မုဆိုးဘိုရွာကြီး၏ အလယ်မှ အိမ်ကြီးရခိုင်တစ်လုံး၏ အောက်တွင် ရွာသူကြီး ဦးအောင်ဇေယျနှင့် ဆွေမျိုးတစ်စုတို့သည် အဖန်ရည်သောက်ရင်း တိုင်းရေးပြည်ရေးများကို နှီးနှောဝေဖန်နေခိုက် ကျွန်တော်ရင်း ငကောင်း ဝင်လာ၏ ။ ဦးအောင်ဇေယျက ဆီးကြိုနှုတ်ဆက်လိုက်သည်။
"ငကောင်းငဲ့၊ လာလေ့။ အဖန်ရည်သောက်ရင်း ကွမ်းဝါးရင်း စကားတင်းဆိုရအောင်"
ငကောင်းက အခြားလူကြီးများ ထိုင်နေသည့် ခုံတန်းလျားတစ်ခု၌ ဝင်ထိုင်ပြီး အဖန်အိုးကို မ ကာ ငှဲ့နေချိန် သူကြီး၏ ဘကြီးတစ်ဦးက
"မင့်အိမ်မှာ ရောက်နေတဲ့ ကောင်ကလေးရော မခေါ်ခဲ့ဘူးလား ငကောင်း"
"ခေါ်သာပဗျာ။ သင်းက မလိုက်သေးဘူး.. ဖတ်လက်စ စာပေထုပ်ကို စိတ်ဝင်စားနေလို့ သဲ့"
"ဘာတွေများ ဖတ်နေသတဲ့တုန်း"
"မွန်မင်းဆက်က ဝါရီရူမင်းအကြောင်း ဆိုလားပဲ"
"သူက ဘာလုပ်ဖို့လဲ"
"ရန်သူအကြောင်း သိရအောင် ထင်ပါ့ ကိုသာရေ"
ဦးအောင်ဇေယျက ပြုံးသည်။
"မဂဒူးရဲ့ ကြံရည်ဖန်ရည်ကို သဘောကျနေတာ ဖြစ်လိမ့်မယ် ကိုတို့"
"ဟုတ်ပါလိမ့်မယ်၊ ဒါနဲ့ အဲဒီကောင်လေးဟာ လက်ရုံးလည်း ထူးထူးခြားခြား မဟုတ်၊ ဓားခုတ်လှံထိုးလည်း စိတ်မပါချင်၊ ဒူးလေး လင်းလေးပစ်မှာလည်း မထူးချွန်နဲ့ ကြည့်ရသာ သာမန်ပါပဲလား"
"ကြားရတဲ့ သတင်းကတော့ရော မထူးခြားဘူးလားကွယ်တို့"
"ထူးခြားပါသယ်လေ၊ သို့ပေမည့် လူပုံနဲ့ အကြားက သခြားစီများ ဖြစ်နေသလားလို့ပါ"
"ငါတော့ သည်လိုမထင်ဘူး ငကောင်းရဲ့။ မြင်တာနဲ့ သည်အကောင် တစ်ခုခုမှာ ထူးချွန်တဲ့သူမှန်း ရိပ်မိတယ်။ ငါတို့ငတွန်ကို ပြန်ဆော်နေတာ မြင်ရတော့ အားကိုးရမယ့်ကောင်ပဲလို့ တွေးမိတယ်။ သူ့ပုံံစံက ဘယ်သူနဲ့မှ မတူ၊ ငတွန်လို ထူးခြားထင်ရှားလာမယ့် လက္ခဏာ ရှိပေတယ်"
"ဗိုလ်တွန်လို.. ဟုတ်လား ကိုအောင်ဇေယျ။ မုဆိုးခြုံဗိုလ်ကြီးလောက်ကို ထက်မြက်လာမယ်လား"
