Translate

ဟံသာဝတီသို့ (၅)

              အပြင်မှ ရံတပ်နှင့် အဆက်အသွယ်ရှိသော ရွာသားအချို့ ပြောကြ၍ ယနေ့နံနက် ရံတပ်များကို မင်းထင်နော်ရထာဆိုသူ ဦးဆောင်၍ တိုက်တော့မည်ဖြစ်ကြောင်း အခွန်ရွာ တစ်ရွာလုံး သိနေကြပေသည်။ မင်းထင်နော်ရထာ ဆိုသည်မှာ အသူနည်း။ မြင်းနီနှင့် သူရဲပင်လော။
မည်သို့ဆိုစေ တကယ် တိုက်ကြတော့မည်မှာ သေချာသည်။ ညကတည်းက စစ်ပြင်ဆင်သည့် အသံများကို အနောက်အရပ် ပြင်တပ်ကြီးဆီမှ ကြားနေရသည်။ ရွာတွင်းမှ ခံသော မင်းလှသီရိတို့လည်း လှုပ်လှုပ်ရှားရှား ရှိ၏ ။ ရွာသားများပင် နိုးကြားနေကြသည် မဟုတ်ပါလား။
အရုဏ်တက် အလင်းပျို့ချိန်မှစ၍ ပြင်တပ်ကြီးမှ မြန်မာစစ်သည်တို့ တစ်သုတ်ချင်း ထွက်လာနေကြသည်။ ရှေ့ဆုံးမှ တုတ်ရှည်များနှင့် လွှား ကာ စွဲထားကြသည့် ရဲမက်တော်တို့ စုစုအုပ်အုပ်၊ ထို့နောက် သေနတ်သမားအချို့နှင့် ရွှေလေးတော်သား ဟု သူတို့ သမုတ်ကြသည့် လောက်လေး လင်းလေးစွဲ သူရဲများ။
သူတို့အားလုံးသည် တပ်ရှေ့မျက်နှာ၌ အတန်းလိုက် အစုလိုက် ရပ်နေကြသည်။ စစ်မျက်နှာဖြန့်ခြင်း တပ်ဖြန့်ခြင်း မပြုကြ။ မွန်တို့ကိုလည်း တပ်တွင်း၌ လှုပ်လှုပ်ရွရွ မြင်နေရ၏ ။ မောက်တိုဆောင်း၊ မိန်ညိုဝတ်၊ ခါးတောင်းကျိုက်ကာ လွယ်အိတ်များ လွယ်ထားကြသော ရွှေလေးတော်သားတို့က လွှားကာအစုထဲ တိုးဝင်ပူးပေါင်းလိုက်ကြသည်။
သူတို့လက်နက်မှာ လောက်လေးမျှသာ ဖြစ်၍ အစွမ်းမထက်ဟု မထင်လိုက်ပါနှင့်။ ရှင်စောပု ဘုရင်မကြီး မဖြစ်ခင်က မင်းညီတုံး ဦးဆောင်သော ရွာသားတပ်စုသည် ဘုရင့်စစ်သူကြီးနှင့် တပ်မတော်ကြီးအား လောက်လေးဖြင့် ပစ်ခွင်း၍ ဖြိုဖျက်ခဲ့ဖူး၏ ။ စစ်သူကြီးပင်လျင် မင်းညီတုံးပစ်သော လောက်စာလုံးကြောင့် ပေါင်ကျိုးကာ မြင်းပေါ်မှ ကျသည် ဆို၏ ။
ကုန်းဘောင်သားတို့၏ လောက်လေးစွမ်းကလည်း ရန်သူကို သေအောင်၊ ထိခိုက်ဒဏ်ရာ ပြင်းစွာရအောင် အကြိမ်ကြိမ် စွမ်းဆောင်ပြခဲ့ကြပြီးပြီ။ ယခုလည်း ထိုလေးတော်သားတို့ကို ရှေ့တန်းတင်ကာ ထွက်ခဲ့ကြပြန်ပြီ။ သူတို့နောက်မှ ကာကိုင် သေနတ်သားတို့ လိုက်ကြသည်။
