Translate

အရူးစကား

"လက်ျာဘီလူးကို ခေါ်ခဲ့ချေ"
ဝန်ကြီး၏ အမိန့်ကြောင့် စည်းဝေးပွဲတက်နေသော ဗိုလ်မှူး တပ်မှူး စစ်ကဲအပေါင်းတို့ထံမှ အာမေဋိတ်သံများ ကျယ်ကျယ်လောင်လောင် ထွက်လာကြလေသည်။
လက်ျာဘီလူး ဆိုသည်မှာ ရူးသွပ်နေသော၊ သောင်းကျန်းလှသော၊ ရက်စက်လှသော၊ ခက်ထန် ရိုင်းစိုင်းလှသော၊ ထိန်းမနိုင် သိမ်းမရ ဖြစ်နေသူ ရာဇဝတ်သားတစ်ဦး ဖြစ်နေသောကြောင့်ပင်။ မနေ့ကမှ တပ်သားတစ်ဦးအား အကြောင်းမဲ့ ပြေးဝင် ထိုးနှက် ကန်ကျောက် တိုက်ခိုက်ခဲ့သဖြင့် ဝိုင်းဖမ်းပြီး တိုင်တွင် သံကြိုးတည်းကာ နေ့ည နေလှန်းထားရသူလည်း ဖြစ်၏ ။
ထိုသို့သော သူမျိုးကို ယခုလို အရေးကြီး စစ်ရေးဆွေးနွေးပွဲသို့ ခေါ်ဆောင်လာရမည် ဆိုသည်မှာ မသင့်လျော်မှန်း အားလုံးက သိနေကြ၏ ။ သူ၏ ကြမ်းတမ်းသော စရိုက်လက္ခဏာနှင့် ကြားခဲ့ရသည့် သတင်းများကြောင့်လည်း အားလုံးက ရွံကြောက်ကြီး ဖြစ်နေကြရသည်။
ရှမ်းမြို့တော်ကို မီးရှို့ဖျက်ဆီးပြီး ပုခက်တွင်းကလေးပါမကျန် သတ်ဖြတ်ပစ်ခဲ့သည် ဆိုသော သူရူးတပ်မှူးတစ်ဦးအား အချို့က အရှင်ပင် မထားသင့်တော့ဟု မြင်နေကြချိန်၊ အချိန်မရွေး အချင်းချင်း အန္တရာယ်ပြုနိုင်ပြီး ကြောက်မက်ဖွယ် အစွမ်းလည်း ကြီးမားသည့် စိတ်လွတ်နေသူမို့ စည်းဝေးပွဲသို့ မဆောင်ကြဉ်းသင့်ကြောင်း သေနာပတိ ဝန်ကြီး မဟာသီဟသူရအား တစ်ယောက်တစ်ခွန်း လျှောက်တင်လာကြ၏ ။
မဟာသီဟသူရက သူတို့ တင်သမျှကို နားထောင်နေပြီးမှ အားလုံးကို တစ်ခွန်းတည်းသာ မေးလိုက်သည်။
"ကိုင်း..၊ သည်လိုဆို ယခုအရေးကို နင်တို့ ဖြေရှင်းနိုင်စွမ်းမည်လား"
ဗိုလ်မှူးစစ်ကဲတို့ မဖြေနိုင်အောင် ယခု ကြုံနေရသော တရုတ်တပ်ကြီးက တိုး၍ မပေါက်၊ တိုက်၍ မကြေ၊ မာကျောကြံ့ခိုင်လွန်းနေသဖြင့် ကပ်မိသမျှ အကျအဆုံး ထိခိုက်ရှနာ များလှသည်သာ အဖတ်တင်လျက် မတုန်မလှုပ် ရှိနေရသည်။
သူတို့ အင်းဝတပ်တော်များလည်း အကြိမ်ကြိမ် ကြိုးခဲ့ပြီးပြီ။ နည်းလမ်းမျိုးစုံလည်း သုံးခဲ့ရပြီး အရာမထင် အရေးမရ။ ယခုထိ တရုတ်တို့ အင်အားပင် မချည့်နဲ့သေးဘဲ တောင့်တင်းခိုင်မာဆဲ ဖြစ်သည်။ ယိုးဒယားမှ ပြန်လာကြသော တပ်များ ရောက်လာသော်လည်း စစ်ပန်းနေသဖြင့် အကူမကောင်း၊ မထောင်းတာလှ။ အရေးထဲ လက်ျာဘီလူးက သည်းခြေပျက်နေသေးသည်။
အားလုံး အခက်တွေ့နေချိန် ဖြစ်သော်လည်း စိတ်မမှန်သော လက်ျာဘီလူးကို သံကြိုးတည်းနှောင်ထားရာမှ ဖြည်၍ ခေါ်လာရမည် ဆိုသည်ကိုမူ မကြိုက်ညီကြချေ။ ဝန်ကြီးကလည်း အခြေနေကို သိပါလျက် သူရူးကို အဘယ်ကြောင့် ပွဲသဘင်သို့ ဆောင်ယူစေရသနည်း။ အကြောင်းရှိပါ၏ ။
ယခုကဲ့သို့ အရေးကြုံလျင် သင်းထံမှ အကြံကောင်း ဉာဏ်ကောင်းများ ထွက်ရတတ်သည်ကို မကြာခဏ ကြုံသိကြားဖူးခဲ့သောကြောင့်တည်း။ သူ့အား ဗိုလ်မှူး ဦးကောင်းလည်း အားကိုးခဲ့၏ ။ ဗိုလ်မင်း ဦးတွန်လည်း အားထားခဲ့၏ ။ မဟာနော်ရထာ၊ နေမျိုးသီဟပတေ့တို့ ထံမှလည်း သတင်းကြားရဖူး၏ ။ အခက်အခဲရှိက ပြီးပြေလွယ်သော စွမ်းရည်သတ္တိ သင်းထံတွင် ရှိ၏ဟု ဗိုလ်မင်းများ ဆိုခဲ့ကြသည် မဟုတ်လော။
ထို့ကြောင့် စိတ်ကစဉ့်ကလျား ဖြစ်ကာ မူမမှန်သော ကာလ ဖြစ်လင့်ကစား သူ့ထံမှ မည်သည့် အကြံအစည် စကားမျိုး ကြားရနိုင်မည်နည်းဟု မျှော်လင့်မိသော ဝန်ကြီးက ကောက်ရိုးမျှင်ကို ဆွဲကြည့်လိုက်ခြင်း ဖြစ်ပေသည်။ ကြွက်စီကြွက်စီ ရှိနေကြသော စည်းဝေးပွဲဆောင်ကြီးမှာ သံကြိုးတန်းလန်းနှင့် ပေတေစုတ်ပြတ်နေသည့် အကျဉ်းသား ဝင်လာသောအခါ ငြိမ်ကျသွားလေသည်။
ရာဇဝတ်သားထံမှ သံကြိုးဆွဲလာသံက စိတ်မချမ်းမြေ့ဖွယ်ရာ၊ ဝါးကြမ်းများကို တဗျောဗျော ပွတ်တိုက် ထွက်ပေါ်နေပြီး အသံရပ်သွားမှ
"လက်ျာဘီလူး.. ငါ့ကို မှတ်မိသလား"
လက်ျာဘီလူးက ဆံပင်ဖရိုဖရဲများကြားမှ ဝန်ကြီးကို မျက်လုံးလှန်ကြည့်သည်။ မည်သည့်စကားမျှ မဆို၊ မည်သည့်ခံစားချက်မျှ မရှိဟန်။
"ငါ ဝန်ကြီး သီဟသူရ"
"သိပါတယ်"
တိုပြတ်ပြတ်အသံက မခန့်လေးစား ထွက်လာသော်လည်း မဟာသီဟသူရ အားတက်သွားသည်။ အခြေအနေ ကောင်းသည်ဟု ယူဆရ၏ ။
"မင့်ကို ဘာလို့ နှောင်ကြိုးတည်းထားရသလဲရော သိသလား"
"သူယုတ်ကို ကိုယ့်သဘောနဲ့ကိုယ် ဆုံးမလို့"
"ဟေ"
ဝန်ကြီးက ခေါင်းညိတ်နေသော်လည်း ဗိုလ်မှူးတစ်ဦးက ကြားဝင် လျှောက်လာသည်။
"ဤသူ ကြည့်ရသည်မှာ သက်လုံမကောင်း၊ ဘဝင်မငြိမ်၊ သူ့ထံမှ အကျိုးရဖွယ် မမြင်။ မထင်လျင် အန္တရာယ်ကြီး ပြုမည့်သူ ဖြစ်ပါသည်။ သူရူးကို အားကိုးတော်မမူစေချင်ပါ ဘုရား"
အခြားတစ်ဦးကလည်း
"ကျွန်တော်မျိုးများ ဝိုင်းဝန်းကြံစည် လုပ်ကြံရလျင် သည်တရုတ်တပ်ကြီး ခံနိုင်မည် မဟုတ်ပါ။ အချိန်အခါကောင်း စောင့်ရင်း အားမွေးထားရသော် သင့်၏ မဟုတ်လား မင်းကြီးဘုရား"
"နင်တို့ နေကြ၊ သင်းကိုငါ မေးစမ်းပါဦးမည်"
နှာခေါင်းကို ရှုံ့ကာ တံတွေး ထွေးလိုက်သော လက်ျာဘီလူးအား ဝန်ကြီးက
"ငါတို့ သည်မှာ ကြာနေရသည့် အကြောင်းကို သင် သိသလား မောင်မင်း"
အတန်ကြာသည်အထိ လက်ျာဘီလူး မဖြေ၊ ငြိမ်နေရာ
"တရုတ်တပ်ကြီးတစ်တပ်သည် အင်အားအပြည့်နှင့် အလုံးအရင်း ရပ်ခံနေသည်။ ရွှေတပ်တော်သားတို့ ရွပ်ရွပ်စွတ်စွတ် လုပ်ကြံသော်လည်း မပေါက်ခင်လေ၊ ငါတို့ အကြံအစည်ညံ့၍ သူတို့က သာသယောင် ရှိ၏"
ရုတ်တရက် လက်ျာဘီလူးက
"မညံ့ပါဘူး၊ သူတို့ကိုက သာတာပါ"
ဝန်ကြီး ပြုံးလိုက်သည်။ သူလိုချင်သည့် အချက်တစ်ခုကို သိလိုက်ရပြီ။ လက်ျာဘီလူးကို ဆွ ၍ မေးက ရနိုင်၏ ။ သို့သော် ရန်သူက သာသည်ဆိုသော စကားကိုမူ အများက မနှစ်သက်ကြ။
"သည်အရူး ကြောက်နေပြီ။ ကျွန်တော်တို့..."
မဆွက ကြားဖြတ် လျှောက်တင်ခဲ့သော ဗိုလ်သည် ဝန်ကြီးအား ထပ်ပြောရန် ကြိုးစားစဉ် လက်ျာဘီလူးက မထင်မှတ်ဘဲ ထိုသူကို လှည့်ကန်လိုက်၏ ။
"ဘုန်း"
"အင့်"
"ဝုန်း"
"ဟယ်"
အားပါလှသဖြင့် လွင့်ထွက်သွားပြီး ခုံများ လဲပြိုကုန်သည်။ ဗိုလ်မှာ ရင်ကို ဖိရင်း ဒေါသတကြီး ထလာရာ လက်ျာဘီလူးက ဆီးပြောလေသည်။
"လာလေ၊ လာတိုက်စမ်းပါ အရူးရဲ့"
ခြေကို ချဲကားလျက် စိန်ခေါ်နေသည်။ ဝန်ကြီးကို ကြည့်ရာတွင်လည်း မည်သို့မျှ အရေးမယူ စကားမဆိုဘဲ ပြန်ကြည့်နေသည်ကိုသာ တွေ့သောကြောင့် ကန်ခံရသော ဗိုလ်မှာ မကျေမနပ်နှင့် ရပ်နေရလေသည်။
"ဘာလဲ၊ ငါနဲ့ မတိုက်ရဲဘူးလား.. ဟုတ်စ"
"မင်းလိုကောင်ကိုလား၊ သနလို့ကွ"
ဗိုလ်က ဘေးသို့ ထွီခနဲ ထွေးရာ လက်ျာဘီလူး ပြုံးသွားပြီး
"ဘယ်သူ ဖြတ်ပြောဦးမလဲ။ ဘယ်သူ လူစွမ်းကောင်း လုပ်ကြဦးမလဲ"
ဟု မေးရင်း ထွီခနဲ ပြန်ထွေး၏ ။ ဗိုလ်မှူးတစ်ဦးကို ပြန်လှန် ကန်သည့် ရာဇဝတ်သားအား ဝန်ကြီးက အရေးမယူသည့်အပြင်
"သူတို့ကို အရေးမလုပ်နဲ့။ ငါမေးတာပဲ ဖြေပါ မောင်မင်း။ ဟောဟိုက တရုတ်တပ်ကြီးကို မြင်ရဲ့လား။ အင်အားအထပ်ထပ်နဲ့ တပ်တည်တပ်ရံ ကောင်းနေတော့ တို့က မတက်နိုင် ဖြစ်နေတာ"
"မနိုင်ရင် မတိုက်နဲ့ပေါ့"
ဗိုလ်မှူးအများမှာ လက်ျာဘီလူးကို ခုတ်ချင်လှ၍ ဓားကို ဖိထားရသည်။ ဝန်ကြီးကို မလေးမစား လုပ်နေသော အရူးအား စီရင်ပစ်စေလိုနေပေပြီ။ ဝန်ကြီးကတော့ သည်းခံလျက်သား။
"သို့ဆိုလျင် ဘယ်သို့ ပြုရမည်လဲ"
"တပ်ဆုတ်လေ"
"တို့က ဆုတ်တော့ သူက တက်လာမှာပေါ့"
"မလာပါဘူး၊ လာ.. လာပေါ့"
ဝန်ကြီး မျက်မှောင်ကျုံ့နေပြီ။
"ဘာလို့လဲ"
"တက်လာရင် တည်ထားတာ ပျက်သွားမယ်"
"အေ.."
သဘောပေါက်လိုက်ပြီ။ လက်ျာဘီလူး၏ အမြင်မှာ ရိုးစင်းလှပါကော။ ထို့ပြင် လက်ျာဘီလူး၏ အစွမ်းကိုပါ မျက်ဝါးထင်ထင် သိလိုက်ရသကဲ့သို့ ဖြစ်သွားလျက် စားပွဲကို လက်ထောက်ကာ စူးစိုက်ကြည့်နေမိသည်။ လက်ျာဘီလူးကလည်း သူ့ကို စိုက်ကြည့်နေ၏ ။
ဝန်ကြီး၏ အမြင်ဝယ် လက်ျာဘီလူးသာ မိမိကဲ့သို့ ဦးဆောင်သူ ဖြစ်ပါက ဤပွဲတွင် မနိုင်နိုင်လျင် နောက်သို့ ဆုတ်လိမ့်မည်။ ရန်သူတပ်အရွေ့ အပြောင်းကို စောင့်၍ အကဲခတ်ကာ အားနည်းချက်ရှာ တိုက်ရန် ကြည့်လိမ့်မည်။ မမြင်လျင် အခြေအနေ အရပ်အရာ ပထဝီကို သုံးသပ် တိုက်လမည်။ သို့တည်းမဟုတ်...
စစ်ဘုရင် မဟာသေနာပတိက သူ့အား ကြည့်ရင်း တွေးနေသည်တို့ကို လက်ျာဘီလူးကလည်း မျက်လုံးများမှ တဆင့် သိမြင်သွားပြီး လှည့်ပြန်သွားလေသည်။ သူ၏ နောက်၌ အစောင့်နှစ်ဦး လှံနှင့်ထောက်ကာ သတိကြီးစွာ လိုက်ပါသွားကြသည်။ သံကြိုးခတ်သံ၊ ပွတ်တိုက်သံတို့ကို မဟာသီဟသူရ မကြားတော့။

လက်ရှိအချိန်၌ သူ့အမြင် သူ့စိတ် သူ့ရင်တွင်းဝယ် ကြားယောင်နေမိသည်မှာ စစ်သူကြီးချုပ် ဗိုလ်မှူး မင်းထင်နော်ရထာ၏ နည်းဗျူဟာမြောက် အော်ဟစ်ကွပ်ကဲ အမိန့်ပေးနေသံများသာ ဖြစ်တော့သည်။ သူ၏ ဝေသီသော မျက်လုံးများရှေ့တွင် အလောင်းမင်းတရား၏ အရှေ့ဝင်းတော်မှူး ဗိုလ်ချုပ်ကြီး မင်းထင်နော်ရထာသည် ခဲခက်လှစွာသော တရုတ်တပ်ကြီးအား တစ်ဆင့်ချင်း မျှားခေါ် ခြွေချ ဖျက်ဆီးနေသည့် ပုံရိပ်များကို မြင်ယောင်နေမိလေသည်။ 

