ဝါဆိုလ။
ဗညားဒလ ရပ်ခံစောင့်ကြပ်နေသော သန်လျင်မြို့သည် ပြောင်းသေနတ် အမြောက်ထူထပ်သလို သင်္ဘောကုလားတို့က အကူအညီများစွာ ထောက်ပံ့ပေးထားသဖြင့်လည်း တိုက်ရခက်ကာ မြန်မာတို့ အထိအရှ များနေကြချိန်။
လက်ရွေးစင် ညဥ့်တက်လူ ၁၀၀ ခန့် ရွေးချယ်ကာ သန်လျင်မြို့ကို အလစ်အငိုက် ဝင်၍ တံခါးဖွင့်ရန် အလောင်းမင်းကြီး စီစဥ်ရာ ထို ရဲရောင်သန်မြန်သူများအား သူရဲတော် လက်ျာဘီလူးပင် ခေါင်းဆောင်ရမည် ဖြစ်သည်။ သူ၏ အလုပ်အကိုင် အကြံအစည်နှင့် အာရုံစူးစိုက် ဆောင်ရွက်တတ်ခြင်းကြောင့် မင်းတရားကြီး အထူးယုံကြည်စိတ်ချသဖြင့် ဤသ်ို့သော တာဝန်ကြီးအပ်နှင်းလိုက်ခြင်းပင်။
သူက စိတ်ကြိုက်လူ တစ်တပ်တစ်ယောက် ရွေးချယ်ရာ ၉၂ ယောက်သာ ရသည်။ ၁၀၀ မပြည့်သော်လည်း ထပ်မရှာတော့ဘဲ မင်းတရားကြီးကိုယ်တိုင် ရွေးချယ်ခဲ့သော ရွှေလှံရဲ အဖွဲ့မှ ရွှေဘွဲ့ရ မြင်းသည်သူရဲ အချို့၊ လက်ဝဲဂုမ္ဘဏ်တို့ ဘုန်းတော်ပြစ်တပ်သား အနည်းငယ်နှင့် ဘီလူးတပ်သားများလည်း ပါဝင်သော ရဲရင့်သန်မြန်သူ ၉၃ ဦးတို့သည် လပြည့်ကျော် ၁၄ ရက်ညတွင် သန်လျင်ဘက်သို့ ကူးခဲ့ကြလေပြီ။
အလောင်းမင်းတရားကိုယ်တိုင် တိုက်ရခက်လှ၍ မဟာသေနာပတိ ဦးကောင်းကို ဆုံးရှုံးခဲ့ရသော သန်လျင်အား သိမ်းပိုက်နိုင်မည့် အရေး ဖြစ်သည့်အတွက် မအိပ်ဘဲ သန်လျက်စွန်းမှ မီးရှူးပစ်ဖောက် အားပေးရင်း၊ သန်လျင်မြို့စောင့်တို့ကို အာရုံလွှဲရင်း စောင့်နေသည်။ သုံးချက်တီးကျော်မှ ရန်ကုန်သို့ ပြန်ဝင်တော်မူ၏ ။
လက်ျာဘီလူးတို့ သူရဲတစ်စုလည်း ညဥ့် လေးချက်တီးကျော်အချိန် ကျုံးကိုဖြတ်၍ မြို့ကို တိတ်တဆိတ် လှည့်ပတ်ကြည့်ကြသည်။ တက်သာမည့် နေရာ ရှာကြသော် အနောက်မြောက်ထောင့်တွင် တောင်ကမ်းပါးစောက်ကို မြို့ရိုးလုပ်ထားကြောင်း တွေ့ရလေ၏ ။ ထိုနေရာမှ ခက်ခက်ခဲခဲ တက်ကြ၍ မြို့စီးပြစီး အစောင့်တို့ကို ထိုးခုတ်ပစ်ကြလေသည်။
အနောက်မြောက်တပ်ကို ရန်သူတက်နေပြီ ဟူသည့် အသံများနှင့်အတူ မြို့တွင်းတပ်များ စုပြုံ ရောက်ရှိလာသည်။ သို့ရာတွင် လက်ျာဘီလူးနှင့် ဘီလူးတပ်သားများက မြို့ရိုးထက်မှ မြို့တွင်းသို့ ခုန်ချလျက် တံခါးစောင့်တို့အား တိုက်ခိုက်နေကြပြီ။