"ကျုပ်အထင် ပြောတာပါလေ။ ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့။ ငတွန်ကို ငကောင်းလို အားကိုးရမယ့်သူလို့ ကျုပ် မြင်သလို သင်းကိုလည်း ငတွန်လို လက်ရုံးတစ်ဆူ ဖြစ်လာမလား မျှော်လင့်မိတာပါ။ သူ့ကို ရေတပ်ဖွဲ့ပြီးရင် အကြပ် သွေးသောက်လောက် ထားနိုင်လိမ့်မယ် ထင်ပါရဲ့"
"သတင်းအရ ဆိုရင်တော့ အဲသည်လောက် တန်ပါတယ်လေ။ သို့သော် တကယ့်အစွမ်းမှာ ယခုထိ အထင်ကြီးလောက်စရာ ဘာတစ်ခုမှ မမြင်ရသေးတော့ ကြားရတာတွေက ချဲ့ကားပြောဆိုကြတဲ့ ကောလာဟလတွေ ဖြစ်မှာ စိုးမိတာပါ"
"ဒါနဲ့.. ကိုအောင်ဇေယျ၊ သူက ငတွန်ကို ဘယ်လောက်ကြာကြာ ယှဥ်နိုင်ခဲ့သလဲ"
"သူတစ်ပြန် ကိုယ်တစ်ပြန် တွယ်နေကြတာပဲ မောင်သာ၊ အကြာကြီးတော့လည်း မဟုတ်ဘူး"
"သည်လောက် တိုက်နိုင်ရင် မဆိုးဘူး ဆိုရမယ်။ သူ့ထက် လက်စွမ်းရော အားပါ သာတဲ့ ငတွန်ကို ရေထဲမှာ လွတ်လွတ်လပ်လပ် မဟုတ်ဘဲ ခံချသယ် ဆိုသာကိုက သင်းကလေးလည်း မလွယ်သဲ့ကောင်ပ"
"ကျုပ်တော့ သူ့အစွမ်းကို ကိုယ်တိုင်မြင်ရမှ ယုံတော့မယ် ကိုကြီးကောင်းရေ"
သူကြီးယောက်ဖ ငအိုက ပြောသည်ကို ဦးအောင်ဇေယျ ခေါင်းတဆတ်ဆတ် ညိတ်ကာ မှတ်သားထားလိုက်သည်။ သူတို့ လူများ၏ ကိုယ်ရည်ကိုယ်သွေးကို စမ်းသပ်ကြည့်ရန်လည်း စိတ်ကူးရလိုက်၏ ။
နေသာ၍ ကြည်လင်သော နံနက်ခင်းတစ်ခုဝယ် ထန်းလုံးတပ်ကြီး အတွင်း၌ စစ်ရေးလေ့ကျင့်နေခဲ့ကြသော ၄၆ ရွာသားတို့သည် တစ်ဖက်လျင် လူတစ်ထောင်ကျော်ဖြင့် သစ်သား ဓားလှံတုတ်ရှည်တို့ကို ကိုင်ဆောင်ထားကြကာ အစမ်းတိုက်ပွဲ ယှဥ်ပြိုင်ရန် အသင့်ရှိနေကြလေသည်။
ငကောင်း၊ ငအို၊ ငသာ၊ ငနည်း စသည့် ရွာခံလူရင်း ရဲဘော်ကြီးများက အနီရောင် အဝတ်ပုဆိုးများ ဝတ်ဆင်ထားကြသော လူရာကျော်ကို ဦးဆောင်ကာ နှစ်ဖက်တိုက်ပွဲအား အနီးကပ် လေ့လာမှတ်သားရန် ပြင်ဆင်နေကြသည်။ လမ်းများ၏ ဘေးဘက်တွင် ထုံးအိုးများကို အပြည့်ဖြည့်ထားကြပြီး အချို့ နွားစာကျင်း (နွားစခေါင်း) ကြီးများထဲတွင်လည်း ရေဖျော်ထားသည့် ထုံးများကို ထည့်ထားရ၏ ။