အစွမ်းထက်လှသော ရွှေဘိုမြင်းသည်တို့ကိုမူ မမြင်ရသေး၊ သို့မဟုတ် ထွက်မလာကြသေး။ ကြမ်းရမ်းလှသော လက်ျာဘီလူးလည်း ပေါ်မလာသေး။ ပြင်တပ်ကြီး၏ စစ်သည်တို့သာ လှံကိုင် ဓားကိုင်များအထိ အပြင်သို့ ရောက်ရှိနေကြ၏ ။ တပ်စုများ ဘေးတွင် မြင်းနှင့် လိုက်ကွပ်မည့် အကြပ် သွေးသောက်တို့ကမူ အသင့်ဖြစ်နေပြီ။
နောက်ဆုံးမှ မြင်းတပ်အစုကို သွေးသောက် ငသူရိန် ဦးဆောင်၍ ထွက်လာပြီး လက်ျာဘီလူးကမူ တပ်ထိပ်မှ ပေါ်လာသည်။ သူက အပေါ်မှ ကြည့်ရင်း ညွှန်ကြားချက်များ ပေးနေပုံရ၏ ။ သူ့နောက်လိုက် အကြပ်ငကံနှင့် ဗိုလ်အချို့က မှတ်သားစီမံနေကြသည်။ အားလုံးပြင်ဆင်ပြီးသောအခါ စစ်မောင်း တီးလိုက်သည်။
တပ်ပေါ်မှ တံပိုးခရာသံများ ထွက်ပေါ်လာပြီး မြန်မာစစ်သည်တို့ စရွေ့ချေ၏ ။ စစ်ပွဲတစ်ပွဲအား ချည်းကပ်နေကျကဲ့သို့ ပြေးဝင်တိုက်ခိုက်ကြခြင်းကား မဟုတ်။ တစ်လှမ်းချင်း ညီညာစွာ တရွေ့ရွေ့ မြောက်ဘက်သို့ ဦးတည်နေကြ၏ ။ စိတ်ဓာတ်တက်ကြွစေမည့် အားမာန်အပြည့်ပါသော ကာချင်း စသည်တို့လည်း သံပြိုင်ဟစ်ကြွေးသွားကြသည်။
မြောက်မျက်နှာရံတပ်မှ သေနတ်တစ်ကမ်းမရောက်မီတွင် မြန်မာတပ်များ ခေတ္တ ရပ်ကြသည်။ သွေးသောက် ငသူရိန်က ရှေ့ဆုံးစည်းအား သေသေချာချာ ပတ်ကြည့်နေပြီး စိတ်ချရမှ လွှား ကာစွဲ သူရဲများနှင့် ရွှေလေးသည်တို့ကို စလွှတ်သည်။ တပ်ရင်းသို့ ကပ်လာသော မြန်မာတို့ကို မွန်သေနတ်သားများက ဝိုင်းဝန်းပစ်ခတ်လိုက်ကြ၏ ။
ထိသူ ထိကြသည်။ သို့ရာတွင် သူတို့ ကိုင်စွဲလာခဲ့သော လွှား၊ ကာများမှာ သားရေ၊ သံ၊ သစ်တို့ဖြင့် ကောင်းစွာစီမံ၍ ခိုင်ခိုင်ခံ့ခံ့ ပြုလုပ်ထားခြင်းကြောင့် သေနတ်ကျည်စေ့မျှကို မမှု။ အပေါ်ဆုံးလွှာ သားရေချပ်တွင်ပင် ကပ်ငြိနစ်ဝင်ကုန်သည်။
ကာချပ်၏ အပေါ်ပိုင်း အချွန်နှစ်ခုနှင့် အပေါ်မှ ထပ်မိုးထားသည့် နောက်တစ်ချပ်၏ အောက်ပြင်ညီအကြား တြိဂံပုံ အပေါက်ထဲမှ လောက်စာလုံးများ၊ ကျည်စေ့များလည်း ပလူပျံသလို ပျံတက်လာကြသည်။ ထိသူထိလျက် ဝပ်သူ ဝပ်ကုန်ကြလေသည်။
"ဟေးးးးးးးးးးးးးးးး"