တံခါးဆီ ဝင်လာသူများကို လက်ျာဘီလူးက ဟန့်တားထားစဥ် သူ့နောက်ပါတို့က ကျုံးကြမ်းတံတားကို စက်သီးနှင့် ချနေကြသလို တံခါးကိုလည်း ဝိုင်းဖွင့်လိုက်သည်။ အပြင်မှ ရံတပ်များကလည်း တစ်မြို့လုံး သောသောညံနေသဖြင့် ထွက်ကြည့်ကြခိုက် မြို့တွင်းမှ မီးရောင်ကို တံခါးအပွင့်တွင် မြင်၍ ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။
"မြို့တံခါး ပွင့်သွားပြီဟေ့၊ တက်ကြ.. တက်"
မှန်ပေသည်။ ညဥ့်တက်မည့် သတင်းကို မည်သူမျှ မသိရအောင် အထူးလျှို့ဝှက်ထားမှသာ ရန်သူများထံ မပေါက်ကြားနိုင်မည် မဟုတ်ပါလား။ အပြင်မှ ရံတပ်အားလုံး ကျုံးနင်းကြမ်းနှင့် တံခါးအသင့်ဖြစ်နေရာမှ စုပြုံတိုးဝင်၍ မြင်မြင်သမျှ မွန်၊ ကုလား စစ်သည်တို့ကို ထိုးခုတ်ကြကုန်၏ ။
ယခင်အကြိမ်က ဝေရကျော်သူ၊ နန္ဒယော်ဓာနှင့် လက်ရွေးစင်လူကောင်း ၇၅ ယောက် သန်လျင်ကို တက်ရန် သွားခဲ့ကြပြီးပြီ။ မီးထည့်၍ စောင့်နေသော မွန်ရဲမက် ၅၀၀ ကျော်ကို ဖမ်းဆီးသတ်ညှစ်ပြီးခါမှ ကျုံးနင်းကြမ်းကို စက်နှင့် ဖြတ်ထား၍ မဝင်သာဘဲ ပြန်လှည့်ခဲ့ကြရ၏ ။ ယခုတော့ မြို့တက်ကောင်းသည့် ဘီလူးတပ်သားများ၏ အစွမ်းနှင့် မြို့ပေါက်ခဲ့ပြီ ဖြစ်သည်။
မြို့စောင့်ဗိုလ်မှူး ဗညားဒလလည်း ဖိဖိစီးစီး ကွပ်ကဲထိန်းသိမ်းသေး၏ ။ တစ်မြို့လုံး မီးတိုက်၍ ထိုးခုတ်နေကြပြီး ဖြစ်သောကြောင့် မအုပ်စည်းနိုင်တော့ဘဲ ရှမ်းတံခါးမှ ကိုယ်လွတ်ခွာရလေတော့သည်။ ငစင်ကာတို့လက်ထက်မှ စ၍ သင်္ဘောကုလား ဘုရင်ဂျီ ကပ္ပလီ တလိုင်း လူမျိုးစုံလှသော သန်လျင်သည် သံမြို့ကြီးကဲ့သို့ တောင့်တင်းခိုင်မာလှသော်လည်း အလောင်းဘုရား၏ လူများအစွမ်းကို မလှန်နိုင်တော့။
တစ်မြို့လုံးရှိ အိမ်ကြီးအိမ်ကောင်းများလည်း ဖရိုဖရဲ ပျက်စီးကုန်ပြီ။ သေနတ် အမြောက် လက်နက်လုပ်တတ်သူ၊ အထည်အလိပ် ရက်လုပ်တတ်သူ စသည့် အတတ်ပညာရှင်များလည်း သုံ့ပန်းအဖမ်းခံကြရသည်။ မြို့ကိုရလျင် အလောင်းမင်းတရားက
