စောရအရှင်မ (၃)မျှော်သူမှာ ပေါ်မလာပါ။ မမျှော်လင့်သည့် သတင်းတစ်ခုတော့ ရောက်လာ၏ ။ ချောင်းခွတွင် ရံရွေတော်တစ်ဦး ရောက်နေသည် ဆိုသည့် သတင်း။ သူက အခြေအနေ စုံစမ်းလို၍ ချောင်းခွသို့ ထွက်လာခဲ့၏ ။
တိုင်းပြည် မငြိမ်မသက် ဖြစ်နေသည်ကိုတော့ သိပြီးဖြစ်ရာ သူမျှော်နေသူမှာ အဘယ်သို့ ဖြစ်သွားသနည်းဟု သိရှိလိုလှသည်။ ထိုသူ၏ အကြောင်း ကြားရနိုးနှင့် လာခဲ့ရသော်လည်း အားရစရာတော့ မရှိလှ။ ယခု ပြန်ရောက်လာသည့် နန်းတွင်းသူမှာ ဦးတောကျော်၏ သမီးအငယ်ဖြစ်၍ ခေတ္တခွင့်ရသဖြင့် ပြန်လာခြင်းဖြစ်သည်ဟု ဆိုကြသည်။ သူသိလိုသည့် စစ်သတင်းများကို သိနိုင်လိမ့်မည်မထင်။
ချောင်းခွရောက်လျင် ဦးတောကျော်အိမ်အား မေးမြန်း၍ ဝင်သွားသော် သမီးအကြီး မရွှေမှီကို တွေ့သည်။ နန်းတွင်းမှ ပြန်လာသူကို တွေ့လိုကြောင်း ပြောရာ မရွှေမှီက အခန်းငယ်ထဲ ဝင်သွား၏ ။ တံခါးမရှိသဖြင့် ကာထားသော ကန့်လန့်ကာ ပွင့်ဟလာပြီး ဖျော့တော့သော အဆင်းရှိသည့် သူငယ်မတစ်ဦးကို ချည်စောင်ငယ်နှင့် တွေ့လိုက်ရသည်။
"ဘာကိစ္စများပါလဲရှင်"
"ကျုပ် လိုရင်းကတော့ လူတစ်ယောက်အကြောင်းများ ကြားရမလား လို့ပါ။ ပြီးခဲ့တဲ့ တစ်ခေါက် စစ်ချီသွားကြတဲ့ တပ်တွေ ဘယ်လိုဖြစ်ကုန်သလဲ ဟောဒီက နှမငယ် သိရင် ပြောပြပေးပါလား"
"ဘယ်တပ်တွေကို ပြောတာလဲ"
"အလောင်းမင်းတရားရဲ့ တပ်တွေပဲ"
"သည်ရွာက ဖြတ်သလား"
"ဒီလမ်းက သွားပါတယ်"
"ဒါဆို ကြည်းတပ်တွေ ဖြစ်မှာပဲ။ ကြည်းတပ်မှာလည်း အင်အားက မနည်းဘူး၊ ဘယ်တုန်းကလဲရှင့်"
"သုံးနှစ်လောက်တော့ ရှိပြီထင်တယ် နှမ"
"ဒါဆို အယုဒ္ဓယကို စစ်ချီသွားတာ မဟုတ်ဘူး၊ ဟံသာဝတီစစ်အတွက် သွားကြချိန် ဖြစ်မယ်"
ရွှေမှီက ရေနွေးယူလာသဖြင့် ခေတ္တ တိတ်ဆိတ်သွားကြသည်။ မိန်းမငယ် ဆေးသောက်နေစဉ် သူကလည်း အကြမ်းအိုးမှ ငှဲ့သောက်ရင်း စောင့်နေလိုက်၏ ။
"အယုဒ္ဓယချီစစ်ကြောင်း ဆိုရင်တော့ တစ်နှစ်အတွင်းပဲ ရှိသေးတာ။ ကျွန်မလည်း နန်းတွင်းရောက်တာ မကြာသေးတော့ အဲဒီမတိုင်မီက အကြောင်းတွေ မသိပါဘူးရှင်"