Written by သင်္ခရာဇာ

End date: March 27, 2022


ပါရမီဖြည့်ဖော်

အယုဒ္ဓယမြို့ပြင်ပ တစ်နေရာ၊ အေးချမ်းဆိတ်ငြိမ်သော ကျောင်းသင်္ခမ်းကြီးတစ်ခုသို့ သွားရာ မြေညီလမ်းပေါ်ဝယ် ပုံသဏ္ဍာန် ဟန်ပန် ထူးခြားလှသူတစ်ဦး လမ်းလျှောက်လာနေသည်။
ထိုသူသည် ဗြဟ္မဏ ပုဏ္ဏားတို့ကဲ့သို့ အပေါ်ဖြူ အောက်ဖြူ ဆန်းကျယ်သည့် အဝတ်များ ဝတ်ဆင်ထားသည့်အပြင် ရွှေကြိုးကိုးကုံးပါ စလွယ်ကိုလည်း လွယ်ထားသေး၏ ။ ခေါင်း၌ မြေဇာမြက်၊ သပြေညွှန့်နီနီထွေးထွေးကလေးများ ထိုးစိုက်ထားသည်။ နှာရောင်ကောက်ကောက် မျက်လုံးစူးစူးနှင့် ညိုမွဲသော်လည်း စိုပြေသော အသားအရေမျိုး ရှိသည့် မဇ္စျိမတိုင်းသားတစ်ဦး။
သူသည် ကျောင်းသင်္ခမ်းဘက်သို့ ဦးတည်လျှောက်လှမ်းလာရာ ကျောင်းအောက်မှ ထွက်လာသော လူထွားကြီးတစ်ယောက်ကို မြင်လျင် ကြက်သီးတဖြန်းဖြန်း ထ၍ လန့်ထိတ်ခြင်း ကြီးစွာဖြစ်၏ ။
လူထွားကြီးသည် သူ့အား စူးစိုက်ကြည့်ရင်း ထွက်လာပြီး မပြောမဆိုနှင့် သစ်ပင်အုပ်အုပ်များ ရှိရာဘက်သို့ ထွက်သွားသည်။ သူကလည်း စိတ်ညှို့ငင် ခံလိုက်ရသလို ထိုလူကြီးနောက်မှ တိတ်တဆိတ် လိုက်သွားမိလေသည်။
အရိပ်အာဝါသ ကောင်းလှသည့် အပင်ကြီးတစ်ခုအောက် ရောက်သော် လူထွားကြီးက ရပ်စောင့်နေပြီး အရိပ်တွင်း ဝင်လာသည့် သတ်လတ်ပိုင်းအရွယ် ပုဏ္ဏားဟန်နှင့် ထူးခြားသူအား
"မောင်ရင် ဘယ်သူလဲ၊ ဒီကို ဘာအကြောင်းကြောင့် လာပါသလဲ"
ဗြဟ္မဏလူရွယ်က တရှိန်ရှိန် တလှပ်လှပ် ခံစားနေရရင်းမှ
"ကျွန်ုပ် ညီအစ်ကို ၅ ဖော်အား လာရှာပါတယ်"
"ငါက သင်ရှာနေတဲ့ သူတွေထဲက အကြီးဆုံး နောင်တော်ကြီးပဲ"
"နတ်ဘီလူးမင်း ဒီပလား ခင်ဗျာ"
"မှန်တယ် လုလင်၊ အသင်ကရော။ မြင်သည်နှင့် လူမဟုတ်မှန်း သိသာလှတယ်"
"ကျွန်ုပ်က နတ်ပဏ္ဍိတတစ်ဦးပါ"
"ဘာအကြောင်းကိစ္စ ရှိပါသလဲ"
"ကျွန်ုပ်ကဲ့သို့ တာဝန်ထမ်းဆောင်ရန် စေလွှတ်ခြင်း ခံရသူတစ်ဦးနှင့် တွေ့ဆုံမေးမြန်းလို၍ ရှာနေပါတယ်"
"သြ.. သင် ရှာနေတာ ငါတို့ညီထွေးပဲ။ ဒါပေမယ့် သင့်အလို ပြည့်မှာ မဟုတ်ဘူး။ ညီထွေး အကျဥ်းကျနေတယ်။ သင့်အနေနဲ့ ဝင်တွေ့ဖို့ မဖြစ်နိုင်ဘူး"
"ကျွန်ုပ် နားမလည်ဘူး။ သူ ပါရမီဖြည့်ရမယ့်သူက လွန်ခဲ့ပြီ မဟုတ်လား။ သည်သတင်းကြား၍ ကျွန်ုပ် သွားရောက်စုံစမ်းတော့ သူက ပြန်မရောက်သေးဘူး ဆိုတယ်။ ဘာကြောင့်လဲ"
"ငါတို့လည်း နားမလည်ပါဘူး၊ ဒါ ငါတို့အရာမဟုတ်။ သူ့တာဝန် မကုန်သေးလို့ ဖြစ်မှာပေါ့"
"ကျွန်ုပ်ကိုတော့ အတိအကျ မိန့်ကြားလိုက်တယ်။ ကျွန်ုပ်က အခုမှ သွားရမယ်၊ အမှုတော် ထမ်းရမယ့်သူဟာ ၁၈ နှစ်သား ရှိနေပြီတဲ့။ ကျွန်ုပ်အသက် ၁၉ မှာ အမှုတော်စထမ်းရမယ်။ ပြီးရင် မင်းသားနဲ့အတူ ပြန်ရမယ်။ ကျွန်ုပ်က ရက် ၂၀ စောလိမ့်မယ် ဆိုတာအထိ အတိအကျ ပြောလိုက်တာ"
"ကောင်းပါတယ်။ မင့်အရှင် ဘယ်သူတဲ့လဲ"
"မောင်ဝိုင်း"
"ကြားဖူးသလိုပဲ၊ သြော်.. ဗဒုံစား မင်းသားပဲ။ သူကရော ဘုန်းကံရှင်တဲ့လား၊ အခုတော့ ညှိုးမှိန်နေပါ့ရော"
၃၅ နှစ်ခန့် ရှိမည့် ပရောဟိတ်မျိုးနွယ်လူရွယ်က ပြုံးလိုက်သည်။
"ဘုန်းရှင်ပါပဲ။ သွားလေသူ ခမည်းတော်လောက်တော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ဘုရားဆုပန် ပါရမီရှင်ပါပဲ။ ကျွန်ုပ်သည်လည်း သာဝကဖြစ်ရန် ပါရမီအတူဖြည့်ခဲ့သူပါ"
ပြောရင်း လှဲထားသည့် ထန်းတုံးတစ်ခုပေါ် ထိုင်လိုက်သည်။ ဒီပကတော့ ထိုင်စရာ ကျောက်တုံး မမြင်၍ ရပ်နေဆဲ။
"တို့ညီထွေးရဲ့ အရှင်က နန်းသက် ၈ နှစ်တည်း။ မင့်သခင်ကရော ရွှေတောင် ဘယ်နှနှစ် တက်မယ်တဲ့လဲ"
"၃၇ မှာ ရွှေတောင်တက်မယ်၊ နောက်ထပ် နန်းသက် ၃၇ အရောက်မှာ လူ့ပြည်ငြီးပါလိမ့်မယ်"
"အားပါးပါး၊ အကြာကြီး အမှုထမ်းရမှာပါလား။ ငါတို့ကောင်တော့ ဘယ်လောက် ကြာဦးမယ် မသိဘူးဟေ့"
ဤတွင် နတ်ပုဏ္ဏားဆရာ၏ ပညာပိုးက ကြွလာ၏ ။ သူက ထရပ်လိုက်ပြီး ဟိုဟိုသည်သည် ကြည့်သည်။ ထို့နောက် ချဥ်ပေါင်ပင်လေးများ စိုက်ထားသည့် နေရာသို့ သွားကာ အရွက်တစ်ရွက်ကို မကြည့်ဘဲ ခူးလိုက်၏ ။ အင်္ကျီတွင်းမှ ငွေခရုသင်းကို ထုတ်ကာ ဘယ်မှ ညာသို့ ခပ်ငိုက်ငိုက် ဝှေ့ယမ်းလိုက်ရာ ရေစက်အနည်းငယ် ကျသွားသည်ကို တွေ့ရလေ၏ ။
"ဟိုမှာ အရွက် ၅ ရွက်ပါတဲ့ သရက်ကိုင်းတစ်ခုဟာ စိမ်းစိုလတ်ဆတ် ကြွေပြတ်ကျနေတယ်။ ဟောဒီ အချဥ်ရွက်မှာလည်း အခက် ၅ ခု ပါရှိသလို တတိယနိမိတ်ဖြစ်တဲ့ ငွေခရုသင်းက ရေစက် ၅ စက် ကျတာကြောင့် ကြာသပတေးနံ ပဥ္စသုံးကြိမ်ဖြစ်တဲ့ နောင်တော့်ညီထွေးဟာ နောင် ၅ နှစ်အထိ အမှုထမ်းရလိမ့်မယ်"
ဒီပ အံ့သြကာ နတ်ပုဏ္ဏား၏ ပညာကိုသဘောကျသွားသည်။
"တယ်ဟုတ်ပါလား၊ ကိုင်း.. ပြောစမ်း။ သူ ဘယ်နေ့ ဒီက လွတ်မလဲ"
"သူ့အမည်က ဘယ်သူတဲ့လဲ"
"ငစံ၊ ငညိုသူ လို့လည်း ခေါ်တယ်"
"အင်္ဂါသားပေါ့"
"မှန်တယ်"
လူရွယ်က တစ်နေရာသို့ ငေးကာ တစ်စုံတစ်ခုကို ရေရွတ်နေသည်။ ထို့နောက်
"တစ်ခုခု မှားနေတယ်။ သူက အင်္ဂါသား မဟုတ်ဘူး။ စနေပဲ"
"ဟာ.. မဟုတ်ပါဘူး။ အင်္ဂါပါ။ သူ့ကို မွေးတဲ့အမိက အမည်ပေးတဲ့ ဘုန်းကြီးကို လျှောက်တာ အင်္ဂါသား တဲ့"
"ဒါ့ကြောင့် တော်တတ်ထက်မြက်စေချင်လို့ ငစံ လို့ ပေးလိုက်တယ် ထင်တယ်။ အဲဒီမှာ မှားသွားတာပဲ။ သူက အင်္ဂါသား မဟုတ်ဘူး။ ဒါ့ကြောင့် အမြဲလွဲနေတယ်။ အခု သူ ကျန်းကျန်းမာမာ ရှိပါရဲ့လား"
"မရှိဘူး၊ မထနိုင်လို့ ငါ့ညီတစ်ဦး နေ့ည စောင့်နေရတယ်"
"အဲဒါ လွဲနေတာပေါ့။ တြိရန်းကို ကောက်ရင် ကျန်းမာရွှင်လန်းနေရမယ့် အခါပဲ။
အင်္ဂါဂြိုဟ်ရဲ့ ပဥ္စပွတ် စနေမှာ ကျနေမှသာ အသက်အန္တရာယ် ရှိမှာ"
"ဒါတော့ မှန်တယ်။ သူ့ကို အစွမ်းထက် အစီအရင် ယတြာတွေနဲ့ လုပ်ကြံမယ့်သူ ရှိနေတယ်"
လူရွယ်က ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ တွေ့စက ကဲ့သို့ ဒီပအပေါ် ကြောက်ရွံ့နေခြင်း မရှိတော့။
"မပူနဲ့၊ ၅ နှစ်အတွင်း မည်သည့်လက်နက် အကြောင်းနဲ့မှ သူ မသေနိုင်ဘူး။ သူ့နေ့နံရော၊ အဲဒါကို အမှတ်မှားပြီး လုပ်နေတဲ့ အစီအရင်ရောက လွဲနေတာပဲ။ စနေကို အင်္ဂါယူထားကတည်းက လွဲသွားပြီ"
"အဲဒါကြောင့် သူအမြဲ အထင်လွဲခံနေရတာလား။ မထင်ပေါ်ရတာလား။ ညံ့နေတာလား"
"အလုံးစုံ မကောင်းတာတော့ မဟုတ်ပါဘူး။ ကောင်းတာာတွေလည်း ရှိမှာပါ။ မပေးသင့်တာ ပေးထားလို့ မလုပ်သင့်တာ လုပ်မိနေတတ်ပေမယ့် အပြစ်သင့်ဖို့ လွဲတာမျိုး၊ လက်နက်လေးမြား လွဲတာမျိုးလည်း ဖြစ်နိုင်ပါတယ်"
သူ့စကားက တမင် နှစ်သိမ့်ပြောနေဟန် ပေါက်သလို ရွဲ့သလို ထေ့သလိုလည်း ဖြစ်နေသောကြောင့် ဒီပ စိတ်ခုသွားသည်။
"အေး.. မင့်အမည် ကျမှ ဒီလို မပေးသင့်တဲ့အမည် ပေးမိနေဦးမယ်၊ သေချာလည်း တွက်ချက်သွားဦး"
"ကျွန်တော်ကမှ တကယ် အင်္ဂါနေ့ လူ့ပြည်ရောက်ရမှာဗျ"
"ဒါဆို စနေနာမည် မှည့်ဖြစ်အောင် လုပ်ပေးရမှာပေါ့ကွာ"
"ဟာ"
ဒီပ ညစ်လေပြီ။ ဗြဟ္မဏမှာ မျက်နှာပျက်ကာ စကားမဆိုတော့သဖြင့် ဒီပက
"ညီထွေးကတော့ တိုင်းပြည်ထူထောင်ဖို့ စေလွှတ်ခံရတာပဲ။ အသင်ကရော"
"ကျွန်ုပ်တာဝန်က အဲသည်ပြည်ကြီး အဓွန့်ရှည်စေရန်အပြင် အချိန်မတန်မီ မဆိတ်သုဥ်းစေရန် မင်းသားနှင့် ပေါင်းလျက် ကာကွယ်ရမှာ ဖြစ်ပါတယ်"
"ဟုတ်လား၊ သူတို့သိုက်စာအရတော့ မုဆိုးမင်းဆက် တစ်ဆယ့်ငါးဆက်အထိ တည်မယ်ဆို"
နတ်ယောက်ျားက ခေါင်းရမ်းကာ
"အခု အမြင်အရတော့ ၁၅ ဆက်ထိ မရှည်နိုင်လောက်တော့ဘူး။ သိုက်စာပျက်ကြောင်းတရားတွေ ဖြစ်နေပြီ။ ဖျက်ဆီးမယ့် တိုင်းတစ်ပါးခြားသားတွေလည်း အလုံးအရင်းနဲ့ ဝင်ရောက်လာနေကြပြီ။ ကျွန်ုပ်သွားပြီး ဟန့်တားနိုင်ရင် ဆယ်ဆက်လောက်တော့ ခံဦးမယ်"
"ဘယ်လိုဟန့်တားရမှာလဲ"
"ပြည်ဖျက်မယ့်သူတွေက ပရိယာယ် အကြံအစည်နဲ့ သားရေတစ်ချပ်စာ နေရာ တောင်းလာရင် ကျွန်ုပ်ပညာစွမ်းနဲ့ ချေဖျက်နိုင်က သူတို့ ပြန်သွားလိမ့်ရမယ်။ ဆိုတဲ့အရေးကို မင်းသားက ပေးမိရင် မကြာခင် တိုင်းပြည်ပြိုကွဲပါလိမ့်မယ်"
ဒီပ ဒေါသထွက်သွားသည်။
"ဒါဆို ညီထွေးတို့ ကြိုးစားခဲ့ရသမျှ အလကားပဲပေါ့"
"မဖြစ်လောက်ပါဘူး၊ နောက် ၃ နှစ်ကြာရင် ပုဂံပြည်ကြီး ပျက်ကိန်းနဲ့ ကြုံဦးမှာ။ အစက ကျွန်ုပ်တွေးနေတာက ကျွန်ုပ်လူလားမမြောက်မီ ကိန်းခန်းပျက်ခဲ့ရင် သွားရတာ အလကားဖြစ်တော့မှာပဲ လို့။ အခုမှ သဘောပေါက်တော့တယ်"
"ဘာကိုလဲ လုလင်"
"ပြည်ကြီးပျက်ကိန်း ကြုံပေမယ့် ပြည်ထောင်ဘက်ကြီးတွေ ရှိနေသေးတယ်လေ။ နောင်တော်တို့ ညီထွေး မပြန်ရသေးတာဟာ သည်အရေးအတွက်ပါလား လို့ ဆက်စပ် စဥ်းစားမိပါတယ်"
"အို.. အသင်ဟာ တကယ် ပညာရှိသူပါလား။ ငါ နားလည်ပြီ။ ဒါ့ကြောင့် ဒီလောက် ဒဏ်ရာပြင်းပေမယ့် ညီထွေးမပြန်နိုင် ဖြစ်ကျန်ရပေတာကိုး"
"ပျူနိုင်ငံ ပျူဂါရာမ နိုင်ငံကြီးတွေ အဆက်ပြတ်သွားပေမယ့် သူတို့ကို ပြန်ဆက်ထားတဲ့ ကုန်းဘောင်နိုင်ငံကြီးမှာတော့ ကာကွယ်မယ့်သူတွေနဲ့ ဆက်တည်ဦးမယ့်သူတွေ လူ့ပြည်မှာ ကျန်နေသေးတာပဲ။ ဘယ်လောက်ကြီးတဲ့ အရေးဖြစ်စေ သူတို့ ကျော်လွှားနိုင်မှာပါ။ ဘာလို့လဲ ဆိုတော့ ကျွန်ုပ်အရှင်က မင်းပါးစိုးငယ် ဘုရင်ခံနယ်စား မဟုတ်တဲ့ ဧကရာဇ်မင်း ဖြစ်မှာမို့ပဲ"
ပြောရင်း ရုတ်တရက် ပုဏ္ဏားလုလင် ထိတ်လန့်ခြင်းပြင်းစွာ ဖြစ်ရပြန်၏ ။ ဒီပကို လိုက်ရှာကြသော ညီများက သူတို့ဘက်သို့ လာနေကြသည်။
"နောင်တော်ရေ.. ဆေးတွေရခဲ့ပြီဟေ့၊ စံနက်ကျော်ကို ထိုးနှံပေးဖို့ပဲ ကျန်တော့တယ်"
'ကျွန်ုပ်သွားတော့မယ်' ဆိုကာ ပျောက်ကွယ်သွားသော လုလင်ကို ကြည့်၍ ဗျဂ္ဂက မေးသည်။
"အဲဒါ ဘယ်သူလဲ ဒီပ"
"ငါလည်း မသိ၊ မမေးလိုက်မိဘူး။ တို့ ညီထွေးလို ကောင်တစ်ကောင်ပဲ"
"သြော်"
ဗျဂ္ဂ နားမလည်ဘဲ သြော်သွားသည်။
"ဆရာတော်ထံ အပ်ခဲ့ကြပြီလား။ ဘယ်တော့ ထိုးပေးမယ် ပြောလဲ"
"သည်ညပဲ ဝင်မယ်တဲ့ဗျ"
"ဝင်မယ်... တဲ့။ ဟုတ်တယ်.. ဝင်ကြမယ်။ ငါတို့ သည်ညပဲ ဝင်လိုက်ကြတာပေါ့"