ဟူသော သံရှည် ညာသံကြီးနှင့်အတူ အပြန်အလှန် ပစ်နေသည့်အနားသို့ ဒိုင်းငယ်နှင့် တုတ်ဓားလှံတို့ စွဲကိုင်ကြသည့် ရဲမက်တော်များ အပြေးရောက်လာသည်။ မြင်းများလည်း အနောက်မှ ပါလာပြီး တပ်ဆီ အရောက်ညီကြ၍ တစ်ပြိုင်တည်း တစ်လုံးတည်း တိုးဝင်လိုက်ကြလေပြီ။
မွန်တို့ကလည်း တပ်ထဲမှ ခံရမည်ကို အပြင်သို့ ထွက်လာ ဆီးကြိုနေကြသဖြင့် ရုန်းရင်းဆန်ခတ် မြင်ကွင်းများအား ရွာမှ၊ သစ်ပင်များပေါ်မှ စောင့်ကြည့်နေသူများ မြင်နိုင်လေသည်။ ဘာမှ ကြာသည် မထင်လိုက်၊ တပ်ထဲသို့ အားလုံး ရောက်သွားကြသည့် မြန်မာတို့၏ စည်းလုံးညီညွတ်စွာ အင်တိုက်အားတိုက် ထိုးခုတ်မှုများကို မခံနိုင်တော့သည့် မြောက်မျက်နှာ ရံတပ်ကြီးမှ မွန်တို့ တဖြည်းဖြည်း ဆုတ်ကာ အရှေ့ဘက်တပ်သို့ ပြေးဝင်နေကြသည်ကို တွေ့ရတော့၏ ။
"ဟေ့.. ဟိုမှာကြည့်စမ်း၊ ဟိုကောင်ကွ"
ဟု ရွာသားတစ်ဦးက ထအော်လိုက်သည်။ စစ်ပွဲသို့ အာရုံရောက်နေသူများ သူပြရာသို့ ကြည့်လိုက်ကြသော် အနောက်ဘက် ပြင်တပ်ကြီးမှ တစ်ဦးတည်း ထွက်လာသည့် စစ်မြင်းကြီးနှင့် သူရဲကို မြင်ကြရလေသည်။
"အံမယ်၊ လာပုံကိုက.."
"ရူးများနေသလား၊ မနက်စောစော လသာတယ် ထင်နေပုံပဲ"
"စစ်ပွဲက ဟိုဘက်မှာ၊ သူက ဘယ်ငေးလာပါလိမ့်"
ပြောလည်း ပြောချင်စရာ၊ သူက ဆန့်ကျင်ဘက်အရပ်အား တငေးတည်း ငေးရင်း မြင်းကို လမ်းလျှောက်ရုံ နှင်လာနေခြင်းပင်။ စစ်ပွဲဆီသို့လည်း မဟုတ်၊ ရွာဆီသို့ ဖြစ်၏ ။ သို့ရာတွင် ရွာထဲမဝင်။ အထဲမှ ပြေးလာကြိုသည့် ဗိုလ်တစ်ဦးအား ဤသို့ဆို၏ ။
"ဟေ့.. မင်းလှသီရိကို သွားပြောချေ။ မွန်တွေ ဆုတ်ရင် ဒီဘက်က ဆုတ်လိမ့်မယ်။ မင်းတို့ အထဲက ထွက်မတိုက်နဲ့၊ ပြေးတဲ့နောက်ကလည်း မလိုက်နဲ့။ ပြေးလာမယ့်သူတွေကို အနောက်တောင်ထောင့်က ဆီးခုတ်စမ်း"
"အမိန့်တော်အတိုင်းပါ"
သူက ခပ်အေးအေး ရှိသလောက် ဗိုလ်က မြင်းကို ဒုန်းစိုင်းဝင်သွားသည်။ စကားအစုံအစေ့ ကြားလိုက်ကြရသူတို့က ဝံ့ကြွားလွန်းသော ဤသူရဲအား အမြင်ကတ်ရမလို မင်သက်ရမလို ဖြစ်နေကြ၏ ။ သူကတော့ သူ့တွက်ကိန်းနှင့်သူ၊ ရွာသားများကိုလည်း ဂရုမစိုက်၊ ဘာတွေ စဥ်းစား တွက်ချက်နေသည်မသိ၊ ပထမ လမ်းကြောင်းကြည့်၏ ။ ထို့နောက် ရွာဘက် ကြည့်သည်။ ပြီးလျင် မြောက်မျက်နှာကို လှမ်းမျှော်လိုက်ပြီး ကြည့်နေသူများ၏ ခပ်လှမ်းလှမ်းမှ ဖြတ်ကာ ရွာထဲဝင်သွားလေတော့သည်။
