Translate

လူငယ်မင်းထက် (၁)

ပုဂံခေတ် ပျက်သုဉ်းပြီးစ။

ရှမ်းစော်ဘွား၏ ညီတော်တစ်ဦးသည် မြင်စိုင်းမြို့အား သိမ်းရုံးအုပ်ချုပ် မင်းလုပ်နေ၏ ။ သူ၏ သားတော် ၃ ပါးတွင် နောင်တော်ကြီးကို မြင်စိုင်း၊ သားတော်လတ်ကို မက္ခရာမြို့နှင့် သားတော်ငယ်ကိုမူ ပင်လယ်မြို့ကို မင်းပြုစေသည်။
ပင်လယ်စား သားတော်ငယ် သီဟသူသည် ပင်းယ မြို့ကို တည်ထောင်၍ ပြောင်းရွှေ့အုပ်စိုးပြန်သည်။ ပင်းယ သီဟသူတွင် သားတော် ၄ ပါး ဖွားမြင်ရာ အသည်သူမသား သားထွေး အသင်္ခယာစောယွန်းအား ပင်းယ၊ ပင်လယ် စသည့် မြို့များကို မပေးသာ။ ထို့ကြောင့် မြစ်တစ်ဖက်ကမ်းတွင် မြို့တည်၍ မင်းပြုချေဟု လွှတ်လိုက်သည်။
စောယွန်းလည်း နောက်လိုက်ဗိုလ်ပါအချို့နှင့် ထွက်ခဲ့၍ စစ်ကိုင်းမြို့ကို တည်ထောင်၏ ။ အစီအမံ အသိမ်းအအုပ် ကောင်းမှုကြောင့် မြို့တော် စည်ပင်ဝပြော၍ အင်အားခိုင်မာ တောင့်တင်းလာသည်။ သူ၏ သမီးတော် စိုးမင်းကိုယ်တော်ကြီးကို တကောင်းမင်းမျိုးမှ ဆင်းသက်လာ၍ ဆင်ထိန်းအမှုတော် ထမ်းနေသည့် သတိုးနှင့် စုံဖက်စေသည်။ ဆင်ထိန်းသတိုးနှင့် စိုးမင်းတို့မှ သားတော်တစ်ပါး မွေးဖွားရာ ရာဟုလာ ဟု တွင်၏ ။
ရာဟုလာ၏ ငယ်ဘဝကား မလှပခဲ့။ သူနှင့် နှမတော် ရှင်စောကြီး၊ စောဥမ္မာတို့ ၃ ဦးအား မွေးဖွားပြီးချိန်တွင် ဖခင်ဖြစ်သူ သတိုးဆင်ထိန်း ကွယ်လွန်သွား၏ ။ ထိုအခါ မိခင်၏ မြောက်သားတော်သော မင်းပြောက်က စိုးမင်းကိုယ်တော်ကြီးနှင့် လက်ဆက်ကာ ရာဟုလာ၏ ပထွေးတော် ဖြစ်လာသည်။ စစ်ကိုင်းမြို့တော်သည်လည်း အဘိုးဖြစ်သူ အသင်္ခယာစောယွန်း မရှိသည့်နောက် မင်းပြောင်းမင်းလွဲ များလှချေ၏ ။
စောယွန်းနောက် သီဟသူ၏သားတော် တရဖျားကြီး ၁၄ နှစ်ခန့် မင်းပြုသွား၏ ။ ထို့နောက် သူ့သားတော် ရွှေတောင်တက်က နန်းချ၍ ၃ နှစ် နန်းတက်ပြန်သည်။ တရဖျားကြီး ကျွန်တို့ လုပ်ကြံသဖြင့် ရွှေတောင်တက် လွန်သောအခါ စောယွန်းသားတော် တစ်ပါးဖြစ်သည့် ကျစွာမင်း ၁၀ နှစ်ခန့် မင်းဖြစ်လာသည်။ ကျစွာ လွန်သော် ညီတော်နှစ်ဦးဖြစ်သည့် နော်ရထာမင်းရဲ နှင့် ဆင်ဖြူရှင် တရဖျားတို့ ၃ နှစ်ကျော် မင်းပြုကြပြီးနောက် ဘထွေးတော် မင်းပြောက် စစ်ကိုင်းထီးနန်းကို ရ၏ ။