               ဟု ဒီပက ဆိုသည်။ တိုင်းပြည်တာဝန် ထမ်းဦးမည့်သူအတွက် ကိုယ်လုံနိုင်သမျှ လုံလေ ကောင်းလေပင် မဟုတ်ပါလား။

Written by သင်္ခရာဇာ

End date: March 21, 2022

 

အပြင်လောက

ညနေ နေဝင်ရီတရောအချိန်။ မင်းလမ်းမကြီးအတိုင်း ဖျင်ပုဆိုးနှင့် တိုက်ပုံဝတ်၍ တဘက်ပေါင်းထားကြသော လူကြီးနှစ်ဦး လမ်းလျှောက်လာသည်။ သူတို့ပုံက လေညင်းခံ ထွက်လာသည့်ဟန် အေးအေးဆေးဆေး။ မျက်နှာဝိုင်းဝိုင်းနှင့် အသက် ၅၀ ခန့် လူကြီးက စကားစပြောသည်။

''ကြည့်စမ်း ဟေ့ကောင်၊ လူတွေ ပျားပန်းခတ် သွားလာနေလိုက်ကြတာ အတော် အပူအပင် ကင်းနေကြပုံပဲကွ နော်''
မျက်နှာရှည်ရှည်နှင့် အသက် ၄၀ ကျော် လူကဆိုလိုရင်းကို သိသည့်ဟန်ဖြင့် မဲ့ပြုံးတစ်ချက် ပြုံးလိုက်သည်။ ထို့နောက် ရွဲ့တဲ့တဲ့ စကား ဆို၏ ။
''အပူအပင်ကင်းဆို စီမံအုပ်ချုပ်နေကြတဲ့
ဝန်ကြီးတွေကလည်း တော်တာကိုး''
အသက်ကြီးကြီးလူက ဘာမှ ပြန်မပြော။ ခပ်တင်းတင်း တစ်ချက်တော့ လှည့်ကြည့်သည်။
''တို့ ဟိုရှေ့ကဆိုင်ကို ဝင်မေးကြရင် မကောင်းဘူးလား''
''မဝယ်ဘဲ ဘာလုပ် သွားမေးမှာလဲ''
''ဟ… ဝယ်မှာပေါ့ကွ။ ငါ့များ မဝယ်နိုင်ဘူး ထင်လို့လား''
''မထင်ပါဘူးဗျာ။ ဒါပေမယ့် ဆိုင်ကိုလည်း ကြည့်ပါဦး။ အဲဒါတွေ ထိုးတော့မလို့လား''
ဆိုင်မှာ သစ်သားဆံထိုး၊ အုန်းခွံဘီး စသည်တို့ ရောင်းသော ဆိုင်ဖြစ်နေ၏ ။ လူကြီးက
''ငါတော့ ဘယ်ထိုးမလဲ၊ မင့်အမေအတွက် ဝယ်သွားမှာပေါ့''
အစွန်းမလွတ်သော စကားကြောင့် မျက်နှာရှည်ရည်လူ အနည်းငယ် အောင့်သွားသည်။ နှုတ်က တစ်စုံတစ်ခု ချက်ချင်း ပြန်ပြောလိုက်ချင်သော်လည်း လူကြီးက ဆိုင်ထဲ ဝင်သွားသဖြင့် မပြောသာတော့ဘဲ လိုက်ဝင်သွားရသည်။
''ဟဲ့ ကလေးမ၊ ဟော ဟိုက ဆံထိုးလေးတွေ ဘယ်လောက်လဲကွဲ့''
''တစ်ခုမှ ၂ ပဲတည်းပါ ဘကြီး၊ ဘယ်နှခု ယူမလဲ လျှော့ပေးမယ်လေ''
''အားပါးပါး… စျေးကြီးလှပါကလားဟဲ့''
နောက်နားမှ ကပ်လိုက်လာသော လူက ဝင်ပြောသည်။
''ဒါကတော့ မင်း အစိုးရများက အခွန်တွေ နင်းကန်
ကောက်နေတော့ အခြေခံ လူသုံးကုန်တွေမှာ
စျေးတက်လာရတာပေါ့ ဦးရီးရဲ့''
လူကြီးက သူ့ကို စိုက်ကြည့်သည်။ နှုတ်ခမ်းက တလှုပ်လှုပ်၊ အတန်ကြာမှ စကားသံ ထွက်လာသည်။
''ခွေးကောင်၊ နင် အသာနေစမ်း''
နောက်ကလူ ငြိမ်သွားသည်။ လူကြီးက စျေးသည်ကို စျေးဆစ်သည်။
''၈ ခုယူမယ်… သုံးမတ် ရမလား''
''သုံးမတ်တော့ မရလို့ပါ ဘကြီးရယ်''
နောက်ကလူက သူ့ကိုယ်သူ ပြောသလိုဖြင့် မကြားတကြား စကားဆိုသည်။
''၈ ခုတောင်မှ များလှချည်လား၊ တစ်ခေါင်းကို ၈ ခု ဆိုတော့… အင်း…''
''ဟ… ကောင်၊ တစ်ယောက်တည်းတော့ ၈ ခု ဘယ်ပေးမလဲ။ ဝေပေးစရာ နင့်အမတွေက အများကြီး မဟုတ်လား''
လူကြီးစကားကြောင့် သူ့မျက်နှာ မဲခနဲ ဖြစ်သွားပြန်သည်။ သူတို့နှစ်ယောက်ကတော့ သည်လိုပဲ အမြဲ တကျက်ကျက်၊ မတည့်အတူနေ၊ မတွေ့ဘဲလည်း မနေနိုင်ကြသူများ ဖြစ်၏ ။
''ဟုတ်ပေတယ်… ဟုတ်ပေတယ်။ တတ်နိုင်သူများ မတော့ ငွေတစ်ကျပ် ဆိုလည်း အလွယ်လေးပဲ။
မယားတွေ အများကြီး ထားစရာ ကိရိယာ တန်ဆာပလာကလည်း သူများထက် ပိုပြီး…''
''နင် တော်မလား… ငါ ဆော်ရမလား''
''ဒါကတော့ ပြောလို့ရတုန်း ပြောထားရတာဆိုတော့…''
''တော်… တိတ်၊ ကလေးမ… ၈ ခုကို တစ်ကျပ်တော့ မပေးနိုင်ဘူး။ ၃ မတ်နဲ့ ၁ မူးပဲ ပေးနိုင်မယ်။ ရရင် ထည့်လိုက်တော့၊ ပြီးတော့ ၁ မူးဖြင့် ၁ မူးပြောပါ။ ၂ ပဲတွေ ၄ ပြားတွေ မျက်စိလည်အောင် မဆိုနဲ့ဟဲ့''
''ကဲ… ကဲ၊ စျေးဦးပေါက် ယူသွားပါ။ ကျွန်မတို့ကတော့ စျေးစရောင်းကတည်းက ၂ ပဲ ပဲ ပြောလာတော့ ပါးစပ်အကျင့်ပါနေပြီ ဘကြီးရဲ့။ တစ်ကျပ်လို့လည်း မပြောတတ်ဘူး။ အရပ်ထဲမှာ ၁၆ ပဲ လို့ပဲ ခေါ်တယ်။ ခု တစ်ကျပ်ဒင်္ဂါးတောင် ဘကြီးပေးလို့သာ မြင်ရ၊ မမြင်ရတာ အနှစ်နှစ်အလလ ရှိပါပကောလားရှင့်''
''အောင်မယ်၊ မယ်မင်းကြီးမ… စီးပွားရေး
သိပ်မပြေလည်လှဘူး မှတ်တယ်''
''မွေးကတည်းက သူဆင်းရဲမမို့ ဒုံရင်း ဒုံရင်းပါပဲ
ဘကြီးရယ်''
''အင်း… နောက်များ ဒီ့ထက် အဆင်ပြေလာစေဖို့ မျှော်လင့်ရတာပဲ''
အနောက်ကလူက ဝင်ပြောပြန်သည်။
''ဒါကတော့…''
''နင် ဝင်မပါနဲ့။ ဘာပြောမလဲဆိုတာ ငါသိတယ်။ မင့်ကို အဖော်ခေါ်လာတာ ဗလွတ်ရွှတ်တ ပြောဖို့မဟုတ်ဘူး''
''မှန်လှပါ…''
''တယ်… ဒီကောင်၊ ပြောလေဆိုးလေပါလား''
လူကြီးက စျေးသည်ပေးသည့် အထုပ်နှင့် အမ်းငွေကို ယူကာ စိတ်ဆိုးမာန်ဆိုးဟန်ဖြင့် ထွက်သွားသည်။ တကယ် စိတ်ဆိုးတာ မဟုတ်မှန်း သိသည့်ဟန်ဖြင့် မျက်နှာရှည်ရှည်လူက ပြုံးစိစိ လိုက်သွားလေသည်။
''မှန်လှပါ… ဘုန်းတော်ကြောင့်…''
''ငပေါ်ဦးတော့ ဒီကအပြန် ထိပ်တုံးဆီ တစ်ခါတည်း
ဝင်အပ်ခဲ့မှနဲ့ တူတယ်''
အနောက်ကလူ တစ်ခါတည်း ပါးစပ်ပိတ်သွားသည်။ အတန်ကြာတော့ လူကြီးက လမ်းလျှောက်ရင်း စကားစပြန်သည်။
''မင်းက ငါ့ကို ဆင်းရဲတဲ့ လူတွေအတွက် အပြစ်တင်
ချင်တာလား''
ဘာသံမှ မကြားရ။ လူကြီးက တစ်ချက် ငဲ့ကြည့်သည်။ ငပေါ်ဦးက ပါးစပ်ကို တင်းတင်းစေ့ထားတာ တွေ့ရ၏ ။
''မင်းကိုငါ စထွက်လာကတည်းက ဟိုအရင်တုန်းကလိုပဲ ပြောဖို့၊ ရောင်းရင်းဘက်တွေလိုပဲ ဆိုကြဖို့ အခွင့်ပေးထားပြီးပြီပဲ။ ပြောပါဟ''
ငပေါ်ဦးက ပြောရန် ပြင်ပြီးမှ သတိရသွားဟန်ဖြင့် ပါးစပ်ကို လက်ဝါးနှစ်ဖက်ဖြင့် အလျင်အမြန် ပိတ်လိုက်ပြန်သည်။
''နင်ကတော့ ငါ့ကို နည်းနည်းလေးမှ မကလိရင်
နေသာထိုင်သာ မရှိဘူးထင်တယ်… ဟုတ်စ''
''လူက အခွင့်ပေးပေမယ့် အာဏာက ထိပ်တုံးအပ်မှာ
ကြောက်ရသေးတာကို ဘုရာ့''
''သယ်… ရိုးရိုးပြောစမ်းပါ၊ သူများကြားသွားပါဦးမယ်''
''အပြစ်တင်တာတော့ မဟုတ်ပါဘူး။ တာဝန်ရှိကြောင်း သိစေချင်တာပါ''
''တာဝန်ရှိတာတော့ ငါလည်း သိတာပေါ့။ ငါလည်း
လုပ်ပေးနေတာ၊ ဝေငှပေးနေတာပဲ မဟုတ်လား''
''အခုလို လုပ်ပေး လှူဒါန်းဝေငှနေတော့ ခုနက သူဆင်းရဲမကလေး ချမ်းသာသွားပါလေရောဗျား''
''ဒါတော့ သူ ပညာနည်းလို့ မစီမံ မခန့်ခွဲတတ်တော့
မစုဆောင်းမိတာ ဖြစ်မှာပေါ့ ပေါ်ဦးရ''
''ဒါနဲ့ ကိုဝိုင်း ဒီညနေ ညီလာခံ ဖျက်လာတော့ မနက်
သမီးကညာဆက်သလာမယ့် ကိစ္စ ဆွေးနွေးချိန်
မရတော့ဘူးပေါ့''
''နင့်ကို ခေါ်လာတာ အဲဒါလည်း ပါတာပေါ့။
လမ်းသွားရင်း စကားပြောရင်း ဆွေးနွေးလို့ ရတာပဲ''
''ကျွန်တော်မျိုး သဘောထားကတော့ သူ့အဖေ
ငသာထွန်းကို ရွှေ နှစ်ပိဿာလောက် ပေးပြီး
သူကောင်းပြုလိုက်စေချင်တာပဲ''
''ဟဲ့… ဘယ်ဖြစ်မလဲ။ တခြား သမီး နှမ ဆက်လာကြတဲ့ သူတွေကျ မြို့ဝန်တွေ ရွာစားတွေ ပေးပြီး သူ့ကျမှ ရွှေနှစ်ပိဿာပဲ ပေးရမယ် ဆိုတော့…''
''အဲဒါပြောတာပေါ့။ ရှင်ဘုရင်လည်း သူ့သမီးယူရင်တော့ ဖအေကို မြို့ဝန်ပေးရတယ် ဆိုတာ။ ဘယ်အရာမှ အလကားမရတဲ့အထဲ ရှင်ဘုရင်လည်း ပါတာပဲ။ မင်းမိဖုရားတွေလည်း များလှပြီ။ ငြင်းလို့ မရဘူးလား''
''ငါ့ဘုန်းကြီးဖို့ ဆက်လာတဲ့ဟာ ငြင်းလို့ တော်ပါ့မလားကွဲ့''
''ရှင်ဘုရင်ဘုန်းကို မိဖုရား များ မများနဲ့ ချင့်တွက်တာမှ မဟုတ်ဘဲ။ တိုင်းပြည်က လူတွေ ဘယ်လောက် ချောင်လည် အဆင်ပြေကြလဲ ဆိုတာကို ကြည့်ပြီး ဘုရင် ဘုန်းကြီး မကြီး အကဲဖြတ်သင့်တာ မဟုတ်လား''
''အိမ်း… ဒါလည်း ဟုတ်ပေတာပဲ။ ဒါပေမယ့် မနက်ဖြန်တော့ ရှိစေတော့။ နောက်များ ဆက်လာလို့
ရှိရင် မောင်မင်း စီမံစမ်းဟဲ့''
''ညီလာခံမှာ တရားဝင် မိန့်တော်မူမှ စီမံလို့ ရနိုင်ပါလိမ့်မယ်ဘုရား''
''ကဲ… ကဲ၊ တော်ပြီ။ စနည်းနာ ထွက်လာတာနဲ့ မတူ၊ ရှင်ဘုရင်နဲ့ ဝန်ကြီး လေညင်းခံလွှတ်တော် ကျင်းပနေသလို ဖြစ်နေပြီ။ အရပ်သားလိုပဲ ပြောကြစို့''
သူတို့နှစ်ယောက်သည် ညမှောင်သည့်တိုင် ရပ်ကွက် အစုများသို့ လှည့်လည်ကြည့်ရှုကြသည်။ ဝင်ရောက် နားနေ ရေနွေးကြမ်းသောက်ရင်း အလ္လာပ သလ္လာပ ပြောဆိုကြည့်ကြသည်။ လူစုစုရှိရာ ချည်းကပ် နားထောင်ကြသည်။
ရပ်သူရပ်သားတို့သည် နိုင်ငံရေးထက် စီးပွားရေးစကားများ၊ သာမန် အကြောင်းအရာများတွင်သာ စိတ်ဝင်စားကြသည်ကို တွေ့ရ၏ ။ သူတို့သည် ဘိုးတော် မင်းတရားကြီး၏ ငယ်နာမည် မောင်ဝိုင်း ဆိုသည်ကိုမျှ မသိကြ။ ဘွဲ့တော်အမည်ဆို ဝေးရော။ အများစုကတော့ ဦးပေါ်ဦးကို သိကြသည်။ သို့သော် ဟာသလို ပြောဆိုနေကြသည်က များလေသည်။
လူအများနှင့် တွေ့ဆုံ လေ့လာမိပါမှ ဦးဝိုင်း သိလာရသည်များ ရှိသည်။ သူ၏ လုပ်ဆောင်ချက်များမှာ ပြည်သူပြည်သားတို့အပေါ် ထိထိရောက်ရောက်နှင့် တိုက်ရိုက် အကျိုးသက်ရောက်သည်မှာ နည်းပါးလှကြောင်း၊ သူထင်နေသလို တိုင်းပြည်ကြီး စည်ပင်ဝပြော၍ လူများ စိတ်ချမ်းသာနေကြသည်မှာ မမှန်ကြောင်း၊ အမှူးအမတ်များ လျှောက်တင်ကြသလို တိုင်းသူပြည်သားများက သူတို့ဘုရင်ကြီး ဘုန်းကြီး၍ အသက်ရှည်ပါစေကြောင်း ဆုတောင်းပေးနေကြသည်မှာလည်း မဟုတ်ဘဲ သတိပင် မရကြကြောင်း ရှက်ရှက်နှင့် သတိထားမိလိုက်သည်။
ထို့ပြင်သူက လူတိုင်း ဆောင်နိုင်မည်ထင်သော အဿမေဓအခွန် ဝင်ငွေ၏ ဆယ်ဖို့တစ်ဖို့ ပေးဆောင်စေသည်ကို အများက မဖြစ် ဖြစ်အောင် ဆောင်နိုင်ကြသော်လည်း အချို့မှာ စားဖို့ပင် ရုန်းကန်နေကြရပြီး အခွန်အတွက် အခက်အခဲဖြစ်လျက် ဝန်လေးနေကြောင်း တွေ့လာရသည်။ သူမသိသော လွှတ်တော်ဝန်ကြီး တချို့၏ မသမာမှုများကို ကြားရ၏ ။ အမတ်အချို့၏ ညံ့ဖျင်းမှုများကို သိလာရ၏ ။ ချွတ်ချော်သော တရားစီရင်မှု
များကြောင့် နစ်နာသူများအကြောင်း တစွန်းတစ ကြားရ၏ ။ တောသူတောင်သားများ ပြောသော ထူးဆန်းအံ့သြဖွယ်ရာများကိုလည်း နားထောင်ခဲ့ရသည်။
ထိုညနေသည် ဘိုးတော်ဘုရားကို ပြောင်းပြန် လှန်ပစ်လိုက်သည် မဟုတ်စေကာမူ အသိတရား ကြီးကြီးမားမား ရရှိစေခဲ့သည့် ညနေပင်။ သူ့ဘေးတွင် လိုက်လာသူကလည်း မင်းလိုလိုက် မင်းကြိုက်ဆောင်သော မင်းမြှောင်အမတ်မျိုး မဟုတ်ဘဲ မင်းမကောင်းက ရဲရဲထောက်ပြမည့် အိမ်တော်ပါဝန်ကြီး ဦးပေါ်ဦး ဖြစ်နေခြင်းက အလွန်ကောင်းသွားသည်။ ကျော်ရွေးတို့ မြတ်ထင်တို့ ခေါ်ခဲ့လျင်ပင် ထိုမျှ အကျိုးရှိမည်မဟုတ်။
ဦးပေါ်ဦးကတော့ မင်းတရားကို သူငယ်ချင်းလိုလည်း ပေါင်းသည်။ ရူးသလို ပေါသလိုနှင့် သင့်ရာကို တည့်ဆိုတတ်သည်။ အရေးယူလို့ မရအောင် စကားအရာ အလှည့်အပတ်လည်း ကောင်းသဖြင့် မထောင်းသာလှ။ ရွာလူကြီးတစ်ဦးအိမ်တွင် ဦးဝိုင်းက သူ့ဘက်သူယက်ကာ စကားဆိုသဖြင့် ဦးပေါ်ဦးက ဝင်၍ ရွာလူကြီးစကားသည်သာ သင့်ကြောင်း၊ ကိုဝိုင်းအနေဖြင့် ကိုယ့်ဘက်ကိုယ် မယက်သင့် ဟု ပေါ်တင်ကြီး ထ ဝေဖန်ခဲ့သေးသည်။
ထိုစကားကြောင့် နောက်တစ်နေ့နံနက် ညီလာခံတွင်
'ငါကိုယ်တော်ကို လိပ်လို ပြောတဲ့အကောင် တစ်လတိတိ ကန်စွန်းဟင်းသာ စားစေ' ဟု အမိန့်ချမှတ်ခံရလေသည်။ ဦးပေါ်ဦးကလည်း အလျော့မပေးဘဲ ''ဘုန်းတော်ကြောင့် အသတ်လွတ် စားခွင့်ရသည်ဖြစ်၍ ဤကုသိုလ် အဖို့ဘာဂကို ဘုန်းကြီးသော ရေမြေ့ရှင်အားလည်း ထပ်တူထပ်မျှ ရပါစေကြောင်း'' ဟု ခွန်းတုံ့ဆိုလိုက်ရာ
'အရှင်မင်းကြီးလည်း နောက်ဘဝ ကန်စွန်းရွက်သာ
စားရပါစေ' ဟု ဆိုလိုရာ ရောက်သဖြင့်သဘောပေါက်သော အမတ်ကြီးများနှင့် ဘုရင်ကိုယ်တိုင် ပြုံးမိရလေသည်။
စကားတည်ကြည်၍ မှန်ရာကို ဆိုတတ်သော ရွာလူကြီးကတော့ ထိုည၏ နောက်ပိုင်းတွင် ဆယ်ရွာကို အုပ်ချုပ်ရသူ ဆယ်ရွာသူကြီး ဖြစ်လာလေ၏ ။