ရွာထဲမှ ခပ်သုတ်သုတ် ထွက်လာကြသူများက သူ့အား ဒူးတုပ်၊ ဦးညွှတ် အရိုအသေပြုသွားကြသော်လည်း မြင်ဟန်မရှိ။ ယခုမှ သစ်ပင်များ အိမ်များကို ကြည့်ဖော်ရသည်။ ရွာသားတို့ကို လှည့်ပတ် အကဲခတ်သွားသေး၏ ။ ထို့နောက် ရွာကို ဖြတ်ကာ တစ်ဘက်ရှိ အရှေ့ရံတပ်ကြီးဘက် ထွက်သွားသည်။
"သင်းက ရံတပ်ကြီး သုံးတပ်လုံးကို သူ့တစ်တပ်တည်းနဲ့ တိုက်မှာပါလား"
ဟု အလုံးစုံ ကြားလိုက်သည့် ခေါင်းမင်းတစ်ယောက်က အနီးရှိ သစ်ပင်ကြီး ခွကြားရောက်နေသူကို လှမ်းပြောရာ..
"မနိုင်လို့ ပြုတ်သွားလည်း အေးတာပေါ့ဟာ"
ဟု ထိုသူက ပြန်ပြောလေသည်။
"ဒီလောက် တိုက်ခိုက်နေတဲ့ကြားက တကယ့်ကို သွေးအေးလွန်းတဲ့ သူပဲကွ"
ဟု ကြည့်နေသူတစ်ဦးက အခြားအကိုင်းထက်မှ လှမ်းအော်၏ ။
"မြောက်ဘက်တစ်တပ်တော့ ပြုတ်သွားကြပြီ၊ ကျန်နှစ်တပ် ခံနိုင်မလား ကြည့်ရမယ်"
"မလွယ်ပါဘူးကွာ"
ဟု ဘူးသီးခြောက်နှင့် ရေသောက်နေသော လူတစ်ယောက်က အဝေးသစ်ပင်ထက်မှ ဆိုပြန်သည်။
"ငါကြည့်နေတာ၊ ပဲခူးသားတွေ အပတ်တကုတ် မခံကြလို့လားလို့။ ဒီလိုလည်း မဟုတ်ဘူးပ.. သူတို့လည်း ဦးနင်းပက်ပါ ရင်ဆိုင်တိုက်တာပဲ။ ကြံ့ကြံ့ခံနေကြတာပဲ။ ခံနေတဲ့ကြားက အရေးမရဘူး ဖြစ်နေတာ"
"ငါသိတာတော့ မြန်မာဘက်က အစီအမံ ပိုကောင်းတယ် ထင်ရသဟေ့"
"ဒါတောင် ဟိုသူရဲ မပါသေးဘူးနော်၊ အတော်ကြမ်းတဲ့ကောင်။ သူလိုက်ရင် ပိုဆိုးမယ်"
သူတို့ အေးအေးဆေးဆေး ရေသောက် ကွမ်းဝါးနေခိုက် ရွာတွင်းမှ ခွဲထွက်လာသည့် မင်းလှသီရိတပ်များက အနောက်တောင်ထောင့်သို့ လူနှစ်ရာကျော် သုံးရာ ရောက်သွားကြပြီ။ ရွာ၏ တစ်ဘက်မှ ဆူညံသံများသည်လည်း တောင်ဘက်သို့ ရောက်ရှိလာကြပြီ။ တောင်ရံတပ်မှ အချို့တပ်သားများပင် ပြူလှစ် အန်ထွက်လာကြပေပြီ။
"တကယ့်ကောင်ဟ၊ သူပြောတဲ့အတိုင်း ဖြစ်တော့မှာလားပဲ"
ပြောဆိုကြခိုက် တဝုန်းဝုန်း ပြေးထွက်လာကြသည်တို့ကို စမြင်ကြရ၏ ။ ဖရိုဖရဲ၊ ကစဥ့်ကလျား၊ ကစီကရင်၊ ကတိုက်ကရိုက်၊ ကသုတ်ကရက်၊ ကတိမ်းကပါး။
