် တပ်မှူးတစ်ဦးအဖြစ် လက်ျာဘီလူး ပြန်ပါလာသည်ကို မသိချေ။
သူ မသိသလို ခင်ဘုန်းလည်း မသိပါ။ သူတို့ချင်းလည်း မတွေ့ကြတော့၊ သူကလည်း နေ့ဘက်တွင် ဆိုင်ကလေးတစ်ခု ဖွင့်၍ ဟန်ပြ အလုပ်လုပ်သည်။ ညဘက် တစ်လ တစ်ကြိမ်ခန့် ခိုး၏ ။ များများလည်းမယူ၊ ရပ်တည် နေနိုင်ရုံသာ ယူသဖြင့် သူ့အား မမိကြသေး။ တိုင်းရေးပြည်ရာ စစ်မက်အခြေနေများ ရှုပ်ထွေးနေသဖြင့် ခိုးသူဆူသူများဘက် မလှည့်နိုင်ဘဲ ဝိုင်းရံထားသည့် မြန်မာတပ်တို့ကိုသာ အာဏာပိုင်များ အာရုံရောက်နေကြ၏ ။ သူသည်လည်း မြို့တွင်းသားတို့၏ အနိုင်အထက် ကျင့်ခြင်းကို မကြာခဏ ခံနေရသည်။
တစ်ညတွင်တော့ သူ အိပ်ပျော်နေစဉ် ငရဲပွက်သကဲ့သို့ ဆူညံအော်ဟစ်သံများ ကြားရပြီး လူအများ ပြေးလွှားနေကြလေသည်။ မြန်မာများ မြို့တွင်း ဝင်လာကြခြင်း ဖြစ်၏ ။ ဤတစ်ကြိမ်၌မူ ယခင် တိုက်ခိုက်ခြင်းများနှင့် မတူတော့ဘဲ အလုံးအရင်းနှင့် ဝင်လာပြီး မြင်မြင်သမျှ လိုက်လံ ထိုးခုတ်နေတော့ပြီ။ သူလည်း လူအများနှင့်အတူ ပြေးလွှားရင်း လိုက်ကြည့်ရာ မြန်မာတပ်များမှာ ဒေါသတကြီး ထိုးခုတ် မီးရှို့နေကြသည်ကို တွေ့ရ၏ ။
အဘယ်ကြောင့် ထိုမျှ ကြမ်းတမ်း ရက်စက်နေကြသည်ကို မသိ၊ သူသိခဲ့သော မြန်မာတို့မှာ သိမ်မွေ့နူးညံ့ကာ သနားကြင်နာတတ်ကြသူများ ဖြစ်သည်။ ရန်သူကိုပင် အရှုံးပေးက ညှင်းဆဲကြခြင်း မပြုတတ်။ ယခုမူ ထိုသို့မဟုတ်၊ ကြောက်လန့်တကြား ပြေးကြသည့် ယိုးဒယား ရဲမက်ငယ်များကိုပါ အသည်းအသန် လိုက်၍ အငြိုးတကြီး ခုတ်နေကြချေပြီ။
ယခု ဝင်လာသူများသည် မြန်မာတပ်များမှ ဟုတ်ပါလေစ၊ ရက်စက်ကြမ်းကြုတ်သည်ဟု နာမည်ကျော်သော ခမာ ဂျွမ်းစစ်သည် တပ်များလားဟု ထင်မိသည်။ သို့သော် မဟုတ်၊ မြန်မာတို့ကဲ့သို့ ဝတ်စားထားပြီး အပေါ်ပိုင်းဗလာ၊ အောက်ပိုးကျိုက်နှင့် ခေါင်းပေါင်းများနှင့် ဖြစ်နေကြသည်။ မီးရောင်တွင် မည်းမည်းပြောင်ပြောင် ချွေးသံရွှဲရွှဲ သွေးအလိမ်းလိမ်းနှင့် လူများက မြန်မာလို အော်ဟစ်ကြိမ်းဝါးနေသည်ကိုလည်း ကြားရ၏ ။
