Translate

မုဆိုးဘိုတိုက်ပွဲ

အင်းဝ နေပြည်တော်ကို မွန်တို့ သိမ်းပိုက်ပြီး၍ မုဆိုးဘိုရွာသို့ သစ္စာပေးရန် သံစေလိုက်သော အချိန်တွင် ကွေ့လဝ တို့၏ သံများလည်း သစ္စာတိုက် လာသည်နှင့် ဆုံနေလေသည်။ ထိုအခါ မုဆိုးဘို ရွာသူကြီး ဦးအောင်ဇေယျ နှင့် နောက်လိုက်နောက်ပါ ဆွေမျိုးတစ်စုတို့ တိုင်ပင်ကြရာ အချို့က ဦးရီးတော်သမက် စည်သာမင်းကြီး ကွေ့တို့လက်ဝယ် ရှိသည်ဖြစ်၍ ကွေ့ထံ သစ္စာခံသင့်သည် ဆိုကြ၏ ။ အချို့ကမူ အင်အားကြီးသည့် မွန်ကို သစ္စာခံသင့်သည် ဆိုကြ၏ ။

ဦးအောင်ဇေယျက
''ခေါင်းတစ်လုံးဖြင့် ရေအိုးနှစ်လုံး မရွက်သာ။ မည်သူ့သစ္စာမှလည်း မခံလို။ ငါကြံပြမည်'' ဟု ဆို၏ ။ ဆိုသည့်အတိုင်း နှစ်ဖက်သံတို့ကို တွေ့ဆုံပြီးလျင်…
''ယခု သစ္စာပေး လာကြရာတွင် နှစ်ဦးသစ္စာကို ခံလျင်လည်း မဟုတ်မမှန်ရာ။ သစ်နှစ်ဖက်ကြား ဝါးညပ်သကဲ့သို့ ဖြစ်သဖြင့် မွန်နှင့် ကွေ့တို့ တစ်ဦးကို တစ်ဦး နှိမ်နင်းနိုင်မှ သစ္စာကို ခံပါမည်''
ဟု ဆိုလိုက်သည်။ သံတို့လည်း မငြင်းနိုင်၍ ပြန်ကြလေသည်။ ကွေ့သံတို့ကို လက်ဆောင်ပဏ္ဍာနှင့် ပြန်ပို့လိုက်ရာ ကွေ့မင်း ဂုဏ္ဏအိမ် သဘောကျသောကြောင့် စည်သာမင်းကြီးကို မုဆိုးဘိုသို့ ပို့ပေးလိုက်သည်။ မွန်သံ ၃၀ ကိုမူ ဦးအောင်ဇေယျက လူတစ်ရာနှင့် လုပ်ကြံစေရာ မွန် ၂ ယောက်သာ လွတ်၍ အင်းဝမြို့ ပြန်ရောက်လေသည်။
ထိုအခါ အဝမြို့စောင့် ဗိုလ်မှူး တလပန်း သိလျင် တပ်သုံးတပ်တွင် လူတစ်ထောင်နှင့် မြင်း နှစ်ရာစီ၊ သေနတ်စွဲသူရဲ ၅၅၀၀ နှင့် စုစုပေါင်း စစ်သည် ၉၀၀၀ ကျော်ကို မုဆိုးဘိုသို့ တိုက်ဖျက်ရန် လွှတ်လိုက်လေသည်။
မွန်တို့ ချီလာပြီ ကြားလျင် ဦးအောင်ဇေယျသည် စစ်ရေးအတွက် ပြင်ဆင်ရတော့သည်။ ငအိုနှင့် ငနည် တပ်မှူး နှစ်ဦးကို သေနတ် ၅၀၊ လေးသမား ၅၀၊ ဓားလှံကိုင် ၅၀၊ တင်ကျည်းတုတ်ကိုင် ၅၀ စီနှင့် စုစုပေါင်း လူ ၄၀၀ ကို နှစ်စုခွဲ၍ တပ်မှ ထွက်ပြီး အရှေ့ချောင်းနား ကျောင်းတွင်း ပုန်းနေစေသည်။ တပ်တွင်း၌ ငစိန်ငုံ၊ ငသွင်၊ ငကောင်း၊ ငနှောင်း လေးဦးကို လူ ၈၀၀ ခန့်နှင့် အသင့်အနေ ပြင်ထားစေလေသည်။
မြင်းခေါင်း ဒေဝသီဟတုရင် ကိုမူ မွန်သံတို့ကို ကြိုဆိုရန် စေလွှတ်လိုက်သည်။ မွန်တို့ ရောက်လာ၍ သံတဲသို့ ခေါ်ဆောင်လာစဉ် ငနည်တပ်မှ ဘုန်းကြီးကျောင်းသားဟန် ဆောင်နေသော လက်ျာဘီလူးကို မွန်တပ်မှူး စစ်တောင်းဗိုလ် မြင်လျင် ဦးမင်းသိုက်ကို လုပ်ကြံခဲ့သူမှန်း သိသဖြင့် အနီးရှိ ဒေဝသီဟတုရင်ကို ရုတ်တရက် လှံနှင့် လှည့်ထိုး၏ ။ မရှောင်မတိမ်းနိုင် တစ်ချက်တည်း သေလေသည်။
