ဘုရင့်ယောက်ဖတော် မွန်ဝန်ကြီး ဗညားဦး၏ နေအိမ်။
"မရူကို အရှင်ဖမ်းမိပြီး ဗညားအဲ ကျသွားတယ်။ ဗညားတာနောလည်း သေသည် ရှင်သည် မသိရ။ မောင်မင်းတို့ နှစ်ဦးသာ ခြစ်ရာမျှ မထင်ဘဲ လွတ်လာသည်ကို မှန်ရာတင်လျှောက်ကြပေတော့"
အမတ် ဒေါလွတ်မှာ ဝန်ကြီး၏ ဒေါသကို သိသူဖြစ်၍ တုန်လှုပ်နေသည်။ တုလွှတ်ကျော်က ဦးခိုက်လျက် လျှောက်ရချေ၏ ။
"အရှင်များ လုပ်ကြံခိုင်းသည်မှာ လူသာမန် မဟုတ်ပါ။ အလောင်းဘုရား၏ လက်ရုံးကြီးတစ်ဆူ ဖြစ်နေပါတယ်။ ကျွန်တော်များ အစီအစဥ်အတိုင်း ကျနစွာ အမှားအယွင်းမရှိ ဆောင်ရွက်ကြသော်လည်း ဟာကွက်ကို ရှာ၍ မရူဘက်မှ ဖောက်ထွက်သွားကြောင်းပါ"
ဗညားဦးနှင့် ယှဥ်ထိုင်နေသော ရွှေခွန်ဝန်မင်း အရိန္ဒမက ရှေ့သို့ ခါးအနည်းငယ် နှိမ့်ကာ
"သင်း လူသာမန်မဟုတ်ကြောင်း ငါ မင်းတို့ကို ပြောခဲ့သားပဲ။ တော်တန်ရုံ အားထုတ်မှုနဲ့တော့ မရနိုင်တာ ဥပရာဇာအိမ်တော်မှာ တိုက်ကြစဥ်ကပင် သိမြင်ပြီး ဖြစ်တာပ။ မင်းတို့ ပေါ့လျော့လို့ ဗညားအဲ လှံထိတာ မဟုတ်ဘူးလား"
"ကျွန်တော်မျိုးတို့ကို အပြစ်တင်တွက် မရှိပါ။ မိမိတာဝန် ကျေပွန်ရုံမက အလစ်ချောင်း၍ပင် လေးနှင့် ပစ်ခဲ့သေးသော်လည်း ထိုသူက သိနေသည့်အလား မြားတံကို ငုံ့ရှောင်သွားပါတယ်"
"မင်းက မြင်သာရာက ပစ်လို့ ဖြစ်မှာပေါ့"
"မြင်းအုပ်ကြား သူ့အနောက်ဘက်မှ ပစ်တာပါဘုရား"
"ဟိတ်.. မဖြစ်နိုင်ဘူး၊ အခုမှ ဆင်ခြေတွေ ပေးနေလို့ ငါ့လူ ပြန်ရှင်မလာဘူးကွ"
ဗညားဦးက ထအော်ရင်း အကြမ်းခွက်ဖြင့် ကောက်ပစ်လိုက်ရာ တုလွှတ်ကျော်ဘေးမှ ဒေါလွတ်၏ ပခုံးကို ထိမှန်သွား၏ ။ ဒေါလွတ် မအော် မညည်းဘဲ ပို၍သာ ခေါင်းငုံ့ထားလေသည်။
"မောင်မင်းတို့ကို ယုံလို့ အမတ်မဟာကြီးကိုတောင် မထည့်ဘဲ မင့်ကို အရေးပေးတာ နားလည်လား။ အရေးမရတဲ့အပြင် လူကောင်းတွေပါ ဆုံးကုန်ပြီ။ ဒီအချိန်မှာ သူတစ်ယောက်ကို အသေရရင်တောင် ငါ့လူတွေနဲ့ လဲရတာ ခံသာဦးမယ်။ ခုတော့.."