တိုက်ပွဲဝင်မည့် သူများသည် သစ်သားလက်နက် ဝါးတုတ် စသည်တို့ကို ထုံးရည်သုတ်လိမ်းထားကြသည်။ တစ်ဘက်က ခေါင်းပေါင်းနှင့် အင်္ကျီနှင့် ဖြစ်ကာ အခြားတစ်ဘက်မှာ ခေါင်းပေါင်းမပါ ကိုယ်ပြောင်နှင့် ဖြစ်ကြသည်။ ဗိုလ်တွန် ဦးဆောင်သည့် မုဆိုးခြုံသားများဘက်က နိုင်လိမ့်မည် ဟု ကြိုတင်သုံးသပ် ပြောဆိုမှုများလည်း ရှိလေသည်။
လက်ျာဘီလူး ဆိုသည့် ငစံကတော့ ကိုယ်ကို ဆီအနည်းငယ် သုတ်လိမ်းပြီး ဦးဆံဖြည်ကာ သစ်သားဓားကို ဆွဲကိုင်ထား၏ ။ ဗိုလ်တွန်တို့နှင့် ပြန်လည်ရင်ဆိုင်ရမည်မို့ စိတ်လှုပ်ရှားနေသည်။ မြင်းပေါ်မှ ဗိုလ်တွန်ကို ခြေလျင်တပ်သားသာ ဖြစ်သော သူက အနိုင်ရရန် ခဲယဥ်းလိမ့်မည်ဟုလည်း တွက်ဆထားရသည်။ တစ်ဖက်ဓားလှံချက် မိ၍ ထုံးပေလျင် ထွက်ရမည့် ပွဲမို့ သတိကြီးစွာ ထားရန် လိုကြောင်းလည်း သဘောပေါက်လေ၏ ။
မြင်းပေါ်မှ လိုက်ကြည့်မည့် ဦးအောင်ဇေယျက အချက်ပေးလိုက်လျင် ရွာလယ်လမ်းများအတိုင်း နှစ်ဘက်ရဲဘော်များ ပြေးဝင်လာကြသည်။ တောင်ဘက်၌ နေရာယူထားသော ငတွန်တို့က ထိန်းထိန်းသိမ်းသိမ်းဖြင့် စုစုစည်းစည်း မှန်မှန်သာ တက်လာသလောက် တစ်ဖက်မှ ကိုယ်ဝတ်မပါသူများကတော့ အော်ဟစ်ကြွေးကြော်ကာ မုဆိုးခြုံသားများထံ ပြေးကပ်ကြ၏ ။
ရှေ့ဆုံးမှ လူများ ခုတ်ထစ်နေကြသည်ကို သတိနှင့် စောင့်ကြည့်ရင်း ခပ်လေးလေး တက်လာသည့် ငစံက မုဆိုးခြုံဘက်မှ မြင်းသည်တစ်ဦး ကျွံလာသည်ကို မြင်လိုက်သည်။ သူ့ထံသို့ မရောက်သေးသော်လည်း သိုင်းကြိုးတစ်ချောင်းပြတ်၍ ရှေ့ခွာတွင် ရစ်ပတ်မိနေကြောင်း တွေ့ကာ ထိုမြင်းသည်ထံ ပြေးသွားလေသည်။
မြင်းသည်က အပေါ်စီးမှ လှံဖြင့် ထိုးနေသဖြင့် သူတို့ဘက်မှ လူသုံးလေးဦးခန့် ထွက်သွားရလေပြီ။ ငစံက ချောင်း၍ ကြိုးပတ်မိနေသည့် ရှေ့လက်အနီးသို့ ကပ်သွားသော်လည်း မြင်းသည်က ဆီးထိုးလိုက်သည်။ သူက မြေပေါ်လှိမ့်ကာ လှံချက်ကို ရှောင်ရာ ဓားလွတ်ကျန်ခဲ့သည်။ သို့ရာတွင် မြင်းခြေကို ပတ်မိနေသည့် ကြိုးစကိုတော့ အရအမိ ဖမ်းလိုက်နိုင်၏ ။