စစ်တောင်းဗိုလ်က လှံနှင့်ထိုးသည်နှင့် လက်ျာဘီလူးလည်း ဝှက်ထားသော လေးကို ဆွဲယူ၍ စစ်တောင်းဗိုလ်ကို ပစ်သည်။ ရှေ့မှ မွန်မြင်းသည်ကိုသာ ထိ၍ ကျလေသည်။ ငနည်နှင့် ငအိုတို့လည်း ကြွေးကြော်၍ မွန်တို့ကို အတင်းဝင်တိုက်သည်နှင့် တပ်တွင်းမှ တပ်မှူးလေးဦးလည်း ထွက်လာကြပြီး တရကြမ်း ဝင်ရောက်တိုက်ခိုက်ကြသည်။ မွန် ၂၀၀၀ ကျော် သေသောအခါ ကျန်မွန်စစ်သည်များ တပ်ပျက်၍ ပြေးကြတော့၏ ။
မွန်စစ်သူကြီး တလပန်းလည်း အင်းဝမြို့တော်နှင့် မင်းဧကရာဇ်ပင် ငါတို့ကို မခံနိုင်၊ ထန်းလုံးတပ်မျှကို ခံနိုင်မည်လော ဟု တပ်ကိုးတပ်တွင် စစ်သည် သုံးသောင်း၊ မြင်း တစ်ထောင်၊ သေနတ် ၅၀၀၀၊ အမြောက် ၅၀ နှင့် မုဆိုးဘိုတပ်ကို အပျက်ဖျက်၍ မီးရှို့ရန် မှာထား စေလွှတ်လိုက်ပြန်သည်။
တိုက်ပွဲ မတိုက်ရခင် ဒေဝသီဟတုရင် ကျဆုံးရသည်ကို လက်ျာဘီလူးကြောင့်ဟု အချို့က ပြောဆိုနေကြသည်။ ဦးအောင်ဇေယျ ကြားသော်လည်း မည်သို့မျှ မဆို။ မြင်းရည်တက် ၆၈ ယောက်ကို ခေါ်၍ ယခု မွန်တပ်အင်အားကြီးကို တိုက်နိုင်မည်လား ဟု မေးရာတွင် ငအောင်တင် ဆိုသူက တိုက်နိုင်မည် မဟုတ် ဟု ဆိုသည်နှင့် ဓားကို ထုတ်၍ ကျောကို ဓားပြားနှင့် ရိုက်လေသည်။
တကယ်ခုတ်ပြီ အထင်နှင့် ကြောက်လန့်ကာ တပ်မှ ထွက်၍ တိုက်ကြပါမည် ဆိုကြသော်လည်း အလောင်းဘုရား စကားပြန်မပြောတော့ချေ။ တပ်မြို့ရိုး အရပ်လေးမျက်နှာတွင် လူ နှစ်ထောင်ကျော်စီ အစောင့်အနေခန့်ကာ မြို့တွင်းက နှစ်ထောင်ကျော်ကို အသင့်ပြင်ထားစေသည်။ စုစုပေါင်း လူ ၁၁၀၀၀ ကျော် မုဆိုးဘိုတပ်တွင်းက ခံသည်ကို မွန် ၃၆၀၀၀ ကျော် သေနတ်စိန်ပြောင်း တဒိုင်းဒိုင်းပစ်ဖောက်၍ တပ်ကို ကပ်ကာ တက်လာကြသည်။ တပ်စီးများ နောက်မဆုတ်တမ်း ခုခံကြရာ သုံးကြိမ်တိုင် တိုက်ပွဲဖြစ်ပွားသော်လည်း မွန်တို့ မကပ်နိုင်။
သို့ဖြင့် မွန်တို့သည် လက်မရွံ့ သူရဲ ၅၀၀ ရွေး၍ အရှေ့တောင်ထောင့်တွင် ပုန်းအောင်းနေစေပြီး ညဉ့်အချိန် အရှေ့မျက်နှာကို ပစ်ခတ်ကာ စစ်ယောင်ပြကြသည်။ မုဆိုးဘိုတပ်များ အရှေ့မျက်နှာကို အာရုံစိုက်နေစဉ် အရှေ့တောင်ထောင့်မှ မွန်သူရဲ ၅၀၀ လည်း တပြိုင်တည်းတက်၍ တိုက်ကြရာ တပ်စီးတပ်နင်းများ မခုခံနိုင်သောကြောင့် တပ်ပေါက်လျက် မွန် သူရဲကောင်း ၅၀ ခန့် တပ်တွင်း ရောက်လာလေသည်။