"ဂွမ်း"
ဝပ်တွားနေကြသူနှစ်ဦးရှေ့ရှိ ရေတကောင်းကို ကန်လိုက်ပြန်သဖြင့် မြေရေတကောင်းမှာ တုလွှတ်ကျော် ဆောင်ဓားလက်ကိုင်နှင့် ခိုက်မိပြီး နှုတ်ခမ်းပဲ့သွားလေသည်။
"တင်ခွင့်ပြုတော်မူပါဘုရား၊ အဲသည်သူရဲဟာ အနောက်က လုပ်ကြံ၍ မဖြစ်နိုင်သူဟု ကျွန်တော်မျိုး ကြိုတင်စုံစမ်း သိရှိရပါတယ်ဘုရား"
ဒေါလွတ်စကားကို အရိန္ဒမက
"အနောက်က မရရင် အရှေ့ ဝိုင်းတိုက်ကြလေ။ သူက တစ်ယောက်၊ မမတ်တို့ သူရဲလေးယောက် မနိုင်နိုင်ကောင်းလား"
"မှန်ပါ၊ မြန်မာမြင်းမှူးကို မကျော်လွန်နိုင်သော်လည်း သင်းမြင်းစီးကျင်လည်၍ ဗညားအဲ လွှတ်သမျှ လှံတိုင်းကို လှည့်ပတ်ရှောင်ရှားသွားနိုင်စွမ်း ရှိပါကြောင်း သံတော်ဦး တင်ဝံ့ပါတယ်"
တုလွှတ်ကျော်ကလည်း
"ကျွန်တော်မျိုးတို့ သုံးဦးသား အပြင်လူ မဝင်သာအောင် ခက်ခဲစွာ ထိန်းထားနိုင်ခဲ့ပါတယ်။ ဗညားအဲ နဲ့ ဗညားတာနော ဆင်နှစ်စီးနှင့် လိုက်ထိုးသည်ကို လွတ်အောင် ရှောင်ပြေး၍ မရူဆင်ထက် တက်သွားသောကြောင့် အစီအစဥ်များ ပျက်ပြီး ဖရိုဖရဲ ဖြစ်သွားချိန် မုဆိုးခြုံလည်း ဝင်လာသဖြင့် ဗညားတာနော ကျန်ခဲ့ရတာပါ"
"သင်း ရောက်လာတာ အတော်ဆိုးတယ်။ သူ့လက်စွမ်းကို ငါတို့ တလပန်းတို့ ကြုံစရှိလို့ အထူးပြောစရာ မလိုဘူး။ ဒါ့ကြောင့် သူမပါချိန် ရအောင်ယူခိုင်းတာကို ဘယ်လို ရောက်လာရတာလဲ"
"သူ့ဘာသာ အပြင်က ဆင်တစ်စီးတည်း ဝင်လာတာပါ။ မရူဘက်က ပေါက်သွားတာ ဖြစ်ကြောင်းပါဘုရား"
တုလွှတ်ကျော်က ရန်သူ့လက် ရောက်နေသည့် မရူကို လွှဲချလိုက်ကာ အနီးမှ ဒေါလွတ် အပြစ်ဒဏ်ထား မခံရစေရန် ကူညီလိုက်၏ ။ သူ့အခြမ်းမှ လွတ်သွားသည်ကို ဝန်ကြီးများ သိပါက အကွပ်ခံရမည် သေချာနေသည်မို့ ဒေါလွတ်လည်း အမှန်ကို မတင်ရဲ။
ထိုအချိန်တွင် လက်ျာဘီလူးကလည်း ဦးတွန်၏ တပ်၌ ဖမ်းထားသော မွန်အမတ် မရူကို စစ်နေလေသည်။
"မင်းနာမည် ဘယ်သူလဲ မမတ်"
"ငါ မရူ"
"မင်းတို့ ငါ့ကို ရည်ရွယ်ကြသလား"