ထိုအခါ မယားပါသားဖြစ်သည့် ရာဟုလာအား တကောင်း သတိုးမင်းမျိုး ဖြစ်သည့်အတွက် သတိုးမင်းဖျား ဟူသော ဘွဲ့အမည်နှင့် တကောင်းကိုပင် ပေး၏ ။ ရာဟုလာလည်း သူစားရသည့် တကောင်းကို ပြင်ဆင် စောင့်ကြပ် နေရသည်။ သူသည် ၁၇ နှစ်သာ ရှိသေးသော်လည်း ဘုန်းလက်ရုံး ထက်၍ မြို့ကို ကောင်းစွာ အုပ်ချုပ်နိုင်ခဲ့၏ ။
တကောင်းရောက်၍ နှစ်နှစ်မျှ မကြာမီ ပင်းယမှ နရသူက ရှမ်းမင်း မိုးကောင်းစော်ဘွား သိုချီဘွားအား စစ်ကိုင်းကို စစ်ကူတိုက်ပေးပါရန် ပင့်ခေါ်သောကြောင့် ဘထွေးတော် မင်းပြောက်က သတိုးမင်းဖျားထံ လူလွှတ်၍ တကောင်းမှ ခံနိုင်အောင် ခံရမည်ဟု အမိန့်တော် ထုတ်လိုက်သည်။
သတိုးမင်းဖျားလည်း မြို့ပြကျုံးမြောင်း စီရင်၍ မိုးကောင်းစော်ဘွားကို တက်ကြွစွာ ကြိုကာ ရွပ်ရွပ်ချွံချွံ တိုက်လေ၏ ။ သို့သော် လူအင်အားအပြင် အတွေ့အကြုံ ပရိယာယ်ပါ များပြားသည့် သိုချီဘွားအား ရေရှည် တောင့်မခံနိုင်ဘဲ တကောင်းမြို့ကို လက်လွှတ် ဆုံးရှုံးလိုက်ရသည်။
ရာဟုလာလည်း မြင်းလျင်စီးလျက် ဘထွေးတော်ရှိရာ စစ်ကိုင်းသို့ ခိုဝင်လာ၏ ။ စစ်ကိုင်းရောက်သောအခါ "ခံနိုင်အောင်ခံ ဆိုသည်ကို မခံဘဲ ကိုယ်လွတ်ပြေးလာရသလော" ဟု ဘထွေးတော် မင်းပြောက်က အမျက်ပြင်းစွာ ထွက်၍ "လူဖျင်းလူသွမ်းအား ခြေကျင်းလက်ကျင်း ခတ်လျက် ကြခတ်ဝါးရုံသို့ပို့" ဟု စီရင်ခံလိုက်ရသည်။
မိမိသည် အမှုတော်ကို အတတ်နိုင်ဆုံးထမ်းရွက်ကာ ကြိုးကြိုးကုတ်ကုတ် ခုခံခဲ့ပါလျက် မစာနာ မထောက်ထားသည့်အပြင် ကြီးလေးသော ပြစ်ဒဏ်နှင့် အရှက်ရဖွယ် သံခြေကျင်းခတ်ကာ ပို့ခံရသည် ဟူ၍ ရာဟုလာ အလွန်နာကျည်းခဲ့ရသည်။ ကြခတ်ဝါးရုံ သွားရာလမ်းသည် နုနယ်ငယ်ရွယ်သေးသော မင်းသားတစ်ပါးအတွက် ပင်ပန်းဆင်းရဲလှချေ၏ ။
လမ်းတစ်လျှောက်ရှိ တောတွင်းမှ ရွာသူရွာသားများက မင်းပျိုမင်းလွင်ဖြစ်သည့် သူ့အား သနားလေ၊ သူ့အတွက် အရှက်ရလေ ဖြစ်သည်။ ရွာသားတို့ ပေးသည့် သစ်သီးများကို မျက်ရည်ကျမတတ်သော စိတ်ဖြင့် စားခဲ့ရ၏ ။ ကြခတ်ဝါးရုံ ရောက်တော့မှ သံခြေကျင်း ဖြုတ်၍ နေခွင့်ရသည်။ ရာဟုလာလည်း ချက်ချင်း လူသူစုရုံးကာ ကြခတ်ဝါးရုံကို တပ်တည်၍ နေ၏ ။
မကြာ၊ မိုးကောင်းမှ ချီလာသော သိုချီဘွား၏ တပ်များ စစ်ကိုင်းရောက်၍ တိုက်ခိုက်ကြသည်၌ ဘထွေးတော် မင်းပြောက်လည်း မခံနိုင်သဖြင့် သူရှိရာ ကြခတ်ဝါးရုံတပ်သို့ ပြေးလာသည်။ ပင်းယမင်း နရသူကိုလည်း 'ပင့်ခေါ်သည့်သူက မကူမထောက် နေစိမ့်ဘိသည်' ဟု မိုးကောင်းစော်ဘွားက တိုက်ခိုက် ဖမ်းဆီး ခေါ်ဆောင်သွားသည် ကြား၏ ။
