လရောင်က ကွင်းပြင်ကြီးတစ်လျား တမျှော်တခေါ် အေးမြဝင်းပနေ၏ ။ တောင်တန်း မှုန်မှုန်ဝါးဝါး၊ ရိပ်ရိပ်မည်းမည်း တောအုပ်ကလေးတို့အပေါ် ဖြန့်ကျက် ဖွေးအိနေသော်လည်း စိတ်ကြည်နူးချမ်းမြေ့စရာ မြင်ကွင်းတော့ မဖြစ်ခဲ့။ တိုက်ပွဲဝင်မည့် လူအများ မြင်းအများ ထိုလရောင်အောက်မှာပင် ပြေးလွှားနေကြသောကြောင့် ဖြစ်သည်။
အမိန့်ပေးသံ၊ မောင်းထုသံ၊ နှဲ ခရုသင်း ဗုံ စသည်တို့ တီးမှုတ်သံများနှင့်အပြိုင် တဝုန်းဝုန်း ခြေသံများကြောင့် ငွေလစန္ဒာ၏ အလင်းရောင်သည် ငြိမ်းချမ်းခြင်းကို မပေးစွမ်းနိုင်တော့။ တစ်ဘက်မှ ဆူညံကြွေးကြော်လာသလောက် တစ်ဘက်ရှိ တောင်ကုန်းပေါ်မှ ဝါးချွန်များ ကျားထိုးလျက် ရပ်ခံစောင့်နေကြသူများကလည်း မာန်သွင်းအော်ဟစ်ကာ အသင့်ရှိနေကြပြီ။
သေနတ်တစ်ကမ်း မြားတစ်ကမ်းသို့ ရောက်သောအခါ တဖောင်းဖောင်း အသံများနှင့်အတူ မီးခိုးငွေ့များစွာ နှစ်ဘက်စစ်သည်တို့ထံမှ အူထွက်လာ၏ ။ ရန်သူကို မြင်ရစေရန်အတွက်ပါ ပစ်လွှတ်လိုက်ကြသော မီးမြားတံများလည်း တဖွဲဖွဲ ကျရောက်လာပြီး စစ်ပွဲတစ်ခုကို ဖွင့်လှစ်လိုက်ကြပြီ။
တပ်များ၏ ထိပ်နားမှ တင်ကျည်းတုတ်ရှည်တစ်ချောင်းနှင့် ဒိုင်းငယ်တစ်လက် စွဲကိုင်ကာ ပြေးလာသော မြင်းတစ်စီးပေါ်ဝယ် ဗိုလ်တစ်ဦးသည် သူ့ဝန်းကျင်ရှိ အနက်ရောင်တပ်သားတို့အား ကြီးကြပ်ကွပ်ကဲရင်း လှည့်ပတ်သွားလာနေ၏ ။
"တောင်ကုန်းပေါ် မတက်နဲ့၊ ဘေးက ဝိုက်ပြီး အနောက်ထိ ရောက်အောင် သွားရမယ်။ နောက်တပ်နဲ့ တွေ့မှ တိုက်ကြ"
သူ့လူများအား ညွှန်ကြားနေခိုက် တစ်ချက် တန့်သွားသည်ကို အမိန့်သံနားထောင်ရင်း လှမ်းကြည့်လိုက်သော သွေးသောက် ငသူရိန် မြင်လိုက်ရသည်။ တပ်မှူးသည် ခေတ္တ တိတ်ဆိတ်သွားပြီး မြင်းကို ဖနောင့်ဖြင့် ဆတ်ကာ ရှေ့ဆက်သွားစေလိုက်၏ ။ သို့ရာတွင် သူ့ခါး၌ ထိုးစိုက်ထားသော အလံငယ်အချို့ကား ထိုနေရာတွင် ပြုတ်ကျ ကျန်ခဲ့လေသည်။
"ဟာ"