တပ်တွင်း လှည့်လည်လာသော ဗိုလ်မှူး ကျော်စံနှင့် မြင်းသည်တော်များ တွေ့သဖြင့် ထိုးခုတ်ကြရာ မွန် ၃၀ ကျော် သေမှ ကျန် ၁၀ ယောက်ကျော် ထွက်ပြေးကြ၏ ။ တပ် အနောက်ဘက်တွင်လည်း မွန်တို့ ငြိမ်သက်နေသည်နှင့် မသင်္ကာသောကြောင့် လက်ျာဘီလူးက တိတ်တဆိတ် ထွက်ကြည့်ပါရစေဟု ခွင့်တောင်း၏ ။ မင်းကျော်ပျံချီ ဘွဲ့ခံ သေနတ်ဝန် ငကောင်းက ''တပ်နားသို့ မကပ်နှင့်။ သူ့ပရိယာယ်ကို သိရုံသာ ပြု၍ ပြန်ခဲ့'' ဟု လွှတ်လိုက်သည်။
လက်ျာဘီလူး သေနတ်စွဲကာ တပ်မှ တိတ်တဆိတ် ထွက်၍ မွန်တပ်ကို ချည်းကပ်သည်။ အမှောင်ထဲ၌ မွန်တို့ လှည်းများစွာ ပြင်ဆင်နေသည်ကို မြင်လျင် ကပ်ကြည့်ရာ ကောက်ရိုးအပြည့် တင်နေသည်ကို တွေ့၏ ။ ထိုစဉ် လက်ျာဘီလူးကို မွန်တစ်ဦး မြင်သဖြင့် ဟစ်အော်သောကြောင့် ပြန်ပြေးလာသည်။ မွန်တို့ သေနတ်နှင့် ပစ်၍ နောက်က လိုက်လာကြသည်။ လက်ျာဘီလူးလည်း တပ်တွင်း မဝင်သာတော့သဖြင့် ''မီးရှူးပြင်၊ တပ်ကို မီးတိုက်လိမ့်မည်'' ဟု ဟစ်အော်ကာ တပ်တိုင်ဘေး၌ ကပ်နေလေသည်။
မွန်တပ်မှ လက်ယာဗိုလ် ဗညားသူရိယ နှင့် တပ်များ အနောက်တောင်ထောင့်ကို မီးတိုက်မည်ဟု တပ်ကို ကပ်လာကြရာ မြန်မာတပ်များက ကောက်ရိုးလှည်းများကို မီးရှူးနှင့် ပစ်ရှို့ကြလျင် မီးလောင်၍ မီးရောင်တွင် မြင်သည့် လက်ယာဗိုလ်ကို ပုန်းအောင်းနေသော လက်ျာဘီလူးက သေနတ်နှင့် ပစ်သည်။ တပ်ကို တက်ကြမည့်ဆဲဆဲ သေနတ်မှန်၍ ဗညားသူရိယ ဆုံးလျင် မွန်တို့ ဆုတ်ခွာသွားပြန်သည်။
အောင်ပွဲရသော မုဆိုးဘို ဗိုလ်မှူး တပ်မှူးများက စိတ်တက်ကြွလာကာ မွန်တို့ကို ထွက်တိုက်ပါရစေ ဟု ဆိုလာကြသည်။ မွန်အင်အားကြီး ချီလာစဉ်က အသံမထွက်ကြသော သူများ ယခုမှ ထွက်တိုက်မည် တကဲကဲ ဖြစ်နေသည်ကို လက်ျာဘီလူးက နှာခေါင်းရှုံ့လေသည်။ ဦးအောင်ဇေယျကမူ…
''သင်းတို့ ရိက္ခာနည်းသည်။ ကုန်စေဦး။ ရေလည်းမရှိ၊ ငတ်စေဦး'' ဟုသာ ဆိုသည်။ ထွက်မတိုက်ရပေ။
တိုက်ကြ၍ ၉ ရက်ရှိမှ အနောက်၊ တောင်၊ မြောက်အရပ်များ၌ တပ်စီးတပ်နင်း အနည်းငယ် စောင့်ကြပ်စေပြီး ကျန်တပ်များ အားလုံးကို တပ်အရှေ့မျက်နှာမှ ထွက်ကာ စစ်ရေးပြင်ပြီးလျင် တည်တည်တံ့တံ့ ကျောက်ရုပ်ကဲ့သို့ နေကြရသည်။ မွန်တို့က စစ်မြှူလာသော်လည်း မတိုက်ရ၊ မလိုက်ရ။ သေနတ်တစ်ကမ်း လေးတစ်ကမ်းရောက်မှ ပစ်ခတ်စေသည်။ ထို့နောက် နေမြဲအတိုင်း အသံမျှ မပြုရ ငြိမ်သက်စွာ နေကြစေသည်။