ထို မွန်တပ်သားများနှင့် ရောနှောလိုက်ပါလာသူက မည်သူမျှ ထင်မှတ်မထားသည့် မြင်းနီရှင် ဖြစ်နေသည်။ တုတ်ရှည်ကြီးတစ်ချောင်းကို ချိုင်းကြားညှပ်ထားပြီး သူ့အား ပြန်လည်ထိုးခုတ်ကြသည်များကို ကာကွယ်ရိုက်ပုတ်လျက်။ ဘယ်ဘက်လက်ဖျံ၌ တပ်ဆင်ထားသည့် ဒိုင်းငယ်ကလေးကလည်း ယခုအခါမျိုးဝယ် အရာရောက်လှ၏ ။
ဘယ်လိုက ဘယ်လို တောင်တပ်ထဲ ရောပါလာသည်မသိ၊ အနည်းငယ်မျှ ခြောက်လှန့်ပြီးနောက် ရွာဘက်သို့ ခွဲထွက်လာပြီး သစ်ပင်အောက်တွင် မြင်းကို အမောဖြေနေသည်။ သစ်ပင်ပေါ်မှ တစ်စုံတစ်ခုလုပ်လိုက်ရန် အချက်ပြနေသည့် ရွာသားတစ်ယောက်ကို လှမ်းကြည့်ရာ ထိုသူမှာ လက်ဟန်ခြေဟန် ပြနေရင်း ရပ်သွားသည်။
လက်ျာဘီလူးက ယင်းရွာသားအား တုတ်ရှည်နှင့် လှမ်းပစ်လိုက်သည်။ ပင်စည်ကို ထိမှန် ချော်ထွက်သွားပြီး ထိုသူလည်း ကြောက်လန့်လျက် ကွယ်နေလေ၏ ။ အခြားသူများမှာ ဆင်းပြေးသူလည်းရှိ၊ ငြိမ်သက် ပုန်းကွယ်နေကြသည်လည်း ရှိကြသည်။
မြန်မာမြင်းသည်တို့ လိုက်လာကြ၍ သူ့အနား ရောက်သောအခါ မွန်စကား နားလည်ဟန်ရှိသည့် သေနတ်သမားအား သူက
"ငတိုက်မောင်း ဟိုအပင်ပေါ်က လူကို ပစ်ချစမ်း"
ဟု ချက်ချင်းစေခိုင်းလေ၏ ။ ရွာသားမှာ ကြောက်လွန်း၍ မထွက်ဝံ့။ ငတိုက်မောင်း မြင်းနှင့် ပတ်ချိန်နေသည်ကို လှည့်ပတ်ပြေးရင်း ကွယ်နေရ၏ ။ ပါးစပ်ကလည်း ဝူးဝူးဝါးဝါး အော်ဟစ်နေသည်။
"ဖောင်း"
မြင်းပေါ်မှ သေနတ်ထောင်၍ ပစ်လိုက်သော တိုက်မောင်းလက်ချက်နှင့် ရွာသားပေါင်တွင် အပေါက်တစ်ခု ဖြစ်သွားသည်။ သစ်ပင်တစ်ပင်အောက်၌ မြင်းရပ်၍ ကြည့်နေသည့် လက်ျာဘီလူးက
"အဲဒီလူ ဆင်းလာရင် ငါတို့ ပြန်တဲ့အထိ ထိပ်တုံးနဲ့ထားကွာ၊ အန္တရာယ်ပြုမယ့်သူဆို ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေကလွဲလို့ အမျိုးသမီးလည်း မညှာနဲ့။ ကလေးလူအိုတွေကိုတော့ ငါ့ကိုအရင်လာပြောကြ"
ဟု သူ့နောက်မှ တပ်သားများကို မှာနေ၏ ။
ထိုနေ့မှစ၍ သူ့အား တော်လှန်ပုန်ကန်ဝံ့သူ မပေါ်တော့။ သွေးအေးပြတ်သားသော လုပ်ရပ်များကြောင့် သူ့အား ရွံကြောက်ကြီး ဖြစ်ကုန်ကြလေသည်။ သူကလည်း ထိုနေ့နောက်ပိုင်းတွင် ရည်မွန်ဖော်ရွေနေလျက် ရက်စက်သည့် အရိပ်အယောင်များ မမြင်ကြတော့ပြန်။