ငသူရိန် မျက်လုံးများပင် ပြာသွားခဲ့၏ ။ ကျောခိုင်းသွားနေသော တပ်မှူး၏ ခါးအနောက်ဘက်၌ သွေးကွက်တစ်ခု ကျယ်ပြန့်လာနေသည်ကို လရောင်တွင် ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောကြောင့် ဖြစ်သည်။ တပ်မှူးသည် ဟန်မပျက် သွားနေသော်လည်း ဒိုင်းကို မြှောက်ကာ ကိုင်ထားခြင်း မပြုတော့ပေ။ သို့ရာတွင် တစ်ဖက်မှ တင်ကျည်းကို ရှေ့သို့ မြှောက်၍ ညွှန်ပြလိုက်ပြီး
"ဟိုအစုကို တွေ့လား.. သွေးသောက်"
အနီးမှ သွေးသောက်တစ်ဦးအား တစ်စုံတစ်ရာ အမိန့်ပေးတော့မည့်အခိုက်
"ဒုန်း"
လှံတိုတစ်စင်း ပြေးဝင်လာကာ ထိမှန်သည့် အရှိန်ဖြင့် တပ်မှူး မြင်းပေါ်မှ လွင့်ကျသွားတော့၏ ။ ရန်သူဘက်မှ ဟေး ခနဲ အော်သံကြီးကို ဂရုမစိုက်နိုင်ဘဲ ငသူရိန် တပ်မှူးရှိရာ ပြေးသွားသည်။ ပုံမှန်ဆိုလျင် သည်လှံလောက်ကို မှုစရာမဟုတ်သည့် တပ်မှူးမှာ ယခုတော့ မည်သို့မျှ မကာကွယ်နိုင်ဘဲ မြေပြင်ပေါ်တွင် လှံတန်းလန်းဖြင့် ပုံကျနေ၏ ။
လက်ျာဘီလူး ကျည်စေ့သင့်ခဲ့ပြီ ဟူသော သတင်းစကားက အနောက်တပ်မ၌ ချရပ်နေသော ယာယီတဲနန်းအတွင်းသို့ လျင်မြန်စွာ ရောက်ရှိသွားလေသည်။ အမတ်ကြီး လက်ဝဲသုန္ဒရ၊ ဗိုလ်မှူး မင်းလှစည်သူတို့နှင့် လုပ်ရေးကြံရေး ပြောဆိုနေသော အလောင်းမင်းတရားပင် ထရပ်မိမလို ဖြစ်သွားပြီးမှ လာရောက်လျှောက်တင်သည့် ခြေမြန်မြင်းသည်အား
"ဘယ်လို ဖြစ်တာလဲ၊ စိုးရိမ်ရသလား"
"စိုးရိမ်ရကြောင်းပါ ဘုရား။ ကျည်စေ့သင့်သည့်ပြင် လှံလည်း စူးခဲ့ပါသည်"
"အလို"
မင်းတရားသည် ဆီမီးတောက်ကို ခေတ္တ ငေးနေ၏ ။ ထို့နောက်
"ငါ့မှာ လက်စွမ်းကောင်း သတ္တိပြည့် အမတ်သူရဲတော် များစွာ ရှိသည်။ သို့ရာတွင် နှလုံးကောင်း ဗျတ္တိသမားဟူ၍ တစ်ကျိပ်မျှ မရှိ။ သင်းအား ငါနှင့်ထပ်တူ ရအောင်ကုရမည်။ လက်ျာဘီလူး မသေပါစေနှင့်"
ဟု အမတ်ဗိုလ်မှူးနှစ်ဦးတို့အား မိန့်တော်မူသည်။ မင်းလှစည်သူလည်း ချက်ချင်း ထွက်သွား၏ ။ လက်ဝဲသုန္ဒရကတော့ ဆွေတော်မျိုးတော်များ ထိပါးလျင်ပင် ယခုလောက် အရေးတယူ ရှိတော်မမူသော အလောင်းမင်းကြီးအား စိုးရိမ်ပူပန်ခြင်းကို လျော့ကျစေလို၍
"သင်းအကြောင်း ကျွန်တော်မျိုး သိပါသည်၊ ဤအနာမျြှဖင့် လွန်မည့်သူမဟုတ်ပါ"