ခပ်လှမ်းလှမ်းမှ ဦးအောင်ဇေယျက ပြသောကြောင့် ငကောင်းလည်း ငစံပြုမူပုံကို မြင်လိုက်ရသည်။ ငစံသည် ကြိုးကို ကိုင်မိသော်လည်း ချက်ချင်း မဆွဲဘဲ ဆိုင်းနေသေး၏ ။ မြင်းအပြေး ရှေ့လက် မြေပေါ်ကျလုလုတွင်မှ ခြေကန်ကာ အချိန်ကိုက် ဆောင့်ဆွဲလိုက်ရာ မြင်းမှာ ဟန်ချက်ပျက်ပြီး ရှေ့သို့ စိုက်သွားလေသည်။ လှံဖြင့် ထိုးရန်သာ အားသန်နေသော မြင်းသည်လည်း ဇက်ကြိုးသေချာမကိုင်မိ၍ အရှေ့သို့ လွင့်ကျလေ၏ ။
ငစံက ခြေကန်ဆွဲပြီးသည်နှင့် ဇက်ကြိုး မည်သည့်နေရာ ကျမည်ကို သိနေသည့်အလား မြင်းအရှေ့ဘက်သို့ ပြေးသည်။ ပြန်ထလာသော မြင်း၏ ဇက်ကြိုးအား ခုန်အုပ်ရင်း မြင်းနှင့်အတူ လူအုပ်ကြား ပါသွားသည်ကို တွေ့လိုက်ကြရရာ ငကောင်းက
"အချိန်ကိုက် လုပ်သွားပုံကတော့ တစ်ဆံခြည်မှကို မလွဲဘူးဗျ။ အရှင့်လူက ကြိုတင်များ လေ့ကျင့်ထားလေသလား"
ဟု မေးသဖြင့် ဦးအောင်ဇေယျ လှည့်ကြည့်သည်။
"ဟဲ့.. ငကောင်းရ၊ ဒါမျိုးကို ဘယ်မှာ လေ့ကျင့်လို့ ဘယ်မှာ အသုံးချနိုင်မယ်လို့ နင် မြင်ဖူး တွေးဖူးသလား"
"သာဆို သင်း အချိန်အဆ တိကျလွန်းနေသာပေါ့"
"ဟော.."
ဦးအောင်ဇေယျ အာမေဋိတ် ပြုလိုက်သဖြင့် သူကြည့်နေသည့် နေရာသို့ ငကောင်း မျှော်ကြည့်လိုက်ရာ ငစံ မြင်းပေါ် ရောက်သွားသည်ကို မြင်လိုက်ရ၏ ။ သို့ရာတွင် သူက မတိုက်၊ တိုက်စရာ လက်နက်လည်း မပါ။ လူများကို ကွေ့ပတ်ရှောင်ရှား၍သာ တိုက်ပွဲအပြင် ဝေးရာသို့ စီးထွက်သွားသည်။
"လူကတော့ လူတော် ဖြစ်နိုင်ပါရဲ့၊ သို့ပေမယ့် ကြောက်တတ်ပုံ ရပါသော်ကော"
အခြေအနေကို အနောက်မှ အကဲခတ်နေသည့် ငနှောင်းက လှမ်းပြောလိုက်ရာ ဦးအောင်ဇေယျ ခွန်းတုံ့မပြန်ဘဲ အခြားသူများကိုသာ လိုက်ကြည့်နေသည်။ သူတို့ မျှော်လင့်ထားသူထံမှ အားရစရာ မတွေ့၍ ဖြစ်ပေမည်။ အမှန်ပင် မုဆိုးခြုံသားတို့ဘက်မှ စည်းစည်းလုံးလုံးနှင့် လက်ရေးသာနေပေသည်။