Written by သင်္ခရာဇာ

End date: March 21, 2022

အဘယ်ကြောင့်

ဒဂုံကို ရပြီးနောက် မြို့ဟောင်း၏ အနောက်မြောက်ဘက် တာ ၂၀၀ ကျော်၌ တန်ဆောင်း၊ ပြအိုးများ ပါသည့် သစ်တပ်မြို့နှင့် ကျုံး မြောင်း တဲနန်းတော်ကြီးတို့ ဆောက်လုပ်ကာ ရန်ကုန်မြို့ဟု အမည်သညာ မှည့်ခေါ်ပြီးစ အချိန်။
တဲနန်းတော်ကြီး၌ အလောင်းမင်းတရားနှင့် ဗိုလ်မှူး စစ်ကဲများ စစ်ရေး ဆွေးနွေးနေကြရာသို့ စစ်သင်္ဘောလေးစင်းကို အုပ်ချုပ်ရသည့် အင်္ဂလိပ်တပ်များမှ ကပ္ပတိန်တစ်ဦးဖြစ်သူ ဗိုလ်ချုပ် ဝေါ်လ်တာ ရောက်ရှိနေရ၏ ။ သူက တာမွေအရပ်တွင် တပ်ကြီးတည်လာသည့် မွန်တို့အား မြန်မာတို့ဘက်မှ နေ၍ ဝင်ရောက်ကူညီ တိုက်ခိုက်ပေးရမည် ဖြစ်သည်။
သို့ရာတွင် မြန်မာတို့သည် စစ်ကို စစ်နှင့်တူအောင် မတိုက်၊ အလွန်ပေါ့လျော့ ပျင်းရိနေကြသည့်ပုံ ပေါ်နေ၏ ။ သူ၏ စကားပြန်မှတဆင့် ကြားသိနေရသည်မှာ မြန်မာဘုရင်နှင့် သူ့မှူးမတ်များသည် စစ်ရေးအကြောင်းထက် အရေးမပါသည့် အခြားကိစ္စများကို ဆွေးနွေးနေကြပြီး သာကြောင်း မာကြောင်း မေးမြန်းသည်က များနေသည် ဟူ၏ ။
သူ့အလိုအတိုင်း ဆိုသော် မွန်တို့ ငမိုးရိပ်ချောင်းကို ကူးလာစကပင် ချောင်းအတွင်းသို့ စစ်သင်္ဘောဝင်လျက် အမြောက်ဖြင့် ပစ်ခတ်နှောင့်ယှက်ရပါက မွန်တို့ တပ်တည်ရန် ခက်ခဲလိမ့်မည်ဟု တွက်သည်။ တွက်ဆမိသည့်အတိုင်းလည်း မြန်မာဘုရင်အား အကြံပြုပါသည်။ သို့သော် မွန်တို့၏ ရန်ကို အရေးတယူ မရှိလှသော အလောင်းဘုရားက ပြောသည်ကို ကြည့်ပါ၊
"ယခု ထွက်တိုက်ချေသော် တပ်မပြီးခင် ငါတို့ပျက်ရသည်ဟု စိတ်မပြေ၍ နောက်တစ်ခါ လာပြန်ဦးမည်။ တပ်တောင်တာ ခိုင်လုံ၍ ဆင်ခလုတ် မြင်းခလုတ် စိုက်မိမှ တိုက်လံရလျင် နောက် မလာဝံ့ပြီ"
ဟူ၏ ။ အလွန်ဘဝင်မြင့်လှသော၊ ရန်သူကို အထင်သေးလွန်းသော၊ စစ်ရေးကြီးတစ်ခုကို ပေါ့ပျက်ပျက်သာ သဘောထားသော ထိုစကား ကြားရကတည်းက သူ အကြီးအကျယ် စိတ်ပျက်ခဲ့ရသည်။ သို့သော် ကူပါမည်ဟု ကတိပေးမိထားသည့်အလျောက် သူတို့နှင့်အတူ ဤတစ်ကြိမ်တော့ ခက်ခက်ခဲခဲ တိုက်ခိုက်ပေးရလိမ့်ဦးမည်။ နောင်တွင် ဤဘုရင်အား မကူတော့ ဟု စိတ်ပိုင်းဖြတ် ားပြီး ဖြစ်သည်။
ယခုလည်း မွန်တို့က တပ်တည်ပြီး၍ အင်အားကြီးစွာ၊ တပ်ခိုင်လုံစွာ၊ ခလုတ်ဆူးညောင့် ထူထပ်စွာ ချပြီးချိန်အထိ အေးအေးဆေးဆေးသာ ရှိနေကြသည်။ နောက်တစ်နေ့နံနက် တိုက်မည်ဟုလည်း ဆိုသည်၊ ယခုထိ စစ်ရေးများကို မဆွေးနွေးသေး။ မည်သို့ တိုက်ကြမည်၊ မည်သူ မည်သည့်အရပ်မှ ဝင်မည်၊ မိမိတို့က အဘယ်သို့ ကူရမည်ကိုမူ အာရုံရကြဟန်ပင် မပေါ်ချေ။
အချိန်ကြာသည်အထိ ကွမ်းလေးယာလိုက်၊ လက်ဖက်အုပ်ကလေး ဖွင့်လိုက် လုပ်နေကြသောအခါ အောင့်အည်းသည်းခံနေရသော ဗိုလ်ဝေါ်လ်တာထံမှ အသံထွက်လာသည်။
"ဆွေးနွေးပွဲ မစကြသေးဘူးလား၊ ဘာကို စောင့်နေကြတာလဲ"
သူ့အမေးကို မြန်မာတို့ ကြည့်နေကြသည်။ နားလည်သွားသောအခါ အမတ်တစ်ဦးက ပြန်ဖြေပေး၏ ။
"တပ်မှူးတစ်ဦးကို စောင့်နေကြတာပါ တဲ့"
"ဘာ.. တပ်မှူးတစ်ဦးကို..."
A captain ဟု ဘာသာပြန်သောကြောင့် မှားများ ပြန်သလားဟု စကားပြန်ကို ထပ်မေး၏ ။ စကားပြန်က
"ဟုတ်ပါတယ်၊ တပ်မှူးတစ်ဦးလို့ ပြောပါတယ်"
ဝေါ်လ်တာ စိတ်ပျက်လက်ပျက်ဖြင့် လက်နှစ်ဖက်ကို မြှောက်ပြလိုက်ရလေတော့သည်။ မြန်မာတို့ အချိန်ဆွဲပုံ၊ ဖင့်လေးပုံတို့အား လက်တွေ့ မြင်လိုက်ရသည့်အတွက် ထိုင်ခုံပေါ် ခြေပစ်လိုက်ပစ် ထိုင်ကာ ဆေးပြင်းလိပ်ကြီးတစ်လိပ်ကိုသာ ထုတ်သောက်နေလိုက်တော့၏ ။
ဆံပင်ဖားလျားနှင့် ဗိုလ်တစ်ဦး ဝင်လာတော့မှ အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ စကားပြန်က ဖြေခဲ့သည့် အမတ်ကို ကပ်မေးပြီး သူ့အား ခေါင်းညိတ်ပြသည်။ သူတို့ စောင့်နေခဲ့ကြသည် ဆိုသော တပ်မှူး၊ ငယ်ရွယ်သေးသော လုလင်က ဆံပင်ကို စည်းနှောင်လိုက်ကာ မင်းတရားအား ရှိခိုးပြီးနောက် စကားစ၏ ။
"မွန်တို့ တာမွေတပ်ကြီး အလုံးစုံ ပြီးမြောက်ကြောင်း သံတော်ဦး တင်ပါသည်ဘုရား"
စကားပြန်က သူပြောသမျှ ချက်ချင်း ဘာသာ လိုက်ပြန်ပေး၏ ။ ဝေါ်လ်တာက လှည့်မကြည့်ဘဲ နားထောင်ရင်း အပြင်သို့သာ ကြည့်နေလိုက်သည်။ စိတ်ထဲမှလည်း အရေးမပါတာ၊ အခုမှ ဒါကို သတင်းလုပ် ပြောနေတယ်ဟု တွေးလိုက်မိသည်။
"ဗိုလ်မှူးပြုသူမှာ လက်ျာဗိုလ် ဖြစ်ပါသည်။ အင်အား နှစ်သောင်းခန့်ဟု ခန့်မှန်းရကြောင်းပါ"
တော်သေးသည် ဆိုရမည်။ စစ်တွင် လိုအပ်သော အချက်အလက် အချို့ကို ဘယ်က ရှာဖွေစုံစမ်းလာသည်မသိ၊ အနည်းငယ် ပြောနိုင်၍ တော်ပါသေးသည်။
"မြင်း ၂၀၀၀၊ သေနတ် ၅၀၀၀ ပါပါလိမ့်မည်"
ဝေါ်လ်တာ လှည့်ကြည့်မိသည်။ သည်သူငယ်က သူလျှိုများလား ဟု ထင်မိသောကြောင့် ဖြစ်သည်။ လူရွယ်ကတော့ သူ့ကို ဂရုမစိုက်။ တပ်တာက မည်မျှ၊ အမြင့်က ဘယ်လောက်၊ ဘယ်အရပ်မျက်နှာမှာ မည်သည့်အားနည်းချက် အားသာချက် ရှိသည် ဆိုသည်တို့ကို စာကျက်လာသလို ဆက်ပြောနေရာ နားထောင်နေကြသည့် အခြားသူများနှင့်အတူ ဝေါ်လ်တာပါ သူ့ကို ငေးကြည့်နေမိလေပြီ။
ထိုမျှ တိကျသော သတင်းအချက်အလက်၊ စစ်ရေး အစီအမံများကို အဘယ်သို့ သိလာသနည်းဟု အံ့သြချင်ချင် ဖြစ်နေသည်။ ဖြီးဖြန်းနေသည်ဟုလည်း ထင်ချင်နေ၏ ။ သို့ရာတွင် စောစောက ပေါ့ပျက်ပျက် မြန်မာများအားလုံး၏ မျက်နှာများသည် ယခုအခါ စစ်သတင်းအပေါ် အလေးအနက် နားစိုက်ထောင်နေကြဟန် ပေါ်လွင်လှသည်။
"သေနတ်သား ၃၀၀၀ မှာ ဆံတော်ရှင်ဘုရား မြောက်ဘက် တောင်တဲများက ပုန်းအောင်းနေကြပါသည်"
ကပ္ပတိန်ဝေါ်လ်တာ မနေသာတော့ပြီ။
"နေပါဦး၊ နေပါဦး။ မင်း ရလာတဲ့ သတင်းအားလုံး အမှန်ပဲလား။ ပုန်းအောင်းနေတာတွေပါ အတိအကျ သိလာတယ် ဆိုတာ တကယ်ပဲလား"
တပ်မှူးက ခပ်တည်တည် ကြည့်နေရာမှ စကား နားလည်သွားသော အချိန်တွင် အေးစက်မှုန်မှိုင်းသွားကာ စကားတစ်ခွန်း ပြန်ပြော၏ ။ အလွန်တိုတောင်း ပြတ်သားသော စကားဖြစ်သည်။
"သွားကြည့်လေ"
စကားပြန်က ခေတ္တ ရပ်နေပြီးမှ 'Go and see' ဟု ပြောကြောင်း ဆိုသည်။ သူတို့နှစ်ယောက် တစ်ဦးကို တစ်ဦး စိုက်ကြည့်နေမိကြ၏ ။ အလောင်းမင်းတရားက
"ငစံငယ်.. အခြား ဘာသတင်းများရော ကြားရသေးလဲ"
"ကျွန်တော်မျိုး စုံစမ်းရသမျှမှာ ဗိုလ်မှူး ဒေါစွယ်ယစက်အား လှေကြီးတစ်ရာနှင့် ပုသိမ်ကြောင်း စေလွှတ်၍ ရန်ကင်းစံရာမှ သွင်းလာမည့် ကျွန်တော်မျိုးတို့ ရိက္ခာလှေများကို ဖျက်ဆီးရမည်ဟု ခန့်လိုက်ကြောင်းပါ"
အံ့သြခြင်း ကြီးစွာဖြင့် မျက်လုံးကြီး ပြူး၍နေသော ဝေါ်လ်တာ၏ အမူအရာကို မင်းတရားက ရိပ်စားမိသည့်အလျောက်
"မောင်မင်း အသို့ပြု၍ သိလာသနည်း"
"ကျုံးအပြင်၌ ဆင်ခလုတ် မြင်းခလုတ် ဆင်၍ ပြီးစီးသဖြင့် တပ်တွင်းဝင်မည့် မွန်တပ်သားတစ်စုအား ခြောက်လှန့်လျက် ကြီးကြပ်ရသူ ဗိုလ်ကို ချက်တဖြုတ် ဝင်ဖမ်းကာ စစ်မေးသဖြင့် သိရပါသည်"
"ယင်းဗိုလ်ရော.. ရှိသေးသလား"
"အပြစ်မရောက်အောင် သွန်သင်၍ ပြန်လွှတ်ပေးလိုက်ကြောင်းပါ"
"မွန်စကား နားလည်သည့်သူ ပါသလား"
"အိုးစားကြီး ငတိုက်မောင်း အတော်အတန် နားလည်ပါသည်ဘုရား"
အလောင်းမင်းတရားက ဝေါ်လ်တာကို တစ်ချက် ကြည့်လိုက်ရာ ဘာသာပြန်သူ ပြောပြသည်ကို နားထောင်ရင်း ပါးစပ်မှ ဆေးပြင်းလိပ် လွတ်ကျသွားသည်ကို မြင်လိုက်ရသည်။
ဝေါ်လ်တာမှာ ယခုမှ တပ်မှူးတစ်ဦးအား အဘယ့်ကြောင့် စောင့်နေခဲ့ကြသည်ကို နားလည်လာလေပြီ။ စစ်ပွဲတစ်ပွဲအား ချည်းကပ်ရာတွင် သတင်းအချက်အလက် ရရှိရေးသည် အလွန်အရေးကြီးရာ ယခုအခါ တပ်မှူးငယ် ပြောသမျှသည် လုပ်ရေးကြံရေးအတွက် စီမံနိုင်ရန် ပြည့်စုံသလောက် ရှိနေ၏ ။
အချို့အချက်များသည် ယခု တာမွေတိုက်ပွဲအတွက်သာမက ကြိုတင်စီစဉ်ထားရန် နှင့် ကာကွယ်ရေးများအတွက်ပင် ပါနေချေသေးသည်။ ထို့နောက် ဗိုလ်မှူးတပ်မှူးများနှင့် ဆွေးနွေးခြင်း စကြပါလေပြီ။ အလောင်းမင်းတရားက အမိန့်တော် ချမှတ်သည်။
"ငါ့သားတော် အိမ်ရှေ့မင်းမှာ အိမ်ရှေ့အမှုထမ်းနှင့် လက်ဝဲကြောင်း၊ သားတော် မြေဒူးမင်းမှာ လက်ျာကြောင်းက ချီရမည်။ နန်းတော် အမှုထမ်းတပ်မှာ ဝမ်းလှိုင်က နေရမည်။ သေနတ်လုလင်တို့သည် ဆံတော်ရှင်ဘုရား အနောက်သို့ ပတ်၍ လူ ၃၀၀၀ နှင့် ရံစေ။ သင်္ဘောကုလားတို့မှာ ကုလားတို့ဘာသာ ဝတ်စားပြင်ဆင်ကြလျက် သင်္ဘောလေးစင်းနှင့် အသင့်ရှိကြစေ"
ထိုအခါ တပ်မှူးငယ်က ဖြည့်စွက် လျှောက်တင်ပြန်၏ ။
"မွန်သေနတ်သားတို့အား တစ်စုတည်း တိုက်ခိုက်သည်ထက် တောင်မျက်နှာတွင် လူတစ်ထောင်ကို စစ်မျက်နှာ ဖြန့်ပြထားပြီးမှ အနောက်နှင့် မြောက်က တစ်ထောင်စီ ညှပ်၍ ပစ်ရလျင် ပုန်းအောင်းနေကြသူတို့ မည်သို့မျှ ခံနိုင်မည် မဟုတ်ပါဘုရား"
"ငစံငယ် တင်သည့်အတိုင်း သုံးကြောင်းသုံးသွယ် ညှပ်၍ ပစ်ခတ်ကြရန် သေနတ်ဝန်က တာဝန်ယူ၊ သူရိန်ဒေဝတပ်ကို စစ်မျက်နှာဖြန့်လျက် ရံနေကြစေ"
"ကောင်းလှပါသည်ဘုရား"
နောက်တစ်နေ့နံနက် နေထွက်ချိန်တွင်မူ အေးစက်လှသည်ဟု ထင်ရသော မြန်မာတို့၏ သွေးကို အလွန်ပူပြင်းတောက်လောင်ကြောင်း အင်္ဂလိပ်တို့ သိလိုက်ရလေတော့သည်။ တပ်ပြင်၌ ကြိုစောင့်နေသော မွန်သေနတ်သား တစ်ထောင်ကျော်မှာ စွတ်ဝင်လာသော မြန်မာတို့ကို မခံနိုင်ဘဲ ပြန်လှည့်ပြေးရသောကြောင့် ကိုယ့်ညောင့်ခလုတ်ကိုယ် နင်းမိကြကာ အများအပြား သေဆုံးကြရလေ၏ ။
တစ်ဆက်တည်း ဆိုသလို တပ်ကြီးလည်း ပေါက်ခဲ့ရာ မရပ်နိုင် မတည်နိုင် ချောင်းကို ဆင်းကူးပြေးရင်း ရွှံ့ကျွံသဖြင့် ကျန်ခဲ့သော ဆင်မြင်းလက်နက်များလည်း အမြောက်အမြား။ လက်စောင်းက ပုန်းအောင်းနေကြသည့် သေနတ်သားတို့လည်း ညှပ်ပစ်ခံရ၍ အရှေ့မြောက်အရပ်သို့ ဆုတ်ကြရကုန်၏ ။
ထိုပွဲတွင် အင်္ဂလိပ်တို့မှာ မတိုက်လိုက်ရဘဲ ပွဲကြည့်ပရိသတ်သာသာ ဖြစ်သွားခဲ့ရသည်။ မွန်တပ်သား ၂၀၀၀ ခန့် သေကျေပျက်စီးရ၍ မြင်း ၅၀၀ နှင့် သုံ့ပန်းထောင်ကျော်၊ သေနတ်တစ်ထောင်ခန့် ရလိုက်သည်ကို မချီးကျူးဘဲ မနေနိုင်။ အလွန်ရဲစွမ်းသတ္တိရှိပြီး တိုက်ရဲ သေရဲကြပါပေသည်ဟု ဆိုကြရသည်။ ထိုနေ့မှစ၍ နောင် ရန်ကုန်သို့ မွန်တို့ မလာဝံ့တော့လေပြီ။
ကပ္ပတိန်ဝေါ်လ်တာကတော့ ဟိုင်းကြီးကျွန်းသို့ ပြန်သည့် သင်္ဘောပေါ်တွင် လိုက်ပါလာရင်း အံ့မခန်း တိကျလှသော သတင်းအချက်များ ယူဆောင်လာသူ ဗိုလ်ငယ်၏ အကြည့်ကို မြင်ယောင်နေမိတော့၏ ။

