သည်တစ်ခါ ကြားရသည်က အထူးခြားဆုံးသတင်း၊ သူတို့အားလုံး မမျှော်လင့်မိဆုံး သတင်း။ ဟံသာဝတီဘုရင်၏ အားအထားရဆုံး စစ်သူကြီး တလပန်း ထွက်ပြေးသွားပြီ ဟူသော သတင်းကြီး။
ကြားစ၌ မယုံနိုင်၊ တိုင်ပင်ပွဲရုံးရှိ အရာရှိ ဗိုလ်များအားလုံး ဟာခနဲ အံ့သြဝမ်းသာ ဖြစ်သွားကြသည်။ လာရောက် အကြောင်းကြားသူမှာ ရံတပ်ကို ဖွင့်ပေးလိုက်ပြီး တလပန်း ထွက်သွားသည်ကို ကိုယ်တိုင် တပ်အပ်မြင်ခဲ့သူ ဖြစ်နေသောကြောင့် သတင်းမှန်ဖြစ်ကြောင်း ခိုင်လုံနေသည်။
ထွက်သွားသည်မှ စစ်သည်သူရဲ ၅၀၀၀ နှင့် လက်ရွေးစင် ဆင်မြင်းများ ယူ၍ ထွက်သွားခြင်း ဖြစ်သည်။ အတွင်းသတင်းများအရ ဟံသာဝတီပြည့်ရှင်နှင့် ကတောက်ကဆဖြစ်ခြင်းမျိုး မရှိဟု သိရသည်။ သို့ဆိုလျင် အဘယ့်ကြောင့် ထွက်သွားသနည်း။
"တလပန်းက ဘယ်လိုဖြစ်တာလဲ။ သူပဲ ဟုတ်ဟုတ်ညားညား နဲ့ မြန်မာမင်းသာ ယောက်ျားလော ဆိုခဲ့ပြီး တိုက်ရတော့မယ်မှတ်မှ ရှောင်ထွက်သွားသတဲ့လား"
"ထွက်သွားတာတောင် ဟံသာဝတီကို ဖဲ့ယူသွားသလို အလုံးအရင်းတောင်းပြီးမှ ထွက်သတဲ့။ ဖွင့်မပေးတဲ့ တံခါးမှူးကိုလည်း ခုတ်ပြီး ထွက်သွားတာတဲ့"
"အပြောနဲ့ လုပ်ရပ် ခြားနားလိုက်လေ၊ တယ် သစ္စာပျက်တဲ့ လူပါလားကွယ်တို့"
"သင်းအစား ရှက်မိပါရဲ့ကွာ"
ဗိုလ်များ တစ်ယောက်တစ်ပေါက် ဝေဖန်နေကြသည်။ သူ့ကိုမှ ယုံကြည်ကိုးစားခဲ့ကြသည့် ဟံသာဝတီ ရွှေနန်းရှင်နှင့် မြို့သူမြို့သားအပေါင်းအား မျက်နှာလွှဲပစ် ဖြစ်ချင်ရာဖြစ် ထားခဲ့၍ ရသမျှယူကာ သားမယားခေါ်လျက် ကိုယ်လွတ်ရုန်းပြေးသွားသောကြောင့် ရန်သူကြီးတစ်ယောက် လျော့သွားသည်ကိုပင် ဝမ်းမသာနိုင်တော့ဘဲ ဟံသာဝတီသားများကိုယ်စား ရင်နာနေကြလေ၏ ။
မင်းလှမင်းခေါင်ကတော့ တစ်ခွန်းသာ ဆိုသည်။
"တလပန်းရာဇဝင် ရိုင်းခဲ့ပြီ"
ထိုအကြောင်းကို လက်ျာဘီလူး ကြားသိသောအခါတွင်လည်း သူ၏ သွေးသောက် ငသူရိန်ကို ဤသို့ပြော၏ ။
"ရှေးက ဗရမ်းသမက်များရှင် စောဟန်ကိုက် (ဥပါကောင်း) ကို မင်းရဲကျော်စွာ ခေါ်တွေ့မေးမြန်းတော့ သူရဲတို့ဟူသည် စစ်ပွဲတွင် အရှင်ရလိမ့်မည်မဟုတ် လို့ ဆိုခဲ့ဖူးတယ်။ ငါလည်း တလပန်းကို အဲဒီလိုမျိုး ပြောခဲ့ဖူးတာ အခုလို လုပ်သွားလိမ့်မယ် မထင်ခဲ့ဘူး"