ရာဟုလာသည် မိမိတပ်တွင်း ဝင်လာသည့် ဘထွေးတော်အား အငြိုးကြီးစွာဖြင့် ဖမ်းဆီး လုပ်ကြံလိုက်သည်။ ထို့နောက် စုရုံးထားသော လူသူလက်နက်တို့ဖြင့် စစ်ကိုင်းသို့ ချီသွားလျက် မင်းမရှိသည့် ထီးနန်းကို သိမ်းလိုက်ပြီးလျင် သတိုးမင်းဖျား အမည်ဖြင့်ပင် မင်းပြုလေသည်။ ပင်းယတွင် နရသူ မရှိသောအခါ နန်းတက်လာသည့် ဥဇနာပြောင်ကိုလည်း တိုက်ခိုက် လုပ်ကြံပြီးနောက် စစ်ကိုင်းနှင့် ပင်းယ နှစ်မြို့ကို ရရှိခဲ့သည်။
သို့သော် ထို မြို့နှစ်မြို့လုံးကို သူ မကြိုက်။ အရပ်အနေ ကောင်းမည့်နေရာကို ရှာရာ ဘေးတော် သီဟသူ လေးကြိမ်တိုင်တိုင် မြို့တည်ရန် ကြိုးစားခဲ့သည့် အင်းလေးခုအလယ် ဟင်္သာဝပ်ရာအရပ်ကို တွေ့ရှိ နှစ်ခြိုက်ခဲ့သည်။ ယင်းနေရာကား ငကျည်းအင်း၊ ကျောက်မော်အင်း၊ အင်းတူးအင်း၊ ဥန္နဲအင်း ဟူသည့် အင်းလေးအင်း အလယ်တွင် ရှိသလို မြစ်ငါးစင်းတို့၏ အဝ၌လည်း ရှိသည်။ စစ်ရေး၊ စီးပွားရေးတို့တွင် အချက်အချာ ဗဟိုလည်း ကျ၏ ။
ခက်နေသည်မှာ မြေနေရာ ကြမ်းလွန်းခြင်း ဖြစ်သည်။ ရှေးက ဤအရပ်၏ အကွက်အကွင်း ကောင်းခြင်းကို မြင်၍ မြို့တည်လုပ်ရန် အားထုတ်ခဲ့ကြသော်လည်း ရေကြီး၍ ဖျက်သဖြင့် ပျက်ရသည်လည်း ရှိ၏ ။ ဘီလူး အုတ်ခဲဖြင့် ပစ်သဖြင့်လည်း မြို့ပျက် ပြေးကြရသေးသည် ဟူ၏ ။ ရောဂန္တရကပ် ကျရောက်သဖြင့်လည်း ပျက်ရ၏ ။ မည်သို့ တည်မည်နည်း။
ဦးစွာ အင်းလေးခုကို ရေလမ်းကြောင်း ပေးလျက် မြေဖို့စေ၏ ။ မြေကို ခိုင်မာစေပြီးမှ ရေကို စီးဆင်းစေလျက် တည်သောအခါ ရေဖျက်သဖြင့် ပျက်ရခြင်း ကင်းဝေးသွား၏ ။ သံဃာတော်များ ပင့်ဖိတ်၍ မြို့ကွက်မြေနေရာ အားလုံးတွင် ပရိတ် ပဋ္ဌာန်း ကမ္မဝါ အန္တရာယ်ကင်းဂါထာမန္တာန်များ ရွတ်ဖတ်လျက် အထူးသန့်စင်စေ၏ ။ အလှူအတန်းပြုလျက် မေတ္တာပို့ အမျှဝေသည်။ ထိုအခါ အချက်အချာကျသော မြို့သစ်သို့ လူအများ ပြောင်းရွှေ့လာကြလေသည်။
သူက မြို့တော်အမည်ကို ရတနာပူရ ဟု သမုတ်သော်လည်း အများကမူ မြစ်များ၏ အဝ၌ တည်ရှိ၍ 'အဝ'၊ အင်းလေးခု၏ အဝတွင် တည်ထားသဖြင့် 'အင်းဝ' ဟုသာ ခေါ်တွင်ကြလေသည်။ ထိုရောအခါ သူ၏ အသက်မှာ ၁၉ နှစ်သာ ရှိသေးသတည်း။

(ဆက်ရန်...)  လူငယ်မင်းထက် (၂)

Written by သင်္ခရာဇာ


End date: November 17, 2021

No comments:

Post a Comment

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...