"လက်လွန်မိသမျှကိုသာ လွန်စေ၊ ဆင်မြင်းလက်နက်တို့ကိုသာ တိုက်တော်သို့သွင်း။ ရွှေငွေကျောက်သံ အုပ်မျိုး ထည်မျိုးတို့ကို ရဲမက်တော်တို့ လက်ရ ယူကြစေ"
ဟု အမိန့်တော် ထုတ်ပြန်လိုက်သည်။ ထိုအခါ စစ်နိုင်သူတို့က စစ်ရှုံးသည့် မြို့များတွင် ပြုမူနေကျအတိုင်း စစ်သည်များ မွှေနှောက်ရှာဖွေ ယူငင်ကြကုန်သည်မှာ စိတ်မသက်သာစဖွယ်။ ခေတ်တိုင်းတွင်လည်း ဤသို့ ရှိခဲ့သည်။ နိုင်ငံတိုင်းလိုလိုလည်း ထိုအတိုင်းပင်။ စစ်၏ အနိဋ္ဌာန်ရုံနှင့် ဆိုးကျိုးများကို ပြည်သူတို့သာ နောက်ဆက်တွဲအထိ ခံကြရစမြဲ။
ယခုလည်း သွေးအလူးလူးနှင့် ဓားမည်းကြီးကို ကိုင်လျက် ဒိုင်းကို ကျောတွင် ချိတ်ပိုးထားရင်း ပျက်စီးသွားသော မြို့ကြီး၏ လမ်းမအတိုင်း လက်ျာဘီလူး လျှောက်လာသည်။ မည်သူမျှ သူ့အား အရေးတယူ ပြုနိုင်ခြင်း မရှိတော့။ ရွှေငွေဥစ္စာတို့ကို မြင်၍ လောဘအမှောင်ဖုံးသွားကြပြီ။ ရှုံးနိမ့်သူများအဖို့ သနားစဖွယ် ရင်နာစဖွယ် ရပ်ကြည့်ကြလျက်၊ ငေးမျှော်ကြည့်ကြလျက်၊ မကြည့်ဝံ့၍ ခေါင်းငုံ့ဒူးထောက်လျက်။
လမ်းတစ်လျှောက် ဖမ်းဆီးခံထားရသူများလည်း စီတန်းနေသကဲ့သို့ ပစ္စည်းများသည်လည်း ပြားခတ် ရှုပ်ပွေနေသည်။ သူသည် အိမ်တစ်အိမ်အတွင်းမှ အသံများ ကြားနေရာသို့ လှမ်းကြည့်လိုက်၏ ။ စစ်သည်တစ်စုက အိမ်ရှင်များ ရပ်ကြည့် ပြောဆိုနေသည့်ကြားမှ တစ်အိမ်လုံးကို စိတ်ကြိုက် ရှာဖွေ ဖျက်ဆီးပစ်နေသည်။
ထိုအထဲမှ တစ်ယောက်သည် ဟံသာဝတီပြည့်ရှင် ဗြညားဓိရာဇာ မင်းတြား၏ ပုံတူပန်းချီကားကြီး ချိတ်ဆွဲထားသည်ကို ဖြုတ်ချလိုက်၏ ။ အိမ်ရှင်လူကြီးက အော်ဟစ်ပြေးလာ၍ ဆွဲထားရာ ရဲမက်က တွန်းထုတ်လိုက်ပြီး ပန်းချီကားကြီးကို ဖျက်ဆီးရန် မြှောက်လိုက်သည်။
"ပြန်ချထားလိုက်ပါ ရဲဘော်"
အခြားသူများအားလုံး ဝိုင်းကြည့်နေကြသည်မို့ ခေတ္တ တိတ်ဆိတ်သွားခိုက် အပြင်မှ အသံက ဝင်လာသည်။ မြှောက်ထားသည့် စစ်သည်က အပြင်သို့ လှမ်းကြည့်ကာ မခိုးမခန့် ရယ်လိုက်ပြီး
"ဘာဖြစ်လို့လဲ၊ မင်းက.."