ထိုသို့ စစ်အင် ခင်းကျင်းပြီး နေမွန်းတည့်ချိန် အလောင်းဘုရား ထွက်လာခိုက် စွန်တစ်ကောင်ကို သိမ်းငှက်က တိုက်ခိုက်သဖြင့် တပ်များရှေ့သို့ ကျလာရာ ''အင်္ဂါနံ ဖြစ်သော ရာမညတိုင်း ၃ ရပ်ကို သောကြာသား ငါက အောင်မြင်လိမ့်မည်'' ဟု နိမိတ်ကောက်ယူပြီး အောင်စည်အောင်မောင်းများ တပြိုင်နက် တီးခတ်၍ ထွက်တိုက်ကြလေသည်။
မွန်တို့ကလည်း အမြောက်စိန်ပြောင်း ပစ်ခတ်ရင်း အင်အားကြီးစွာ ဆီးခံသည်။ သို့သော် အသက်မပါသည်သို့ ပြုတတ်သော ငတွန်တို့ လက်ျာဘီလူးတို့ မုဆိုးဘိုတပ်များကို မဆီးမဆို့နိုင်ဘဲ ကစဉ့်ကလျား တပ်ပျက်ပြီး တဝုန်းဝုန်း ပြေးကြရလေတော့သည်။ ငတွန်နှင့် လက်ျာဘီလူးတို့လည်း အဆုံးထိ လိုက်ကြသည်။ မွန် ၁၀၀၀၀ ကျော် သေသော်လည်း မလျှော့။ စစ်ကိုင်းအထိ လိုက်တိုက်ကြသောကြောင့် မွန်တို့ အင်းဝဘက်ကမ်းထိ ကူးပြေးကြရ၏ ။
အင်းဝရောက် မွန်တို့က ဗိုလ်မှူး တလပန်းကို လျှောက်ကြသည်။ ''မြန်မာတို့ဘက်တွင် ဘီလူးညီအစ်ကို ငါးဦး မြင်းဖြူစီး၍ ပါသည်။ ထိုးခုတ်ပစ်ခတ်သော်လည်း မထိမခိုက်၊ စစ်ကိုင်းအထိ လိုက်လံ ခြောက်လှန့်ပါသည်'' ဟု ဆိုကြသည်။ တလပန်း မယုံနိုင်၊ အလွန် စိတ်ဆိုးသဖြင့် ပြောသူများကို ကွပ်လေသည်။
မုဆိုးဘိုတပ်များလည်း ထိုသတင်းကို ကြားကြသည်။ လက်ျာဘီလူး၏ ကောလာဟလ သတင်းများကို ကြားဖူးသူ များသောကြောင့် ဘီလူးညီအစ်ကိုများ ဆိုသည်မှာ သည်ကောင်တွေ ဖြစ်မှာပဲ ဟု ဆိုကြသည်။ အချို့ကမူ မြို့စောင့်နတ်ကြီးလေးပါး မြင်းဖြူကို စီး၍ လိုက်သည် ဟု ဆိုကြသည်။ (အလောင်းမင်းတရား၏ နောက်တော်ပါး လက်ဝဲသုန္ဒရလည်း ဘီလူးမဖြစ်နိုင်၊ မြို့စောင့်နတ်ဖြစ်မည်ဟု မှတ်တမ်းတင်ထားလိုက်သည်။ သို့သော် ထိုအချိန်တွင် မုဆိုးဖိုမှာ အိမ်ခြေ ၃၀၀ ရှိသော ရွာကြီးတစ်ရွာသာ ဖြစ်၍ မြို့မဟုတ်ပေ။)
မွန်ဗိုလ်မှူး တလပန်းသည် မုဆိုးဘိုကို မရသမျှ ပြည်သို့မပြန်ပြီ ဟု ကြုံးဝါးကာ ဒုတိယအကြိမ် တိုက်ခိုက်ရန် စစ်သည် ၂၂၀၀၀ ကျော် စေလွှတ်လိုက်ပြန်သည်။ မုဆိုးဘိုကို ရလျင် ပုခက်တွင်း ကလေးပါမကျန်စေနှင့် ဟုလည်း မှာလိုက်သည်။ ဦးအောင်ဇေယျကလည်း ကိုယ်တိုင်ထွက်တိုက်မည် ပြင်သည်ကို တပ်မှူးများက မွန်တို့ လက်ရည်ကို သိပြီဖြစ်၍ တပ်မှူးချင်းသာ တိုက်ပါမည် ဟု ဆိုသဖြင့် စည်သာမင်းကြီးနှင့် လူ ၂၂၀၀ လွှတ်လိုက်သည်။