အနီဝတ် မှတ်တမ်းသမားများက လက်နက်ထိသူ ထုံးပေသူများကို 'ထွက်တော့၊ ဖယ်တော့' ဟု လိုက်အော်နှိုးဆော်နေရာ အများစုမှာ မထွက်ချင်ကြ။ ထိသွားသည့်တိုင် ပေရပ်နေကြ၏ ။ ထိုသူတို့ကို အတင်းမောင်းထုတ်နေရရာ ဘေးနှစ်ဘက်တွင် ကျောပြောင်သူများကို ပိုမိုများပြားစွာ တွေ့နေရပြီး မကြာသေးမီက တက်ကြွစွာ အော်ဟစ်တိုက်ခိုက်လာသူများမှာ ယခုတော့ ခံစစ် ဖြစ်နေရပြီ။
ယခုမှ မုဆိုးခြုံသားများဘက်က ဖိတိုက်လာ၏ ။ သူတို့ တိုက်ပုံမှာ တိုးမဝင်သာအောင် ညီညွတ်သည်။ စုစည်းသည်။ အာရုံစူးစိုက်သည်။ မှန်မှန်နှင့် သပ်ရပ်စွာ တိုက်ခိုက်တတ်ကြ၏ ။ ထို့ကြောင့် သူတို့ပါသော ခေါင်းပေါင်းအဖွဲ့မှာ သိသိသာသာ အနိုင်ရနေပြီး ပွဲ၏အနိုင်အရှုံးမှာ ပေါ်သလောက်ပင် ဖြစ်နေသည်။
သို့ရာတွင် ကြည့်ပါဦး၊ ခေါင်းပေါင်းအစု၏ အနောက်မှ မြင်းတစ်စီးသည် အဟုန်ပြင်းစွာ ပြေးလာနေလေသည်။ မြင်း၏ ဘေးနှစ်ဘက်၌ တင်ကျည်းတုတ်ရှည် ဖြူဖြူနှစ်ချောင်းက ဘေးသို့ ခပ်ငိုက်ငိုက် ဆန့်တန်းလျက်။ မြင်းပေါ်မှ ကိုယ်ကို ချုံ့လျက် ဝပ်စီးလာသော လက်ျာဘီလူးသည် လက်တစ်ဖက်က ထုံးရည်များ ရွှဲနစ်နေသော ဝါးတုတ်ရှည်ကို ဆန့်တန်းထားပြီး တစ်ဖက်တွင် ဇက်ကြိုးနှင့် တုတ်ရှည်ကို ပတ်ကာ အပြင်ထုတ်ကိုင်လာပြီး ဇက်ဖွင့်စီးလာ၏ ။
မထင်မှတ်သောကြောင့် အနောက်မှ ဖြတ်ဝင်လာသော တုတ်ချက်မိကာ ခေါင်းပေါင်းအများအပြား ထုံးပေသွားကြရသည်။ သူက ရိုက်သည်မဟုတ်ဘဲ လူများကို ထိရုံ ဆန့်တန်းကိုင်ထားခြင်းသာ ဖြစ်သည်။ တုတ်ကို မလွတ်အောင် မြဲမြဲကိုင်၍ လူအများကြား မြင်းဖြင့် ဖြတ်တိုးသွားခိုက် မုဆိုးခြုံ မြင်းသည်တစ်ဦး လှည့်ထိုးလိုက်သော လှံချက်မိကာ မြင်းပေါ်မှ မရှုမလှ ပြုတ်ကျသွားရလေ၏ ။
အလွန်မကြာလိုက်ဘဲ တိုက်ပွဲအသွင် ယှဥ်ပြိုင်ခြင်းမှာ ပြီးစီးသွားသည်။ ခေါင်းပေါင်းများဘက်က လူ ၃၀၀ ကျော် ကျန်ပြီး ငစံတို့အဖွဲ့ကတော့ လူ ၅၀ ပင် မရှိတော့ဘဲ တကွဲတပြား ခံလိုက်ရပြီး ရှုံးနိမ့်သွားခြင်း ဖြစ်သည်။ မုဆိုးခြုံသားများမှာ ကြုံးဝါး အောင်ပွဲခံနေကြ၏ ။
