ဖြစ်ချင်တော့ တိုက်မောင်းတို့က လက်ျာဘီလူးအား အလွန်စိတ်ချ ယုံကြည်စွာ ဘေးကင်းရန်ကင်း ပြန်လာကြလိမ့်မည်ဟု ထင်၍ အေးအေးဆေးဆေး ထွက်လာကြသလို လမ်းပေါ်မှ ဆင်းကာ ကန်ကြီးတစ်ခုတွင် ရေဝင်သောက်နေကြသည်။ မြင်းများကိုလည်း ရေတိုက်လျက်။
မြင်းသည်အများစုက ကန်ဘက်လှည့်၍ စကားစမြည် ပြောနေကြသော်လည်း အိုးစားကြီးတိုက်မောင်းက ဟိုဟိုသည်သည် လျှောက်ကြည့်နေသည်။ ထိုစဥ် မြင်းနှစ်စီး မြေလမ်းပေါ် ပြေးသွားကြသည်ကို သူ မြင်လိုက်၏ ။
"ဟေ့.. ကောင်တွေ၊ ဟိုမှာ မြင်းပြိုင်လာတာ မလှလား။ အဖြူတစ်စီး အနီတစ်စီးဟေ့"
တိုက်မောင်း ဆော်သြလိုက်သဖြင့် မြင်းသည်များ လှည့်လာကြသည်။ ထို့နောက် လျင်မြန်စွာ ပြေးလွှားနေသော မြင်းနှစ်စီးကို အံ့အားသင့်စွာ ကြည့်နေကြ၏ ။
"ငါတော့ ရှေ့က အဖြူလေးကို သဘောကျဟ"
တစ်ယောက်က ဘုမသိ ဘမသိ ပြောရာ တိုက်မောင်းကလည်း
"အမယ်.. မင်းမကြည့်တတ်လို့ပါ၊ နောက်မြင်းကမှ ခြေသွက်တာ အသိသာကြီး။ တို့တပ်မှူးရဲ့ မြင်းနီကြီးလိုပဲကွ ကြည့်ရတာ"
"ဟေ့.. ငတိုက်မောင်း၊ အဲဒါ တပ်မှူး မဟုတ်ဘူးလား"
"အဲ.."
ထိုအခါမှ တိုက်မောင်း သတိဝင်လာ၏ ။
"ဟာ.. ဟုတ်သားပဲ၊ တပ်မှူးနဲ့ မိစောမွန် သွားတာ တိမ်ပျံနဲ့ စိုင်ဖြူ ပါသွားတာပဲ"
"ဒါဆို ဘာကြည့်နေတာလဲ... လိုက်ဟ"
သူတို့ မြင်းများပေါ် ပြေးတက်လိုက်ကြချိန်တွင် မွန်မြင်းများ မြေသားလမ်းအတိုင်း လိုက်သွားကြသည်ကို မြင်လိုက်ကြရသည်။
"မွန်တွေ၊ မွန်တွေ"
ဟု ရှေ့ဆုံးမှ ဒုန်းစိုင်းသွားသူက အော်သည်။ တိုက်မောင်းတို့ တစ်အုပ်ကြီး လမ်းကြောင်းပေါ် တက်မိကြသောအခါ အနောက်မှ လိုက်ထပ်လာကြသော မြန်မာမြင်းများနှင့် ပက်ပင်းတိုးကြပြန်သည်။ နှစ်ဖွဲ့လုံး သေနတ်များဖြင့် ထိုးချိန်လိုက်ကြပြီးမှ
"မြန်မာတပ်သားတွေဟ"
"ဒါက ဘယ်သူတွေလဲ"
"ရွှေဘိုက ကောင်တွေပါလား"
"ဘီလူးတပ်သားတွေပဲ"
မြင်ဖူးနေကြသူများ အချင်းချင်း ရုန်းရင်းဆန်ခတ် သုံးသပ်လိုက်ကြပြီး တိုက်မောင်းတို့က မွန်မြင်းများထံ လိုက်သွားကြရာ ရွှေဘိုတပ်မှာ ရပ်ကျန်ခဲ့ကြသည်။
"အဲဒါ ဘီလူးတပ်က လက်ဖြောင့်သေနတ်သားတွေကွ၊ မလိုက်ကြနဲ့တော့။ ရှေ့ဆုံးက တကယ် လက်ျာဘီလူး ဖြစ်လိမ့်မယ်"
ရွှေဘိုတပ်၏ မြင်းမှူးက ဆိုရာ..