မြန်မာတို့လည်း မွန်တို့ တပ်စွဲနေသော မြောင်းဝန်းတပ်ကို တိုက်ကြရာ မြင်းဖြူစီး ဘီလူးလေးကောင် တပ်ထောင့်က ပါကြသည်ကို မြင်သည်နှင့်ပင် မွန်တပ် ပျက်လေတော့သည်။ မွန်တပ်မှ မွန် ဗမာ ရှမ်း ကတူး ၂၀၀၀ ကျော် သေ၍ ၂၀၀၀ ကျော် သုံ့ပန်းရလိုက်သည်။ အလောင်းဘုရားက မွန် မဟုတ်သူများကို မသတ်ရ အမိန့်ထုတ်ထားသဖြင့် တွေ့မြင်လျက်နှင့် မပစ်ကြရ။ မွန်တို့ ပြေးသည့်နောက်လည်း မလိုက်ရ။ ဖမ်းမိသမျှ ယောက်ျားမိန်းမတို့ကို ရပ်ကွက်များ တည်၍ နေထိုင်စေသည်။ အစားအသောက်များလည်း ပေးပို့စေလေသည်။
ဟံသာဝတီမှ မွန်ဧကရာဇ်သည် တလပန်းကို သဘောမတွေ့သောကြောင့် ပြန်လည်ခေါ်ယူပြီးလျင် ဗညားအရိန္ဒမ ကို အင်းဝမြို့စောင့် ပို့လိုက်ပြန်သည်။ ခင်ဦးစား လက်ျာပျံချီနှင့် တိုင်ပင်၍ ပုန်ကန်ထောင်ထားသူများကို သိမ်းယူရန် အမိန့်တော် မှတ်လိုက်သည်။ ဦးအောင်ဇေယျလည်း ခင်ဦးစား လက်ရုံးရည် ထွန်းတောက်လှသဖြင့် အခေါ်လွှတ်ရာ လက်ျာပျံချီက မလိုက်၊ မြန်မာချင်း ရှိမခိုးလို ဟု ဆိုသဖြင့် အလွန် ဒေါသထွက်ပြီး ခင်ဦးကို တိုက်ရန် မင်းကျော်ပျံချီ ငကောင်းကို လွှတ်လိုက်လေသည်။
''ခင်ဦးကို မီးတိုက်။ မီးကိုမြင်လျင် ငါချီလာမည်'' ဟု မှာလိုက်သည်။ သို့သော် ခင်ဦးစား ငချစ်ညို၏ တပ်ကို မတက်နိုင်ကြသဖြင့် တပ်ပြင်မှ ကျောင်းအိမ်များကိုသာ မီးတိုက်၍ ပြန်ခဲ့ကြသည်။ အလောင်းဘုရားလည်း မီးကိုမြင်သဖြင့် ခင်ဦးကို နိုင်ပြီထင်၍ လူအနည်းငယ်မျှနှင့် အောင်စည်အောင်မောင်းများ တီးခတ်ကာ ချီတက်သွားကြသည်။ ပြန်ပြေးလာသူများနှင့် တွေ့ကာ အကြောင်းစုံ သိသော် အမျက်ပြင်းစွာ ထွက်ပြီးလျင်…
''နင်တို့ကို သူရဲကောင်း ပြုသမျှ ပြည်စိုးကျွန် တောရောက်ခါ ဆိုသည့်စကားလို ပေါ့ပျက်ပျက် လုပ်သောကြောင့် ရှုံးရသည်။ ငါ ကိုယ်ရံတော် အနည်းငယ်နှင့် တိုက်မည်။ နင်တို့ ထမင်းအိုး ဟင်းအိုးထမ်း၍ နောက်ကလိုက်ကြ'' ဟု ဆိုလေသည်။
လက်ျာဘီလူးက ဦးအောင်ဇေယျကို ကပ်၍
''ယခု ကျွန်တော်တို့မှာ ကိုယ်ရံတော် အနည်းငယ်နှင့် လူအိုလူကြီးများသာ ပါသည်။ အမျက်ကို သိမ်း၍ ပြန်တော်မူပါမှ အရေးလှပါလိမ့်မည်''