"ဟုတ်တယ်"
"ငါ အဲဒီအချိန် အဲဒီနေရာ ရောက်မယ်လို့ မင်းတို့ကို ဘယ်သူ သတင်းပေးတာလဲ သိချင်တယ်"
"ဘယ်သူမှ သတင်းမပေးဘူး"
"မဟုတ်ဘူး၊ ငါသိတယ်။ ငါတို့အထဲမှာ သစ္စာဖောက် ရှိနေတယ် ဆိုတာ။ မင်းတို့နဲ့ ဆက်သွယ်နေသူ ရှိရမယ်"
"အဲဒါ ငါမသိ၊ ငါတို့ဘာသာ စုံစမ်း လေ့လာပြီး အချိန်ရွေးခဲ့ကြတာပဲ"
"မဖြစ်နိုင်ဘူး၊ ငါက အခြားနေ့တွေမှာ အဲဒီကွင်းကို နံနက်စောစောဖြစ်စေ မိုးချုပ်မှဖြစ်စေ ရောက်လေ့ရှိတာ"
"ဟဟဟ.. မင်း အချိန်မှန် မလုပ်တတ်ဘူးဆိုတာ ငါတို့သိတာပဲ။ ငါတို့အလုပ်က စောင့်နေရုံပဲ။ မင်း ဗုံးအမြောက် သွန်းနေရာကို ရောက်နေတယ် ဆိုကတည်းက သည်လမ်းပေါက်က လာလိမ့်မယ်ဆိုပြီး ပြင်ဆင် စောင့်နေကြတာ"
"မလာရင်ရော"
"မလာလည်း နောက်တစ်နေ့ သတင်းစုံစမ်းပြီး လာနိုင်တဲ့ တံခါးက စောင့်ကြမှာပဲ။ ငါတို့ မင်းကို စောင့်နေတာ ငါးရက်ရှိပြီ"
"ဘာ့ကြောင့်လဲ"
"ငါမသိ"
"ဘယ်သူက ငါ့ကို ဖမ်းချင်တာလဲ"
မရူ ပြုံးရုံ ပြုံးသည်။ ပွန်းပဲ့ရာ၊ ထိုးကြိတ်ရာများကြောင့် သူ့အပြုံးက လှောင်သလိုဖြစ်နေ၏ ။
"ဗညားဒလ လား၊ စောဗြလား"
မဖြေ။
"မမတ်က ဘယ်သူ့လူလဲ"
"ကျုပ် မပြောနိုင်ဘူး"
"ကိစ္စမရှိပါဘူး၊ ဗညားဥပရာဇာ တို့ စျေးငယ်ဗိုလ်တို့ကို မေးရင် သိလောက်မှာပါ"
မရူ မျက်နှာတည်သွားသည်။
"ငါ လှံနဲ့ ထိုးလိုက်တဲ့ သူကရော"
လက်ျာဘီလူးက ဗညားအဲကို လှံဖြင့် ထိုးလိုက်ကြောင်း ဆင်ထက်မှ ကျသည့် မရူ မြင်လိုက်၍
"ဝန်မင်း ဗညားဦးရဲ့ အမတ်ပဲ"
"သြော"
ကြံစည်မှုတွင် ဗညားဦးလည်း ပါသည် ဟူလို။ သို့ဆိုလျင် တွဲဘက် ဗညားအရိန္ဒမလည်း ပါနိုင်သည်ဟု တွေးမိသည်။ မိစောမွန်နှင့် ပက်သတ်၍ ရန်စရှိခဲ့ဖူးသဖြင့် သူ့ကို မုန်းနေပေလိမ့်မည်။
"ဟို မြန်မာမြင်းမှူးက အရိန္ဒမလူ မဟုတ်လား"
မရူ အံ့သြဟန် ပြသည်။
"ဟုတ်တယ်"
"ဘယ်သူတဲ့လဲ"
"တုလွှတ်ကျော်၊ အဝ.. က ပါလာတာ"
"ထင်ပါတယ်၊ အမှုထမ်းဟောင်းပုံ ပေါက်နေတယ်"