အထိအခိုက် မရှိသော ခေါင်းပေါင်းဗိုလ် ငတွန်ကြီးက ပြုံးနေသလောက် တစ်ဖက်မှ ဦးဆောင်တိုက်ခိုက်ရသော စည်သာမင်းကြီး ဦးစည်းစိမ်၏ ညီ ငညွန့်မှာမူ ရှက်ကာ မျက်နှာနီရဲနေသည်။ ငကောင်းတို့က ချော့မော့အားပေးနေရ၏ ။ ငစံငယ်ကတော့ ရင်ညွန့်တွင် အညိုအမည်း စွဲကာ ဒဏ်ရာပြင်းပြင်း ရသွားသဖြင့် လူတစ်ယောက်က တွဲထားရသည်။
"ဒီပွဲမှာ အောင်နိုင်သူများကတော့ ဦးပေါင်းထုပ်အစုပဲ ဖြစ်ပါတယ်။ ရှုံးနိမ့်တဲ့ ကိုယ်ဗလာအဖွဲ့ သင်ခန်းစာယူကြရပါမယ်။ နောင်မှာ သည်လို အရမ်းမဝင်ဘဲ သတိထားကြဖို့ လိုကြောင်း မင်းတို့ သိသွားကြပြီဖြစ်လို့ အကျိုးရှိတဲ့ လေ့ကျင့်ခန်းတစ်ခုပါပဲ"
ငအိုက မြင်းပေါ်မှ မိန့်ခွန်းပြောနေပြီး အောက်မှ လူအုပ်က နားထောင်ရင်း သြဘာပေးကြ၏ ။
"လက်စွမ်းအထက်ဆုံးကတော့ အားလုံး မြင်ကြရတဲ့အတိုင်း ဗိုလ်တွန်ပဲ ဖြစ်ပါတယ်။ အထိအပါး မရှိဘဲ လူ ၇ ကျိပ်ကျော် ၈ ကျိပ်ခန့်ကို ရအောင် ယူနိုင်ခဲ့တယ်"
"ဟေး" "ဗိုလ်တွန်ကွ"
"ငတွန်ကြီးကွ" .. "မုဆိုးခြုံသားကွ"
"အဲ.. ဒီပွဲမှာ ဒွိဟဖြစ်စရာတစ်ခုလည်း ကြုံခဲ့ပါသေးတယ်။ အဲဒါကတော့ ငတွန်ပြီးရင် လူအများဆုံး ဖြစ်တဲ့ ၅ ကျိပ်ကျော် ထိအောင် ကြိုးနိုင်ခဲ့သူ လက်ျာဘီလူးကြောင့်ပါပဲ၊ အခြားသူတွေအဖို့ လူ ၂ကျိပ် ထိဖို့တောင် မလွယ်သေးဘူး"
"ဟုတ်ပါတယ်၊ သူဟာ တိုက်ပွဲကို မထင်မှတ်ဘဲ တစ်ဆစ်ချိုး ဖြစ်စေခဲ့တယ်။ ရှေ့က မတိုက်ဘဲ နောက်က ဝင်လာပြီး ထုံးရည်စိမ်ထားတဲ့ တင်ကျည်းတွေ ကိုင်ပြီး မြင်းနဲ့ ဖြတ်ပြေးသွားခဲ့တယ်၊ ရိုက်သွားတာ မဟုတ်ဘူး.. ထိချင်ရာထိ ဒီအတိုင်း ဖြတ်ပြေးသွားတာ။ ဒါ့ကြောင့် အထိများခဲ့တယ်"
ဝေါခနဲ ရယ်သံကြီး ထွက်လာ၏ ။ နာကျင်ရှုံ့မဲ့နေသော ငစံငယ်ပင် ရောယောင် ပြုံးမိသေးသည်။ ဦးအောင်ဇေယျကတော့ နားထောင်ရင်း ခပ်တည်တည်။
"သူ့ကြောင့် လူအများအပြား ထိပါးတယ် ဆိုပေမယ့် အကျုံးဝင်လား မဝင်လား ငါတို့ ငြင်းခုန်နေကြရတယ်။ ထိလျင်ရှုံး၊ ထုံးပေလျင်ထွက် ဆိုတဲ့ စည်းမျဥ်းကို လက်တစ်လုံးခြား လုပ်သွားတယ်လို့ မြင်ကြသလို စည်းဘောင်ထဲကနေ ပါအောင်ယူတယ် လို့ မြင်သူတွေလည်း ရှိတယ်"