ဟု လျှောက်သည်ကို မယူဘဲ ဆက်လက်ချီတက်ရာ တာ ၃၀၀ ခန့်အရောက်၌ ခင်ဦးမှ ထွက်လိုက်လာသော လက်ျာပျံချီနှင့် ပက်ပင်းတွေ့ကြသည်။ ဗြုန်းစားကြီး ဖြစ်သဖြင့် နှစ်ဖက်တပ်များ စစ်အင် မခင်းကျင်းနိုင်၊ သေနတ် ဖြောင်ဖြောင် ပစ်ကာ ချက်ချင်းတိုက်ခိုက်ရတော့သည်။ လက်ျာပျံချီကို မနိုင်၊ တပ်အားလုံး ဖရိုဖရဲ ဆုတ်ခွာပြေးကြရ၏ ။ ပါလာသမျှ လက်နက်တူရိယာအကုန် ခင်ဦးတပ်က ရလေသည်။
တာ ၅၀၀ ခန့် ဆုတ်၍ လူသူပြန်လည်စုရုံးရန် စောင့်ဆိုင်းနေစဉ် မင်းကျော်ပျံချီနှင့် တပ်သားများကို ဖိကာ မာန်မဲနေ၏ ။ ထိုစဉ် အနန္ဒနော ဆိုသူ အဖိုးအိုတစ်ဦး မြင်းနှင့် ပြန်ရောက်လာသဖြင့် ''သေပြီမှတ်တာ… ပေါ်လာသေးသည်'' ဟု အများက ဆိုကြသည်။ အနန္ဒနောက…
''ကျွန်ုပ် လူအို၊ မြင်းမစီးတတ်။ မြင်းနှင့်ပြေးစဉ် လိမ့်ကျမည်အပြု၌ ငချစ်ညို ကျေးဇူးရှင်ကြီး လှံနှင့် လွှတ်လိုက်သဖြင့် မြင်းကတောင်ကို လှံစွဲ၍ ခြေနှင့် ချိတ်မိနေသောကြောင့် ပြုတ်မကျဘဲ ပါလာရပါသည်''
ဟု ဆိုမှ အလောင်းဘုရား မျက်နှာလွှဲ၍ ပြုံးလေသည်။
ရွှေပေါင်လောင် အရပ်၌ တပ်စွဲနေသော မွန်တို့ကို တိုက်ရန် လွှတ်လိုက်သော နေမျိုးရွှေတောင်လည်း မွန်တပ်ကို မတက်နိုင်သဖြင့် ဆုတ်ခွာလာရာ လမ်းတွင် ''ငါတို့မှာသာ အသက်ရှိသည်မဟုတ်။ သူတို့လည်း အသက်နှင့်ပင်။ ငါတို့ ကြောက်သည့်နည်းတူ သူတို့လည်း ကြောက်ပါလိမ့်မည်'' ဟု ဆိုကာ တစ်ဖန်ပြန်တိုက်မှ နိုင်သည်ကို အလောင်းဘုရား ပြန်၍ ကြားရာ များစွာ ရယ်၍…
''ဗိုလ်မှူးတို့သဘောကား ရဲမက်တို့ နှလုံးကြွအောင်သာ ပြောဆိုရသည်။ ငါတို့ကြောက်သည့်နည်း သူတို့ ကြောက်ပါလိမ့်မည် ဆိုသည်မှာ ရာဇဝင်ရေး ခက်ချိမ့်မည်''
ဟု မိန့်လေသည်။
အင်းဝမှ ဗညားအရိန္ဒမ က ''မုဆိုးဘိုသည် ထန်းလုံးတပ်ကို သံမြို့မှတ်၍ လူ ကိုးထောင် တစ်သောင်းခန့်နှင့် နေသည်ကို ခင်ဦးစား မြောက်က ရံ၊ အဲကံကောင်း အဲနရဲတို့ အရှေ့က ပိတ်ဆို့၊ ဇိပ်ဗြဲ သမိန်လွတ်တို့ အနောက်ကို ဆီးကာ၊ ငါနှင့် ပိုက်သီဟ ပိုက်ကမျည်တို့ တောင်ကရံလျင် မုဆိုးဘိုသည် ငှက်ကဲ့သို့ ကောင်းကင်ပျံနိုင်မည်လော'' ဟု ကြုံးဝါးကာ ဗညားတာနောကို လူ ၄၀၀၀ နှင့် ရွာသစ်ကြီးတွင် တပ်တည်ရန် လွှတ်လိုက်သည်။ ဦးအောင်ဇေယျ သိလျင် မွန်တပ်တည်မပြီးခင် တိုက်မှ အရေးလှမည် ဟူ၍ မင်းကျော်ပျံချီနှင့် သူရဲကောင်း ဟူသမျှကို စစ်သည် ၂၆၀၀ ခန့်နှင့် သွားတိုက်စေသည်။