"သူက သစ္စာရှိပါတယ်"
"အဝမင်းကိုလား၊ ဟံသာဝတီမင်းကိုလား"
"သူ့အရှင်အပေါ်။ အဝမင်းဆီက ငါတို့ဘဝရှင် မင်းတရားကြီး ခေါ်ယူမြှောက်စားခဲ့တာပဲ"
"အင်းလေ၊ မဟော်သဓာတောင် အရှင်နှစ်ဦး ပြောင်းခဲ့သေးတာပဲ။ သူ့ကို အပြစ်မယူပါဘူး"
"ငါ့ကိုရော"
"မင်းကတော့ လုပ်ကြံသူတွေထဲက အရှင်မိတဲ့ အဖိုးတန် သုံ့လူပဲ။ ငါတို့ လွှတ်မပေးနိုင်ဘူး"
"ဒါဆို အရှင်မထားပါနဲ့"
လက်ျာဘီလူးက အနောက်တွင် ထိုင်နေသော ဦးတွန်ကို လှည့်ကြည့်သည်။ ဗိုလ်တွန်က ပြုံးလိုက်၏ ။
"သင်းကို မသေစေနဲ့"
"ဘာဖြစ်လို့လဲ"
မရူက ပြန်မေးရာ
"ဟ.. သူပြောပြီးပြီလေကွာ။ နင်က အဖိုးတန် သုံ့ပန်းပဲ။ နောင် ဘယ်သူတွေပါလဲဆိုတာ နင့်ဆီက သိရမှာပ"
"ခင်ဗျားတို့ မဖြစ်နိုင်တာကို မျှော်လင့်နေတာပဲ"
ထိုအခိုက် မွန်လိုဝတ်စား၍ မွန်ဆံဖြတ်ထားသူတစ်ဦး ဝင်လာသဖြင့် ထိုသူကို ခေါ်ပြီး လက်ျာဘီလူး ထွက်သွားသည်။ ခဏအကြာ ကျေနပ်အားရသည့် မျက်နှာမျိုးဖြင့် ပြုံးပြုံးကြီး ပြန်ဝင်လာ၏ ။
"သူမပြောလည်း သိရပြီဗျ၊ ဘုရင့်ယောက်ဖတော်နဲ့ ရွှေခွန်ဝန်ကြီးတို့ အကြံပဲ။ ဒါနဲ့ ဦးတွန် ဝင်လာတာ ဒီကောင့်အခြမ်းက မဟုတ်ဘူးနော်"
"မဟုတ်ပါဘူး၊ ငါ တစ်ဘက်က လာတာပါ"
"ကျွန်တော် တွေ့တယ်၊ အဲဒါကြောင့်ပဲ ကျွန်တော်လည်း ဟိုဘက်ပြေးသွားပြီး ဆင်ပေါ်တက်ဆွဲတာပေါ့။ ဒါပေမယ့် လွတ်သွားတဲ့ နှစ်ယောက်က လျှောက်တော့ သူ့ဘက်က ဝင်လာတယ် ဆိုလို့ ဝန်မင်းနှစ်ပါး ဒေါသူပုန်ထနေကြသတဲ့"
လက်ျာဘီလူးက မရူအား ညွှန်ပြ၍ ပြောဆိုနေရာ မရူ မျက်လုံးကြီး ပြူးလာပြီး ရှူးရှူးရှားရှားနှင့်
"ဘာ.. ငါက အမှုတော်ကို လစ်ဟင်းအောင် ပေါ့ဆသူမဟုတ်။ ဟိုအကောင် ပေါ့လျော့လို့ ဖြစ်တာပဲ။ ဘာလို့ ငါ့ကို လွှဲချကြတာလဲ"
"သူတို့အပြစ်လွတ်အောင် နေမှာပေါ့"
သစ္စာကြီးသော မရူ၊ မဟုတ်မခံတတ်သူ၊ သူ့အပေါ် အပြစ်ပုံချကြသဖြင့် ဒေါသထွက်နေရပြီ။ ဤအတိုင်းမှန်လျင် သူ လွတ်လျင်သော်မှ ပြန်ဝင်နိုင်တော့မည်မဟုတ်၊ ပေါ့လျော့မှုနှင့် အကွပ်ခံရတော့မည်မှာ သေချာသည်။