မည်သို့ဆိုစေ သူတို့အဖို့ အလုပ်အကြံ လျော့ပါးလွယ်ကူသွားမည်ကတော့ အမှန်။ ပဲခူးမြို့သားတို့မှာ တလပန်းနောက်သို့ မြို့တစ်ခြမ်း ပဲ့ပါသွားပြီဟု ပြောဆိုနေကြသည်။ သည်တစ်ကြိမ် ရွှေဘိုတပ်များကို ခံနိုင်တော့မည်မဟုတ် ဟု အားလျော့ကုန်ကြသည်။
ဟံသာဝတီမင်းသည်လည်း အားကိုးအားထား ပြုပါမှ လူကောင်းများပါ ဆုံးရှုံးသွားရသည်မို့ အရေးမလွယ်နိုင်တော့မှန်း သိ၍ ညီတော် သမက်တော် ဗိုလ်မှူးများကို ခေါ်၍
"ငစိတ်ထင် မြို့ခံတွင် ဗညားဒလနှင့် စျေးငယ်ဗိုလ်ကို တူသည်မရှိ၊ သူ့ဗိုလ်အင်ကို တိုက်ဖျက်ရလျှင်လည်း တလပန်းကို မီသူမရှိ။ ယခု တလပန်းသွားရာ၌ ဆင်ကောင်းမြင်းကောင်း လူကောင်းများစွာ ပါလေသည်။ ပြင်တပ်ကြီးလည်း ပေါက်၍ မြို့ထီးထီးသာ ကျန်တော့သည်မှာ မြန်မာတို့ အင်အားကြီးကို ခံနိုင်ဖွယ်မရှိ။ မင်းတို့ ပသို့ထင်သနည်း"
ထိုအခါ အိမ်ရှေ့မင်း မဟာဥပရာဇာက
"ကိုယ်မချိလျင် အမိသော်လည်း သားတော်ခဲ ဟူသည့်အတိုင်း ယခုအရေးပျက်ပျက်ရောက်ချေပြီ။ မြို့နှင့် ပြည်သူတို့အတွက် တပင်တိုင်နန်းရှင် သမီးတော်ကို အလောင်းမင်းထံဆက်၍ ရွှေလမ်းငွေလမ်း ဖောက်ပါမှ ပြည်သူပြည်သားတို့ စီးပွားချမ်းသာ ရကြပါတော့မည်"
ဆိုလေသည်။ အားလုံးလည်း သဘောညီကြသဖြင့် စာပြင်၍ အရေးဆိုရသည်။ ထိုအခါမှ အလောင်းမင်းတရား လက်ခံသဖြင့် သမီးတော်ကို ကြီးကျယ်စွာသော အခမ်းအနားနှင့် ပို့ဆက်လာရ၏ ။
လက်ျာဘီလူးတို့လည်း စစ်ကြီးပြင်ပြီးခါမှ သမီးကညာ အဆက်သခံ သဘင်ကြီးအတွက် လုံးပန်းကြရပြန်လေသည်။ ထိုသည့်အခါ မွန်မြန်မာ အရောရော အထွေးထွေး ရှိသဖြင့် သီးသန့်စိစစ်ကာ အရေးကြီးသည့် နေရာများ၌ မွန်အမှုထမ်းများကို မြန်မာတို့နှင့် လဲရ၏ ။ သူ့အား လုပ်ကြံလာနိုင်သည်တို့ကိုလည်း သတိထားနေရသေးသည်။
မွန်ဝန်ကြီး ဗညားဦးနှင့် ဗညားအရိန္ဒမတို့လည်း နှစ်ကြိမ်သုံးကြိမ် ရောက်ရှိ အကဲခတ်သွားကြသည်။ သူတို့လုပ်ကြံမည့်သူမှာ နေရာရလျက် ကံ ဉာဏ် ဝီရိယ ပြည့်စုံနေကြောင်း တွေ့မြင်ကြရသည်။ သို့သော် သူတို့ကား လက်မလျှော့။ ကံနိမ့်မည့်အချိန်၊ သတိလွတ်မည့်အခါ၊ ဝီရိယလျော့ ပေါ့ဆမည့် ကာလကို စောင့်နေကြလေ၏ ။