(*** အလောင်းမင်းတရားကြီး အရေးတော်ပုံကျမ်းလာ တာမွေတိုက်ပွဲ အဖြစ်အပျက် ဖြစ်ပါသည်)

Written by သင်္ခရာဇာ

End date: March 18, 2022


စစ်ဘုရင်

မိုးက တဝုန်းဝုန်း ရွာနေ၏ ။ ဆောင်းနှင့် နွေတွင် ခြောက်သယောင်းခဲ့သမျှ တောတောင်၊ တောင်စောင်း၊ တောင်ကတုံးများမကျန် စိမ်းစို ပိပြားနေကြရပြီ။ လျှိုမြောင်ချောက်ချောင်းများကြား၌ တဝေါဝေါ ရေစီးသံကိုလည်း ကြားရသည်။
မိုးကောင်းလွန်းနေ၍ စစ်သည်များ ဆက်လက် မချီတက်နိုင်ဘဲ စခန်းချ ရပ်နားကာ မိုးခိုနေကြချိန်။ ဝါးစိမ်းများဖြင့် တည်ဆောက်ထား၍ မိုးကာဖျင်စများ မိုးထားသည့် တဲကြီးတစ်လုံးအတွင်းဝယ် စစ်ဦးစီး ဦးကောင်း၊ ဗိုလ်မှူး မင်းလှစည်သူဘွဲ့ခံ စည်သာမင်းကြီး နှင့် ဦးနှောင်း စသူတို့ စုဝေးနေကြလေသည်။ စစ်ရေးစစ်ရာများ တိုင်ပင် နှီးနှောနေကြခြင်းတော့ မဟုတ်၊ စစ်ဘုရင်ကစားပွဲ ကစားနေကြခြင်းသာ ဖြစ်သည်။
ဦးစွာ စည်သာမင်းကြီးနှင့် ဦးနှောင်းတို့ ကစားကြ၏ ။ ထို့နောက် အနိုင်ရရှိသည့် စည်သာမင်းကြီးနှင့် ဦးကောင်းတို့ စတင် စစ်ဆင်ကြချိန်တွင် တဲတံခါးဝမှ မိုးရေစက်လက်နှင့် လူတစ်ဦး ပေါ်လာသည်။ ထိုသူမှာ ရက်ထားသည့် မြက်ဖျာကို ကျောပေါ်မှ ဖယ်ရှားလိုက်ပြီး ရွှဲရွှဲစိုနေသည့် ခမောက်ကြီးကိုလည်း ချွတ်လိုက်ရာ ဦးကောင်းက မော့ကြည့်ရင်း
"ဘာထူးသလဲဟေ့ ရှင်ညိုသူ"
ဝင်လာသည့် လက်ျာဘီလူးက ရေစက်များကို သုတ်သင်လျက် အရိုအသေပြု ဦးညွှတ်ရှိခိုးလိုက်ပြီး
"ဘာမှ ထူးခြားမှု မရှိပါဘူး ဦးကောင်း၊ ရန်သူ့အရိပ်အယောင်လည်း မမြင်ရ၊ မွန်တို့သတင်းလည်း မကြားရ၊ အတန်ဝေးသေးသည့် လက္ခဏာသာ ရှိပါတယ်"
"သည်လိုဆိုရင်ဖြင့် တို့နဲ့ စစ်ဆိုင်ဖို့ သင်းတို့ ပြင်ဆင်ထားကြပုံ မရသေးဘူးကွဲ့။ ကြည့်ရသာ သင်းတို့ အောက်ပြည်အောက်ရွာ မုတ္တမနယ်များကို ရှမ်းတွေ ထိပါးလာပြန်ပြီ ထင်တယ်"
ဦးကောင်း၏ အမြင်ကို သူနှင့် စစ်ဘုရင် ကစားနေသော စည်သာမင်းကြီးကလည်း ထောက်ခံလေသည်။
"ကျုပ်လည်း သည်သို့ပဲ ထင်ပ ကိုကောင်းရဲ့။ သူရို့ စစ်နှစ်ဘက် ဆိုင်နေရချိန်မို့သာ ကျုပ်တို့ဘက် ခြေဦးလှည့်မလာသေးသည် ရှိရမယ်"
ဦးနှောင်းကတော့ ခေါင်းတညိတ်ညိတ်။ အတွေ့အကြုံများ၍ အမြော်အမြင် ကြီးကြသော ဗိုလ်မင်းကြီးနှစ်ပါး၏ အမြင်ကို ဝင်ရောက် ဆွေးနွေးရန် မသင့်ဟု ထင်ပုံရသည်။ လက်ျာဘီလူးက သူ သတင်းပို့ရန် ရှိသည်များကို ဆက်လက် ပြောဆိုကာ ဦးကောင်း မေးသမျှ ဖြေကြားပြီးနောက် ပြန်ထွက်သွားရန် လှည့်လိုက်စဉ် ဦးကောင်းက လှမ်းခေါ်သည်။
"လာဦး ငညိုသူ၊ သည်မှာ ထိုင်"
အချုပ် ဗိုလ်မှူးကြီးများ ကစားနေသည့် ဝိုင်းထဲသို့ သူလို တပ်မှူးကလေးအား ခေါ်လိုက်သည့်အတွက် မလှမ်းမကမ်းမှ လူအချို့က အကဲခတ် ကြည့်လိုက်ကြသော်လည်း ဗိုလ်မင်းသုံးဦးတို့ကတော့ မထူးခြားဟန်ဖြင့်သာ ရှိနေကြသည်။
"မင်းကြီးစည်းစိမ် သူ့ကို သိရဲ့မဟုတ်လား"
ဦးကောင်း အမေးကို ဗိုလ်မှူးမင်းလှစည်သူက
"သိပါ့ ကိုကောင်းရ၊ လက်ျာဘီလူး ဆိုတာ"
"ဟုတ်ပ.. ငနှောင်းကတော့ သိပြီးပါပြီ"
ဦးနှောင်း ခေါင်းညိတ်ပြသည်။ ကွမ်းငုံထား၍ စကားပြန်မပြောနိုင်။ သူက စည်သာမင်းကြီး၏ ကစားကွက်အပေါ် စိတ်ရောက်နေ၏ ။ သူ ရှုံးနိမ့်ခဲ့ရသည့် ကစားကွက် မဟုတ်ဘဲ ပုံစံတစ်မျိုး ပြောင်း၍ ခင်းကျင်းထားသဖြင့် စစ်ဘုရင်ခုံပေါ်တွင် အာရုံစူးစိုက် ကြည့်ရှုနေလေသည်။
လက်ျာဘီလူးက ဦးနှောင်းနှင့် မျက်နှာချင်းဆိုင် သစ်တုံးပေါ် ထိုင်လိုက်ပြီး ဆင်ရုပ်မြင်းရုပ်များကို ကြည့်နေသည်။ ဦးကောင်းက
"မင်း ကစားတတ်သလား"
"ကျွန်တော် ကြားဖူးရုံသာ ရှိပါတယ်။ ခုမှ အရုပ်တွေကို မြင်ဖူးတယ်။ သည်လေးထောင့်ကွက်တွေက စစ်မြေပြင်လား"
"အေးပေါ့၊ စစ်မြေပြင် သဘောပဲပေါ့။ မင်း ဘေးက ကြည့်နေလေ၊ တို့ ပွဲပြီးတော့ မင်းနဲ့ မောင်နှောင်း ကစားကြည့်စမ်း"
"ဟုတ်ကဲ့"
စစ်ဘုရင် အကွက်လေးများပေါ်တွင် မင်းလှစည်သူနှင့် မင်းလှမင်းခေါင်ကျော်တို့၏ ဆင်ရုပ်၊ မြင်းရုပ်၊ ရထားရုပ်ကလေးများ ပြေးလွှား သွားလာနေကြပုံမှာ လက်ျာဘီလူးအတွက် အထူးအဆန်း ဖြစ်နေလေသည်။ စစ်သည်တော်ကလေးများ၏ အစွမ်းနည်းပါးပုံနှင့် တစ်စုတစ်စည်းတည်း စုပေါင်း တိုက်စစ်ဆင်ကြပုံတို့ကိုမူ သဘောကျ မှတ်သားထားမိသည်။ အချို့ကို နားမလည်လှသော်လည်း ပွဲတစ်ဝက်ကျော်လာချိန်၌မူ အကျိုးရှိသည့် ကစားနည်းတစ်ခုဟု သူ သိမြင်လာခဲ့၏ ။
ထိုပွဲတွင် ဦးကောင်းက ခက်ခဲစွာ ကစား၍ အနိုင်ရသွားသည်။ လက်ျာဘီလူးလည်း ကစားနည်းကို အတန်ငယ် တီးခေါက်မိသွားပြီ။ ထို့ကြောင့် သူတို့နှစ်ဦးဘက်သို့ ခုံကို လှည့်ပေးလိုက်သောအခါ ဦးနှောင်း ပြင်ဆင်သည်ကို ခေတ္တအကဲခတ်ပြီးလျင် လက်ျာဘီလူးလည်း လိုက်ကာတစ်ဘက်တွင် သူ့အရုပ်ကလေးများကို စီထားလိုက်လေသည်။
လိုက်ကာကို ဖွင့်လိုက်သောအခါ ဦးနှောင်းနှင့် စည်သာမင်းကြီးတို့ အံ့သြသွားပြီး ဦးကောင်းကတော့ ရယ်နေ၏ ။
"မောင်ရင် အဲသလို စီလို့ ဘယ်ရမလဲ"
စည်သာမင်းကြီး အပြောကို လက်ျာဘီလူးက
"ဗျာ.. ဟုတ်လား၊ မရဘူးလား"
ဦးကောင်းက ဝင်ပြော၏ ။
"မရဘူးတော့ မဟုတ်၊ ရသာက ရသယ်။ သည်ကစားကွက်နဲ့ မောင်နှောင်းကို ဘယ်ယှဉ်နိုင်မလဲ။ တန်းရှုံးသွားမှာပ။ မင့် ရထားတွေက သုံးမှ မရဘဲ၊ အလကား ပျက်စီးကုန်ဖို့"
"ကျွန်တော် လူတွေနဲ့ ဆင်မြင်းတွေပဲ အားပြုပြီး တိုက်ရင်ရော"
ဦးကောင်း ကွမ်းယာနေရင်း တသောသော ရယ်သည်။
"ငါ သဘောပေါက်ပြီ.. သဘောပေါက်ပြီ။ မင်းက စစ်ဘုရင် ကစားသာကို တကယ် စစ်တိုက်သလို တွေးပြီး ပြင်ဆင်ထားသာကိုး။ မင်း နားလည်အောင် ငါပြောပြမယ်ကွဲ့"
ဦးကောင်းက ကွမ်းကို ပြီးအောင် ယာ၍ ပါးစောင်မှာ ငုံလိုက်ပြီးမှ
"သည်လို ငညိုသူရဲ့၊ သည်ကစားနည်းက တို့ မြန်မာ့ရိုးရာ မဟုတ်ဘူး။ စိနတိုင်းက လူတွေ စစ်ချီရင်း ဆောင်းခိုတော့ သည်ကစားနည်းကို ထွင်ပြီး ကစားကြသာတဲ့၊ အဲသာကို တို့က ကိုယ့်နည်းကိုယ့်ဟန် ရိုးရာဗျူဟာတွေနဲ့ နီးစပ်အောင် ပြုပြင် ယူထားသာပ။ သာ့ကြောင့် ဆင်မြင်း ရထား သုံးပုံတွေ မတူကြဘူး၊ တစ်ချက်"
"ဟုတ်ကဲ့"
"သာ့ပြင် တို့တွေ ကျက်မှတ်လေ့လာခဲ့ရတဲ့ ဗျူဟာကျမ်းဂန်တွေကိုက ရေမြေရပ်ခြားက မှီးရတော့ သူတို့ဆီမှာ ရထားသုံးကြပေမယ့် တို့မြန်မာက သုံးလေ့မရှိဘူး မဟုတ်လား"
"ဟုတ်ပါတယ်"
"ဒါ တစ်ထုံး။ မင်း ကြည့်စမ်း၊ သည်ကစားနည်းက အကွက်လေး ၆၄ ကွက်ထဲမှာ လှည့်ပတ်ကစားရသာ။ စစ်မြေပြင်က သည်လို တသမတ်တည်း မဟုတ်၊ မြေပုံ အနေအထားလိုက်ပြီး ဗျူဟာရွေး တိုက်ရသာ.. ဟုတ်ကဲ့လား။ မင်း စီပုံဟာ တကယ်တိုက်ရင်သာ ဟုတ်ချင်ဟုတ်မယ်၊ စစ်ဘုရင်ကစားကွက်မှာတော့ မကိုက်ဘူး ငညိုသူရဲ့"
"သြော်.. ဒါဖြင့်ရင် ကျွန်တော် အခု ပြန်ပြင်လို့ ရသေးလား"
ဦးကောင်းနှင့် စည်သာမင်းကြီးတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ အရုပ်များကို စီပြီးမှ ထိုသို့ ပြန်ပြင်ရလေ့ မရှိ။ သို့သော် ဦးနှောင်းက
"မောင် မသိလို့ ရထားတွေ အပြင်ထုတ် စီထားတာပဲ။ ပြန်စီပေါ့ မောင်"
"မစီနဲ့တော့ ငညိုသူ၊ မင်း ခုပြင်ထားတဲ့တိုင်း ထိုးကြည့်ပေါ့"
လက်ျာဘီလူး၏ အကွက်မှာ ဖရိုဖရဲ ဖြစ်နေသည်ဟု ထင်ရ၏ ။ ရထားများမှာ အလွယ်တကူ ကျတော့မည့်ဟန်၊ သို့သော် ရထားစောင့်လေးများနှင့် ခံနေ၍ ထင်သလောက်လည်း မလွယ်လှ။ ဦးနှောင်းက အလွယ်ရမည့် ရထားများကို အားစိုက် သိမ်းယူရန် ကြံနေစဉ် လက်ျာဘီလူး၏ စစ်သည်တော်ရုပ်လေးများကတော့ တရွေ့ရွေ့ တစုစု တက်လာကြသည်။
မကြာခင် လက်ျာဘီလူး၏ ရထားများကို ဦးနှောင်းက သိမ်းပိုက်လိုက်လေပြီ။ ရထားများ မရှိတော့သော်လည်း သူ့ဆင်များမှာ ထွက်မလာသေး၊ စစ်သည်ရုပ်လေးများလည်း ကျွံမလာ။ မြင်းများကတော့ ထွက်လာပြီး နှောင့်ယှက်စ ပြုပြီဖြစ်၏ ။ ဦးနှောင်းက ပွဲကို လျင်မြန်စွာ သိမ်းရန် ကြိုးစားသော်လည်း နယ်ရုပ်၊ ဆင်တို့ဖြင့် ထောက်လျက် မြင်းနှင့် လိုက်ခွေနေသော လက်ျာဘီလူး၏ ကစားဟန်ကြောင့် အခက်တွေ့လာသည်။
"သင်းက ရထားနဲ့ ရွေပြီး မြင်းနဲ့ ခွေတာမှ မဟုတ်ဘဲ။ ဆင်ရော မြင်းပါ တစ်တပ်လုံး ကပ်ထားပြီး လိုက်ခွေနေတာပဲဟ"