"တောက်.. ငါမသေလို့ ဒီကထွက်နိုင်ရင် အဲသည်လူပျက်နှစ်ယောက်ကို ငါ့ဓားနဲ့ ကိုယ်တိုင်ခုတ်မယ်"
သူ့စကားကြောင့် ဦးတွန်နှင့် လက်ျာဘီလူးတို့ တစ်ဦးကိုတစ်ဦး ကြည့်မိကြ၏ ။
*
ဟံသာဝတီ အုတ်မြို့ရိုးကြီး၏ အပြင်ဘက်တွင် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားနေပြန်လေပြီ။ ဘယ်ကျော်၏ ညီ မင်းသလေး ခေါ် သမိန်လွတ်တို့ မြင်း ၅၀၀ ကျော်၊ သေနတ်သား ၃၀၀၀ ကျော်နှင့် ထွက်လာ၍ မြန်မာတပ်များကို ရုတ်တရက် တိုက်ခိုက်လာကြခြင်းပင်။
သူတို့ အခဲမကြေနိုင် ဖြစ်နေကြသော တိမ်ကြားနတ်၏ တပ်ကို ဝင်စီးကြရာ လက်ျာဘီလူး အခိုင်အမာ အစောင့်ချထားခြင်း ခံရသည့် တိမ်ကြားနတ်ကလည်း အခြားရံတပ်တော်များကို ကူရန် မဆိုဘဲ သူ့တစ်တပ်တည်း ခံတိုက်နေလေ၏။
လက်ျာဘီလူးနှင့် ရင်ဆိုင်ဖူးသူ အချို့က တိမ်ကြားနတ်ကို အရှေ့ဝင်းမှူး ဗိုလ်ချုပ် မင်းထင်နော်ရထာကိုယ်တိုင် ဖြစ်သည်ဟု ထင်မြင်နေကြသည်။ တိမ်ကြားနတ်ကလည်း စစ်ဆိုင်ကြတိုင်း လက်ျာဘီလူး၏ ချပ်ဝတ်ကို အမြဲဝတ်ဆင်ထားခဲ့၏ ။
လက်ျာဘီလူးကမူ ရင်ဆိုင်တိုက်ခိုက်ရမည် ဆိုလျင် ပေါ့ပါးသော အဝတ်တန်ဆာတို့ကိုသာ အသုံးပြုလေ့ရှိသူ။ သူ့လူများက သေနတ် အမြောက် ကျည်စေ့သင့်မည်စိုး၍ ခံနိုင်မည့် ချပ်ဝတ်များ ဝတ်စေချင်ကြသည်။ သူကတော့ ထိုချပ်ဝတ်ကိုပင် တိမ်ကြားနတ်အား ပေးခဲ့၏ ။
ထိုချပ်ဝတ်ကြောင့် တိမ်ကြားနတ်လည်း သုံးကြိမ်တိုင် အသက်ဘေးမှ လွတ်ခဲ့ရသည်။ သေနတ်ကျည်စေ့ နှစ်ကြိမ်မှန်၍ လှံနှင့် တစ်ကြိမ် အထိုးခံခဲ့ရ၏ ။ သို့ရာတွင် ယခုအချိန်အထိ အနည်းငယ်သော အပရိကဒဏ်ရာအချို့မှ လွဲ၍ သူ့ကိုယ်အား မထိမရှသေး။
မင်းသလေး ဘွဲ့ခံ သမိန်လွတ်သည် မြင်းတပ်ကို ဦးဆောင်လျက် ထိုးဖောက်လာနေသည်။ တိမ်ကြားနတ်က လက်ရွေးစင် သေနတ်အစုကို ထွက်၍ ပစ်စေရာတွင် မြင်းများ များပြားလျင်မြန်လှသဖြင့် သေနတ်သားတို့ ပြေးလွှားနေကြရ၏ ။