သူ စိတ်ပျက် အားလျော့သွားရသည်။ သူ့ဘဝ တိုးတက် ပြောင်းလဲသွားသည်ကိုလည်းကောင်း၊ ဟောကိန်းထုတ်ခဲ့သလို သူကိုယ်တိုင် ကန်တော့ခံလိုက်ရကြောင်းကိုလည်းကောင်း ပြောပြချင်နေသော်လည်း ပြောရမည့်သူ မရှိတော့။ အခြားသူများကိုလည်း ပြောပြရန် မဝံ့။ သူ၏ နောက်ကြောင်းကို သိရှိသွားပါက ချက်ချင်း ဘဝပြောင်းကာ ဒုံရင်းပြန်ဖြစ်သွားနိုင်၏ ။ သူရင်ဖွင့် ကြွားဝါရမည့်သူမှာ တစ်ဦးတည်းသာ ရှိသည်။ သို့သော် ထိုသူမှာ ပြန်ရောက်မလာခဲ့လေ။
သူ၏ စိတ်ပျက်လက်ပျက် ဟန်ပန်ကို မိန်းမငယ်က သိပုံရ၏ ။ ပြေရာပြေကြောင်း စကားဆက်လာသည်။
"အလောင်းမင်းတရား ဖွဲ့စည်းခဲ့တဲ့ တပ်မတော်ကြီးကတော့ အယုဒ္ဓယက အပြန်မှာ နှစ်ပိုင်း ကွဲသွားသတဲ့။ အင်း.. နှစ်ပိုင်းတောင် မကပါဘူး၊ နေပြည်တော် ပြန်ရောက်လာသူတွေလည်း တကွဲတပြား ဖြစ်ကုန်ကြတာပါပဲ။ မင်းမှုမထမ်းတော့ဘူးလို့ ထွက်သူတွေ ထွက်ကုန်ကြသတဲ့။ အဓိကကတော့ ဘုရင့် ရွှေတပ်တော်တွေနဲ့ မင်းခေါင်နော်ရထာရဲ့ သူပုန်တပ်တွေ ကွဲသွားတယ်"
သူ ငြိမ်သက် နားထောင်နေ၏ ။
"အင်းဝသားတွေကလည်း သူပုန်မင်းကြီးဘက်က ပါသွားကြတယ်။ သူ့ကို ကြည်ညိုသူတွေကြောင့် အင်အားကောင်းလာပြီး အင်းဝကနေ တော်လှန်ဖို့ စိုင်းပြင်းနေသတဲ့။ သူက ဘုန်းလက်ရုံးရှိတော့ မင်းပြောင်းမင်းလွဲတောင် ဖြစ်နိုင်တယ်လို့ တီးတိုးပြောဆိုနေကြတယ်။ လူကြားအောင်တော့ မပြောဝံ့ပါဘူး"
ထိုနေရာအရောက် မိန်းမငယ်၏ အသံမှာ အလွန်တိုးညင်းသွားသောကြောင့် အားစိုက် နားထောင်ရသည်။
"အခု တစ်တိုင်းပြည်လုံးလည်း ဖရိုဖရဲ ကြောက်လန့်တကြား ဖြစ်နေကြတယ်။ မကြာခင် စစ်ကြီး ဖြစ်ဦးမယ်လို့ ကြားနေရတယ်။ ရှင် သိချင်တဲ့ တပ်တွေလည်း တကွဲတပြား ဖြစ်ပြီး ဘယ်ဘက်ရောက်နေတယ် သိရမှာ မဟုတ်ပါဘူး"
"ကျုပ်လည်း ဒီလိုပဲ မျှော်လင့်ပြီးသားပါ။ အစကတည်းက ပြန်မလာနိုင်တော့သလား၊ နောက်မှ တစ်ခုခု ဖြစ်သွားသလား မဆိုနိုင်ပေမယ့် ဘာဖြစ်သွားသလဲ သိရမလားလို့ လာစုံစမ်း မေးမြန်းရခြင်း ဖြစ်ပါတယ် ငါ့နှမ"
"အတော်ပဲ အရေးကြီးသလားရှင်၊ ဘယ်သူပါလိမ့်၊ ဘယ်ဗိုလ်မှူး အချုပ် တပ်ကများလဲ"
"ဗိုလ်မှူး အချုပ်ကိုတော့ မသိခဲ့ရဘူး၊ တပ်မှူးအမည်ပဲ သိတယ်။ သူပဲ အချုပ် ထင်ရတာပဲ။ အခြားဘွဲ့အမည်တော့ မမှတ်မိဘူး။ ကျုပ်မှတ်မိတာက လက်ျာဘီလူးတဲ့"