"သို့သော် ငါ စိုးမိသည် မောင်နေ၊ သင်းတစ်ယောက်ကို လက်လွှတ်ရလျင် ငါ့တွင် အလွန် တစ်အား လျော့ချေတော့မည်"
"မောင်ကောင်းတို့ ကိုစည်းစိမ်တို့ ငတွန်တို့လည်း အလွန်အားထားရသူများမို့ အရေးတော်အတွက် ပူရန်မရှိပါ ဘုရား"
"မတူဘူးကွဲ့ မောင်နေရဲ့၊ သူတို့ဟာ အရေးကြီးတွေမှာ အားကိုးရတာ မှန်တယ်။ လက်ျာဘီလူးကတော့ ထိုအရေးတွေ မကြီးပွားအောင်၊ လျင်လျင်မြန်မြန် ချုပ်ငြိမ်းပြီးဆုံးသွားအောင် တတ်နိုင်တယ်။ ပုဆိန်သွေးရန် မလိုအောင် အပ်နှင့်ထွင်တတ်သူမို့ သင်းလို အရေးတော်ရှေ့ပြေး အရေးလှစေသူမျိုး ငါ့မှာ အခြားမရှိဘူး"
"အရှင် ဆိုသမျှလည်း မှန်ပါတယ်။ သင်းစိတ်ဓာတ် မာကျောကြံခိုင်ပုံဟာ သေနတ်ဆယ်ချက် ထိမှန်လျင်တောင် လဲစရာ မရှိပါ"
"မောင်နေ၊ မင်း လိုက်သွားပါ။ သူ့ကိုယ်ကို အညင်သာဆုံး ယူပြီး တတ်နိုင်သမျှ ပြုစုပါ။ သူ့ကိုတော့ ငါကိုယ်တော် နှမြောတော်မူတယ်"
"မှန်လှပါ၊ စိတ်အေးအေး ထားတော်မူပါဘုရား"
မင်းလှစည်သူက တိုက်ပွဲအတွင်း လှည့်လည်ကွပ်ကဲနေကြသော မြင်းများအား လိုက်ကြည့်သော်လည်း ဒဏ်ရာရစစ်သည် တင်ဆောင်လာသည်ကို မမြင်။ တစ်နေရာတွင်တော့ လူစုစုတစ်အုပ် အနောက်သို့ တရွေ့ရွေ့ လာနေကြောင်း မြင်ရသဖြင့် ယင်းဘက်သို့ မြင်းကို စိုင်းလိုက်သည်။
တပ်သားအချို့သည် လက်ျာဘီလူးအား ခေါင်း၊ ကိုယ်၊ ခြေလက်တို့မှ မ ယူ သယ်ဆောင်လာသည့်အပြင် တစ်ဦးက လှံရိုးကို ထိန်းကိုင်လျက်၊ ဘေးမှ တစ်ဦးက အင်္ကျီအား လုံးထွေးကာ ခါးရှိ ဒဏ်ရာကို ခါးအောက်မှ ပံ့ပိုးလျက် ခပ်သုတ်သုတ် လျှောက်လာနေကြသည်။ သူတို့သည် မြားလှံတဖွဲဖွဲအား လုံးဝ ဂရုမစိုက်ကြဘဲ သူတို့တပ်မှူး သက်သာစေရန်သာ အာရုံစိုက်ထားကြ၏ ။
မင်းလှစည်သူက မြင်းပေါ်မှ အပြေးဆင်းကာ ကြည့်ရာ လက်ျာဘီလူးကလည်း သတိကောင်းစွာ ပြန်ကြည့်နေသည်။
"မင်း ရသေးလား"
လက်ျာဘီလူး ခေါင်းညိတ်၏ ။
"ခံနိုင်ရဲ့လား"
ပြုံးပြသည်။
"တောင့်ထားစမ်းကွာ၊ မင်း ဘာမှ မဖြစ်စေရဘူး။ အတတ်နိုင်ဆုံး ရအောင် ယူရမယ်လို့ ငါတို့..."