သူ့စကားသည် ချက်ချင်း ရပ်တန့် ပြတ်တောက်သွား၏ ။ လူကို မသိသော်လည်း ကိုင်ထားသည့် ဓားမည်းကြီး တစ်ချက်အလက်တွင်မူ ထိုသူ မျက်စိမျက်နှာ ပျက်သွားပြီး ပန်းချီကားကို အလျင်အမြန် ချလိုက်ကာ
"တောင်းပန်ပါတယ်ဘုရား၊ ကျွန်တော်မျိုး ရုတ်တရက် ဘယ်သူမှန်း မသိလိုက်လို့ပါ"
အပြင်သို့ ပြေးထွက်လာလျက် ခြေကို ဖက်တော့မတတ် ဦးညွှတ်နေသည်ကို လက်ျာဘီလူး ရပ်ကြည့်နေပြီးမှ
"မင်း နားဋောင်းက မင့်အမိထမီစ မဟုတ်လား"
"ဟုတ်.. ဟုတ်ပါတယ်ဘုရား"
"မင့်နားမှာ လိပ်ထားတာကို ဆွဲဖြုတ်ပြီး ခြေနဲ့ နင်းရင် မင်း သဘောကျပါ့မလား။ အမိထမီစတောင် မခံချင်ရင် သူတို့ ရှင်ဘုရင်ပုံကို မင်းဖျက်ဆီးလိုက်မယ်ဆို သူတို့ရင်ထဲ ဘယ်လောက်တောင် မချိလိုက်ကြမလဲ"
"မလုပ်တော့ပါဘူးဘုရား၊ ချမ်းသာပေးပါ"
"မင့်ခါးက ဘာလဲ"
ရဲမက်၏ ခါးစည်းကြိုးတွင် ထိုးထားသော ရွှေရောင်လက်ကိုင် ကောက်ကောက်ကလေးကို မြင်၍ လက်ျာဘီလူး မေးလိုက်သည်နှင့် ရဲမက်က ပြူးပြူးပြာပြာ ထုတ်ပေးလာ၏ ။ သေးသွယ်ချွန်မြသော ဓားမြှောင်ကလေးတစ်ချောင်း၊ အသွားတွင် လှိုင်းတွန့်ရောင်စုံ အရိပ်များစွာ ပါ၍ အရိုးအား ကျောက်မျက်အချို့ဖြင့် စီခြယ်ကာ ရွှေချထားသည်။
"ဒါက သန်လျင်အရှေ့ သင်္ဘော ၇ စင်းကို တက်တုန်းမှာ သေတ္တာတစ်လုံးထဲက ရခဲ့တာပါဘုရား"
"မင်းက လက်နက်ကို မအပ်ဘူးပေါ့လေ"
"မဟုတ်ပါဘူးဘုရား၊ လက်နက်ဆိုတာထက် ရတနာပစ္စည်းအဖြစ် သိမ်းဆည်းထားခဲ့မိတာပါ"
သူက ခက်ရင်းအချွန်ကဲ့သို့သော ဓားမြှောင်ကို သေသေချာချာ ကြည့်နေသည်။ ရဲမက်က သူလိုချင်သည် ထင်၍
"အရှင် သဘောကျရင် သိမ်းဆည်းထားလိုက်ပါ။ ကျွန်တော်မျိုး အပ်ပါတယ်။ အပြစ်ကို ခွင့်လွှတ်တော်မူပါ"
လက်ျာဘီလူး ဘာမှမပြောဘဲ ဓားမြှောင်မှ ထူးခြားသည့် 'S' သဏ္ဍာန် အမှတ်အသားကိုသာ စူးစိုက်ကြည့်နေသည်။ ထိုအခိုက် အိမ်ရှင်လူကြီးက ကုန်းကုန်းကွကွ ရောက်လာပြီး ရှေ့တွင် ဒူးတုပ်လိုက်သည်။
"ဗိုလ်မင်း သည်ပစ္စည်းကို လက်ခံမထားပါနဲ့။ အဲဒီဓားကို ကျွန်တော်မျိုး သိပါတယ်။ လူမျိုးခြားလက်မှာ အင်မတန်ခိုက်တတ်တယ်လို့ တညင်တစ်မြို့လုံး သိတဲ့ နာမည်ကျော်ပစ္စည်းပါ"
"သူ့ပိုင်ရှင်က လူမျိုးခြားလား"
"ကုံမညီလူမျိုးတစ်ဦးပါ၊ အခု မရှိတော့ပါဘူး"
"ဒါဖြင့် ပိုင်ရှင်ဘယ်သူလဲ"
"မသိတော့ပါဘူး။ မင်းကြီး ဗညားဒလ သန်လျင်က ခွာဖို့ပြင်တော့ သေတ္တာတွေထဲ ထည့်ယူသွားပုံ ရပါတယ်။ အဲဒီသင်္ဘောတွေလည်း မြန်မာတို့လက် အကုန်ကျကုန်တယ် ကြားပါတယ်ဘုရား"
"သြော်"
ပြန်ပေးရန် ကြည့်ရာ ရဲမက်မှာ သူ့အနား မရှိတော့။ ဘယ်ရောက်သွားမှန်းပင် မသိလိုက်။ သူသည် ခိုက်သည်ဆိုသော ဓားမြှောင်ကို ကြည့်လျက် ယောင်နန ကျန်ရစ်ခဲ့လေသည်။
(ဆက်ရန်..) ဟံသာဝတီသို့ (၈)
Written by သင်္ခရာဇာ
End date: June 10, 2022
No comments:
Post a Comment