ထိုအမည်ကို ကြားလျင် မိန်းမငယ်သည် လဲလျောင်းနေရာမှ ထလိုက်ပြီး
"သူနဲ့ ဘယ်လို တွေ့ခဲ့ရတာလဲ၊ ကျွန်မကို ပြောပြပါလား"
"ကျုပ် ပြောပြချင်ပေမယ့် ပြောလို့ မဖြစ်ဘူးထင်ပါတယ်"
"ဘာဖြစ်လို့လဲရှင့်"
"ကျုပ်အကြောင်း လူတွေ သိကုန်ရင် လက်ရှိ အလုပ်အကိုင်လေးကို ဆက်ထားတော့မယ် မထင်ဘူး။ ဒီရွာနားက ဖြတ်သွားရင်း တွေ့ခဲ့တယ်ပဲ ဆိုပါတော့"
"ကျွန်မ နှုတ်လုံပါတယ်၊ ရဲရဲ ပြောနိုင်ပါတယ်ရှင်"
သူက မီးဖိုဘက် လှည့်ကြည့်လျက်
"မဖြစ်ပါဘူး ငါ့နှမရယ်"
"သူက နေပြည်တော်မှာ ရှိတယ် ဆိုရင်ရော၊ ကျွန်မ ပြန်သွားရင် ဘာပြောပေးရမလဲ"
"ကျုပ်ကိုယ်တိုင် သူ့ကို ပြောမှ ရမယ့် စကားတွေမို့ပါ။ တစ်ဆင့်လူနဲ့ မပြောတတ်ဘူး ခင်ဗျ။ အားနာပါတယ်။ ပြောမဖြစ်လို့ပါ"
မိန်းမငယ်သည် စောင်ကို ခွာ၍ ထရပ်လိုက်၏ ။ ဖြူဝင်းလှပသော အဆင်းနှင့် သွယ်လျသော ကိုယ်နေဟန်ကို တွေ့ရသည်။ မာမကျန်း ဖြစ်နေသော်လည်း တဘက်တစ်ထည်ကို သိုင်းခြုံလိုက်ပြီး အိမ်ပြင်သို့ ဦးဆောင် ထွက်သွားသဖြင့် သူ လိုက်သွားရ၏ ။
လူရှင်းနေသော လှည်းလမ်းကြောင်း ကဇာပေါက်အနီးရောက်မှ
"ဒီမှာရှင့်၊ ကျွန်မကပဲ ဦးအောင် ဖွင့်ပြောမယ်။ ကျွန်မ ဦးတောကျော်သမီး မဟုတ်ပါဘူး။ ခရီးသွားရင်း ဖျားနာလာလို့ သူတို့ဆီမှာ တည်းခိုရင်း တမင် သတင်းလွှင့်ထားတာပါ။ ကျွန်မလည်း လူတစ်ယောက်ကို ရှာရအောင် ထွက်လာတာ။ အဲဒီလူက လက်ျာဘီလူး ပဲ"
"ဟုတ်လား၊ တိုက်တိုက်ဆိုင်ဆိုင်ဗျာ။ ခု သူက ဘယ်မှာတဲ့လဲ"
"အယုဒ္ဓယမှာ အဖမ်းဆီးခံရပြီး ကျန်ခဲ့သတဲ့"
"အို.. ကျွတ်၊ ကျွတ်။ သူတို့ တစ်တပ်လုံးလား"
"ဒါတော့ ကျွန်မလည်း မသိဘူးရှင့်။ ဒါပေမယ့် ဒီသတင်း အမှန်ပဲ ဆိုတာ ယုံကြည်လောက်တယ်။ ကျွန်မ ရွှေဝကိုလည်း ရောက်ခဲ့ပြီ။ သူပုန်တပ်က တပ်သားတစ်ယောက်ကို မေးမြန်းပြီးလို့ မှန်ကြောင်း သိလာတယ်။ သူတစ်ယောက်ပဲ ကျန်ခဲ့တာ ထင်တယ်။ ရှင် သူ့တပ်က တစ်ယောက်ယောက်နဲ့ တွေ့လိုရင် အင်းဝကို လိုက်သွားပါလား"
"ကျုပ်လည်း သူ့ကိုပြောမှ ရမှာ၊ တခြားသူ မရဘူး"