ပြေးလွှားနေသော သူ့အနောက်ဘက်မှ အလွန်ပြင်းသော အရှိန်နှင့် လူတစ်ဦး ရုတ်ခြည်း သူ့ကို ဖြတ်ကျော်သွားသည်။ ထိုသူ၏ ဘေးတစ်လျှောက်ရှိ လူများမှာ လွင့်စင်ပြန့်ကျဲကုန်၏ ။ သူနှင့်အတူ ပြေးနေခဲ့သူက 'ဘာကြီးလဲ'ဟု ထအော်သည်။ သူလည်း သေချာမမြင်လိုက်ရ၊ လူဟု သိသာရုံ ရိပ်ခနဲသာ မြင်လိုက်သည်။ ထိုအရိပ်အား ဟန့်တားဆီးဆို့၍ မရနိုင်။ လူအုပ်ကြီးကို တဟုန်တိုး ဖောက်ထွက်သွားသည်။ တပ်တစ်တပ်စာ လူများ ဗြုန်းခနဲ လဲပြိုကျန်ရစ်ခဲ့သည်ကို မျက်မြင်သာ မဟုတ်ပါက ယုံနိုင်လိမ့်မည်မဟုတ်။ လူမဟုတ်နိုင်ဟု ထင်လိုက်ပြီး သူ့ကိုယ်သူ သတိမထားမိဘဲ ထိုသူသွားရာဘက် ပြေးလိုက်ကြည့်မိသည်။
ထိုသူမှာ မြို့ရိုးပေါ် တက်သွားသည်ကို တွေ့လိုက်ရပြီး မြို့ရိုးထက်မှ လူများ တဘုတ်ဘုတ် ကျလာပြန်သည်။ အချို့မှာ နှစ်ပိုင်းပြတ်လျက်၊ အချို့ ဦးခေါင်းမပါ ခြေလက်မပါ တန်းစီကျနေသည်ကို သူ ထိတ်လန့်နေမိသည်။ ထိုမြင်ကွင်းမျိုးကို အိပ်မက်မျှပင် မမက်ဖူးခဲ့ပါတကား။ သူသည် မြို့ရိုးပေါ်သို့ မော်မကြည့်ရဲဘဲ မြို့ထဲ ဘီလူးဝင်နေခြင်း ဖြစ်မည်ဟု နောက်ပြန်ပြေးလေတော့သည်။
ထိုစဉ် အနောက်မှ ဘုန်းခနဲ အသံကြား၍ အလန့်တကြား လှည့်ကြည့်မိရာ ရဲမက်တစ်ဦးကို နင်းလျက် ခုန်ချလာသော ဘီလူးစီးနေသည့်သူ၊ တစ်ကိုယ်လုံး သွေးကွက်များဖြင့် စိုရွှဲနေသော်လည်း ထိုသူကို သူ မှတ်မိလိုက်သည်။ မဟုတ်နိုင်ပါဘူဟုလည်း ဇဝေဇဝါ တွေးမိပြန်၏ ။ သူသိသော လူနှင့် ယခု မြင်နေရသူမှာ ကိုယ်ဟန် မျက်နှာချင်း ဆင်သော်လည်း လူချင်းတခြားစီ ဖြစ်နေလေသည်။ သူ့ရှေ့က လူသည် ယခုမှ ထောင်က လွတ်လာသည့် သဏ္ဍာန်မျိုး မရှိ၊ သန်မာကျစ်လျစ်လှ၏ ။ အလွန် ခွန်အားကြီးနေ၏ ။
လူကိုနင်း၍ ဆင်းလာသူကတော့ တိုက်ခိုက်နေကြသည့် လူအုပ်ကြီးထဲသို့ သွေးပျက်လောက်စရာ အမူအရာနှင့် အားကုန် ပြေးဝင်သွားသည်။ ရှေ့ဆုံးတွေ့သည့်သူကို ဖမ်းကိုင် ဆွဲမြှောက်ရင်း နောက်တစ်ဦးနှင့် ခေါင်းချင်းရိုက်လိုက်သံ ခွပ်ခနဲကို သူ့ထံမှပင် ကြားရသည်။ သူသည် နေရာတွင် ကြက်သေသေလျက် ရပ်နေပြီး မျက်လုံးများက ပြူးကြောင်နေ၏ ။
ထို့နောက်တွင်ကား သူ့လက်ထဲ ဓားပြားကြီးတစ်လက် မည်သို့ရောက်လာသည် မသိ။ သူ့အနားမှ စစ်သည်များ မည်သို့ လဲကျသွားသည် မသိ။ သူ့ကိုယ်သူလည်း မည်သို့ လွှဲယမ်း ခုတ်ပိုင်းနေမိသည်မသိ။ သူကိုယ်တိုင် တိုက်ပွဲထဲ ရောက်၍ သူ့အား နှိပ်စက်လှသော ရှမ်းစစ်သည်များကို မကျေနပ်ခဲ့သမျှ အငြိုးကုန် တိုက်ခိုက်နေတော့သည်။ သူသိခဲ့သော၊ သို့မဟုတ် သူ မသိခဲ့သော လက်ျာဘီလူးကိုမူ အစအနမျှ မမြင်ရတော့။