မြန်မာတို့ ရွပ်ရွပ်ချွံချွံ လုပ်ကြံကြသောကြောင့် တခဏနှင့် မွန်တပ်ပျက်လေသည်။ ထိုအချိန်တွင် အနောက်ဘက် ညောင်လှတွင်လည်း သမိန်သံလိုက်တပ်များ စွဲလာသည်ကို ဗိုလ်မှူးတပ်မှူးတို့က ထွက်တိုက်ပါရစေ လျှောက်ကြသည်။ သူရဲကောင်းဟူသမျှ ရွာသစ်ကြီးသို့ ပါသွားလေသောကြောင့် အမြော်အမြင် ကြီးသော ဦးအောင်ဇေယျက
''ညောင်လှတပ်ကို ယခုတိုက်လျင် တပ် တည်မပြီးခင် ဖြစ်သောကြောင့်သာ ရှုံးရသည် ဟု မွန်တို့ ဆိုလိမ့်မည်။ ပြီးအောင် တည်ကြပါစေဦး'' ဟုသာ ပရိယာယ်နှင့် ဆိုလေသည်။ ရွာသစ်ကြီးချီ ရဲမက်များ ပြန်ရောက်သောအခါ ညောင်လှတပ်ကို သွားတိုက်ရန် အလောင်းဘုရားကို တပ်မင်းများ ဆိုကြကြောင်း ကြားလျင် တပ်မှူးငယ်ဖြစ်သော လက်ျာဘီလူးက…
''အလျင် မွန်တို့ စစ်ကြီး ချီလာစဉ်က တိုက်နိုင်မည်လား အမေးတော် ရှိသည်ကို မည်သူမှ စကားမပြန်။ ခင်ဦးသို့ ငါတို့ သွားသောအခါလည်း မည်သူမျှ လိုက်ပါရစေ မဆိုကြ။ ယခု မွန်အင်အားနည်း၍ နိုင်သောအခါမှ ထွက်တိုက်လမည် ဆိုနေသည်။ နန်းမရသေးခင် မင်းမြှောင်က အသင့်''
ဟု လူငယ်စိတ်နှင့် ဆိုလိုက်လေသည်။ ထိုစကားကို တစ်ဆင့်နားဖြင့် တပ်မင်း စစ်ကဲများ ကြားသောအခါ မကျေနပ်၍ အလောင်းဘုရားကို တိုင်ကြသည်။ အလောင်းဘုရားက လက်ျာဘီလူးကို ခေါ်၍…
''မင်းကြောင့် ဒေဝသီဟတုရင် ဆုံးရသည် ဆိုကြသည်။ အရေးတော်မယူ ရှိသည်ကို အငြိမ်မနေ။ အကွပ်ခံချင်ပြီ ထင်သည်။ နန်းမတက်ရခင် မင်းမြှောင်က ရှိနှင့်သည် ဆိုသည့်စကား ငါ့အား စော်ကားလှသည်။ နောင် ဤစကားမျိုး ပြောလျင် မင်းကို ကွပ်မည်'' ဟု ခြိမ်းခြောက်ကြိမ်းမောင်းလေသည်။
လက်ျာဘီလူးကလည်း…
''သတ်လျင်လည်း သေရပါမည်။ ကြီးမြတ်သော အဖြစ်သို့ ရောက်သဖြင့် ချောင်းဘေးမှာ ထားသော ကတိ မတည်နိုင်တော့လျင်လည်း အရှင့်ဓားဖြင့် ကိုယ်တော်တိုင် မကွပ်ဘဲ စစ်ပွဲတွင် သေအောင် လွှတ်က ကတိပျက်မည် မဟုတ်ပါ''
ဟု ပြန်၍ လျှောက်သည်။
''ငစံ…သည်အကောင် သေဘေးတွင်ပင် ဥာဏ်ထွက်သေးသည်။ ငါကဲ့သို့ အမြော်အမြင်ရှိသည်။ အချည်းနှီး မသေသင့်။ ညောင်လှတပ်တွင် ပွဲရအောင် ယူချေ။ ဗိုလ်မှူး တပ်မှူးတစ်ဦး ခေါင်းကို ရလျင် မင်းအသက်ကို ငါ လွှတ်မည်။ စစ်ဖျားတွင် ရှေ့ဆုံးမှ ဝင်စေ''
အလောင်းဘုရား အမိန့်တော် ရှိသဖြင့် ညောင်လှတပ်ကို သွားတိုက်ကြသောအခါ လက်ျာဘီလူး ရှေ့ဆုံးမှ ဝင်ရသည်။ ရန်သူ့တပ်တွင်း ဝင်ပြီး ဗိုလ်မှူးတပ်မှူးများ ရှိရာ ဗိုလ်ပုံသို့ စွန့်၍ဝင်လာသည်။ သမိန်သံလိုက်တို့က မြင်၍ ''တပ်မှူးငယ်တစ်ဦးသည် ဓားလွတ်ကိုသာ ဆွဲ၍ ငါတို့ မြင်းပုံသို့ စိုက်စိုက်လာသည်မှာ ပွဲရလိုဟန် ရှိသည်။ ဤမိုက်ရူးရဲအား လှံလျင်နှင့် ဆုံးမရမည်'' ဟု ဆိုကာ လှံတိုသုံးစင်း ဆက်တိုက်လွှတ်သည်။