လက်ျာဘီလူးလည်း မင်းတရားကြီးနှင့် သူ့ကိုယ်သူ ဂရုစိုက်နေရသောကြောင့် တပ်နှင့် မိစောမွန်တို့ထံ မရောက်ဖြစ်။ မိစောမွန်မှာ ဓားမြှောင်တစ်လက်နှင့် အနှောင့်အယှက် ဝင်နေရပြီ။
ရတနာဓားကလေး လက်ခံရပြီးနောက် တစ်ပတ်ကျော်ကြာလျင် ထူးဆန်းသော အိပ်မက်တို့ကို စတင်မြင်မက်လာသည်။ တစ်ခါတစ်ရံ လူနီထွားကြီးနှစ်ယောက်၊ ရံဖန်ရံခါ ရတနာစီခြယ်သော ဗောင်းထုပ် ဆောင်းထားသည့် နှုတ်ခမ်းမွေးဖားဖား လူကြီးနှင့် သူ၏ မိဖုရား၊ မည်းမည်းအရိပ်ကြီးများ လိုက်လံဖမ်းဆီးနေသဖြင့် ပြေးရသည်ဟုလည်း မကြာခဏ မက်နေရသည်။
ယနေ့ညတော့ ပင်ပင်ပန်းပန်းနှင့် အိပ်မောကျနေစဥ် ဓားမြှောင်၏ နောက်ကြောင်းရာဇဝင် ဖြစ်ဟန်တူသော အကြောင်းခြင်းရာတို့ကို ဘေးမှ ကြည့်နေရသလို တွေ့နေရ၏ ။ ချမ်းသာလှသော ဘုရင်ကြီးတစ်ဦး၊ သူ၏ ချစ်လှစွာသော မိဖုရားငယ်ကလေးအား ရွှေဘူးကလေးတစ်ဘူး ပေးသည်ကို တွေ့ရ၏ ။
အမှန်တော့ ထိုမိဖုရားလေးက လိုချင်သဖြင့် တောင်းဆိုနေခဲ့ခြင်းပင်။ ဘူးကို ဖွင့်လျှင် ကတ္တီပါအောက်ခံနှင့် ရတနာဓားမြှောင် ထွက်ပေါ်လာသည်။ မိဖုရားငယ်သည် အလွန်ပျော်ရွှင် တန်ဖိုးထားနေသည့်ဟန်၊ ထို့နောက် အခြား မိဖုရားကြီးများ၏ ငြူစူဟန်များ။ မိဖုရား ၃၀ ကျော်အနက် မိန်းမငယ်သည် ရန်အများဆုံးလည်း ဖြစ်နေသည်။
ထို မိဖုရားငယ်သည် ကတုံးနှင့် လူကြီးတစ်ဦးကို ကပ်၏ ။ ထိုလူကြီးက ရှုပ်ထွေးလှသည့် စာလုံးများပါသော ပဝါနက်တစ်ခု ပေးသည်ကိုလည်း မြင်ရသည်။ ဓားမြှောင်ကလေးကိုလည်း ယူကြည့်၏ ။ သူက မိန်းမငယ်ကို အကာအကွယ် ပေးထားဟန် တူလေသည်။
ရုတ်တရက် အဘယ်ကြောင့်ရယ်မသိရဘဲ မိဖုရားငယ်သည် ဘုရင်ကြီး ပြန်အကြွတွင် ကျောဘက်မှနေ၍ နှလုံးနေရာကို ဓားမြှောင်ဖြင့် ထိုးလိုက်သည်။ ဘုရင်ကြီးမှာ ခေါင်းဆောင်းဗောင်းတော် ကျွတ်ပြီး တိုင်ကိုမှီကာ ထိုင်ကျသွားသည်။ မင်းသမီးငယ်ကိုလည်း အစောင့်များက ပြေးဖမ်းကြပြီး ဓားကိုလုရာ အငြိငြိအယှက်ယှက်နှင့် ဓားသည် လွင့်တက်လာပြီး ကြည့်နေသော မိမိရှိရာသို့ ဦးချွန်လှည့်လျက် ဝင်လာလေသည်။