စုဝေးနေကြသော လူများလည်း အချင်းချင်း ငြင်းခုန်ကုန်ကြရာ တဖြည်းဖြည်းနှင့် ဆူညံလာလေသည်။ ထို့ကြောင့် ဦးကောင်းက လက်ကာပြ၍ ငြိမ်စေပြီး
"ဘာဖြစ်ဖြစ်၊ သူလုပ်သာ သဘောကျသည်ဖြစ်စေ မကျသည်ဖြစ်စေ.. လူ ၅ ကျိပ်ကျော် ထိခဲ့သာကိုတော့ ငြင်းလို့ မရနိုင်ဘူး။ ငါ သဘောမတူပေမင့် ကြံကြံဖန်ဖန် လုပ်နိုင်ခဲ့လို့ အကောင်ကို ငတွန့်နောက် သတ်မှတ်ရတော့မှာပ"
ထိုအခါမှ ဦးအောင်ဇေယျက
"စစ်ပွဲမှာ အနိုင်အရှုံးကသာ အဓိက ဖြစ်တယ်။ ဘယ်လိုတိုက်တယ်၊ သမာသမတ်ကျတယ် ဆိုတာတွေက အရေးမပါဘူး။ ဥပါယ်ခိုးသင့် ခိုးရလိမ့်မယ် ဆိုတာ စစ်ရေးဗျူဟာတွေမှာလည်း တွေ့ကြမှာပါ။ ငါတို့က ပြိုင်ပွဲအတွက် စည်းကမ်းသတ်မှတ်လိုက်တာကို သင်းက စည်းထဲဘောင်ထဲက ရသလောက် လုပ်ပြသွားခဲ့တယ်။ ဒါဟာ တိုက် ဆိုလို့ တိုက်နေရသူတွေထက် သာတဲ့အချက်ပဲ။ သူတို့ မနိုင်ခဲ့သည့်တိုင် ဖရိုဖရဲ ဖြစ်သွားအောင်တော့ လုပ်နိုင်ခဲ့တယ်"
အားလုံး ငြိမ်သက် နားထောင်နေကြ၏ ။
"သူကြီးပြောတာ မှန်တယ်၊ ထုံးသုတ်ထားတဲ့ လက်နက်နဲ့ ထိရင် တိုက်ပွဲက ထွက်ရမယ် လို့ ငါတို့ ပြောခဲ့တာကို သင်းက အသုံးချသွားတာပဲ။ အစက တိုက်ပွဲထဲက ထွက်ပြီး အိမ်ကြိုအိမ်ကြား ဝင်ပြေးသွားလို့ ကိုအောင်ဇေယျတော့ လူတစ်ယောက် လက်လွှတ်ရပြီ ထင်ခဲ့တာ။ သင်းက မထင်မှတ်တာကို လုပ်ပြီး သူ့ဘက်ကို အဖတ်ဆယ်ဖို့ ကြိုးစားခဲ့တယ်။ ရှုံးနေတာကို ထွက်မသွားဘဲ ပြန်လာတယ်။ အနိုင်ဖြစ်အောင် အတင်းလုပ်တယ်၊ ဒါဟာ အသိအမှတ် ပြုသင့်စရာလို့ ကျုပ်ကတော့ မြင်ပါတယ်"
ငနှောင်း ပြောပြီးသောအခါ ဦးအောင်ဇေယျက ဆက်လက်၍
"နာမည်ကျော် မုဆိုးခြုံသားတွေပါတဲ့ တပ်ကို ဖရိုဖရဲဖြစ်အောင် လုပ်သွားတာ မြင်းတစ်စီးတည်း၊ လူတစ်ယောက်တည်း တဲ့။ အဲသည်လူကပဲ ထိဖို့မလွယ်တဲ့ လူ ၅၀ ကျော်ကို အပါခေါ်သွားခဲ့သေးတယ်။ စစ်မှာ လုပ်ရည်ကြံရည်သာ အရေးဖြစ်တယ် လို့ ပြောနေကြတာကို လက်တွေ့မြင်ရပြီ မဟုတ်လား"