"မင်းကြီး"
လက်ျာဘီလူးက မင်းလှစည်သူ၏ လက်ဖျံအား ဆုပ်ကိုင်၍ စကားဖြတ်ပြောလိုက်သည်မို့ ဦးစည်းစိမ်မှာ အလောင်းမင်းတရား၏ အမှာတော်ကို ပြောခွင့်မရလိုက်။
"ပြော.. ငစံ"
လက်ျာဘီလူးက အားယူ၍
"တောင်ကုန်းပေါ်က တပ်ဟာ အယောင်ပြပဲ။ အနောက်မှာ တပ် နှစ်ဆင့် ရှိလိမ့်မယ်"
"ဟာ.. ဒါတွေ ထားလိုက်ပါ။ အရေးမကြီးဘူး၊ မင့်ကိုယ်မင်းပဲ ဂရုစိုက်.."
"မဟုတ်ဘူး၊ နောက်တပ်ကို မြင်ရင် ကျွန်တော်တို့လူတွေ အဝင်မှားလိမ့်မယ်။ ဝိုင်းပတ် ပိတ်ဆို့တာ ခံရလိမ့်မယ်။ မယုံရင် ကြည့်ပါ၊ တောင်ကုန်းပေါ်က မြားသမား သေနတ်သားတွေ မရှိတော့ဘူး"
မှန်သည်၊ မင်းလှစည်သူ မော့ကြည့်ရာ တောင်ကုန်းပေါ်၌ ပစ်ခတ်မှု မတွေ့ရတော့။ အောက်မှ တိုက်ခိုက်နေသူများလည်း အစည်းအပျက် ဆုတ်နေကြပြီ။ အမြင်အရ စစ်ရေးမှားနေသည်။ မိမိလူများ စနစ်တကျ ဆုတ်၍ မပြီးမီ ခံပစ်ထားရမည့်သူများက ဦးစွာ ဆုတ်သွားကြခြင်းမှာ ဝိုင်းပတ်ပိတ်ဆို့ ပစ်ခံရမည့် ကိန်း ဖြစ်၏ ။
ဤသည်ကို လက်ျာဘီလူး အဘယ်သို့ သိသနည်း။ သူ ကျည်စေ့သင့်ချိန်အထိ သေနတ်သားများ ဆုတ်ခွာခြင်း မပြုရသေး မဟုတ်ပါလား။ မင်းကြီး မင်းလှစည်သူမှာ အံ့သြစွာနှင့် စိတ်စော၍ မေးလိုက်မိသည်။
"မောင်မင်းက ဘယ်လိုလုပ် သိသလဲ"
"အရင်က တွေးခဲ့ဖူးတာ။ သူတို့အင်အား၊ ကျားထိုးပုံ၊ တိုက်နေပုံ.. စစ်မောင်းသံကအစ သိသာပါတယ်"
ထိုမျှသာ အတိုချုံး ပြောပြီးနောက် လက်ျာဘီလူး အားပျော့သွားသည်။ ခံထားသော အင်္ကျီမှာ စိုရွှဲနေ၏ ။ သို့ရာတွင် သူသည် မျက်မှောင်ကျုံ့ထားလျက် မင်းကြီး မင်းလှစည်သူအား စိုက်ကြည့်နေဆဲ၊ မျက်လုံးများက တစ်ခုခုကို တောင်းဆိုနေဆဲ။
မင်းလှစည်သူလည်း ချက်ချင်း မြင်းပေါ် ပြန်တက်၍ ကုန်းဘောင်တပ်များ ကျွံစပြုနေကြသည့် တောင်ကုန်းအနောက်ဘက်သို့ ဒုန်းစီးသွားသည်။ ရှေ့တောင်ပူစာ၏ အနောက်၌ ခပ်ဟဟ တောင်ကြားလမ်းကျယ်တစ်ခု ရှိရာ တပ်သားများမှာ ထိုလမ်းအတိုင်း ရန်သူပြေးသည့်နောက်သို့ လိုက်ထပ်နေကြပြီ။ မင်းလှစည်သူ အမိန့်ပေးလိုက်ရာ စစ်ခရုသင်းသံ မောင်းသံများ ပေါ်လာပြီး လိုက်နေသူများ တန့်သွားကြ၏ ။