"မင်းကြီး မင်းထင်နော်ရထာ အစစ်ဆို ဒီလောက် အရေးကြီးနေချိန် အပြင်ကို ဘာထွက်လုပ်မှာလဲ"
"ဘယ်သိမလဲကွဲ့၊ လက်ျာဘီလူးပါဆို"
မြင်းမှူး လှည့်သွားသောကြောင့် အားလုံး ပြန်လှည့်သွားကြသည်။ ငတိုက်မောင်းတို့ကတော့..
"ငတိုက်မောင်း.. နင် ဆတ်ဆော့ပြီး ကန်မှာ ရေဝင်သောက်မယ် ဆိုလို့ တပ်မှူးကို မကြိုလိုက်ရတာ နင်တော့ နာတော့မယ်"
ယှဥ်ပြေးနေရင်း ဘေးမှ မြင်းသည်က ပြောသောကြောင့် တိုက်မောင်းက သေနတ်ကို ထောင်ကိုင်ထားလျက်မှ
"ဒီလောက်မြန်မြန်ကြီး ပြန်ပြေးလာမယ် မထင်လို့ပေါ့ကွာ၊ ငါ အရေးရအောင် လုပ်ပေးပါ့မယ်"
ရှေ့ကုန်းမို့မို့ပေါ်ရှိ သစ်ပင်အုပ်ကလေးအလွန်တွင် လမ်း အကွေ့ကြီး ရှိသည်ကို သတိထားမိခဲ့သော တိုက်မောင်းက ဖြူးနေသော လမ်းပေါ်မှ ဆင်းသွားပြီး ကြမ်းတမ်းသည့် ကျောက်ရောမြေသားပေါ် မြင်းကို အပြင်းနှင်ရင်း ကျောတွင် လွယ်ထားသည့် သေနတ်ကိုပါ ကျည်ထိုးသွား၏ ။
နောက်မြင်းများကလည်း သူ့အကြံကို ရိပ်မိသွားကြပြီး သေနတ်များ အသင့်ပြင်လျက် တရကြမ်း လိုက်ကြ၏ ။ သူတို့ ကုန်းစောင်းပေါ်အရောက် ခပ်လှမ်းလှမ်း သေနတ်တစ်ကမ်းခန့်၌ မွန်မြင်းများကို တွေ့ရသဖြင့် တိုက်မောင်းက ရှေ့နားရှိ မွန်တစ်ဦးကို ချိန်ရွယ်ပစ်လိုက်သည်။ မထိ။
ချက်ချင်း ကျော၌ လွယ်ထားသည့် သေနတ်ကို ဆွဲ၍ လက်တန်းထိုးပစ်ချရာတွင်မှ မြင်းသည် ကျသွား၏ ။ နောက်လူများကလည်း တဖောင်းဖောင်း ပစ်ခတ်လိုက်ကြသည်။ မြင်း လေးငါးစီးခန့် ထိချေသည်။ ကျန်မြင်းများမှာ ချုံခိုတိုက်ခိုက်ခံလိုက်ရသည် အထင်နှင့် သူတို့နှင့် ဝေးရာဘက် နှင်သွားကြတော့၏ ။
"အားကိုးလိုက်ရတဲ့ ငတိုက်မောင်းရယ်"
မြင်းရောလူရော အမောဖြေနေရင်း တပ်မှူး ပြောလိုက်သည့်စကားကို ငတိုက်မောင်းက ရယ်ကျဲကျဲနှင့် ခေါင်းသာ အတွင်သား ကုတ်နေလေသည်။
"တပ်မှူး နောက်ဆို သောက်တလွဲတိုက်မောင်းကို မြင်းတပ်ခေါင်းဆောင် မထားနဲ့တော့ဗျ။ ကျုပ်တို့ပါ အပြစ်မလွတ်ဘဲ နေမယ်။ စိတ်ပိန်တယ်"
မြင်းသည်တစ်ဦးက အရေးဆိုလာ၏ ။ သူ့အမှားနှင့်သူမို့ လက်ျာဘီလူး ခေါင်းညိတ်လိုက်ရသည်။
"တစ်ကြိမ်တစ်ခါ ယုံကြည်ပေးကြည့်တာပါကွာ။ တစ်ခါဆို ဆိုသလောက်ပါပဲလား"