ထိုအချိန်တွင် တစ်ဦးတည်း ကွဲကျန်ခဲ့သော သေနတ်သမား တစ်ယောက်ကို မြင်၍ သမိန်လွတ်က မြင်းနှင့် ပြေးလာရင်း လှံလျင်ပစ်လိုက်၏ ။ လှံသည် သေနတ်သမား ငချစ်ပု၏ ဝမ်းကို ခိုက်သွားပြီး ငချစ်ပု လဲကျသွားသည်။ ငချစ်ပု ခွေခွေကလေး လဲနေရာသို့ သမိန်လွတ် မြင်းစီးလာသည်။
သူက လှံကို နုတ်မည်အကြံနှင့် လာသော်လည်း အနီးရောက်သောအခါ လှံသည် လူကို စိုက်ဝင်နေခြင်း မဟုတ်ဘဲ ဝမ်းဗိုက်ရှေ့တည့်တည့်မှ မိန်ညိုအင်္ကျီကို ဖောက်ထွက်သွားခြင်းဖြစ်ကြောင်း တွေ့လိုက်ရ၏ ။ သေနတ်သမားက ထိုလှံကို တံတောင်နှင့် ညှပ်ထားပြီး လှံထိဟန် ဆောင်ကာ လှဲနေခြင်းပင်။
သမိန်လွတ်သည် ချက်ချင်း ဓားဆွဲထုတ်လိုက်၏ ။ သေနတ်သားကလည်း ရုတ်တရက် လှည့်ကာ သေနတ်နှင့် ထိုးချိန် ပစ်ချလိုက်သည်။ သမိန်လွတ်၏ ရင်ဝတည့်တည့် ထိမှန် ပွင့်ထွက်သွားပြီး ယိမ်းယိုင်ကာ မြင်းပေါ်မှ ဟပ်ထိုးကျလာလေသည်။
ငချစ်ပုလည်း အလျင်အမြန် ထ၍ သမိန်လွတ်၏ ဓားဖြင့် သူ့ခေါင်းကို ဖြတ်ကာ သူ့မြင်းကို စီးလာခဲ့၏ ။ ဗိုလ်ပြုသော သမိန်လွတ် သေနတ်သားနှင့် တစ်ယောက်ချင်းအတွေ့ ခေါင်းဖြတ်ခံလိုက်ရသောကြောင့် မွန်မြင်းများ ရောက်ရာနေရာတွင် ရပ်သွားကြပြီး ပြန်လည်ဆုတ်ခွာသွားကြရာ တိမ်ကြားနတ်၏ တပ်သားများက ငချစ်ပုကို ဆူညံစွာ ကောင်းချီးပေးလိုက်ကြသည်။
မွန်ဗိုလ်မှူးတစ်ဦး၏ ခေါင်းအား ရအောင် ဆက်နိုင်သဖြင့် အလောင်းမင်းတရားကြီးကလည်း ငချစ်ပုအား ဆုတော်လာဘ်တော် များစွာ ချီးမြှင့်သည့်အပြင် သိင်္ဂါပျံချီ ဟူသော ပျံချီဘွဲ့ထူးကြီးကို ပေးအပ်တော်မူလေသည်။ ငချစ်ပုမှာ ရဲရင့်သည့်အပြင် တိုက်ပွဲတွင် ဉာဏ်ရည်ကို အသုံးချနိုင်ခဲ့၍ နေ့ချင်းညချင်း ဗိုလ်တစ်ဦး ဖြစ်သွားတော့၏ ။
(ဆက်ရန်..) ဟံသာဝတီသို့ (၁၇)
Written by သင်္ခရာဇာ
End date: June 29, 2022