*
"အချိန်မီကလေးပါ အရှင်မင်းမြတ်၊ ကျွန်ုပ်တို့တပ်တွေ အရှိန်သပ်လိုက်ကြချိန်မှာ တောင်တွေ အနောက်က လူတွေ အများကြီး ပေါ်လာကြတယ်။ တချို့က သေနတ်နဲ့ လှမ်းပစ်ကြည့်သေးတယ်။ မမီမကမ်းမို့ သူတို့လည်း ဆင်းမလာ၊ ကျွန်ုပ်တို့လည်း ဆက်မလိုက်ဘဲ စစ်ရပ်သွားပါတယ်"
"ပြီးတော့ရော.. သူတို့ ဆုတ်သွားတာပေါ့"
"မှန်ပါဘုရား၊ အခြေမလှလို့ အရေးမရပုံပေါ်တာနဲ့ တပ်အားလုံး သိမ်းပြီး အမြန်ဆုတ်သွားပါတယ်။ ကျွန်ုပ်တို့ လူတစ်စု အနောက်ကနေ မြင်းနဲ့ ခြောက်ရန် လိုက်သွားပါတယ်"
"ကောင်းတယ်၊ လက်ျာဘီလူး အခြေအနေကရော"
"တော်တော်နဲ့ သတိမလွတ်ဘူး ကြားပါတယ်။ ယခုတော့ မေ့မျောနေပါပြီ။ အခြေအနေ မသိရသေးပါဘူး"
"မောင်နေ"
"ဘုရား"
"သမားတော် ဆေးဝါး ပြည့်စုံရဲ့လား"
"ပြည့်စုံကြောင်းပါဘုရား"
"လိုအပ်ရင် ချက်ချင်းလျှောက်တင်ပါ၊ အနီးဝန်းကျင်က သမားများလည်း ရှာသင့် ရှာထား"
"မှန်ပါ"
"သူမရှိချိန် သင်းတပ်တွေ ဘယ်သူ့လက် အပ်ရပါ့မလဲ"
"မောင်ကောင်းနှင့် ငတွန် သာ အသင့်လျော်ဆုံးပါ"
"မောင်ကောင်းထံ အပ်ရင် ပြေးနေတဲ့ မြင်းတွေ နှေးသွားမယ်၊ ခြေတွေ လေးသွားမယ်။ ငတွန်ဆီမှာ ဆိုလည်း သင်းချွန်ထားတဲ့ တင်ကျည်းဝါးတွေ တုံးကုန်ရလိမ့်မယ် ထင်ပါရဲ့"
"အမှန်တော့ သင်းတပ်နဲ့ သင်းသာ အသင့်ဆုံးပါ။ ကျွန်ုပ်တို့ ဗိုလ်မှူးများအဖို့ သူ့တပ်ကို ထိန်းရန် ခက်ကြောင်း တင်ပါရစေ ဘုရား"
"သင်းလူတွေက သင်းလိုပဲ စည်းကမ်းသေဝပ်မှု အားနည်းကြသလော မင်းကြီး"
"သည်လိုတော့ မဟုတ်ပါဘူး။ အမိန့်နာခံပါတယ်၊ စည်းကမ်းလိုက်နာပါတယ်။ ကွပ်ကဲအုပ်ချုပ်ပုံ မတူတဲ့အတွက် စစ်ဆင်ရာမှာ အလွဲအချော် ရှိတတ်တာ ဖြစ်ကြောင်းပါ"
"သူတို့အကြောင်း ကိုယ်တော်လည်း သိပြီး ဖြစ်တယ်။ ရွပ်ရွပ်ချွံချွံနဲ့ အမှုတော်ကလွဲပြီး တစ်ပါးအာရုံ မရှိတာကြောင့် အခွင့်ပေးထားတာပ။ သင်းတို့တတွေကို မောင်စံ ဘယ်လို အမိန့်ပေးသတဲ့လဲ"