မည်သူမျှ မရှိ တိတ်ဆိတ်နေသော စားဖိုဆောင်အတွင်း ကုတင်ညောင်စောင်းကလေးပေါ်တွင် မိစောမွန်သည် ထိတ်လန့်တုန်လှုပ်စွာ နိုးလာ၏ ။ ရှုပ်ထွေးလှသော နန်းတွင်းရေးများကို ပြက်ပြက်ထင်ထင် မြင်တွေ့လိုက်ရသကဲ့သို့ စိတ်ညစ်ညူး ထိုင်းမှိုင်းနေသည်။ သည်ဓားကို မက်မောစိတ် မပြေသေးသော်ငြား မဆောင်အပ်သည့် ဓားတစ်လက် ဟုတော့ ထင်မြင်လာမိသည်။
စိတ်စွဲလန်း၍ မက်တာပါဟု ယူဆကာ ပြန်အိပ်သည်။ သည်တစ်ကြိမ် မြင်မက်ရသည်က ပေါ်တူဂီလူမျိုး နှစ်ဦး၊ သိုးဟုခေါ်သော ဦးထုပ်ရှည်များ ဆောင်းထားကြသည်။ ထိုသိုးဆောင်းနှစ်ယောက်သည် လုယက်လာသည်ဟု ယူဆရသည့် အထုပ်တစ်ထုပ်အား အိုးတစ်လုံးထဲ ထည့်နေကြ၏ ။
ထို့နောက် အိုးကို မြေမြှုပ်လိုက်ကြသည်။ သို့သော် သူတို့သည် မြေမြှုပ်ထားရာသို့ တစ်ယောက်တစ်လှည့် မသိမသာ ကြည့်နေကြပြန်သည်။ ပြန်သွားကြသော်လည်း ခြေလှမ်းများ နှေးဖင့်လေးကန်လျက်။ ထိုအထဲမှ တစ်ယောက်က ကြုံလှီပိန်ကပ်စွာ ပြန်ရောက်လာပြီး အိုးကို အငမ်းမရ တူးဖော်နေပြန်၏ ။
သူ လောဘတကြီး တူးနေသည့် အိုးထဲမှ အထုပ်ကို ဖြေလိုက်ရာ မြွေများ ခေါင်းထောင်ထွက်လာပြီး အဆိပ်တဖြီးဖြီး မှုတ်နေကြလေသည်။ ထို့နောက် ရွက်များစွာ ပါသော စစ်သင်္ဘောကြီးတစ်စင်း၊ ထို့နောက် ခမ်းနားလှသော အိမ်ကြီးတစ်လုံး၊ ဂါဝန်ဝတ် မိန်းမပျိုများ၊ လူမျိုးခြား ကုန်သည်ကြီးများ၊ ထို့နောက်.. ထို့နောက်...။
မိစောမွန် မည်သည့်အရာမှ မမှတ်မိတော့ပြီ။ အိပ်မက်များစွာတို့ကြောင့် သူ့ခေါင်းသည် ချာချာလည်နေ၏ ။ လက်ထဲတွင် ဓားမြှောင်ကို ဆုပ်ကိုင်ထားပြီး ခေါင်းငုံ့ကာ ငူငူငိုင်ငိုင် ထိုင်နေသည်ကို လင်းအားမကြီးမီ ရောက်လာသော ငကျော်ရှိန် အလန့်တကြား ဖြစ်သွားသည်။
"ဟဲ့.. အမလေး၊ လန့်လိုက်တာ အမွန်ရယ်"
မိစောမွန် သူရူးတစ်ယောက်ကဲ့သို့ ကြောင်စီစီနှင့် မော့ကြည့်လာသည်။ ကျော်ရှိန် ကျောရိုးထဲ စိမ့်ခနဲ ဖြစ်သွားကာ ကြက်သီးများ ထလာသဖြင့်
"ညည်း နိုးနေရင်လည်း ပြင်ဆင်ထားလိုက်နော်၊ ငါ အသားငါး စောစောသွားရှာကြည့်ဦးမယ်"
ဆိုကာ သုတ်သုတ် ထွက်သွားလေသည်။ အနောက်သို့လည်း လှည့်ကြည့် လှည့်ကြည့်။ ထိုဓားရပြီးနောက်ပိုင်း မိစောမွန် တစ်ခုခု ထူးခြားနေသည်ဟု သူ ထင်နေ၏ ။
(ဆက်ရန်..) ဟံသာဝတီသို့ (၁၅)
Written by သင်္ခရာဇာ
End date: June 27, 2022