မင်းထင်နော်ရထာမှာ သူပင်ဖြစ်သည် ဟု တိတ်တခိုး သတင်းများ ပြောဆိုနေကြသည်။ တစ်ဘက်တွင် သူ၏ ဆောင်ရွက်ချက်များကြောင့် ရွာမှာ ပိုမိုလုံခြုံလာပြီး စည်းလုံးလာခဲ့၏ ။ တစ်ရွာလုံးကိုလည်း စည်းရိုးကာလိုက်ပြီးပြီ။ ရွာတွင်း၌ရှိသော အိမ်ဆိုးအိမ်ဟောင်း ခယိုခယိုင်များအားလုံး ဖျက်ပြီး၍ သူတို့ကပဲ အသစ်ဆောက်ပေးခဲ့ပြီး ဖြစ်သည်။
ရွာတွင်းသို့ ရိက္ခာအပြည့်သွင်းထားသည်ဖြစ်၍ လူတိုင်း ဖူလုံချောင်လည်လာလေပြီ။ ယခင်က လက်ကြောမတင်းသော သေသောက်ကြူးတို့ပင် ယခုအခါ ကင်းစောင့် သားထိုး မုဆိုးတံငါ စသည်တို့ လုပ်ကိုင်ကြရသဖြင့် စိုပြည်လာသည်ကို တွေ့ကြရ၏ ။
သို့ရာတွင် မည်သူကမျှ သူ့အား ကျေးဇူးမတင်ကြ။ ကြောက်စရာရန်သူတော်တစ်ဦးအဖြစ်သာ မြင်နေဆဲ။ သူ့ နေပုံထိုင်ဟန်ကိုလည်း ယခုထိ အကဲမရ မခန့်မှန်းနိုင်ကြဘဲ လူထူးလူဆန်းတစ်ဦးလို သဘောထားကြသည်။
လက်ျာဘီလူးသည် ရွာသားတို့အတွက် ကောင်းကျိုးကို ပေးသလို ဆိုးကျိုးလည်း ဖြစ်စေ၏ ။ ယခုပဲ သူ့ကို ရင်းနှီးကျွမ်းဝင်ကြသူများနှင့် ကြောက်ရွံ့မုန်းတီးကြသူများဟူ၍ နှစ်ခြမ်းကွဲလာလေပြီ။ အများက မနှစ်လိုသော်လည်း တချို့တစ်ဝက်ကတော့ သူ၏ အရောင်မဲ့စေတနာများကို ခံစားမိလာကြသည်။
စစ်မတိုက်သည့် အချိန်များ၌ ဘီလူးသဘက်စီးခဲ့သူမှာ သည်လူပါဟု ကျိန်တွယ်ပြောရမလောက် အပြစ်ကင်းစင်နေပြန်သည်။ လူငယ်တစ်ဦးလို လွတ်လပ်ပေါ့ပါးစွာ နေထိုင်၍ လူကြီးလူကောင်းဆန်စွာ ပြုကျင့်တတ်သော၊ တုံ့ပြန်ကျေးဇူးကို မျှော်လင့်ခြင်းအလျဥ်းမဲ့သော၊ ကူညီဖော်ရွေတတ်သော ရဲမက်တစ်ဦးအဖြစ်သာ မြင်ကြရတော့သည်။
အားမနာတတ်သူအချို့က သူ့ထံ ငွေချေးသည်။ သူက ပြန်ပေးရန်မလိုဟုဆိုကာ ပေးလိုက်တတ်၏ ။ ရွာသားအချို့က အခက်အခဲများကို တင်ပြရာ သူက တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေး၏ ။ သူ့ကို စမ်းသပ်ကြသည်ကိုလည်း သည်းခံလျက် အပြစ်မယူဘဲ ခွင့်လွှတ်လိုက်သည်သာ။

*

 (ဆက်ရန်..) ဟံသာဝတီသို့ (၆)

 Written by သင်္ခရာဇာ

End date: June 8, 2022

No comments:

Post a Comment

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...