"ကျွန်မနာမည်က ခင်ဘုန်း။ ရှင်တို့ မြန်မာလူမျိုး မဟုတ်ဘူး။ ကသည်းလူမျိုး၊ စန္ဒဝတီလို့ ခေါ်တယ်။ ကျွန်မ အခု သူ့ကို ရှာရအောင် ထွက်လာတာပဲ။ ကျွန်မအကြောင်းတော့ ပြောပြီးပြီ။ ရှင်ကလည်း ရှင့်အကြောင်းနဲ့ သူနဲ့ တွေ့ခဲ့ပုံကို ပြောပြပေးပါလို့ တောင်းဆိုပါတယ်"
"မိန်းကလေးက အယုဒ္ဓယအထိ လိုက်သွားမလို့လား"
"ဟုတ်တယ်"
"ဘယ်ဖြစ်မလဲ"
"ဖြစ်လို့ အခု ဒီအထိ ရောက်လာတာပေါ့"
"နန်းတွင်းကို မပြန်တော့ဘူးလား"
"ကျွန်မ မသိဘူး။ နောင်ရေးတွေလည်း ဘာမှ မစဉ်းစားချင်ဘူး။ ကျွန်မအသက် ၁၅ နှစ်ပဲ ရှိသေးတယ်။ ဒါ့ကြောင့် မစဉ်းစားတတ်ဘူး လို့ ပြောရမယ်ထင်တယ်။ ကျွန်မတို့က စစ်ရှုံးပြီး သုံ့ပန်းဖြစ်လာတာ။ ပြန်စရာ မရှိဘူး။ ကျွန်မ လုပ်ချင်ရာ လုပ်မယ်"
သူ ပါးစပ်အဟောင်းသား ဖြစ်ရသည်မှာ နှစ်ခါရှိပြီ။ လက်ျာဘီလူး နှင့် ယခု စန္ဒဝတီ ဆိုသည့် လူထူးဆန်း နှစ်ဦးကြောင့် ဖြစ်၏ ။ မိန်းကလေး၏ စိတ်အားထက်သန်ပုံ၊ ရဲရင့်ပုံ၊ ယုံကြည်ရပုံတို့ကြောင့် သူကလည်း စောရဘဝမှ ယခုအခြေအနေထိ ဖြစ်လာသည့် လက်ျာဘီလူး၏ ကျေးဇူးနှင့် တွေ့ဆုံဖြစ်ခဲ့ပုံတို့ကို ပြောပြလိုက်သည်။ ခင်ဘုန်းက
"သူနဲ့ တွေ့တဲ့သူတိုင်းက ပြောတဲ့ အကြောင်းတွေဟာ စိတ်ဝင်စားစရာချည်းပါပဲ။ ကျွန်မကပဲ စိတ်ဝင်စားနေလို့လား မဆိုနိုင်ဘူး။ သူ့အကြောင်း ကြားရလေ၊ သူ့ကို နားမလည်သလိုလို ပိုသိလာသလိုလို ဖြစ်ရလေပဲ။ ကျွန်မလည်း လူကောင်းတစ်ဦးအပေါ် အပြစ်ပြုမိခဲ့တယ်"
ဆို၍ သူ့အကြောင်းများ ပြောပြလာသည်။
"အသက်အန္တရာယ်တောင် ပြုခဲ့မိသေးတာပေါ့"
"ဟုတ်ပါတယ်၊ ကျွန်မ မသိခဲ့လို့ ရန်ငြိုးထားခဲ့တာ"
"ကျွတ်.. ကျွတ်၊ ခု အယုဒ္ဓယမှာရော အသက်ရှင်လျက် ရှိတယ်လို့ ကြားမိလို့လား"
"ကျွန်မ မသိဘူး။ ကျန်ခဲ့တယ်ပဲ သိတယ်"
"ဒါဆို မသွားပါနဲ့လား။ ဒီချိန်ထိ ထားကြလိမ့်မယ် မထင်ဘူး"
"အင်းဝက တပ်သား ပြောတာကတော့ သူတို့ ၃ ရက်စောင့်တာ အကြောင်းမပြန်ဘူး တဲ့။ သေပြီဆိုရင် အကောင်ကိုသော်လည်း ပြမယ်၊ ဦးခေါင်းသော်လည်း ပြရမယ် မဟုတ်လား။ ဒါ့ကြောင့် အဲဒီချိန်ထိ မသေသေးဘူးလို့ ယူဆရတယ်"
"ဒါပေမယ့် ခုချိန်ထိတော့.."