စည်သာမင်းကြီး ထအော်ရလောက်အောင်ပင် ဦးနှောင်း ကစားကွက်ပျက်ကာ အရုပ်များ ပြန့်ကျဲနေတော့၏ ။ ဦးနှောင်း၏ အရုပ်ကလေးများ တတိတိ ဝါးမြိုခံနေရပြီး တစ်ရုပ်ချင်း ကျနေ၏ ။ နှစ်ဘက် အကျများသော်လည်း ဦးနှောင်း၏ ဆင်နှင့် ရထားများမှာ မြင်းနှင့် ခဲကပ်စွာ လိုက်ခွေလှသော ဒဏ်ကို အလူးအလဲ ခံနေရသည်။
"မြင်းတယ်ကျွမ်းပါလား ငညိုသူ"
ဦးကောင်းက မှတ်ချက်ပြုရာ ဦးနှောင်းက
"မြင်းတင် မဟုတ်ဘူး၊ တပ်ကိုင်တာလည်း ပိုင်တယ်ဗျို့။ သူ့လူ စုစုကို ဝင်ဖြိုဖို့က အကျအဆုံး များမှာမို့ မနည်းတိုက်နေရတယ်။ စဉ်းစားပုံ ကောင်းပ"
"ဦးနှောင်း ကစားတာလည်း ကောင်းပါတယ်။ အဆုံးသတ်ရင် ကျွန်တော်ပဲ ရှုံးမှာ မြင်နေရတယ်"
"သို့ပေမယ့် မောင့်မြင်းတွေက ငနှောင်း နယ်ရုပ်တွေ ကျော်ပြီး မင်းနေရာကိုတောင် ဝင်ဝင်နှောက်နေတာ၊ ငနှောင်းမယ် ဆင်ရထား မကပ်နိုင်ဘဲ ဘုရင်တောင် ပြေးနေရပါ့ရော"
မင်းလှစည်သူ ဆိုလျင် လက်ျာဘီလူးက
"မြင်းတွေက ခြောက်ရုံ ခြောက်နိုင်တာပါ မင်းကြီး၊ သူ့မင်းခင်းကိုတော့ မဖျက်နိုင်ပါဘူး။ သူ့ဘက်က မြင်းတွေ ကျထားလို့သာ ကျွန်တော် ခုထိ သက်ဆိုးရှည်နေတာ"
"ဟုတ်သယ်၊ မြင်းချင်းပြန်လိုက်ရင် မောင် ဘယ်လွယ်မလဲ၊ ရှင်ညိုသူ ကံကောင်းသွားသယ်"
"နောက်တစ်ပွဲ ကျုပ်နဲ့ ကစားမလား"
စည်သာမင်းကြီးက ဖိတ်ခေါ်လာရာ လက်ျာဘီလူးက အရုပ်များကို အတန်ကြာ စိုက်ကြည့်နေပြီး
"ကျွန်တော် မကစားတတ်ပါဘူး။ မဆွက မင်းကြီးတို့ ကစားသွားပုံဟာ ကျွန်တော်မျိုး ဆယ်ရက်လောက် အပြင်းအထန် လေ့လာပြီးရင်တောင် မီဦးမှာ မဟုတ်ဘူး"
"မင်းရဲ့ တစ်ပွဲတိုး ကစားကွက်ကိုတော့ ငါ မှတ်ထားသယ် ရှင်ညို၊ တကယ် စစ်ဆင်တဲ့အခါ အလွန်လှတဲ့ ဗျူဟာမျိုး စီထားသာပဲ။ မြေပြင်မှာသာ သည်လို စိတ်ကြိုက် အကွက်ကျကျ ခင်းခွင့်ရရင် မင့်ကို နိုင်ဖို့ မလွယ်ဘူးဆိုသာ ငါ တွေ့လိုက်သယ်။ ဘယ်လောက် လက်ရုံးကောင်းကောင်း ဗျူဟာကောင်းရင် ယှဉ်ဖို့ မလွယ်ဘူး။ သတ်ကွင်းထဲ ဝင်မိသလို ဖြစ်တတ်သာ ငါ ကြုံဖူးပြီ။ မင်း စီထားသာကို မြင်တော့ ဟိုတုန်းက ငါ ခံခဲ့ရသာကို အမှတ်ရမိရဲ့။ ငနှောင်းတော့ ကျုံးသွင်းခံရတော့မယ်လို့တောင် ထင်မိသေး"
"ခု မခံရဘူးလား ကိုကောင်း"
"ဟုတ်သယ်၊ ငစံငယ်က ကျုံးသွင်းဖို့ ပြင်ထားပြီးမှ သူဆင်ထားတဲ့ ကစားကွက်ထဲကို ဆွဲထည့်မသွားဘဲ ရိုးရိုးပဲ ကစားသွားသာ။ ဒါတောင် သူ့မြင်းတွေ ဘယ်လောက် ရိုင်းလိုက်သလဲ မြင်ရဲ့မဟုတ်လား။ မြင်းကိုင်ကောင်းဖို့ဆိုတာ ကွက်ကျော်မြင်လွန်းမှ၊ သင်းက ဆယ်ကွက်လောက်ကို ကြိုကြည့်ပြီးမှ အကောင်းဆုံး တစ်ကွက်ကို တက်တာမျိုးပဲ။ သူက မြင်း တစ်ကြိမ်တက်ဖို့ အကွက်တစ်ရာလောက် ကြိုကြည့်ထားရတယ်ဆို မင်းတို့ ယုံကြမလား"
ဦးကောင်း စကားကို အခြားသူများနှင့်တကွ လက်ျာဘီလူးကိုယ်တိုင်ပင် အံ့သြသွားသည်။ သူ့ကိုယ်သူ ထိုမျှ စဉ်းစားခဲ့သည်ဟု မထင်၊ ခုန်မည့် မြင်းပတ်ပတ်လည်ရှိ ဖြစ်နိုင်ခြေများကို မြင်ယောင်ကြည့်ပြီး အဆင်ပြေမည်ကို ရွေးခဲ့ခြင်းသာ ဖြစ်၏ ။ စည်သာမင်းကြီးက ထပ်မေးလိုက်ပြန်သည်။
"သူဆင်တဲ့အကွက်ထဲ မောင်နှောင်း ကျသွားရင်ရော ဘယ်သူနိုင်ပါ့မလဲ"
"နိုင်သာကတော့ ငနှောင်းပဲ နိုင်မယ်။ ငညိုသူက ကစားမှ မကစားတတ်သာပဲ။ သို့ပေမယ့် ငနှောင်း ဆင်မြင်းဗိုလ်ခြေတော့ တဖြုတ်ဖြုတ် ကြွေကုန်မှာ အားရစရာကြီးပေါ့ကွာ"
ဟု ဆိုလျက် ရယ်လိုက်၏ ။
"စစ်မြေပြင်မှာသာ အဲသလို အခြွေခံရရင် သွေးပျက်သွားနိုင်လောက်တဲ့ ဗျူဟာကို သင်းက ကျုပ်တို့ ကစားနေစဉ်တည်းက မြင်ထားပုံ ရသယ်။ အရုပ်တွေ သူ့ဘက် ထိုးပေးလိုက်တာနဲ့ တဒေါက်ဒေါက် စီသွားတာ ဝါရင့် စစ်ဘုရင်သမားကြီးလိုပဲ။ အကွက်တွေတော့ မှားနေသာ သူမမြင်ဘူး.. ငါမြင်သယ်။ မင်းကြီးရော သူစီခဲ့ပုံကို မှတ်မိပါ့မလား"
စည်သာမင်းကြီးကို ပြန်မေးရာ
"ကျုပ်တော့ ရေးတေးတေးပဲ၊ မှားနေတာပဲ သိတယ်။ ပရိယာယ် ပြုထားတာကို မမြင်လိုက်မိဘူး"
"ကျွန်တော် ဘာပရိယာယ်မှ မပြုပါဘူး"
လက်ျာဘီလူးက ဝင်ပြောပြန်သည်။ ဦးနှောင်းသည် ခါးဆန့်လိုက်ရင်း
"ဘာပြုလို့ မပြုရမှာလဲ။ နင် မသုံးတတ်တဲ့ ရထားတွေ ထိုးကျွေးပြီး ငါ့လူတွေကို ဘေးကို ပထုတ်ပစ်၊ နောက် ပြန်စုစည်းမရအောင် လုပ်ထားတာပဲ။ ဦးကောင်းတို့ မင်းကြီးတို့ လက်စွမ်းကောင်းတွေနဲ့သာ ကစားလိုက်ချင်တယ်။ နင့်လို စိတ်ရှုပ်စိတ်ကြပ်အောင် သိပ်လုပ်တဲ့ ကောင်မျိုးနဲ့တော့ တစ်သက် မကစားချင်ဘူး"
ဦးနှောင်းအပြောမှာ မာန်ပါသဖြင့် ဗိုလ်မင်းကြီးတို့ ပြုံးလိုက်ကြသည်။ ပွဲက အနိုင်အရှုံး အဖြေပေါ်နေပြီ ဖြစ်၏ ။ လက်ျာဘီလူး၏ အစွမ်းထက်သော မြင်းများလည်း မရှိတော့၊ လူစုစုမှာလည်း တိုးမရတော့။ ဦးနှောင်းက သူ့မင်းနေရာကို စိုးမိုးထားလေပြီ။
"ကျွန်တော်လည်း သည်ကစားနည်းကို တယ် မကြိုက်လှပါဘူး။ စည်းစံနစ်တကျနဲ့ ဗျူဟာကျကျ ကစားရတာတော့ ကောင်းပါရဲ့၊ စွမ်းရည်တွေ သတ်မှတ်ထားတာလည်း သင့်တင့် ကောင်းမွန်ပါရဲ့၊ သို့ပေမယ့် ကျွန်တော်မျိုးနဲ့တော့ မကိုက်ညီဘူးလို့ ထင်မိပါတယ်။ မြင်းတွေနဲ့ ပတ်ခွေ မွှေနှောက် ထိုးဖောက်လို့ရတာ လှပေမင့် ကိုယ့်ဗျူဟာကို သူက မြင်နေရတာ ကျတော့လည်း ဘဝင်မကျချင်ဘူးခင်ဗျ"
သူ့စကားကို မင်းကြီးများက ပြုံးလိုက်ကြပြန်သည်။
"ဟဲ့ ငညိုသူ၊ ဉာဏပြိုင်ရာမှာ မြင်သာထင်သာရှိမှ ပွဲလှတော့မပေါ့။ နေရာတကာ သေနင်္ဂကို သုံးလို့မရသလို မကြာခဏ မာယာပြနေရင်လည်း ရန်သူက သတိပိုသွားတတ်တော့ အလုပ်အကိုင် မခက်လား။ နင်လည်း တိုက်ရိုးတိုက်စဉ်အတိုင်း တိုက်နေရသာပဲ။ ဘဝရှင်က အခုချက်ချင်း ဝင်သိမ်း ဆို တို့များမှာ ဘာဗျူဟာများ ချမှတ်နေချိန် ရလို့လဲ"
"မှန်ပါ၊ မင်းကြီးဦးကောင်း ဆိုသည်မှာလည်း မှန်လှပါတယ်။ ရှေ့ဓားကို ဓားမမှတ် တိုက်ကြရချိန်မှာတောင် အဆုတ် အတက်၊ အလိုက် အဝိုက်များမှာ ချက်တဖြုတ် ရုတ်ချည်း ဆုံးဖြတ်ပြီး ဆုတ်ဟန် ဖြုတ်ဟန် ပြုရင်၊ မလိုက် မမိုက် နေလိုက်ရင် ရန်သူ တွေဝေမှားယွင်းကြရတာလည်း တွေ့ဖူးတော့.."
"အိမ်း.. ဒါကတော့ ဒါပေါ့။ ခုဟာက နည်းစံနစ်နဲ့ ကစားရတာကွဲ့။ ရုတ်တရက် ဆုံးဖြတ်တာထက် အကွက်ကျကျ ပိုင်ပိုင်နိုင်နိုင် အသုံးချတတ်ရတာမျိုး။ မောင်လုပ်သလို အကွက်ဆန်းနဲ့ ရမ်းရတာ မဟုတ်။ သို့သော် ကျုပ်ကတော့ အဲလို အကွက်ဆန်းသမားနဲ့မှ ပိုကစားချင်တာ"
မင်းလှစည်သူက သူ့အား ပြုံးစေ့စေ့ကြည့်၍ ပြောသည်ကို လက်ျာဘီလူး တလေးတစား ဦးညွှတ်ပြလိုက်ပြီး
"ကဲ.. ကျွန်တော်လည်း ရှုံးနေပါပြီ။ မိုးလည်း နည်းနည်း စဲသွားပြီ။ ကျွန်တော့်လူတွေကို ဝါးခုတ်ခိုင်းထားတာ အတိုင်းအဆ မပြောခဲ့မိဘူး။ ပိုသွားရင် ဝါးတွေ အလဟဿ ဖြစ်ကုန်မှာမို့ သွားကြည့်ရပါဦးမယ်"
"ဟဲ့.. ဝါးတွေ ဘာလုပ်ဖို့လဲ၊ တပ်တည်ဖို့လား"
"ဟုတ်ကဲ့ခင်ဗျ"
"တပ်က တည်ထားပြီးသားကပဲ"
"အခု ထပ်ခုတ်တာတွေကတော့ လှည်းလုပ်ဖို့နဲ့ လက်နက်ကြီးတစ်ခု လုပ်မလို့ပါ။ ဝါးလုံးတွေ ထည့်ပစ်လို့ ရတဲ့ လက်နက်တစ်ခု လုပ်ကြည့်နေပါတယ်။ ပြီးရင် ရန်သူ့တပ်ကို ဝါးလုံးတွေ ချွန်ပြီး ပစ်မယ်။ မွန်တွေက မနိုင်ရင် တပ်ကို မီးတိုက် ပြေးတာ ဆိုတော့ ကျွန်တော်တို့က တပ်ပြန်တည်တဲ့အခါ ပစ်ခတ်ထားတဲ့ ဝါးလုံးတွေ ကောက်ပြီး ချက်ချင်း တည်နိုင်ရင် သူက ပြေးရင်း လူစုပြီး ပြန်တိုက်လာတဲ့အခါ ပိုခံနိုင်မယ် ထင်ပါတယ်။ ဝါးခုတ်တဲ့ နေရာကနေ တပ်လုပ်တဲ့ နေရာကိုလည်း ထမ်းရလွတ်အောင် လှည်းရယ်၊ လက်နက်နဲ့ ပစ်ပြီး သယ်မလို့ စဉ်းစားနေတာ"
"ဟေ"
ဗိုလ်မင်းကြီး သုံးဦးသား တစ်ဦးကို တစ်ဦး ကြည့်ရင်း ကျန်ခဲ့ကြသည်။ ဦးကောင်းက သူ့လက်ထဲ၌ ကိုင်ထားသော ဆေးနီသုတ်ထားသည့် မြင်းရုပ်ကလေးနှင့် မြင်းပေါ်မှ အရုပ်ဆိုးဆိုး စစ်သည်ပုံကို မမြင်ဖူးသလို မျက်မှောင်ကျုံ့ ကြည့်လိုက်ပြီး
"အင်း.. ငါတို့အရှင် ဘယ်လိုလူကို ရထားသာပါလိမ့်"
ဟု ရေရွတ်လိုက်သည်။ စည်သာမင်းကြီးက
"ညီတော် အလောင်းဘုရားလို လူကို ရထားတယ်လို့ ဆိုစမှတ် ပြုကြတာပဲ မဟုတ်လား ကိုကောင်းရဲ့"
ဟု ဆိုရာ ဦးနှောင်းကလည်း
"တော်သေးတာပေါ့၊ သည်လိုကောင်မျိုး ကျုပ်တို့ရန်သူ မဖြစ်လို့။ သင်းသာ ရန်သူ့ဘက် ပါသွားခဲ့ရင် လက်ျာပျံချီက တစ်မျိုး၊ လက်ျာဘီလူးက တစ်ဖုံနဲ့ ကျုပ်တို့တော့ သေတာကမှ စိတ်သက်သာဦးမဗျ"