ယခုတော့ သူတို့ ရယ်နိုင်ကြလေပြီ။
*
နတ်တော်လပြည့်ကျော် ၁၂ ရက်။ ညသန်းခေါင် တစ်ချက်တီးအချိန်၌ မည်းမည်းအရိပ်များစွာသည် ပဲခူးမြို့ ပြင်တပ်ကြီးသို့ ချည်းကပ်လာကြ၏ ။ တစ်ကြောင်းလျင် လူနှစ်ရာကျော်ပါသော အစုကြီး သုံးစုသည် အလယ်ကြောင်း၌ အနက်ရောင်များ၊ ဘေးနှစ်ဘက်၌ အစိမ်းရောင်များ ဆင်ယင်ထားကြပြီး သူတို့အားလုံး တူညီကြသည်မှာတော့ မျက်နှာများကို အနီရောင် ဟင်္သာပြဒါးများ သုတ်လိမ်းထားကြခြင်းပင်။
တစ်ဦးတစ်ယောက်ချင်းကိုလည်း ဘီလူးမျက်နှာနှင့် တူအောင် ခြယ်သထားသေးသည်။ မြန်မာဘီလူးပုံမဟုတ်၊ မွန်ပေစာ ပုရပိုဒ်များ၌တွေ့ရသော ဘီလူးပုံကို ရေးခြယ်လာခြင်း ဖြစ်သည်။ သူတို့၏ ဖိနပ်များမှာ အထူးပြုလုပ်ထားပြီး ဦးထိပ််တွင် ညောင်စေး၊ သားရေ စသည်တို့ကို ကျို၍ ပြုလုပ်ထားသော ပျစ်ခဲနေသည့် ကော်များကို သားရေးပြားတစ်ချပ် အုပ်ထား၏ ။
ပြင်မြို့ကြီး၏ အောက်သို့ ရောက်၍ ဖိနပ်ဦးရှိ ကော့နေသော သားရေချပ်ကို တဗြင်းဗြင်း ဆွဲခွာလိုက်ကြသောအခါမှ မြို့ရိုးကြီးပေါ်မှ အစောင့်တို့ အသံကြားလျက် ငုံ့ကြည့်လာကြသည်။
"ညဥ့်လူ.. ညဥ့်လူဟေ့၊ မြန်မာတွေ တက်လာပြီ"
အော်ဟစ်သံ၊ အချက်ပေးသံ၊ မောင်းထုသံ၊ စည်တီးသံများ ဆူညံသွားသည်နှင့်အတူ အောက်ဘက်မှလည်း ကျားခနဲ ဟစ်ကြွေးလိုက်ကြသံကြီး ဟိန်းထွက်လာ၏ ။ မြို့ရိုးပေါ်မှ မွန်များစွာ ပေါ်လာကြပြီး အုတ်၊ ကျောက်၊ ပွဲညက်ရည်၊ ရေနွေးပူ ဆီပူ စသည်တို့လည်း ကျလာကြသည်။
သို့ရာတွင် မြို့တက်သူများမှာ မမှုတော့ပြီ။ သေလောက်သည့် ဒဏ်ရာ မဟုတ်လျင် ကျားကုတ်ကျားခဲ ကြိုးစားတက်နေကြဆဲ။ အချို့ လန်ကျသွားကြသည်။ အချို့ ဆက်မတက်နိုင်၊ အများစုကတော့ ပုရွက်အုံ ဆွလိုက်သလို တရွရွ တက်လာနေကြသည်။
ဝါးဆူး လှံချွန်တို့နှင့် ထိုးချနေသည့်ကြားမှ ထိပ်သို့ရောက်လာသူများကို မွန်မြို့စောင့်တပ်က ဆီးခုတ်ရန် ပြင်သည်။
"ဝါးးး"
"အား"
ရုတ်တရက် ဆံပင်စုတ်ဖွား၊ မျက်နှာနီနီ မျက်လုံးပြူးပြူးနှင့် ပေါ်လာသူက ဝမ်းသာအားရ ဖြဲခြောက်လိုက်သဖြင့် ခုတ်မည့်သူမှာ လန့်ပြီး ရပ်သွားသည်။ ပြီးမှ ကြောက်အားလန့်အား ခုတ်ချလိုက်ရာ တက်လာနေပြီဖြစ်သော ဝတ်စုံစိမ်းနှင့်လူက ပြအိုးရင်တားကို ခြေကန်၍ ခုန်အုပ်လိုက်၏ ။