လက်ျာဘီလူး ကွေ့ပတ် ရှောင်တိမ်း၍ သူတို့ဆီသို့ ဦးတည်လာသည်ကို မြင်လျင် မွန်တပ်မှူးများ ဦးလှည့်ချေသည်။ အချုပ်ဖြစ်သော သမိန်သံလိုက် တစ်ဦးသာ လှံကို ဆ ၍ ထိုးရန် ပြင်၏ ။ အခြားဗိုလ်များက 'အဖက်မတန်သည်ကို မထိုးနှင့်' ဆိုကြသော်လည်း 'လာပစေဦး' ဟုသာ စောင့်နေသည်။ လက်ျာဘီလူးသည် အရပ်အခြေကို ကြည့်၍ သူဝင်သွားလျင် လှံနှင့်ဆီးထိုး၊ သေနတ် လေးမြား ဝိုင်းဝန်းပစ်ခတ်ကြမည်ကို သဘောပေါက်သောကြောင့် သမိန်သံလိုက်ဆီ တည့်မဝင်တော့ဘဲ အနီးရောက်မှ မြင်းကို ဆွဲလှည့် ဆင်းသွားပြီး ပြေးလိုက်လာသော သေနတ်ကိုင် တပ်သားတစ်ဦးကို…
''ပေးစမ်း သေနတ်… ရော့ ငါ့ဓား ကိုင်ထား''
ဟု ဆိုကာ သေနတ်ဆွဲယူ၍ သမိန်သံလိုက်ကို မုဆိုးဒူးထောက် အနေအထားဖြင့် ချိန်ရွယ်ပစ်ခတ်လေ၏ ။ သေနတ်တစ်ကမ်းအတွင်း ဖြစ်သောကြောင့် ရှေ့ဆုံးမှ မြင်းနှင့်ရပ်နေသော သမိန်သံလိုက်ကို သေနတ်မှန်လေသည်။ ဗိုလ်မှူးကို သေနတ်ထိလျင် မွန်တပ်မှူးများ ဆုတ်ပြေးကြသည်။ မြန်မာတပ်များလည်း ဝိုင်းအုံပြေးလာ၍ သမိန်သံလိုက်ကို ဖမ်းကြလေသည်။
အလောင်းဘုရား ရှေ့တော်သို့ ရောက်သောအခါ ဓားကိုင်ရဲမက်ဖြစ်သော လက်ျာဘီလူး ဓားကို လွှတ်၍ သေနတ်ကိုင်သည်ဟု တိုင်ကြသည်။ လှံကိုင်သူမှာ လှံကို မြဲရသည်။ မြင်းစီးသူမှာ မြင်းပေါ် မြဲကြရသဖြင့် မြင်းပေါ်မှ ဆင်းကာ ဓားလက်လွတ်သော လက်ျာဘီလူးကို ကွပ်ရန် အချို့က ဆိုကြ၏ ။ သေနတ်ထိ၍ ဖမ်းမိသော သမိန်သံလိုက်ကမူ…
''မြန်မာတို့တွင် ဗိုလ်မင်း တပ်မင်း ဖြစ်သင့်သူက လက်အောက်ငယ်သား ဖြစ်၍ အရည်အချင်း နုံ့နည်းသူများက ဗိုလ်ပြုလျက် နေကြသည်မှာ ရယ်စရာ ကောင်းသည်။ မုဆိုးဘိုမင်းသည် အရည်အကဲကို မသိတတ်''
ဟု ရယ်သွမ်းသွေးလေသည်။ အလောင်းဘုရား အမျက်ထွက်သဖြင့် သမိန်သံလိုက်ကို နေရာတွင်ပင် ကွပ်မျက်စေ၏ ။ လက်ျာဘီလူးမှာ ဗိုလ်မင်း အကြီးအကဲပြုသူကို အမိအရ ဖမ်းနိုင်သောကြောင့် ပြစ်ဒဏ်မှ လွတ်သော်လည်း ရာထူး ဘွဲ့မည် ဆုလာဘ်ကား မရ။ ''ငစံငယ် နောင် မသင့်သည်ကို မဆိုနှင့်'' ဟုသာ ပြော၍ မုဆိုးခြုံဗိုလ် ငတွန်လက်သို့ အပ်လေသည်။

No comments:

Post a Comment

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...