"ဘာဖြစ်ဖြစ် ကျွန်မ ထွက်လာခဲ့ပြီ။ ဘယ်သူမှ မလိုက်ရဲလို့ တစ်ယောက်တည်း ထွက်လာတာ။ အစကတည်းက တားခဲ့ကြတာပဲ။ ခရီးဆိုတာ သွားရင် ရောက်သွားမှာပါ။ ပြီးရင် ပြီးသွားမှာပဲ။ သိရတာကတော့ အမြတ်ပေါ့။ ကျွန်မကတော့ သူ့ကို ပြန်တွေ့ရလိမ့်မယ်လို့ ယုံကြည်နေတယ်"
"တယ်ခက်ပါလား၊ သတ္တိကိုတော့ ချီးကျူးမိပါရဲ့။ ခရီးက မကြမ်းလွန်းဘူးလား"
"ကျွန်မ လာတဲ့လမ်းမှာ နေပူလိုက် မိုးမိလိုက်မို့သာ နာမကျန်းဖြစ်သွားတာ။ ဆက်မသွားနိုင်တာတော့ မဟုတ်ဘူး။ သွားမယ်ဆို သွားနိုင်ပါတယ်။ သည်လမ်းတွေက သူတို့ စစ်ချီရာမှာ သုံးခဲ့ကြတဲ့ လမ်းကြောင်းမို့ သူ့သတင်း ကြားရလို ကြားရငြား နားနားနေနေ နေနေတာ။ သူတို့တွေ အယုဒ္ဓယက ပြန်လာတဲ့ ဘုရားသုံးဆူ လမ်းကြောင်းလည်း စုံစမ်းပြီးသား၊ မနက်ဖြန်ဆို ဆက်ထွက်မှာပါ"
"ဦးတောကျော်တို့ သိသလား"
"မသိဘူး၊ သူတို့က တားနေကြတာ။ မြင်းတစ်ကောင်တော့ ရှာပေးမယ် ပြောတယ်။ ဒီနေ့ညနေ လာပြကြမယ် ပြောတယ်။ ကြိုက်ကြိုက် မကြိုက်ကြိုက် စီးလို့ရရင် ရပြီ။ သွားခါနီးမှပဲ သူတို့ကို ပြောပြီး ထွက်ရမှာပဲ"
"တားမရရင်လည်း သွားပေါ့။ မနက်ဖြန် စောစောကိုတော့ ခရီးအတွက် အစာရေစာ လာပို့ပါဦးမယ်"
"ကောင်းပါပြီ၊ ကျေှးဇူးတင်ပါတယ်"
သို့သော် နောက်တစ်နေ့ သွားခါနီးအထိ ထိုသူမှာ ပေါ်မလာတော့ပါ။ ခင်ဘုန်းကလည်း မစောင့်၊ သူ့ဘာသာ ပြင်ဆင်လျက် မရွှေမှီကို နှုတ်ဆက်တော့မှ မရွှေမှီက ထိတ်ထိတ်ပျာပျာဖြင့်
"ဟဲ့၊ အမလေး.. ဗြုန်းစားကြီး သွားမလို့လား။ နေပါဦး၊ အဘကိုလည်း မပြောရသေးဘူး မဟုတ်လား"
"မမပဲ ပြောလိုက်ပါတော့။ ကျွန်မ နှုတ်ဆက်ပါတယ်လို့။ ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့အတွက် မမတို့ကို ကျေးဇူးတင်ပါတယ်"
"အို.. အဖျားလည်း ကင်းသေးတာ မဟုတ်ဘဲနဲ့။ မဖြစ်ပါဘူး။ တစ်ရက်တန်သည် နှစ်ရက်တန်သည်တော့ နေဦးမှပါ့"
"မနေတော့ဘူး မမ၊ ကျွန်မ ကျန်းမာပါပြီ"