"ဝါးဟားဟားဟားဟား"
ကြောက်လန့်နေသူကို အပေါ်မှ မိုးကာ လှောင်ပြောင်လိုက်ပြီးမှ လက်ဝါးနှစ်ဘက်ရှိ စူးချွန်များနှင့် ရိုက်ပုတ်ပစ်လိုက်ရာ အောက်မှ စစ်သည်မှာ မချိမဆန့် တွန့်လိမ်ကွေးကောက်လျက် အသံကုန် အော်ဟစ်နေတော့သည်။
"အားး.. အား... ဘီလူးကြီး.. အားးးးး"
သူကန်လိုက်သဖြင့် မိုးထားသည့် လူစိမ်းစိမ်း ဘေးသို့ လိမ့်သွားသည်။ အောက်မှ လွှဲတက် ခုန်ဝင်လာသည့် အနက်ရောင်တစ်ဦးက သူ့ကို ဆွဲထူလိုက်ပြီး
"ယား"
ဟု မာန်သွင်းကာ လျှောက်လမ်းအတိုင်း ပြေးသွား၏ ။ ထိုသူသည် အားကောင်းသန်မာလှသည်ဖြစ်၍ အောက်သို့ မဲနေသော မွန်တို့ကို ဆွဲလှန် ပစ်ချနေလေသည်။
"ဘာတွေလဲဟ"
"ဘီလူးတွေ၊ ဘီလူးတွေ"
ထိုသို့ ထင်မြင်စေရန် ရှေ့ဆုံးမှ လူများကို တင်းပုတ်များ စွဲကိုင်ထားစေခြင်းပင်။ ဦးဆုံး တက်လာသူများမှာလည်း အားကောင်းမောင်းသန် ကြီးကြမ်းခက်ထန်သူချည်း။ လက်သီးတစ်ချက် ပစ်သွင်းသည်နှင့် တစ်ယောက် လဲကျနိုင်လောက်အောင် လေကျင့်ပြင်ဆင်ထားသူများ။
သူတို့နောက်မှ ဓားနှစ်လက် စလွယ်သိုင်း တက်လာသော ဓားရေးကျွမ်းကျင်သူများက အပေါ်ရောက်သည်နှင့် ပြန့်ကျဲသွားကြသည်။ ထို့နောက် လက်ဖြောင့် လှံတိုပစ်သမားများ၊ လေးသည်များ၊ မီးတုတ်ကိုင်များ စသည်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့် တက်လာနေကြသည်။ လူထက်ဝက်ကျော် မြို့ရိုးပေါ် ရောက်ကြလေသည်။
နောက်ဆုံးအသုတ် ရောက်ကြသောအချိန်တွင်မူ အပေါ်မှ မီးတုတ်ကိုင်များက မီးအိုးကြီးများထဲမှ မီးညှိထားသော မီးတုတ်များကို အောက်ဆင်းသွားကြသော တင်းပုတ်သမားများထံ ပစ်ချပေးနေလေပြီ။ လှံတိုသားများကလည်း ပြေးဝင်လာသူများအား ပစ်လိုက်.. နုတ်လိုက်၊ တက်လိုက်ကြနှင့် အလုပ်ရှုပ်နေ၏ ။
မြို့တွင်း ဇရပ် ကျောင်းကန် အိမ်ရာများမှ မီးကိုမြင်သော် မြို့စောင့်တပ်များ ဆင်းပြေး ဆုတ်ခွာကြရတော့သည်။ မဆုတ်လို့မဖြစ်၊ အပြင်မှ ဓားမိုး၍ ဝင်လာသူမှာ နာမည်ကျော် မင်းထင်နော်ရထာ ဖြစ်၏ ။ ရန်သူကို မဆိုထားဘိ၊ သူ့တပ်သား ဗိုလ်များကိုပင် ဓားမိုးကာ လိုက်နေသည်။ သူ့ရှေ့မှ မြန်မာမြင်းသည် ခြေသည်တို့မှာ ရှေ့ရန်သူထက် နောက်ဓားကို ကြောက်ကာ အတင်းစွတ်တိုးနေကြရသည်။