သို့သော် လက်ျာဘီလူးကိုယ်မှ သွေးများ သူ့ထံ စင်ခဲ့၏ ။ လက်ျာဘီလူးထံမှ တောက်လောင်နေသော သွေးများ သူ့ကိုယ်ထဲ စီးဆင်းခဲ့၏ ။ လက်ျာဘီလူး၏ အားမာန်ဒေါသများလည်း သူ့အသိတွင် လှည့်ပတ်ပူနွေးနေလေပြီ။ သူကိုယ်တိုင် လက်ျာဘီလူးကဲ့သို့ ဖြစ်သွားသည် ထင်ရလောက်အောင် လူတစ်ယောက်ကိုမှ မတိုက်ခိုက်ခဲ့ဖူးသော သူသည် ယခုအခါ လူပေါင်းများစွာ၏ အသက်ကို အလွယ်တကူ ချွေယူနေလေပြီတည်း။
မိုးစင်စင် လင်းခဲ့ပြီ။ သူသည် သူဖုန်းစားတစ်ဦးကဲ့သို့ စုတ်ပြတ်ပေရေလျက် အငွေ့တလူလူ ထွက်နေသည့် ထိုးထိုးထောင်ထောင် အပြိုအပျက်များကြားတွင် ဓားပြားကြီးကို တရွတ်ဆွဲရင်း ဒယိမ်းဒယိုင် လျှောက်နေသည်။ မသေသေးသော အသက်ငင်နေသည့် စစ်သည်တို့ကို တွေ့လျင် သူ့လူကိုယ့်လူမခွဲခြား လက်စသိမ်းပေးလိုက်၏ ။ ဘုရားပျက်ဝန်းကြီးထဲတွင်လည်း လူ့အကောင်ပေါင်းများစွာ ဖရိုဖရဲ ပုံထပ်လျက် တွေ့ရသည်။
လဲပြိုနေသော စစ်သည်များ၊ ညည်းညူနေသူများ၊ ခြေကုန်လက်ပန်း ကျနေသူများ အကြားတွင် ကျောက်တိုင်တစ်တိုင် မားမားမတ်မတ်၊ ထိုကျောက်တိုင်မှာ သူ မြင်ဖူးခဲ့သူ ဖြစ်နေပြန်သည်။ ထိုကျောက်တိုင် ရှေ့တွင်လည်း သူသိကျွမ်းဖူးသည့် သူတစ်ဦးသည် လဲပြို ငြိမ်သက်လျက် ရှိလေသည်။ သူ တွေ့ခဲ့ဖူးသည့် လူနှစ်ဦးအား တစ်ပြိုင်တည်း တစ်ချိန်တည်း တစ်နေရာတည်း တွေ့လိုက်ရသဖြင့် သူ့ဆန္ဒ ပြည့်ဝခဲ့လေသလား သူမသိတော့။
သူ့ရင်သည် မည်သည့် ခံစားချက်မှ မရှိသလို ဟာလာဟင်းလင်း ဖြစ်နေသည်။ သူ့စိတ်သည် သူနှင့်အတူ ရှိမနေ၊ အတိတ်က အကြောင်းအရာများထဲ ရောက်နေသည်။ သူ့အမြင်တွင် တပ်မှူးတစ်ဦးသည် သူ့ကို အရောတဝင် စကားပြောပြီးနောက် သူ့သခင်မလေးဘက် လှည့်သွားသည်။ သူတို့နှစ်ဦးသည် လဲပြိုနေသည့် တစ်ဦးက အသက်ရှိသေးသကဲ့သို့၊ ရပ်နေသည့် တစ်ဦးကမူ အသက်မဲ့နေသကဲ့သို့ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြလေသည်။
*ပြီးပါပြီ*
Written by သင်္ခရာဇာ
End date: November 28, 2020
End date: November 28, 2020
No comments:
Post a Comment