ဟု ပြောလိုက်လေ၏ ။

Written by သင်္ခရာဇာ

End date: March 18, 2022


ပုံမှန်ပျော့ကွက်

ဒုတိယကမ္ဘာစစ်အတွင်း 1941 မှာ ဂျပန်တွေက ပုလဲဆိပ်ကမ်းကို မကြေညာဘဲ ဗုံးကြဲတိုက်ခိုက်ပါတယ်။ ဒါကို အမေရိကန်တွေက မကျေနပ်လို့ လက်တုံ့ပြန်ဖို့ စီစဉ်ကြတယ်။ ပုလဲဆိပ်ကမ်းကို ဗုံးကြဲရာမှာ အဓိက တာဝန်ရှိတဲ့ အမိန့်ပေးသူ ဗိုလ်ချုပ်ကြီး ယာမာမိုတို ကို လုပ်ကြံဖို့ အစီအစဉ်တွေ ဆွဲကြတယ်။

ယာမာမိုတိုအကြောင်းကို စုံစမ်းကြည့်တဲ့အခါ အလွန် စည်းကမ်းကောင်းပြီး အချိန်တိကျတာကို သိခဲ့ရတယ်။ ဒါနဲ့ အဲဒါကိုပဲ ပျော့ကွက်အဖြစ် သုံးမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။
ယာမာမိုတိုဟာ သွားနေကျအတိုင်း နာရီ မိနစ် အတိအကျမှာ စစ်လေယာဉ်ကြီးနဲ့ ခရီးထွက်လာတယ်။ အခြံအရံ တိုက်လေယာဉ်တွေလည်း ပါတယ်။ သူလာမယ့်အချိန်ကို သိထားတဲ့ အမေရိကန်တွေက လမ်းမှာ ဖြတ်တိုက်ဖို့ ခရီးအကွာအဝေး၊ ရောက်ရှိမယ့်အချိန်တွေကို အတိအကျတွက်ပြီး ပျံသန်းလာတယ်။
စစ်ဆင်ရေးအချိန်မှာ အမေရိကန် တိုက်လေယာဉ်တွေဟာ တိမ်တိုက်ထဲ ဝင်ပုန်းနေလိုက်ကြတယ်။ သတ်မှတ်ထားတဲ့အချိန် အတိအကျမှာ တိမ်အုပ်ထဲက ထွက်လိုက်တော့ ဂျပန်ရှေ့ပြေး ကင်းထောက်လေယာဉ်တွေက ကျော်သွားပြီး ယာမာမိုတို လိုက်ပါလာတဲ့ စစ်လေယာဉ်ကြီးနဲ့ ဘွားခနဲ ရင်ဆိုင်တိုးပါတော့တယ်။ အမေရိကန် တိုက်လေယာဉ်တွေဟာ စစ်လေယာဉ်ကြီးကို ပစ်ချပြီး တစ်ခါတည်း မောင်းပြေးသွားပါတော့တယ်။
အချိန်ကို အတိအကျ လေးစားလိုက်နာတဲ့ ဗိုလ်ချုပ်ကြီး ယာမာမိုတိုဟာ သူ့စည်းကမ်းကြီးမှုကို အသုံးချခံလိုက်ရပြီး ကျဆုံးသွားခဲ့ရတယ်။
~~~~~~~~~~~~~~~~~~~~~~~
ပွေးတွေဟာ မြေကြီးထဲမှာ တွင်းတူးပြီး နေတယ်။ သူတို့ အစာရှာချိန်၊ လမ်းသစ်ဖောက်ချိန်ဟာ ဇယားဆွဲထားသလို အတိအကျ ရှိတယ်။ နေထွက်ပွေးဟာ မနက် ၆ နာရီဝန်းကျင်မှာ အစာရှာတယ်။ အဲဒါကို ပွေးစုံ့တယ်လို့ ခေါ်ပါတယ်။ ပြီးရင် ၆ နာရီခြား တစ်ခါ စုံ့တယ် (အစာရှာတယ်)။ မနက် ၆ နာရီ စုံ့တဲ့ပွေးဟာ နေ့လယ် ၁၂ နာရီမှာ တစ်ကြိမ်၊ ညနေ ၆ နာရီမှာ တစ်ကြိမ် စုံ့တယ်။
ဒီလိုပဲ နေထန်းတစ်ဖျားပွေးဟာလည်း မနက် ၈ နာရီမှာ စုံ့တယ်။ ပြီးရင် နေ့လယ် ၂ နာရီ နဲ့ ည ၈ နာရီမှာ ထပ်စုံ့မယ်။ ဆွမ်းခံပြန်ချိန်ပွေးဟာ နံနက် ၁၀ နာရီဝန်းကျင် စုံ့တယ်။ နေထွက်ပွေးဟာ နေ့တိုင်း မနက် ၆ နာရီမှာ စုံ့သလို ဆွမ်းခံပြန်ချိန် ပွေးဟာလည်း နေ့တိုင်း ဆယ်နာရီခန့်မှာ အစာရှာလေ့ရှိတယ်။
ဒါကို သိထားတဲ့ ပွေးထိုးသမားတွေက ပွေးစုံ့ပုံ (ပွေးကျစ်စာပုံ/ ပွေးတွင်းဝ) တွေကို လိုက်ကြည့်ထားပြီး ဒီပွေးက ဘယ်အချိန်မှာ စုံ့လဲ ဆိုတာ မှတ်သားထားလေ့ရှိတယ်။ ပြီးရင် ပွေးထိုးမယ့်နေ့မှာ အစဉ်လိုက်အတိုင်း ၆ နာရီကောင်၊ ၈ နာရီကောင်၊ ၁၀ နာရီကောင်၊ ၁၂၊ ၂၊ ၄၊ ၆ အစဉ်လိုက် ထိုးသွားတယ်။
~~~~~~~~~~~~~~~~~~~~~~~
ယုန်တွေလည်း ဒီလိုပဲ။ သူတို့ မြေတွင်းကနေ အစာရှာတဲ့ လမ်းလေးတွေ လုပ်ထားတတ်တယ်။ ယာတောထဲမှာ အပင်လေးတွေကို သူတို့ တစ်ကောင်စာ သွားနိုင်ရုံ အောက်ခြေတွေ ကိုက်ထားပြီး လှိုဏ်ဂူလေးလို လမ်းကြောင်းဖောက်ထားလေ့ရှိတယ်။ ဒါကို တောသမားတွေက ကိုက်လမ်း လို့ ခေါ်တယ်။ အဲဒီကိုက်လမ်းအတိုင်းသာ ပိုက်ထောင်ရင် သွားနေကျ ယုန်ကို မိတော့တာပဲ။
တောကြောင်တွေ ခွေးအတွေလည်း အစာရှာတဲ့ လမ်းကြောင်းကို ခြေရာကြည့်ပြီး သုတ်ကိုင်းထောင်လို့ရတယ်။ ဆယ်လ်မွန်ငါးတွေဟာ သားပေါက်ချိန်ရောက်ရင် စားကျက် ပင်လယ်ကနေ သူတို့ ဇာတိကို ပြန်ကြတယ်။ မြစ်ကို ဆန်ရတယ်၊ ရေတံခွန်ကို ကူးတက်ရတယ်။ ဒါကို သိထားတဲ့ လူတွေ၊ စပါးကြီးမြွေတွေ၊ ဝက်ဝံတွေဟာ ဆယ်လမွန်ငါး ဥချိန်ရောက်ရင် ရေတံခွန်၊ ချောင်းကျဉ်း စတဲ့ ဖမ်းနေကျနေရာတွေကနေ ပိုက်ချ၊ အိုက်ပက်၊ ဆီးဖမ်းစားကြတယ်။
ချိုးတွေမှာလည်း သူတို့သဘာဝအရ ပုံစံအတိအကျ ရှိတယ်။ ချိုးတွေဟာ အပင်ကြီးတစ်ပင်မှာ စုပြီး အုပ်လိုက် အိပ်တန်းတက်လေ့ရှိတယ်။ နွေရာသီမှာ တောင်လေနီကြမ်း တိုက်တာကြောင့် အပင်ရဲ့ မြောက်ဘက်ကိုင်းတွေမှာ အိပ်ကြတယ်။ မိုးရာသီမှာ မိုးက အဘက်ဘက်က ပက်တတ်လို့ အလယ်ကိုင်းတွေမှာ စုအိပ်တယ်။ ဆောင်းဆို မြောက်ပြန်လေကြောင့် တောင်ဘက်ကိုင်းတွေမှာ အိပ်တန်းတက်လေ့ရှိကြတယ်။ သဘာဝကပေးတဲ့ အသိပေါ့။
ချိုးထဲမှာမှ ချိုးနီပု တွေဟာ ကင်းသမားနှစ်ကောင် အမြဲထားအိပ်တယ်။ တစ်ခုခု အန္တရာယ်နဲ့ကြုံရင် ကင်းသမားတွေ မပျံဘဲ ဘယ်တော့မှ တစ်ကောင်မှ မပျံဘူး။ ကင်းသမား ၂ ကောင် ထ ပျံလို့ အန္တရာယ်ကင်းတော့မှ သူပျံတဲ့ လမ်းကြောင်းအတိုင်း တစ်အုပ်လုံး လိုက်ပျံထွက်ကြတယ်။
ဒါကို သိတဲ့ ချိုးရိုက်သမားတွေဟာ ဆောင်းရာသီဆို တစ်ယောက်က တောင်ဘက်က ခြောက်ပြီး တစ်ယောက်က မြောက်ဘက်က ပိုက်နဲ့ ရိုက်ချဖို့ စောင့်တယ်။ ကင်းသမား ၂ ကောင်ကို လွှတ်ပေးလိုက်ပြီး အန္တရာယ်ကင်းပြီထင်လို့ ထွက်လာတဲ့ ချိုးတွေကိုမှ အုပ်လိုက် ရိုက်ချတယ်။ လောဘကြီးပြီး ကင်းသမားချိူးတွေကို ရိုက်မိရင် ကျန်တဲ့အကောင်တွေက မိုးပေါ်ထောင်တက်ကုန်ကြရော။ ဒါ့ကြောင့် အခွင့်အရေးသမားတွေဟာ ဓလေ့ကို သိထားပြီး ပိုင်ကွက်ကို စောင့်ကြတာပေါ့။
အချိန်တိကျတာ ကောင်းပါတယ်။ လုပ်နေကျအတိုင်း အတိအကျ ဇယားချပြီး ပုံမှန်လုပ်တတ်တာ ကောင်းပါတယ်။ ဒါပေမယ့် အခွင့်အရေးသမား၊ အကြံသမားနဲ့ တွေ့တဲ့အခါ အဲဒါတွေဟာ ပျော့ကွက် ဟာကွက် နိုင်ကွက် ဖြစ်သွားတတ်ပါတယ်။ လူ ဆိုတာ အကောက်ကျစ်ဆုံး ဥာဏ်အများဆုံး သတ္တဝါပါ။ သွားနေကျလမ်းကြောင်း၊ အချိန်မှန်မှုနဲ့ ပုံမှန် လုပ်တတ်တဲ့ ဓလေ့စရိုက်ဟာ တစ်ချိန်ချိန်မှာ အသုံးချစရာ အားနည်းချက်လည်း ဖြစ်သွားနိုင်တယ် ဆိုတာ သတိထားမိစေချင်ပါတယ်။

Written by သင်္ခရာဇာ
End date: March 14, 2022


အညတြ အာဇာနည်

ငကံသည် တပ်မှူး လက်ျာဘီလူးတပ်မှ သွေးသောက်တစ်ယောက် ဖြစ်သည်။ သွေးသောက် ဆိုသည်မှာ သွေးသစ္စာရည် သောက်ထားသူကို ဆိုလိုခြင်းမဟုတ်။ တပ်သား ၅ ယောက် ၁ အိုးစား၊ ၂ အိုးစား ၁ တပ်ကြပ်၊ ၅ တပ်ကြပ် ၁ သွေးသောက် ဟူသည့် မြန်မာ့တပ်မတော်မှ လူ ၅၅ ယောက်ကို အုပ်ချုပ်ရသည့် သွေးသောက်ကြီးအဆင့် ရထားသူကို ဆိုလိုခြင်း ဖြစ်သည်။