လူကြီးများ၊ ဗိုလ်များကလည်း သူ့စကားကို ထောက်ခံကြသည်။ အချို့ကမူ သဘောမတူဟန်ဖြင့် နှုတ်ဆိတ်နေကြ၏ ။ ဦးအောင်ဇေယျက ထိုသူများဘက် စေ့စေ့ကြည့်ကာ
"ကျုပ်တို့ အင်အားကြီးတဲ့ မွန်တွေ ရှမ်းတွေနဲ့ တိုက်ခိုက်ရတဲ့အခါ ရှိသမျှအင်အား သုံးပြီး တစ်စုတည်း တိုက်ခိုက်နည်းကိုပဲ အမြဲသုံးမလား၊ အခါအခွင့် သင့်သလို အနိုင်များစေမယ့် ဗျူဟာတွေ သုံးရမလား ဆိုတာ ဆုံးဖြတ်ကြပေါ့။ အနောက်က ချက်တဖြုတ် ဝင်တိုက်ခံရတဲ့အခါ မတရားဘူး လို့ အော်ရင်း အကွပ်မခံရခင် သုံးသပ်ချိန် အများကြီး ကျန်ပါသေးတယ်"
ဟု ပြော၍ မြင်းလှည့် ထွက်သွားသည်။ ငကောင်းက ရင်ကိုဖိလျက် ထိုင်နေသော လက်ျာဘီလူးထံ သွားကာ
"မင့်ကို တချို့က လှောင်နေကြသလား၊ ရယ်သွမ်းသွေးနေကြလား၊ ကဲ့ရဲ့နေကြသံတွေ ကြားရသလား မောင်စံ"
"ဟုတ်ကဲ့၊ ကြားရပါတယ်"
"အင်း၊ အဲဒီစကားတွေကို ရင်ထဲမထားနဲ့။ မင်းလုပ်ပြခဲ့သာလည်း မဆိုးပါဘူး"
"မထားပါဘူး ဦးကောင်း၊ သူတို့က ပုံမှန် တွေးကြလို့ပါ။ ကျွန်တော်က မဟုတ်တာ လုပ်ခဲ့တာပဲ"
"ဒါပေမယ့် ငါတို့အရှင်ကတော့ မင်းကို ချီးကျူးသွားသလိုပ။ မင်းလုပ်သာလည်း မှန်ပါတယ်။ အခု အသေအချာ စဥ်းစားကြည့်မှ ငါလည်း လက်ခံနိုင်သလို ရှိလာသယ်"
ဦးကောင်းစကားကို နောက်မှ ရောက်လာပြီး ငစံငယ်အား လက်ကမ်းပေးနေသည့် ဗိုလ်တွန်က ပြုံးလိုက်သည်။
"ဒီကောင် ဉာဏ်များတာ အမှန်ပဲ ကိုကောင်း။ ဟိတ်.. မင်းကို ငါကိုယ်တိုင် မထိုးလိုက်ရတာ နာသကွ"
"ကျွန်တော်လည်း ဦးတွန်ဆီ မရောက်လိုက်ရတာ နာတာပဲ။ နောက်တစ်ကြိမ်တော့ အရင်ဆုံး လာပါမယ်"
အကြောက်အလန့်မရှိ၊ လက်စွမ်းကောင်း ဗိုလ်ကြီးတစ်ဦးကို ပြန်လည်စိန်ခေါ်နေသည့် ငစံကို ကြည့်ရင်း ဦးကောင်း ခေါင်းညိတ်နေသည်။ စိတ်ထဲမှလည်း
"အင်း၊ ဒီည စကားပြောဖြစ်ရင်တော့ ငါတို့အရှင်က သင်းကို ဗိုလ်တစ်နေရာ ပေးဖို့ ရည်မှန်းထားကြောင်း ကြားရလိမ့်မယ် ထင်ပါရဲ့"
ဟု တွေးနေသည်။
No comments:
Post a Comment