"ဟေ့ကောင်.. တက်စမ်း၊ တက်"
လက်ျာဘီလူးက ဓားမည်းမည်းကို ယမ်းကာ ယမ်းကာ ရွှေဘိုစစ်သည်တစ်အုပ်ကို ပတ်ခြောက်နေသည်။ ထိုသူတို့၏ ဗိုလ်မှာ ပခုံးတွင် အဝတ်ပတ်တီးများ စည်းထားပြီး သူလွတ်ရာသို့ ပြေးနေလေ၏ ။
"ပြေးစမ်း.. မင်းကို တွေ့အောင် အမှတ်အသား လုပ်ထားတာကွ"
နောက်မှ လှမ်းအော်သံ ကြားသော ဗိုလ်သည် သတိရသွားကာ ပခုံးမှ ကြပ်စည်းထားသည့် အဝတ်စများကို အမြန်ဖြည်၍ လွှင့်ပစ်လိုက်သည်။ တုတ်ချွန်ထိထားသော ဒဏ်ရာမှာ မကျက်သေးသောကြောင့် နာနေဆဲ။ အုံထားသည့် ဆေးများလည်း ကွာကျကျန်ခဲ့သည်။ သူက တိုက်ပွဲထဲ တိုးဝင်ပျောက်ကွယ်သွားရာ ရပ်ကျန်ခဲ့သော လက်ျာဘီလူး နှုတ်ခမ်းတစ်ဘက်တွန့်လျက် ပြုံးလိုက်၏ ။
ထိုသူ ပစ်ချထားခဲ့သည့် အဝတ်စများကို ဓားဦးဖြင့် ကော်ကာ ယူကြည့်ပြီးနောက် သူ့ထံ စုဝေး ရောက်ရှိလာသော ဗိုလ်များကို တပ်ဖြန့်ရန်နှင့် ထိန်းအုပ်ရန် အမိန့်ပေးလိုက်လေသည်။ နှစ်ဘက်စစ်သည်တော်တို့မှာ အပြင်းအထန် ထိုးခုတ်နေကြဆဲ ဖြစ်သော်လည်း အခြေအနေအရ သူတို့သာသွားပြီဖြစ်ကြောင်း အလိုလိုသိနေသည်။
ည နှစ်ချက်တီးခန့်ဖြစ်၍ မြို့တွင်းမှလည်း ထွက်ကူမလာကြတော့။ ပြင်မြို့ကြီးတစ်ခုလုံး မီးတောက်များ ထိန်လျက်ရှိသောကြောင့် နှစ်ဘက်အင်အားကို ကောင်းစွာ ခန့်မှန်းနိုင်လေသည်။ သူတို့ဘက်သည် ဗိုလ်ခြေနည်းသော်လည်း စိုးမိုးနယ်မြေနှင့် သိမ်းပိုက်အုပ်စိုးနိုင်စွမ်းတွင် အပြတ်အသတ် သာနေ၏ ။ စစ်သည်တို့၏ အရောင်ကို ကြည့်ရုံမျှဖြင့် မွန်တို့ဘက်မှာ ဖရိုဖရဲ ဖြစ်နေမှန်း ပေါ်လွင်လှပြီ။
ဟံသာဝတီတွင် ပြင်မြို့ကြီးသာ အသက်ဖြစ်သည်ဟု အလောင်းမင်းတရားကိုယ်တော်ကြီး ဆိုခဲ့သည်။ ထို ဟံသာဝတီ၏ အသက်မှာ ယခု ပျက်ခဲ့ပြီ။ အတွင်းအုတ်မြို့ကွက်ကွက်သာ ကျန်တော့သည်။ ဟံသာဝတီသည် ကုန်းဘောင်သားတို့၏ ဘုန်းလက်ရုံး ကြိုးစားအားထုတ်မှုများအောက်သို့ ကျရောက်ရပေတော့မည်။
(ဆက်ရန်..) ဟံသာဝတီသို့ (၁၃)
Written by သင်္ခရာဇာ
End date: June 19, 2022