"သူ့တပ်ကို ဘယ်လို အမိန့်ပေးသလဲတော့ မသိပါဘူး၊ ကျွန်ုပ်ကိုတော့ စစ်ရေးမှားမှာစိုးလို့ မျက်လုံးနဲ့ အမိန့်ပေးသွားတာကို မလွန်ဆန်နိုင်ဘဲ သူ့ဆန္ဒအတိုင်း တပ်တွေကို လိုက်ခေါ်ခဲ့ရပါသေးတယ်"
အလောင်းဘုရား ပြုံးကာ
"ငစံငယ်က ကိုစည်းစိမ်ကိုတောင် ပြန်ပြီး အမိန့်ပေးသွားသတဲ့လား။ အဲဒါကို စည်သာသူကြီးမင်း ဗိုလ်မှူးကလည်း နာခံခဲ့တယ်ပေါ့"
"တကယ်တော့ ကျွန်ုပ်က လက်ျာဘီလူးရဲ့ အမိန့်ကို နာခံခဲ့တာ မဟုတ်ပါဘူး။ သူဆိုတဲ့အရေး မှန်ကန် သင့်မြတ်နေသည့်အတွက် လက်ခံခဲ့ရတာပါပဲ။ လက်အောက်ငယ်သား ပြောတာမို့ မယူရင် ကျွန်ုပ်တို့တပ်တွေ နစ်နာပါလိမ့်မယ်"
"မင်းကြီးကတော့ ဗိုလ်မှူးကောင်းတစ်ဦး ပီသပါပေတယ်ဗျာ"
အမတ်ကြီးက ချီးကျူးလေသည်။ ထိုအခိုက် အမတ်ကြီး၏ လူတစ်ဦးက တွေ့ခွင့်တောင်းသည် ဆို၍ လက်ဝဲသုန္ဒရ ထွက်သွားသည်။ ချက်ချင်း ပြန်ဝင်လာကာ
"လက်ျာဘီလူး သတိလည်လာကြောင်းပါဘုရား"
"အဆင်သင့်လိုက်လေ၊ ကိုယ်တော်လည်း အပြင်ထွက်ပြီး အညောင်းအညာဖြေချင်နေတာနဲ့ အတော်ပဲ။ ငစံငယ်ကို ကြည့်ရှုရန် သွားဦးမှ"
အမတ်ကြီးနှစ်ဦး ပြုံးလိုက်ကြသည်။ အလောင်းမင်းတရား ပြင်ဆင်နေခိုက် မင်းလှစည်သူက အမတ်ကြီး လက်ဝဲသုန္ဒရအား လေသံဖြင့်
"သင်း စကားပြောနိုင်သတဲ့လား"
"တပ်တွေ လွန်သွားသေးလား မေးလို့ သမားတော်တွေ ဘာဖြေရမယ်မသိ ဖြစ်နေတယ် ပြောတာပဲ"
"တကယ် သစ္စာကြီးတဲ့ သူငယ်ပဲ။ ဒါ့ကြောင့်လည်း အလောင်းဘုရားကိုယ်တော်တိုင် သွားကြည့်ရတာပလေ"
"တခြားလူဆို ကြည့်ရိုးလား၊ မောင်စံက သူနဲ့ထပ်တူ အမြင်ရှိတယ်လို့ ပြောပြောနေတတ်တာပဲ။ သူ့လိုလူမို့ မင်းဘုရားကိုယ်တိုင် ကြည့်တော်မူတာပေါ့။ အင်း... ဗျတ္တိရဲ့ ကျေးဇူးတွေပေါ့လေ"
ဟု လက်ဝဲသုန္ဒရက ဆိုလေသည်။
Written by သင်္ခရာဇာ
End date: March 8, 2022
No comments:
Post a Comment