ခင်ဘုန်း ဇွတ်ထွက်လာသဖြင့်သာ မရွှေမှီ မတားနိုင်ဘဲ ရင်ကို ဖိလျက် ကျန်ရစ်ခဲ့၏။ မြင်းကို ကျွမ်းကျင်စွာ စီးသွားသည့် မိန်းမငယ်လေးတစ်ဦးအား မြင်လိုက်သည့် ရွာသူရွာသားများက အံ့သြစွာ လိုက်ကြည့်နေကြသည်။ ခင်ဘုန်းရွာမှထွက်၍ အတော်ခရီးပေါက်ချိန်ဝယ် အနောက်မှ မြင်းတစ်စီး လိုက်လာ၏ ။
"ငါ့နှမ နေပါဦး၊ ကျုပ်ကို စောင့်ဦး"
ခင်ဘုန်းက ဇက်သတ်၍ စောင့်နေလိုက်သည်။
"ရှင် ဘာလို့ လိုက်လာတာလဲ"
"ကျုပ်လည်း ညကတော့ ရိက္ခာအတွက် မေးမြန်း စုဆောင်းနေတာပဲ။ မနက်ကျမှ မြင်းတစ်ကောင် ရောင်းမယ် ကြားလို့ ရောက်နိုင်သလောက်တော့ လိုက်ဦးမှပဲလို့ တွေးပြီး မြင်းကို နှစ်ရွာကျော်ထိ သွားကြည့်နေရတာနဲ့ နောက်ကျသွားတယ်"
"မလိုက်ပါနဲ့၊ ကျွန်မ သွားရဲပါတယ်"
"ယောက်ျားတစ်ယောက်ပါတော့ တော်ရုံလူ မကပ်ရဲတော့ဘူးပေါ့။ စားနပ်ရိက္ခာလည်း တစ်ပတ်စာလောက်တော့ ပါတယ်"
ခင်ဘုန်းက ဘာမှ မပြောတော့ဘဲ မြင်းစီးသွားသည်။ သူက နောက်မှ လိုက်သွားလေ၏ ။
"ရှင်က သူ့ကို ဘာပြောချင်လို့လဲ"
"သူ့ကြောင့် ကျုပ် အငတ်ငတ် အပြတ်ပြတ် မဟုတ်တော့ဘဲ ပုံမှန်ထမင်း ပုံမှန်ဟင်းလေး စားနေရပြီး ဝမ်းလေးရေးလှလာကြောင်းရယ်"
ပြောရင်း အတန်ကြာထိ စဉ်းစားနေသေးသည်။ ခင်ဘုန်းက နားစွင့်ထားရင်း စကားသံ ဆက်မကြားရ၍ လှည့်ကြည့်မှ
"သူက ပြောတယ်၊ သူ့ကို ကန်တော့စရာ မလိုဘူး.. ကိုယ့်ကိုယ်ကိုယ် ကန်တော့ခံရတဲ့သူ ဖြစ်အောင်နေ တဲ့။ အစက နားမလည်ခဲ့ဘူး။ ကျုပ်ထက် အများကြီးငယ်တဲ့ ကောင်လေးတစ်ယောက်ရဲ့ စကားကိုတောင် ကျုပ် နားမလည်နိုင်ခဲ့တာ"
"အသက် ငယ်ပေမယ့် အတွေ့အကြုံနဲ့ တာဝန်တွေက သိပ်ကြီးတယ် မဟုတ်လား။ ဘယ်တူပါ့မလဲ"
"ဟုတ်မှာပဲ၊ ကျုပ် သူပြောသလို ဝတ္တရားမပျက်ရအောင် အထူး ဂရုစိုက်ခဲ့တယ်။ ဒါပေမယ့် ကိုယ့်အလုပ်ကိုယ် လုပ်နေတာကို ဘယ်သူက လာကန်တော့မှာလဲ လို့လည်း အမြဲ တွေးနေမိခဲ့တယ်"
"ဘာလို့ အဲဒီလို ပြောခဲ့ပါလိမ့်နော်"
"ညဉ့်လူဘဝကနေ သုဿန်စောင့်လို ရွာအစောင့်ဖြစ်လာတာပဲ ရှိတော့ ဘယ်လောက် ဝတ္တရားကျေကျေ ဘယ်သူကမှလည်း လာ မကန်တော့ပါဘူး"
"သြော်၊ အဲဒါကို မကျေနပ်လို့ သူ့ကို ပြောချင်တာလား"