လက်ျာဘီလူးအကြောင်းကို ရှေးမဆွကပင် ပုံပြင်သဖွယ် ကြားဖူးခဲ့ရသည်။ အလောင်းမင်းတရားကြီးကိုယ်တိုင် သွားရောက်ရှာဖွေ ခေါ်ငင်ခြင်း ခံရသူ၊ အလာင်းမင်းကြီးလူ ဟု ဆိုလိုက်သည်နှင့် ဗိုလ်ချုပ်ကြီး မင်းခေါင်နော်ရထာ အပြင် လက်ျာဘီလူး ကိုသာ ပြေးမြင်ကြသည် အထိ ၂ ဦးသား အတွဲညီလှသည့် အလောင်းမင်းတရား အားအထားရဆုံးသူ ၂ ဦး၊ ကုန်းဘောင်တပ်များတွင် ဘီလူးတစ်ကောင် ကူတိုက်ပေးနေသည်ဟု ယုံတမ်းသဖွယ် ပြောဆိုလေ့ ရှိကြသူ၊ အစွမ်းထက်သော်လည်း မည်သည့်အခါတွင်မှ ရာထူးတိုးမြှင့်ခြင်း မခံရသလို အမိန့်မနာခံသည့်နေရာတွင် ကျော်ကြားသလောက်လည်း မည်သည့်အခါတွင်မှ အပြစ်ပေးခြင်း မခံရသသူ၊ ထိုကဲ့သို့ ထူးခြားချက်များဖြင့် ပြည့်နှက်နေသော သူ၏ တပ်တွင်မှ ငကံ အမှုထမ်းရသည်။
သူလည်း ရောက်ခါစက တပ်မှူး လက်ျာဘီလူးကို အလွန်အံ့သြမိသည်။ မည်မျှ အမိန့်မနာခံစေကာမူ အခြားသူများဆိုလျင် အကွပ်ခံရလောက်သော်လည်း လက်ျာဘီလူးကိုမူ အလောင်းမင်းတရားကိုယ်တိုင် ဘေးမဲ့ပေးထားသည် ဟု ဆိုကြသည်။ ဟုတ်လည်း ဟုတ်လောက်သည်။ တိုက်ပါ ဆိုသော်လည်း လက်ျာဘီလူးက တိုက်ချင်မှ တိုက်သည်။ မတိုက်နှင့် ဆိုသော်လည်း သူ့ဘာသာ ရှိသည့်လူနှင့် တက်တိုက်ချင် တိုက်နေတတ်သည်။
ငကံကတော့ သူ့တပ်မှူးကို လေပွေမုန်တိုင်းတစ်ခုလို ထင်သည်။ နိုင်မည် ထင်ရသည့် တိုက်ပွဲတစ်ခုကို ဗိုလ်မှူးမင်းသားများကိုယ်တိုင်တိုင် ဦးဆောင်၍ တိုက်သော်လည်း လက်ျာဘီလူးက မတိုက်၊ နိုင်လည်း မနိုင်တတ်။ အချို့တိုက်ပွဲများကို အချည်နှီးဟု ဆိုကာ ဝင်မတိုက်သည်လည်း ရှိသည်။ တစ်ခါတစ်ရံ လေငြိမ်သလို ငြိမ်နေတတ်သလောက် သူမွှေပြီ ဆိုလျင်တော့ မည်သူ့ကိုမျှ မစောင့် မည်သည့်အမိန့်တော်မျိုးကိုမှ မကြောက်တော့ဘဲ နောက်ဓားထက် ရှေ့ဓားကိုပဲ အာရုံစိုက်တော့သည်။
ပြင်းထန်လှသော တိုက်ပွဲများတွင် လက်ျာဘီလူးအနားက တိုက်ခိုက်ရသောအခါ ငကံ သတိပြုမိသည်က တပ်မှူးသည် အစုအဖွဲ့အားဖြင့် တိုက်နေသည်မဟုတ်၊ လေပွေမွှေ့နေသလို တစ်ဦးတည်း တိုက်နေသည့်ပုံမျိုး ဖြစ်သည်။ သူ့တပ်ကို အားပြု၍ တိုက်သည်မဟုတ်ဘဲ သူ့တပ်ကသာ သူ့ကို အားပြု၍ တိုက်နေရပုံ ပေါ်နေသည်။ သူ့ဘာသာ တိုက်သွားရင်း တပ်ကို ညွှန်ကြားသွားသည်။ ညွှန်ကြားပုံမှာလည်း စေလွှတ်လိုသူကို မျက်လုံးဝေ့ကြည့်လျက် ဓားဦးညွှန်ပြခြင်းမျိုးသာ ဖြစ်သည်။ သူ့သဘောကို ငကံတို့ အကြပ် သွေးသောက်များက မနောကြေညက်နေရသည်။ ထိုသို့ သိအောင်လည်း စစ်ရေးလေ့ကျင့်စဉ်ကတည်းက ထိုပုံစံအတိုင်းသာ ညွှန်ပြ ပြောဆိုလေ့ ရှိသည်ကိုး။
ထို့ပြင် တစ်ချက် ရာထူးငယ်သူများနှင့် တန်းတူရည်တူများက လက်ျာဘီလူးကို သဘောမကျကြသလောက် အလောင်းမင်းတရားကြီး ကိုယ်တော်တိုင်နှင့် သားတော်ကြီး အိမ်ရှေ့မင်း၊ ဗိုလ်ချုပ်ကြီး မင်းခေါင်နော်ရထာတို့လို ရာထူးကြီး ထိပ်ပိုင်းခေါင်းဆောင်များကမူ အထူးအရေးပေး ဆက်ဆံခဲ့ကြသည် တဲ့။ အလောင်းဘုရားဆိုလျင် ဆွေတော်မျိုးတော် မြင်းရည်တက် လူဟောင်းများထက်ပင် လက်ျာဘီလူးအပေါ် ရင်းနှီးဖော်ရွေစွာ ခေါ်ပြောဆက်ဆံတတ်သတဲ့။ အလောင်းမင်းကြီး ရှိစဉ်အခါက လက်ျာဘီလူးသည် မင်းခေါင်နော်ရထာပြီးလျင် အကြီးဆုံး စစ်ကဲဗိုလ်ချုပ်ကြီး ဖြစ်ခဲ့ပြီး တပ်တော်များ အားလုံးကို အုပ်ချုပ်ခဲ့ရဖူးသတဲ့။ ဒါ့ကြောင့်ပင် အလောင်းမင်းကြီးလူ ဟု အမည်တွင်လာခြင်း ဖြစ်သတဲ့။
ယခုလည်း ဝန်ကြီး မဟာသီဟသူရ အပါအဝင် စစ်သူကြီး တိမ်ကြားမင်းခေါင်တို့က ပစားပေးထားကြပုံ ပေါ်နေသည့်အတွက် အခြား စစ်ကဲ ဗိုလ်မင်းအချို့က ကျေနပ်ကြပုံ မရ။ သို့သော် လက်ျာဘီလူးကို မထိရဲကြချေ။ မလို၍ သွားတိုင်လျင် ဗိုလ်မှူး ဝန်ကြီးများက ဆိုးသွမ်းသူ လက်ျာဘီလူးကို အရေးမယူကြဘဲ ချောစားသူသာ မျက်နှာမရ ရှိတတ်သည်။ ပါရမီထူးသည့်သူပါပေ။
တစ်ခါတစ်ရံတွင် ငကံသည် သူ့တပ်မှူးကို အလွန်အထင်ကြီးသည်။ အနစ်နာခံသည့်နေရာ၊ မပြောဘဲ လုပ်ပြတတ်သည့်နေရာ၊ ကြမ်းရ ရမ်းရမည့် နေရာတို့တွင် တပ်မှူးကို မီသူမရှိဟု ထင်သည်။ တစ်ခါတစ်ရံတွင်တော့ လက်ျာဘီလူးကိုယ်တိုင် ရန်သူ့ဆင်ပေါ်တက်၍ ခုတ်သည်ကို ငကံတို့ မျက်မြင်ပင် ဖြစ်သော်လည်း ဆုချီးမြှင့်သည့်အခါ သူက ငြိမ်နေတတ်သည့်အတွက် အခြား တစ်ဦးဦးက ပျံချီဘွဲ့ ရသွားတတ်သည်။ ထိုအခါမျိုးတွင် ကြားက မချင့်မရဲ ဖြစ်နေရတတ်သည်။ သူ့တပ်မှူးသည် အဘယ့်ကြောင့်မသိ လက်ျာပျံချီ ဘွဲ့ကို အကြိမ်ကြိမ် ငြင်းဆန်ခဲ့သည် ဟုလည်း ကြားရဖူးသည်။
ကြံရည်ဖန်ရည် တွင် တပ်မှူးသည် အလောင်းမင်းတရားကို မမီတောင် မလျော့ဟု သူ ထင်သည်။ အလောင်းဘုရားသည် ကပ်မရသည့် မြို့ရိုးကို ခြင်းကြားရက်၍ ကောက်ရိုးထည့်ပြီး လှိမ့်ကာ အကာအကွယ် ယူတတ်သလို လက်ျာဘီလူးသည်လည်း ဖောက်မရသည့် လှေတပ်ကို ဖောင်တွင် ဆီအိုးတင်၍ ဒိုက်အုပ်လျက် လေတင်မှ မျှောချ မီးရှို့ပစ်ခဲ့ဖူးသည်။
တက်မရသော မြို့ရိုးပေါ်မှ ရန်သူများကို အလောင်းဘုရားက ငရုတ်သီးညှော်တိုက်ကာ ဆင်းပြေးစေခဲ့သလို လက်ျာဘီလူး၏ လျှပ်တပြက် စစ်ဆင်သော ဗျူဟာအသစ်များကလည်း ထူးခြား ပြောင်မြောက်လှသည်။ အထူးသဖြင့် အခြေအနေကို ကြိုတင်တွက်ဆကာ အလျင်အမြန် အကွက်ချ စီမံလိုက်သည်များကြောင့် အလွယ်တကူ အောင်ပွဲရခဲ့သည်က များလေသည်။
ထိုသို့ သတ္တိ ဗျတ္တိ ပြည့်ဝသော လက်ျာဘီလူးမှာ အကယ်စင်စစ် ဗိုလ်ချုပ်မဟုတ်တောင် ဗိုလ်မှူးအဆင့်တော့ အနိမ့်ဆုံး ဖြစ်နေသင့်သည်ဟု ငစံ ထင်မိသည်။ သို့သော် လက်ျာဘီလူး ကန့်လန့်တိုက်တတ်သည်က အာဏာပြင်းလှသော ဆင်ဖြူရှင် မင်းတြားကိုပင် အမိန့်မနာခံဘဲ ပြန်လှန်ပြောလိုက်သေးသည် ဟု ဆိုကြသည်။ သေချာပေါက် အကွပ်ခံရမည့်ဘေးမှ မည်သို့ လွတ်လာခဲ့သည်တော့ မပြောတတ်၊ သူကတော့ ယခုထိ သက်ဆိုးရှည်နေလေသေးသည်သာ ဖြစ်၏ ။
တစ်ရက် သိန်းနီတိုက်ပွဲတွင် လက်ျာဘီလူး ရှေ့ဆုံးမှ ဝင်ပြီး တရုတ်တုိ့ အပြေးကို လိုက်ထပ်ရာ ငကံတို့ နောက်မှ အပြင်းလိုက်သွားရသည်။ တပ်မှူးပေါင်ကို လှံတိုတစ်စင်းစိုက်ဝင်သွားသည်ကို မြင်ရသည်။ မြင်းမှ ကျပြီ ထင်သော်လည်း မကျဘဲ တရုတ်တပ်တွင်းတိုင် လိုက်၍ လှံနှင့်ပစ်သူကို ဆွဲထုတ်လာပြီး နှစ်ဖက်စစ်သည်များ အကြားတွင်ပင် အမျက်ချောင်းချောင်း ထသော မျက်လုံးများဖြင့် ထိုတရုတ်ကို ခုန်အုပ်ကာ လည်ကို ကိုက်ပစ်လိုက်သည်မှာ အသားမျှင်များ ပြတ်သတ်ထွက်သွားသည်။ ငကံ တပ်မှူးကို ပြေးဆွဲသောအခါ လူစိတ်ပျောက်၍ လူသားစားတော့မယောင် ရှိနေလေသည်။
ထိုအဖြစ်အပျက် ဖြစ်ပြီးသောအခါ လက်ျာဘီလူး၏ သတင်းသည် အလွန်ကြီးသွားတော့သည်။ ဘရင့်နားအထိ ပေါက်၍ ဆင်ဖြူရှင်ပင် အလွန်အားရသဖြင့် လက်ခမောင်းထခတ်သော ဟူ၏။ ရာဇဂုမ္ဘာန် ဟူသည့် ဘွဲ့အမည်လည်း ချီးမြှင့်လိုက်သည်။ သို့သော် ထိုအချိန်တွင် တပ်မှူးမှာ အနာသည်းလျက် ရှိပြီ။
အနောက်သို့ ပို့၍ ဆေးကုခံရသူများတွင် ငကံငယ်လည်း ပါသည်။ တပ်မှူးကို ပြေးဆွဲစဉ် သေနတ် ၂ ချက် သင့်ခံရသောကြောင့် ဖြစ်၏။ ငကံကတော့ မဖျား၊ ရင်ညွန့်မှ ပေါက်ထွက်သွားသော ဒဏ်ရာကိုသာ ဆေးထည့်နေရသည်။ ထိုစဉ် နောက်ဆုံး စစ်ကြီးအတွက် တိုက်နိုင်သူ တိုက်ရန် အမိန့်ရောက်လာသည်။ တပ်မှူးက သူတိုက်မည် ဟု စာရင်းပေးလိုက်သည်။ အမြောက်ဆံ ထိထားသူ မင်းရဲကျော်ထင်က ထ၍
"သင် အရဲကိုးလှသည်။ အနာလည်း မပျောက်သေး၊ အဖျားလည်း ရှိသည်။ ကိုယ့်ကိုယ်ကိုယ်မှ အနိုင်နိုင်၊ အဘယ်သို့ ရှင်နိုင်မည်နည်း။ နောင်စစ်ပွဲမရှိဟု ပြောမရ၊ သင့်ကိုယ်သင် ချန်ကောင်းတကား"
တပ်မှူးသည် သွေးဆုတ်ဖြူဖျော့နေသော မျက်နှာနှင့် တည်ငြိမ်အေးစက်သည့် မျက်လုံးများဖြင့် မင်းရဲကျော်ထင်ကို ကြည့်လိုက်ပြီး…
"အဆွေ... ငါ့အနာ အရှင်း မပျောက်သေးသည် မှန်၏ ။ သို့သော် အရှည်ကို လို၍ ငါ့ကိုယ်ငါ ချန်ခဲ့လျင် ငါ့ရဲဘော်ရဲဘက်များ ငါ့အစားပို၍ အသက်စွန့်ရလိမ့်မည်။ ယခု ငါတိုက်သော်ကား ရဲမက် တစ်ရာစာမက စွမ်းနိုင်သေးသည်။ တရုတ်တို့လည်း ငါ့အား ကြောက်ရွံခန့်ညားလှသည် ကြား၏။ ဤအရာ၌ ငါ့အား ရဲမက် အရာအထောင် မီမည်လော။
ယခု ငါ စွန့်၍ တိုက်သော် တရုတ်တပ်ဦး အလိုလို ပျက်နိုင်သည်။ အလွယ်ရတော့မည်ကို ငါ မထွက်ခဲ့ချေလျင် ငါ့အစား ငါ့လူများ ထိခိုက်ရှနာခဲ့သော် ယခု ငါရသော အမည်သည် အချည်းနှီးသာ။ တစ်ရာအတွက် တစ်ဦးတည်းက စွန့်သင့်ပါသည်''
လက်ျာဘီလူး၏ စကားများသည် အခြားသူများတော့ မသိ။ ငကံ့ရင်တွင်းတွင်တော့ သွေးတဖျဉ်းဖျဉ်း ထ ကာ ပူနွေးတောက်လောင်လာရသည်။ တပ်မှူးက မည်သူ့ကိုမှ မကြည့်။ နှင်းကျနေသော ပြတင်းမှ တောတောင်ရှုခင်းကို ငေးရင်း…
''ငါ မပြန်နိုင်မည်ကို မကြောက်။ ငါ့တိုင်းပြည်အတွက်
သူရဲကောင်းများ နစ်နာမည်ကိုသာ စိုးလှသည်။
အနစ်နာ မခံဝံ့လျင် အာဇာနည်ပင် ရှိမည် မဟုတ်။
ထင်ရှားကျော်ကြားသူကို အာဇာနည်ဟု မဆိုသာ။
တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်လွှတ်နိုင်သူကိုသာ
အာဇာနည် ဟု ခေါ်သည်။
သူရဲကောင်းဟူ၍ နောက်ချန်နေခဲ့လျင်
သမိုင်းဝယ် ရှက်ဖွယ် ဖြစ်လိမ့်မည်။
ယခု ငါသည် ငါမဟုတ်၊ တိုင်းပြည်ဝန် ထမ်းသသူ၊
ပြည်၏လူသာ ဖြစ်သည်။ ငါ့အတွက် ငါမကြည့်နိုင်လေ။
ငါ မရှိသော် ငါ့သွေးသောက် ရဲမက်တော်များ အမှုတော်ကို
ဆက်လက် ထမ်းဆောင်နိုင်လိမ့်မည် ဟု ယုံသည်။
သူတို့အတွက် ငါသည် စံပြသာ ဖြစ်ရမည်၊ သူတို့သွေးအပေါ်
ငါ မျက်ရည်ကျနေ၍ အဘယ်အကျိုး ရှိမည်နည်း"
သူ၏ စကားသည် ရှည်၏ ။ ရှင်း၏ ။
သူ၏ သဘောထားကို ပေါ်လွင်စေ၏ ။
ရဲစိတ်ရဲမာန်များ တဖွားဖွား ထကြွလာစေ၏ ။
မင်းရဲကျော်ထင်ပင် လဲနေရာမှ ထ၍...
"အို.. သွေးသောက်၊ သင် နှလုံးဝမ်းကြီးလှသည်။
သင့်စကား ရာဇဝင် တင်အောင် ခန့်ညားလှသည်။
ငါ့ကိုယ်ငါ နာသည်ဟူ၍ လှဲနေမိသည်။ ငါမြင်ပါပြီ။
ယခုပင် သင်နှင့်အတူ ထွက်တိုက်တော့မည်"
ဟု ဆိုလျက် ဓားလွတ်ကိုင်ကာ ကြုံးဝါးလေသည်။
ငကံလည်း ဖျင်အင်္ကျီ ဝတ်ကာ ရင်ကို ပုဝါစည်းသည်။ အခြား ဒဏ်ရာရသူများလည်း ထလာကြ၏ ။
တပ်မှူး ရာဇဂုမ္ဘာန်သည် ညဉ့်ကို တက်မည်ဟူ၍ လူတစ်ရာ ရွေးသည်။ ငကံ လိုက်ချင်လှသော်လည်း တပ်မှူးက မခေါ်၊ သူ့တပ်သား သူ့လက်ထောက် သွေးသောက်ကြီး ဟူ၍ မျက်နှာလိုက်ခြင်းမရှိ။ မြော်မြင်တတ်သော ပုတ္တစံလွန်နှင့် ရန်လိုကျွဲဟု ကျော်သော အရေးလွန်တို့ကို ခေါ်သည်။ ဇေယျပျံချီ၊ တုရင်သိပ္ပ၊ နေမျိုးရွှေတောင်၊ သွေးသောက် ငရွှေတုိ့ ပါ၏။ တကယ် နွှဲရမည့် ပွဲကျမှ မလိုက်ရသဖြင့် ငကံ ဝမ်းနည်းနေသလောက် ရန်လိုကျွဲတို့ကား ငရဲမှာ အောင်သေအောင်သား စားရတော့မည်ဟု ဝမ်းသာအားရ ကြွေးကြော်နေကြကုန်၏ ။
ထိုတိုက်ပွဲတွင် မြို့တွင်းမှ မီးရောင်ကို မြင်သည်နှင့် တပ်တော်များ ချီမည် ဟု စောင့်နေကြသော်လည်း မိုးသောက်လုမှ မီးလျှံက တက်လာသည်။ ငကံသည် သူ့တပ်မှူး အပါအဝင် ဒဏ်ရာပြင်းသော ရွေးတော်စု တစ်ရာသားအတွက် အလွန် စိုးရိမ်နေမိလေသည်။ လူ တစ်ရာမျှနှင့် ရန်သူ့တပ်တွင်းမှာ မည်မျှ ခံနိုင်ကြမည်နည်း။ ယခင်အချိန်များလို သန်စွမ်းမောက်မာလှသည်လည်း မဟုတ်။ ထို့ကြောင့် တပ်တော်များ မြို့ကို ကပ်မိသည်နှင့် ပွင့်ဟနေသော မြို့တံခါးကို အတင်းတိုးတိုက် ဝင်ကြသောအခါ ညဉ့်တက် လူတစ်ရာမှာ မရှိတော့သလောက်ပင် ဖရိုဖရဲ ပြန့်ကျဲလျက်။
တပ်မှူး လက်ျာဘီလူးကိုမူ ဘယ်မှာမှ မတွေ့။ မြင်းကြီး တိမ်ပျံ၏ အစအနပင် ရှာမရ။ သူရဲတော်များထဲမှ အသက်ငွေ့ငွေ့ ရှိသေးသူ တစ်ဦးကို တွေ့သဖြင့် မေးကြည့်ရာ တရုတ်စစ် ပြေးရာဘက်သို့သာ လက်ညှိုးညွှန်ပြနိုင်သည်။ ငကံတို့လည်း ခဏမဆိုင်း လိုက်ကြ၏ ။ လမ်းတွင် တပ်မှူး ကိုင်စွဲနေကျ သန်လျက်မည်းကြီး တရုတ်ဗိုလ်တစ်ဦးကျောတွင် စိုက်လျက် တွေ့သည်။ ထို့နောက် တရုတ်စစ်သား အလောင်းများ။
ထိုစဉ် မြင်းဟီသံကြားပြီး တိမ်ပျံ ပြန်ပြေးလာသည်။ သူတို့ကိုပင် တိုးတိုက်သွားသေးသည်။ ဇက်ကြိုးဆွဲမရ ဖမ်းမရ အကဲလည်း မရသဖြင့် ဆက်လိုက်ကြသည်။ ရေစီးသန်သော ချောင်းတစ်ခု နံဘေးမှာ တရုတ်ဗိုလ်မှူး အလောင်း ၃ လောင်းသာ မြင်းနှင့်တကွ တွေ့ရ၍ တပ်မှူး၏ အရိပ်အယောင်ကိုကား မတွေ့ရတော့။ ထိုနေ့မှ စ၍ လက်ျာဘီလူး ဒဏ္ဍာရီများလည်း တစ်ခန်းရပ်သွားသည်မှာ မည်သည့်အခါတွင်မျှ မည်သူမျှ တပ်မှူးကို နောက်ထပ် မမြင်မတွေ့ကြရတော့ချေ။

Written by သင်္ခရာဇာ
End date: March 12, 2022

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...