"မဟုတ်ဘူး၊ တစ်ရက်မှာ ညကြီးသန်းခေါင် အိမ်တစ်အိမ်က မီးခွက်ထွန်းထားတာ တွေ့တယ်။ ကျုပ်လည်း ဆွဲလာတဲ့ မီးအိမ်ကို မီးစာလျှော့ပြီး ကြည့်တော့ အိမ်ပေါ်မှာ အရိပ်တွေ တွေ့တာနဲ့ မသင်္ကာလို့ ကပ်ကြည့်မှ လူသုံးယောက်က တိတ်တိတ် ဓားပြတက်တိုက်နေတာကိုး"
"ရှင် လမ်းပေါ်ကနေ အော်ရောပေါ့"
"သံချောင်းခေါက်ပြီး အော်လည်းအော်၊ အိမ်ပေါ်ပြေးတက်ရင်း မီးအိမ်နဲ့ ဓားပြတစ်ယောက်ကို ပစ်ပေါက်လိုက်တယ်။ နောက်တစ်ယောက်က ဓားနဲ့ အတင်းဝင်ခုတ်လို့ လုံးထွေးပြီး အိမ်ပေါ်က ပြုတ်ကျပါရော။ ဟိုနှစ်ယောက်လည်း လူသံတွေ ကြားလို့ ဆင်းပြေးကြတယ်။ ဓားနဲ့လူက ကျုပ်ကို ဓားနှောင့်နဲ့ ထုပြီး ပြေးသွားတယ်။ တော်သေးတာက ပစ္စည်းတွေ ထုတ်နေတုန်း ဖြစ်ကြတာဆိုတော့ ဘာမှ ပါမသွားဘူး။ အိမ်ရှင်တွေက ကျေးဇူးတင်လို့ ကျုပ်ကို ကန်တော့ကြတယ်"
"ဒါဆို သူပြောတာ မှန်သားပဲ"
"ဟုတ်တယ်၊ ပုံမှန် လုပ်နေကျ တာဝန်တွေအပြင် အရေးကြုံတဲ့အခါ လုပ်ရမယ့် ဝတ္တရားကို မလစ်ဟင်းအောင် လုပ်လိုက်တဲ့အတွက် ကန်တော့ခံရတာပါလား လို့ သဘောပေါက်လိုက်တယ်။ ဒါ့ကြောင့် သူ့ကို ပြောပြချင်တာ။ ကျုပ်ဟာကျုပ်ဆို ဒီလိုသတ္တိ ဘယ်ရှိလိမ့်မလဲ။ ဓားပြတိုက်နေသံကြားရင် ထတောင် မကြည့်ဝံ့ဘူး။ သူ့စကားကြောင့်သာ ရဲစိတ်တွေ ဝင်လာပြီး လုပ်မိလုပ်ရာ လုပ်ခဲ့တာပဲ"
"ကောင်းပါတယ်၊ သူ့ကို ကိုယ်တိုင်ပြောနိုင်ရင်တော့ ပိုကောင်းတာပေါ့"
"သခင်မလေး ခွင့်ပြုရင် ကျုပ်က သာတောင် လိုက်ချင်တာပေါ့ဗျာ"
"ဘယ်က သခင်မလေးလဲ"
"ငါ့နှမကို ပြောတာလေ၊ ကျုပ်ကျေးဇူးရှင်ကို သွားရှာမယ့် ကသည်းပြည်က မင်းသမီးမို့ သခင်မလေးလို့ ခေါ်တာ"
"ခုတော့ ကျွန်မက သူ့ကျွန်ဖြစ်နေတာပဲ"
"သူ့လက်အောက်က ထွက်လာပြီမဟုတ်လား။ ခုဆို စိတ်ထင်ရာ လုပ်နိုင်တဲ့၊ လွတ်လပ်တဲ့ သခင်မလေး ပြန်ဖြစ်နေပြီလေ"
သူ့စကားကြောင့် ခင်ဘုန်း ပြုံးလိုက်ပြီး မြင်းကို ဖနောင့်နှင့် ဆတ်၍ အားမာန်ပါပါ စီးနင်းသွား၏ ။
"ဟိတ်"
သူကလည်း ဇက်ကြိုးကို ရိုက်၍ သခင်မလေးနောက် ပြေးလိုက်သွားလေသည်။
(ဆက်ရန်..)
Written by သင်္ခရာဇာ
End date: November 28, 2020
End date: November 28, 2020
No comments:
Post a Comment